Sunday, December 28, 2014

အဖြူရောင် ကြိုးမျှင်များ


Thet Wai

ဖုန်းသံနှင့်အတူ ပေါ်လာသောနံပါတ်များကို ကြည့်လိုက်သောအခါ ကိုယ်နှင့် ရင်းနှီး ကျွမ်းဝင်မှုမရှိသော၊ ကိုယ့်ဖုန်းထဲတွင် မှတ်ထားပြီးသား မဟုတ်သော နံပါတ် ဖြစ်နေလေသည်။ ထိုဖုန်းကို ဖြေရကောင်းနိုး မဖြေရ ကောင်းနိုး ချီတုံချတုံရှိနေဆဲမှာ ဖုန်းခေါ်သံက ရပ်သွားခဲ့သည်။ သို့သော် ချက်ချင်းဆိုသလိုပင် ဖုန်းက နောက်တစ်ကြိမ် ထပ်မြည်လာခဲ့သည်။ ဟဲလို ဟု ဖြေလိုက်သော ကျွန်မအသံ အဆုံးမှာ တဖက်မှ အမျိုးသားတစ်ဦး၏ ဟဲလို ဟူသော အသံ ခပ်တိုးတိုးကို ပြန်ကြားလိုက်ရသည်။
ထိုအသံမှာ တိုးဖွသော်လည်း ကြည်လင် ပီသသည့်အပြင် ထိုအသံထဲမှာ အဓိပ္ပါယ်ဖေါ်မပြတတ်သော အရာတစ်ခုခု ပါဝင်စီးမျောနေသယောင်၊ တစ်ခုခု ထူးခြား ဆန်းကြယ်နေသယောင်။ အတွေးမဆုံးခင်မှာပင် တဖက်မှ ကျွန်မနာမည် နောက်ဆုံးစာလုံးကို ရေရွတ်ရင်း ကျွန်တော် ဘယ်သူပါ ဟု ဆိုလာလေသောအခါ…

* * ** * * *

ကျောင်းနောက်ဆုံးနှစ်မှာ သူ့ကိုစတင် တွေ့မြင်ဖူးခဲ့တာဖြစ်သည်။ အတန်းသားများထက် အသက်အနည်းငယ် ပိုကြီးပုံရပြီး ကြည်လင်သော အသားအရေနှင့် ခပ်ပိန်ပိန် အရပ်မြင့်မြင့် သာမာန် ယောက်ျားတစ်ယောက်သာ ဖြစ်သော်လည်း ထူးခြားနေသည်က သူ့မျက်ဝန်းတွေဖြစ်သည်။ ရီဝေသော မျက်ဝန်းမျိုးကို တွေ့ဖူးသည်၊ ထို့အတူ တောက်ပသော မျက်ဝန်းများကိုလည်း တွေ့ဖူးပါသည်။ သို့သော် ရီဝေပြီး တပြိုင်နက်မှာ တောက်ပ စူးလက်နေသော မျက်ဆံညိုညိုများနှင့် လှပသော ယောက်ျားလေးတစ်ယောက်၏ မျက်ဝန်းမျိုးကိုမူ သည်တစ်ခါသာ တွေ့ဖူးခြင်း ဖြစ်သည်။ တိကျပြတ်သားပုံရသောမျက်နှာနှင့် လွန်စွာလိုက်ဖက်ပြီး ကြည့်ကောင်းလှသော မျက်ဆံညိုညိုများလည်း ဖြစ်ကြသည်။ ကျွန်မသူငယ်ချင်းကတော့ သူ့မျက်ဝန်းများကို ကြည့်ရင်း ရုပ်ရှင်မင်းသား James Dean နှင့် တူသည်ဟု ကောက်ချက်ချပါသည်။

