Monday, December 15, 2014

Citizen Journal အတွက် မူလတန်းပညာရေးအတွေးအခေါ် (၂)


ပြစ်ဒဏ်ပေးခြင်း (punishment)
ပြစ်ဒဏ်ပေးခြင်း ၊ အပြစ်ပေးခြင်းပုံစံ အမျိုးမျိုးရှိပါတယ် ။ ဒါ့အပြင် အပြစ်ပေးလိုက်ခြင်းအားဖြင့် ကလေးငယ် တွေ ဘယ်လို စိတ်ခံစားရသလဲ ။ ဆရာတွေအနေနဲ့ အပြစ်ပေးခြင်းပုံစံတွေကို ဘယ်လို လုပ်သင့်သလဲ ဆိုတာ အထူး လေ့လာ သင့်တယ်။ ပြစ်ဒဏ်ပေးခြင်းဆိုတာကတော့ မရှိမဟုတ်ရှိရမယ်။ ဆရာတွေရဲ့ လက်ထဲမှာ ရှိနေတဲ့ အရာဖြစ်တယ်။ ဒါပေမယ့် ကျွန်တော်တို့ဆီက ကျောင်းဆရာ ဆရာမတွေ မသိသေးတာက ကလေးတွေရဲ့ ဘယ်လို အပြုအမူ မျိုး ၊ ဘယ်လို အခြေအနေမျိုးရောက်မှသာလျင် အပြစ်ပေးရမယ်ဆိုတာကို မသိသေးတာပဲ ။
ဒီလို သိမ်မွေ့တဲ့ အပြစ်ပေးမှု မျိုးကို မဆိုထားနဲ့ ကျွန်တော်တို့ရဲ့ ကျောင်းတွေမှာ ကလေးတွေကို အပြစ်ပေးတဲ့ နေရာမှာ Coporal Punishment လို့ခေါ် တဲ့ အင်အားသုံးအပြစ်ပေးမှုမျိုးကိုတောင် လုပ်ကြတယ် ။ တစ်ခါတစ်ရံရက်စက်တဲ့ အပြစ်ပေးမှုမျိုးကို လုပ်နေကြတာ တွေ့ရ တယ် ။ သိပ်မကြာခင်ကပဲ ကလေးငယ်ကို ရက်ရက်စက်စက်ရိုက်နှက်ထားတဲ့ အကြောင်းတွေ ဖတ်နေရဆဲပဲ ။ ကျွန်တော်တို့ဆီမှာ ဒါတွေကို တားမြစ်လာပေမယ့် ကျောင်းတွေမှာ ဆက်လက်တည်ရှိနေဆဲပဲ ။ တကယ့် တော့ အပြစ်ပေးမှုဆိုတာ မရှိမဟုတ်ရှိရမယ်။ ရိုက်နှက်ခြင်းကိုသာလျင် တားမြစ်ထားတာ ဖြစ်ပြီး ကလေးငယ်တွေရဲ့ မှားယွင်း တဲ့ အပြုအမူတွေအတွက် အပြစ်ပေးမှု မရှိရဘူး မဟုတ်ဘူး ။ ညင်သာ သိမ်မွေ့တဲ့ အပြစ်ပေးမှု ပုံစံမျိုးတော့ ရှိရမှာ ဖြစ်တယ်။ ခုတော့ ကျွန်တော်တို့တွေက ဘယ်လို အခြေအနေမျိုး ၊ ဘယ်လိုအပြုအမူမျိုးကို အပြစ်ပေးရမယ်မှန်းမသိ ၊ အပြစ်ပေးမှု ပုံစံကိုလည်း မတိုင်းထွာတတ် ဖြစ်နေတယ်။ ကလေးတွေကို ရိုက်နှက်ခြင်း မရှိရလို့ တားမြစ်တဲ့အခါ ၊ ဒါမှမဟုတ် ကလေးငယ်တွေကို ရိုက်နှက်တဲ့ အတွက် သူ့မိဘတွေက တိုင်းတန်းတဲ့ အခါမှာ ဆရာဆရာမတွေ မြင်တတ် ကြတာ၊ ဆင်ခြေပေးတတ်ကြတာက
-ကလေးငယ်ကို ရိုက်နှက်ပြီးမှ မဆုံးမရင် ဘယ်လို ဆုံးမရမလဲ ။
