Wednesday, December 31, 2014

‪#‎ဆန္ဒဖော်ထုတ်ပွဲ‬

တစ်နေ့အသက် ၅၀ ခန့်ရှိ လူတစ်စု စည်းဝေးကာ ဆန္ဒဖော်ထုတ်ရန် ကြံစည်ကြသည်။ အကြောင်းမှာ စည်ဘီယာ များ အပြည့်မထည့်ပေးခြင်း၊ အမြည်းများမှာ အရသာမရှိခြင်း၊ စင်တင်တွင် ထားရှိသော ပန်းကုံးများ အဆမတန် ဈေးတင်ထားခြင်း၊ ကံစမ်းမဲ ပေါက်နိုး ပေါက်နိုး နှင့် ၀ီစကီ ၀ယ်သောက်ရာ ကျေးဇူးတင်ပါသည် များနှင့်သာ တိုးနေခြင်း ကေတီဗီ တွင် ပိုင်သက်ကျော် နှင့် ဗညားဟန် သီချင်းများ အစုံအလင် မထားရှိခြင်း၊ မာဆက်သွားရာတွင် ခိုးကြောင်ခိုးဝှက်သွားနေရခြင်းနှင့် မာဆက်တွင် မန်နေဂျာမှ အချိန်ခိုးခြင်း စသည့်အကြောင်းအရာများ ဖြစ်လေသည်။ ထိုသူတို့သည် စုရပ်အား ပန်းဆိုးတန်း ခုံးတံတား အောက်တွင်ထားရှိကာ သိမ်ကြီးဈေးအထိ လျှောက်လှမ်း၍ ဆန္ဒ ဖော်ထုတ်ကြရန် ရည်ရွယ်ထားကြ၏။ ချီတက်ရာ လမ်းတစ်လျှောက် ဘ၀တူ အရက်သမား များမှ သောင်းသောင်းဖြဖြအားပေးကြလေသည်။ ဆန္ဒ ပြသူများမှလည်း
" ပန်းကုံး ဈေးနှုန်း လျှော့ပေးရေး ဒို့အရေး ဒို့ အရေး"
" မာဆက်အချိန်များ မခိုးရေး ဒို့အရေး ဒို့အရေး"
" ဗညားဟန်သီချင်း ထားရှိရေး ဒို့အရေး ဒို့အရေး"
" သခင်မျိုးဟေ့ ဒို့ဗမာ"
" အရေးတော်ပုံ အောင်ရမည်"

ဟူသော ကြွေးကြော်သံများဟစ်ကြွေးကာ ချီတက်လာကြလေသည်။ ဆူးလေဘုရားနား အရောက် မီးပွိုင့်တွင် ငိုက်မျဉ်းနေသော ယာဉ်ထိန်းရဲသည် ထိုသို့သော ကြွေးကြော်သံများကြောင့် ရုတ်တရက် လန့်နိုးကာ ၀ီစီအားယောင်ကာ လှမ်းမှုတ်လိုက်လေလျှင် ထိုလူအုပ်ကြီးမှာ ရုတ်တရက် ရှဲသွားလေ၏။ ထို့နောက် အဆိုပါ ယာဉ်ထိန်းရဲမှ ခါးကြားမှ ဝေါ်ကီတော်ကီ အား လှမ်းထုတ်လိုက်လေသည်။ ပါးစပ်မှလည်း
" ဘဲဥ မှ ကြက်ဥ ဘဲဥမှ ကြက်ဥ ကြားလား"
ဟိုဘက်မှလည်း
" ကြက်ဥမှ ကြက်ဥကြော် အဲလေ ဘဲဥ ကြားတယ်"
" ထူးခြားဖြစ်စဉ် ရှိတယ် ဇိုးတပ်ဖွဲ့တစ်ဖွဲ့ ဆန္ဒ ဖော်ထုတ်နေတယ် ခန့်မှန်းခြေ ၁၀ ယောက်လောက်ရှိတယ် လက်နက်အဖြစ် ခါးကြားမှာ ညှပ်ထားတဲ့ ခုံဖိနပ် တစ်ရံ၊ လက်မှာ ကွင်းထားတဲ့ သားရေကွင်းနှစ်ကွင်း စတာတွေပါတယ် ကြားလား"
" ကြားတယ် အခြေအနေကို ထိန်းထားပါ နောက်တစ်နာရီ ကြာရင်ဓါတ်ပုံရိုက်ဖို့ လာခဲ့မယ် ငါ့ဒစ်ဂျစ်တယ် ကင်မရာလေး မနေ့ညက မာဆက်မှာ ကျန်ခဲ့လို့ ကြားလား"
လူအုပ်ကြီးမှလည်း
" သခင်မျိုးဟေ့ ဒို့ ဗမာ"
" အရေးတော်ပုံ အောင်ရမည်"
ထို့နောက် ထိုယာဉ်ထိန်းရဲသည် အပြင်သို့ထုတ်ဝတ်ထားသော အကျီင်္အား အထဲသို့ သွင်းဝတ်လိုက်သည်။ ပါးစပ်ထဲ ကွမ်းတစ်ယာထည့်ကာ ကွမ်းတံတွေးအား လမ်းမပေါ် ဗြစ်ကနဲ ထွေးလိုက်၏။ ပြီးလျှင် လမ်းမှ ပေါ်တက်ကာ
" ရွှီ"
ထိုအသံ ကြားလေလျှင် ချီတက်လာသော သခင်များထဲမှ သခင် တစ်ယောက်က
" ဟေ့အရှေ့မှာ ၀ီစီသံကြားတယ် ငါတို့ ရှော့ပင်းစင်တာက ကားပါကင်ထဲမှားရောက်လာတာလား"
ဟု ခပ်ထွေထွေ နှင့် ပြောလျှင် ဘေးမှ သခင် တစ်ယောက်က
" အာ ဘယ်ကလာ အဲ့ဒါ လမ်းကြောင်း လမ်းကြောင်း ဒါဂွင်ပဲ လမ်းကြောင်းလာတုန်း တို့မကျေနပ်ချက်တွေ ဖော်ထုတ်ကြမယ် အော်ကြဟေ့ ဘာတဲ့”
“ သခင်မျိုးဟေ့ ဒို့ဗမာ”
“ အရေးတော်ပုံ အောင်ရမည်”
ယာဉ်ထိန်းရဲမှာ ရုတ်တရက် ကြောင်သွားသည်။ ဒီကောင်တွေ ငါ့ကိုဖုတ်လေတဲ့ ငါးပိ ရှိတယ်တောင် မထင်ပါလား ပေါ့လေ။သို့နှင့် ၄င်းလည်း ငါက ယာဉ်ထိန်းရဲပဲလေ လူထိန်းတာမှ မဟုတ်တာဟု တွေးကာ ဘဲခြံလေးထဲသို့ ပြန်ဝင်၍ ပြန်လည်ငိုက်မြည်းနေတော့သည်။ ထိုအချိန်တွင် ထိုအနားရှိ တည်းခိုခန်းထဲမှ ရုတ်တရက် ထွက်လာသော အရပ်ဝတ် ပြည်သူ့ရဲ နှစ်ဦးသည် ထိုဖြစ်စဉ်ကိုတွေ့သည်နှင့် ထိုလူအုပ်အရှေ့ တွင် ရပ်လိုက်ကာ
“ ရပ် ဘာကောင်တွေလဲကွ”
“ ကျွန်တော်တို့ ကျောင်းသားတွေပါ”
“ ဘာကျောင်းသားလဲ ဒီအရွယ်ကြီးက ကျောင်းသားဖြစ်စရာလား”
“ အဲ မှားလို့ ကျောင်းသားမိဘတွေပါ”
“ ဆန္ဒ ဖော်ထုတ်ဖို့ ခွင့်ပြုချက်ရပြီးပြီလား”
“ ဟုတ်ကဲ့ ရပြီးပါပြီ”
“ ဘယ်သူ ခွင့်ပြုတာလဲ”
“ အဘ ပါ”
ရဲ နှစ်ဦး ရုတ်တရက် လေသံပြောင်းသွား၏။
“ ဟုတ်ကဲ့ ဘယ်အဘလဲ မသိဘူးနော်”
“ အဘ ဘိုးဘိုးအောင်ပါ”
“ ဘာ တော် တိတ် အားလုံး လူစုခွဲ နောက်ကြောင်းပြန်လှည့် အားလုံး အထဲဝင်ချင်လို့လား တယ် ငါ လုပ်လိုက်ရ နေပါအုံး ခုနက အော်တာလေး ပြန်အော်ပါအုံး ဘာဖြစ်တယ်”
ထိုအခါ သခင်များထဲမှ ရဲစွမ်းသတ္တိ နှင့် ပြည့်စုံပုံရသော သခင်တစ်ယောက် အရှေ့သို့ ဒယီးဒယိုင် ထွက်လာကာ ထိုပြည်သူ့ရဲများအား မီးဝင်းဝင်းတောက် ကြည့်လိုက်သည်။ အကြည့်မှာ စူးရှ လွန်းသောကြောင့် ရဲနှစ်ဦး ရုတ်တရက် လန့်သွားလေ၏။ ထိုသူမှ
“ ဟေ့ကောင်တွေ ဘာမှ ကြောက်စရာမလိုဘူးကွ ကိုယ့်အခွင့်အရေး ကိုယ်တောင်းတာ အရှေ့က ငါတိုင်ပေးမယ် မင်းတို့လိုက်ဆိုကြ အို ဘာတဲ့ သခင်မျိုးဟေ့”
ထိုအခါ အနောက်မှ ရဲရဲတောက် သခင်များမှ
“ ဒို့မပါ”
“ အရေးတော်ပုံ”
“ တော်လောက်ပြီလေ”
ဟု ပြိုင်တူအော်ကာ လူစု ခွဲသွားကြလေတော့သည်။
( ဘာရယ် မဟုတ်ပါဘူး လျှောက်တွေးကြည့်တာ :P)
Credit-ကိုပွ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...