နောက်ရက်များမှာတော့ စာသင်ချိန်များမှာ စာကို ကောင်းကောင်း စိတ်မဝင်စားနိုင်ပဲ သူ့အကြောင်းတွေကိုသာ စပ်စပ်စုစု လုပ်နေခဲ့မိပါသည်။ ကျောင်းနှစ်ရှည် ပိတ်ထားချိန်များမှာ နိုင်ငံခြားမှာ အလုပ်သွားလုပ်ပြီး အခုမှ ကျောင်းပြန်တက်ခြင်းဖြစ်သည်ဟု သိရပါသည်။ ထို့ကြောင့် အတန်းထဲမှာ သူနှင့် သက်တူ ရွယ်တူ ခင်ခင်မင်မင် သူငယ်ချင်းအပေါင်းအသင်း ရှိမနေခြင်းဖြစ်သည်။ စတွေ့ဖူးသည့်နေ့မှ နေ့စဉ်နေ့တိုင်း အတန်းတွေတိုင်းကို တစ်ချိန်မှ မပျက်အောင် ကျောင်းတက်မှန်သော၊ အေးဆေးသော မျက်နှာထား၊ တည်ငြိမ်သော အမူအရာတို့နှင့်သူသည် ဘေးဘီကိုလည်း အနည်းငယ်မျှ သတိထား ဂရုပြု ကြည့်ရှုလေ့မရှိပါ။ အတန်းမစခင် ငါးမိနစ်ခန့်အလိုတွင် ကျွန်မတို့ တက်ရသော အဆောက်အဦးနှင့် မလှမ်းမကမ်းမှာ ကားရပ်ထားခဲ့ပြီး အတန်းပြီးလျှင်ပြီးခြင်း ကားလေးမောင်းကာ ပြန်သွားတတ်သည်။ သူ မောင်းသော ရွှေအိုရောင်ဆလွန်းကားလေး၏ နံပါတ်ကို ယခုချိန်အထိ ကျွန်မ အလွတ်ရနေဆဲ။ သူကတော့ ဘာမှ သိလိမ့်မည်မဟုတ်ပါ။

တစ်ခုသော မနက်ခင်းမှာတော့ သူကားရပ်ပြီး အတန်းဆီသို့အသွား၊ ကျွန်မက နွေးအေးမှာ မနက်စာစားပြီး အတန်းရှိရာကို အလာ အမှတ် ခုနှစ် ကျောင်းဆောင်အ၀င်ဝ လှေခါးထစ်တွေနားမှာ သူနှင့် ကျွန်မ နီးနီးကပ်ကပ် ဆုံမိပါသည်။ သူ့အကြောင်းတွေကို သိလိုစိတ်ဖြင့် စိတ်ဝင်တစား စုံစမ်းခဲ့မိသော ကျွန်မ မထင်မှတ်ပဲ သူ့ကို တွေ့လိုက်ရသောအခါ ရုတ်တရက် ဘာလုပ်ရမှန်းမသိ၊ မလုံမလဲနှင့် ခြေလှမ်းတွေ အမှားမှား အယွင်းယွင်း ဖြစ်သွားသော်လည်း သူက အေးအေးသက်သာပင် ကျွန်မကို ကျော်ဖြတ်ကာ အတန်းရှိရာကို ဦးတည်၍ သွားနေခဲ့သည်။ သူ့ပုခုံးတွင် လွယ်ထားသော ကချင်လွယ်အိပ် အနီရဲရဲလေးကို နှစ်သက်စွာ ငေးကြည့်နေရင်း ထိုလှေခါးထစ်တွေနားမှာ ကျွန်မ ခြေစုံရပ် ကျန်နေခဲ့ပါသည်။ ထိုအကြောင်းကို သူငယ်ချင်းကို ပြောပြရင်း နောက်တစ်ခါ သူနှင့်တွေ့လျှင် ပြုံးရယ်ပြကာ နှုတ်ဆက်လိုက်မည်ဟု တီးတိုး တိုင်ပင်ခဲ့ပါသည်။ သို့သော် ဝမ်းနည်းစရာ… သူနှင့် ကျွန်မ နောက်တစ်ခါ တေ့တေ့ဆိုင်ဆိုင် မကြုံကြိုက်ခဲ့ပါ။

နောက် နှစ်ရက်ကြာသောအခါ သူနှင့်ဆင်တူ ကချင်လွယ်အိပ် အနီရောင်လေးကို ကျွန်မ ဝယ်ယူခဲ့မိပါသည်။ လွယ်အိပ်အသစ်နှင့် ကျွန်မကို သူငယ်ချင်းက သရော် လှောင်ပြောင်ရိပ်ကင်းသော အပြုံးစစဖြင့် ချစ်စနိုး ကြည့်ရင်း ခေါင်းတညိတ်ညိတ် လုပ်နေပါသည်။ ထိုအခါ ကျွန်မက အို… ကျောင်းမှာ ကချင်လွယ်အိပ် အနီရောင် လွယ်တဲ့သူတွေ တပုံကြီးမှ တပုံကြီး ဟုရှက်ရှက်နှင့် မလုံမလဲ ဆင်ခြေပေးမိပါသည်။