-ဆရာဆိုတာ ကလေးတွေကောင်းဖို့ လုပ်နေ တာ ၊ ဘယ်လို လုပ်ရိုက်နှက်ချင်ပါ့မလဲ ၊ ဒါပေမယ့်လည်း သူတို့လေးတွေကောင်းဖို့ ရိုက်နှက်နေရတာ ၊
- ဆရာတွေက စာသင်ခန်းထဲမှာ ကလေးတွေအများကြီး ထိန်းသိမ်းနေရတာ ၊ မရိုက်နှက်ဘဲနဲ့ ဘယ်လို ထိန်းသိမ်းရ မလဲ ။
ဆိုတဲ့ ဆင်ခြေတွေပါပဲ ။ ဒီသဘောကို ကျွန်တော်တို့ လူ့အဖွဲ့အစည်းအတွင်း မကြခဏကြားဖူးမြင်ဖူးမှာပါ ။တစ်ခါက ဘတ်စ်ကားပေါ်မှာ ဆရာမတစ်ယောက် ဒေါနဲ့ မောနဲ့ ပြောနေသံကို လည်း ထိုနည်းလည်းကောင်း ကြားခဲ့ဖူးတယ်။ ဆရာမတွေ ရိုက်နှက်ဆုံးမလို့ ဒီကလေးတွေကောင်းနေတာ ၊ ဆရာမတွေရိုက်နှက်မဆုံးမရင် ဒီကလေးတွေကို ဘယ်လို စာတတ်အောင် ၊ အကျင့်စရိတ္တကောင်းမွန်အောင် ဘယ်လိုသင်တော့မလဲ ။ဒါကို မရိုက်ရလို့ ပိတ်ပင်တာတွေ ၊ တိုင်တန်း တာတွေဟာ အတော်ဆိုးဝါးတယ်လို့ ပြောဆိုနေတာပါ။ တကယ်တော့ ဒါဟာ မူလတန်းပညာရေးအယူအဆတွေမှာ အရေး ပါတဲ့ အပြစ်ပေးခြင်း ဆိုတာနဲ့ ရိုက်နှက်ခြင်း နှစ်ခုကြားကွဲကွဲပြားပြား နားမလည်သေးတာပါ ။ ဒါဟာ တကယ်တော့ ယနေ့ ကျွန်တော်တို့ရဲ့ ပညာရေးတွေမှာ ကလေးတွေအပေါ် ရိုက်နှက်ဆုံးမခြင်းဆိုတာကို တားမြစ် နေ ပေမယ့် ရိုက်နှက်မှုတွေ ဆက်လက်တည်ရှိနေပြီး မအောင်မြင်ရတဲ့ အကြောင်းအရင်းပါပဲ ။ တစ်ချို့ ဆရာ ဆရာမများတော့ ရိုက်နှက်တာကို မသုံးတော့ဘဲ ၊ ထိုင်ထာ လုပ်ခိုင်းတာ ၊ ခုံပေါ်တတ်လက်မြှောက်ခိုင်းတာတွေ ရှိနေ ဆဲပါပဲ ။ ဒါတွေဟာလည်း အင်အား သုံးအပြစ်ပေးခြင်း လို့ဆိုရပါမယ် ။ ဒီလို သတိပေးထားပါလျက် ရိုက်နှက်မှု တွေ ဆက်လက်တည်ရှိနေရတဲ့ အကြောင်းကဘာလဲ ။ တကယ်က ကျွန်တော်တို့ရဲ့ ပညာရေးစနစ်ထဲမှာ ကျွန်တော်တို့ ဆရာ ဆရာမတွေရဲ့ အသည်းနှလုံးထဲမှာ အင်းအားသုံးအပြစ်ပေးခြင်း ၀ါ ရိုက်နှက်ခြင်း ဆိုတာနဲ့ ပြစ်ဒဏ်ပေးခြင်း နှစ်ခုကြားမှာကွဲပြားခြင်းမရှိသေးလို့ပါပဲ။ စာသင်ကြားရာမှာ ဖြစ်စေ ၊ ကလေးတွေရဲ့ ဆိုးဝါးတဲ့ အပြုအမူ တွေကို ဖြစ်စေ ၊ ကလေးငယ်အချင်းချင်းကြားက ပဋိပက္ခကို ဖြစ်စေ ဖြေရှင်းရာမှာ ပြစ်ဒဏ်ပေးခြင်းဆိုတာ လိုအပ်တဲ့အရာပါ ။ ဒါပေမယ့် ပြစ်ဒဏ်ပေးခြင်းဆိုတာနဲ့ ရိုက်နှက်ခြင်း နှစ်ခုကြားထဲမှာ ကွဲပြားခြားနားမှုရှိနေတယ်ဆိုတာကတော့ ဆရာမတွေရဲ့ နှလုံးသားထဲကနေ သိနေဖို့လိုပါတယ်။ အစိုးရအနေနဲ့လည်း ရိုက်နှက်ခြင်းကိုတားမြစ်သလို ၊တစ်ဖက်ကလည်း ဆရာ ဆရာမတွေ ဒီနှစ်ခုကြားထဲက ကွဲပြားခြားနားကို သဘောမပေါက်သေးသရွေ့ အောင်မြင်တဲ့ ပညာသင်ကြားရေးပုံစံ တစ်ရပ် ဖြစ်လာမှာ မဟုတ်ပါဘူး ။
ရိုက်နှက်ခြင်း ၀ါ အင်အားသုံးအပြစ်ပေးခြင်း
အင်အားသုံးအပြစ်ခြင်း( Copral Punishment) ကို ဥပဒေအရ ဖွင့်ဆိုချက်ပေးထားတာတွေရှိပါတယ်။ ကြိမ်လုံး၊ ဖိနပ် ၊ သားရေးပြား စတဲ့ တစ်စုံတစ်ရာနဲ့ ရိုက်နှက်ခြင်း ၊ လက်ဖြင့် ရိုက်ခြင်း ၊ ကြမ်းတမ်းစွာဆွဲကိုင်ခြင်း ၊ လှုပ်ခြင်း ၊ ဆွဲဆိတ်ခြင်း ၊ တစ်ခုခုဖြင့်ထိုးခြင်း ၊ ကလေးငယ်ရဲ့ဆံပင် ၊ အမွေးအမျှင် တစ်ခုခုကို ဆွဲခြင်း ၊ တွန်းထိုးခြင်း ၊ ချည် နှောင်ခြင်း ၊ ပါးစပ်ကို တိတ်ဖြင့်ကပ်ခြင်း စို့ခြင်း ၊ ထိုင်ထလုပ်ခိုင်း ၊ မတ်တပ်ရပ်လက်မြှောက်ခြင်း တွေပါပဲ ။ ဆရာ ဆရာမတွေ ဥာဏ်စွမ်းဥာဏ်စရှိရှိနဲ့ အင်အားသုံးပြစ်ပေးဖို့ရာ တီထွင်ထားတဲ့ တခြားနည်းနားတွေ အများကြီး ရှိပါတယ်။ ကျွန်တော်ငယ်ငယ်ကတော့ ပါးစပ်ကို ကော်ပေတံနှစ်ချောင်းနဲ့ ရိုက်နှက်နေတာကို တွေ့မြင်ဖူးပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် သဘောကတော့ အင်းအား သုံး ပြစ်ဒဏ်ပေးခြင်းပါပဲ ။ Reasonable Forces ကြောင်းကျိုးဆင်ခြင်မှု ပြည့်ဝသော အင်အားသုံးခြင်း ဆိုတာ ပညာရေးမှာ ဘယ်တော့ မရှိပါလို့ ပညာရေးဆိုင်ရာ ပညာရှင်တွေ ယတိပြတ်ပြောလေ့ ရှိပါ တယ်။ ဒီလို နိုင်ငံအများစုမှ အင်အားသုံးအပြစ်ဒဏ်ပေးခြင်းတွေကို ဥပဒေတွေထုတ်ပြန် တားဆီးထားတယ်။ ရိုက်နှက် နေတဲ့ ဆရာဆရာမဟာ လူ့အခွင့်အရေးချိုးဖောက်သူအဖြစ်လည်း သတ်မှတ်တတ်ကြတယ်။ အမေရိကန်မှာ ဆိုရင် ကလေးငယ်တွေကို ရိုက်နှက်တဲ့ ဆရာဆရာမဟာ မရိုက်ဖို့တားမြစ်ထားတဲ့ ဥပဒေနဲ့သာလျင်မက၊ လူ့အခွင့်အရေး ဥပဒေကို ငြိစွန်းနေတဲ့အတွက် လူ့အခွင့်အရေးဥပဒေကို ချိုးဖောက်သူအဖြစ်ပါ အရေးယူခံရပါတယ်။
ရိုက်နှက်ခြင်း မဟုတ်တဲ့ အပြစ်ပေးခြင်း
အပြစ်ပေးခြင်းဟာ ပညာရေးအတွက် ၊ ကလေးတွေကို ထိန်းကျောင်းဖို့အတွက်လိုအပ်တဲ့အရာပါ ။ ပညာရှင် တွေက ရိုက်နှက်ခြင်းကို မဆိုထားနဲ့ ကလေးငယ်တစ်သိုက် ဆိုးသွမ်းလွန်းတဲ့ အတွက် ဆရာမက ကစားချိန်မှာ တစ် တန်းလုံးကို ပေးမကစားတာကိုတောင်မှ အပြင်းအထန်ကန့်ကွက်ပါတယ် ။ ဒါဟာ တခြားကလေးငယ်တွေကို အပြစ် ပေးခြင်း အပေါ်မှာ တရားမျှတမှု မရှိဘူး ဆိုတဲ့ စိတ်ခံစားချက်ကို ၀င်ရောက်သွားစေပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ပညာရေးမှာ ၊ စာသင်ခန်းထဲမှာ အပြစ်ပေးခြင်းဆိုတာ တရားမျှတစွာ အပြစ်ပေးလိုက်ပါတယ်ဆိုတဲ့ စိတ်ခံစားချက်ပါ ကလေးငယ်တွေမှာ ပေါ်လာဖို့ အရေးကြီးပါတယ်။ ကလေးငယ်ရဲ့ မှားယွင်းတဲ့ အပြုအမူတစ်ရပ်တွေဟာ ဆရာဆရာ မတွေက အပြစ်မပေးခင် သတိပေးမှု တစ်ကြိမ်တော့ဖြင့်အနည်းဆုံးလုပ်ဖို့အရေးကြီးပါတယ်တဲ့ ။ ပညာရှင်တွေက ဘောလုံးသမားကြမ်းရမ်းကစားမှု အနီကတ်မပြခင် ၊ အ၀ါကတ် အရင်ပြတဲ့ သဘောပါပဲ ။ ဒီလို သတိပေးမှသာလျင်ကလေးငယ်က ကိုယ်ကိုယ့်ကိုယ်ပြန်ထိန်းချုပ်တာ၊ သူ့ရဲ့ အပြုအမူတွေကို ပြန်လည်တည့်မတ်တာတွေလုပ်ဖို့ အခွင့်အလမ်းပေးရရောက်မှာဖြစ်တယ်။ ရိုက်နှက်ခြင်းဟာ လက်စားချေခြင်းသာလျင်ဖြစ်ပြီး ပြန်လည်ပြုပြင်ဖို့ရာ ဓလေ့ကို မမွေးဖွားပေးဘူးလို့လဲမြင်ကြပါတယ်။ ဒါကြောင့် အင်အားသုံး အပြစ်ပေးခြင်းထက် ပေးထားတဲ့ အခွင့်ထူး တစ်ချို့ကို ရုပ်သိမ်းခြင်းကသာလျင် မှန်ကန်ပြီး တရားမျှတတဲ့ အပြစ်ခြင်းဖြစ်တယ် ။ ဒါတောင်မှ မဆိုင်တဲ့ တခြားကလေးတွေ မပါသွားဖို့ အရေးကြီးတယ်လို့ ဆိုပါသေးတယ်။ ဒီလို အပြစ်ပေးခြင်းမျိုးကို နှစ်ဦးနှစ်ဖက် အသိအမှတ်ပြုထားတဲ့ တားမြစ်ပိတ်ပင်မှု ( A recognized Sanction ) လို့ ခေါ်ပါ တယ်။
မင်းခက်ရဲ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...