နှစ်လည် ကျောင်းပိတ်ရက်များ အပြီး ကျောင်းပြန်ဖွင့်သောအခါ မေဂျာအလိုက် အားကစားပြိုင်ပွဲများ ကျင်းပပါသည်။ ထိုအခါ ကျွန်မတို့လည်း ယှဉ်ပြိုင်သမျှ ပွဲတိုင်းမှာ ကိုယ့်မေဂျာမှ ကိုယ့်မေဂျာ သည်းသည်းလှုပ်အောင် အားပေးခဲ့ကြပါသည်။ တစ်ညနေ ဘတ်စကက်ဘောပြိုင်ပွဲနားကို ရောက်သွားသောအခါ ကျွန်မတို့ လုံးဝ မျှော်လင့်မထားသော ကစားသမားတစ်ယောက်မှာ သူ ဖြစ်နေလေသည်။ လှပ သပ်ရပ်သော သူ၏ ကစားကွက်များကို မင်သက်စွာ ငေးကြည့်အံ့ကြနေမိသူမှာ ကျွန်မသာ။ ထိုနေ့က ကစားပွဲမှာ ကျွန်မတို့ စက်မှုမေဂျာက အနိုင်ရခဲ့ပြီး အိမ်ပြန်ရောက်သောအခါ ကြိမ်းစပ် နီရဲနေသော လက်ဖဝါးများကို ဆေးလိမ်းရပါသည်။ ပြီးတော့ နောက်ထပ် နှစ်ရက် သုံးရက်လောက်အထိ အသံတွေလည်း ဝင်နေခဲ့ပါသေးသည်။

သည်လိုနှင့် နှစ်ကုန်ခါနီးစာမေးပွဲကြီး ဖြေဆိုရန် နီးကပ်လာပါသည်။ ထိုအချိန်မှာတော့ ရီဝေပြီး တောက်ပသော မျက်ဝန်းညိုများကို အသာ မေ့ဖျောက်ကာ အိမ်ကျယ်ကျယ်ရှိသော သူငယ်ချင်းတစ်ယောက်ဆီမှာ ကျွန်မတို့ တစ်ဖွဲ့လုံး စာစုကျက်ကြရပါသည်။ တချို့သော ဘာသာရပ်များမှာ အုပ်စုလိုက် တစ်ယောက်ကို တစ်ယောက် ကူညီ ရှင်းလင်းပေးလျှင် စာကျက်ရ အလွန်လွယ်ကူပါသည်။ ထိုအချိန်မျိုးတွင် ရှင်းပြနေသော စာများကို နားမဝင်နိုင်ပဲ သူငယ်ချင်း အပေါင်းအသင်းမရှိသော သူ ဒီလောက် ခဲရာခဲဆစ် စာတွေကို တစ်ယောက်တည်း ဘယ်လိုများ ကျက်မှတ်နေပါလိမ့်ဟု ပူပူပင်ပင် အတွေးနယ်ချဲ့နေသူမှာ ကျွန်မဖြစ်ပါသည်။ ကျွန်မကသာ စိတ်တွေပူနေတာ… သူကတော့ ဘာမှသိလိမ့်မည် မဟုတ်ပါ။

ကိုယ်ပိုင် စာကျက်ရက်များ ကုန်ဆုံးကာ နောက်ဆုံးနှစ် စာမေးပွဲရက်များကို ရောက်လာခဲ့သည်။ ဒီစာမေးပွဲများပြီးသွားလျှင် နောက်ကို သူနှင့် တွေ့ဆုံရန် အခွင့်အရေး မရှိနိုင်တော့ ဟု ကျွန်မကိုယ်တိုင် သေချာနေခဲ့သည်။ ထို့ကြောင့် စာမေးပွဲ နောက်ဆုံးနေ့မှာတော့ ကြိုတင်ကြံစည်ထားခဲ့သည့်အတိုင်း ကျွန်မ သူ့ကို အရဲစွန့်ပြီး နှုတ်ဆက်ရန် (သို့မဟုတ်) အနည်းဆုံးတော့ ပြုံးပြခွင့်ရရန်၊ သူနှင့် မျက်နှာချင်းဆိုင်ခွင့်ရရန် ကြိုးစားခဲ့မိပါသည်။ သို့သော် ထိုနေ့က ကျွန်မ ကံမကောင်းပါ။ ကျွန်မ စာမေးပွဲခန်းထဲမှ ၁၅ မိနစ်ခန့် စောထွက်ပြီး သူ ထွက်အလာကို စောင့်နေခဲ့သော်လည်း ဘယ်လိုက ဘယ်လိုဖြစ်သွားသည်မသိ၊ သူနှင့်ကျွန်မ လွဲသွားကြသည်။ အတန်းထဲမှာ လူအားလုံးကုန်သည့်အထိ သူ့ကို မတွေ့ရသောအခါ ကျောင်းဆောင် အနောက်ဖက်မှ သူ့ကားလေးရပ်နေကျ နေရာကို သွားကြည့်မိသည်။ သူရပ်နေကျ နေရာမှာ ကားလေး မရှိတော့ပါ။ ဒါဆို သူပြန်သွားပြီပေါ့။ ထိုအချိန်မှာ ကျွန်မ အလွန်အမင်း ဝမ်းနည်းနေခဲ့ပါသည်။

ထို့နောက်မှာတော့ ကျွန်မကိုယ်ကျွန်မ မသိလိုက်ခင်မှာပင် ခြေလှမ်းများက ကျောင်းသားရေးရာဌာနဆီသို့ ဦးတည်နေမိလျက်သား။ ဘာအတွက်ဟု မရေရာ မသေချာသော်လည်း ကျောင်းသားရေးရာဌာနမှ ကျွန်မနှင့် သိနေသော အန်တီကြီးတစ်ယောက်` အကူအညီဖြင့် သူ့အိမ်လိပ်စာကို ရလာခဲ့ပါသည်။ သည်လိုနှင့် ကျောင်းပိတ်ပြီး နှစ်ပတ်ခန့်အကြာတွင် အိမ်က လူကြီးများမသိအောင် ကားခိုးမောင်းကာ သူ နေထိုင်ရာ လမ်းထိပ်ကို မယောင်မလည်နှင့် ရောက်သွားခဲမိ့ပါသည်။ သို့သော်လည်း ကားမောင်းတတ်ခါစ ဖြစ်နေသည်က တစ်ကြောင်း၊ အိမ်ကမသိအောင် တိတ်တိတ်လေး ခိုးမောင်းလာသည်က တစ်ကြောင်း၊ လမ်းမှာ အသိမိတ်ဆွေများနှင့် တိုးမည်ကို ကြောက်သောစိတ်၊ သူ နေထိုင်ရာ အနီးအနားကို မဆီမဆိုင် ကျူးကျော် ရောက်ရှိလာသော ကျွန်မကို သူ တွေ့မြင်သွားလေမလားဟု စိုးရွံ့သောစိတ်တို့ဖြင့် လူတကိုယ်လုံး ထူပူကာ ဘေးဘီဝဲယာကို အနည်းငယ်မျှ စောင်းငဲ့မကြည့်ရဲပဲ အိမ်သို့ ပြန်ရောက်လာပါသည်။ ထိုနေ့ညမှ စတင်ကာ တစ်ပတ်တိတိ ကျွန်မ အပြင်းဖျားပါသည်။ သေချာပါသည်… သူကတော့ ဘာဆို ဘာမှ သိလိမ့်မည် မဟုတ်ပါ။

ဘယ်သူမှ မသိလိုက်သော၊ သိဖို့လည်း မကြိုးစားခဲ့မိသော သံယောဇဉ်အပိုင်းအစလေး တစ်ခုသည် ဘယ်သူမှ မသိလိုက်ခင်အချိန်မှာပင် အလိုအလျောက် ပျက်ပြယ်သွားခဲ့ပြီပဲ ဟု တွေးရင်း တချို့သောအချိန်တွေမှာ သူ့ကို သတိတရရှိလိုက်၊ တချို့အချိန်တွေမှာ မေ့မေ့ပျောက်ပျောက်ဖြစ်လိုက်နှင့်။ ထို့နောက်မှာတော့ လှပပြီး သာယာသော ဘဝတခုမှာ အလိုက်သင့် အလျားသင့် စီးမျောပျော်ဝင်ရင်း... သူ ဘယ်များရောက်နေပါလိမ့်ဟု ရံဖန်ရံခါမှသာ သတိရဖြစ်တော့သည်။ သည်လိုနှင့် ဆယ်စုနှစ်တခုမက ဖြတ်သန်း လွန်မြောက်လာခဲ့ပြီ ဖြစ်သည်။

* * ** * * *

တအံ့တသြမျက်နှာဖြင့် ဖုန်းပြောနေသော ကျွန်မကို အမျိုးသားက အထူးတဆန်း ဖြစ်လို့နေခဲ့သည်။ ဖုန်းပြောအပြီးမှာ ဖုန်းခေါ်လာသောသူသည် နှစ်ပေါင်းများစွာ ကွဲကွာနေသော ကျောင်းနေဘက်ယောက်ျားလေး သူငယ်ချင်းတစ်ယောက် ဖြစ်ကြောင်းနှင့် အဆင်ပြေလျှင် တကြိမ်တခါမျှ တွေ့ဆုံလိုကြောင်း ပြောပြသောအခါ အမျိုးသားက ကြည်ဖြူစွာပင် အိမ်ကို ထမင်းစားဖိတ်ခွင့် ပေးခဲ့သည်။

အိမ်ကို လာလည်သောနေ့မှာ သူ၏ ဟန်ဆောင်မှုကင်းပြီး ရိုးသားသန့်စင်သော မျက်ဝန်းညိုများနှင့် ပျူငှာစကား သွက်လက်စွာ ဆိုတတ်မှုတို့ကြောင့် တခဏအတွင်းမှာပင် ကျွန်မအမျိုးသားနှင့် သူ ငယ်ပေါင်းကြီးဖေါ်များပမာ အကျွမ်းတဝင် ရင်းနှီးကာ စကားလက်ဆုံ ကျသွားလေတော့သည်။ ထမင်းဝိုင်းတွင်ဘေးနားမှနေ၍ လိုအပ်သည်များကို ဖြည့်စွက်ပေးရင်း ကျွန်မက နားထောင်သူ သက်သက်သာ။ သူတို့ပြောနေကြသော အကြောင်းအရာတွေက ကျွန်မ နားမလည်သော နိုင်ငံရေးတွေလည်း ပါသည်၊ သူလက်ရှိ အလုပ်လုပ်နေသော ဓါတ်ငွေ့တွေအကြောင်း၊ ရေနံချက်စက်ရုံတွေအကြောင်းလည်း ပါသည်၊ ပြီးတော့ သစ်တော ပြုန်းတီးမှုတွေနှင့် အတူ မြန်မာ့ ကျွန်းသစ်တွေအကြောင်းလည်း ပါသေးသည်။

သူတို့ပြောသမျှကို တိတ်ဆိတ်စွာ ငေးမောနေသော ကျွန်မကို သူက သားလေးနှစ်ယောက်ရှိနေပြီဖြစ်သော သူ့မိသားစုလေးအကြောင်း ပြောပြရင်း စကားဝိုင်းအတွင်း အလိုက်တသိ ခေါ်သွင်းခဲ့တာဖြစ်သည်။ သားကြီးက ငါးနှစ်၊ သားငယ်လေးက နှစ်နှစ် တဲ့။ မိန်းမပီပီ သူ အိမ်ထောင်ကျသောခုနှစ်ကို စိတ်ထဲမှာ အပြေးအလွှား ခန့်မှန်းကြည့်မိသေးသည်။ ထိုနေ့က စကားတွေကောင်းပြီး ည ၁၁ နာရီလောက်မှ သူ ပြန်သွားသည်။ မကြာခင် သူ့မိသားစု လိုက်လာကြတော့မှာဖြစ်ပြီး ထိုအခါကျမှ နောက်တစ်ခေါက် လာလည်အုံးမည် ဟုလည်း ပြောသွားသေးသည်။ စကားနည်း အေးဆေးကာ မိတ်ဆွေအပေါင်းအသင်းလည်း နည်းပါးသော ကျွန်မအမျိုးသားက သူ့ကို နှစ်လိုစွာ ရင်းနှီး ခင်မင်သည်ကို တွေ့ရတော့ ကျွန်မ ဝမ်းသာမိပါသည်။

ပြီးတော့… သူ… ကျောင်းတုန်းက ကျွန်မကို စိုးစဉ်းမျှ သတိထားမိလိမ့်မည် မဟုတ်ဟု ထင်ထားသော်လည်း ဆယ်စုနှစ်တစ်ခု မက ကုန်လွန်လာသည်အထိ ကျွန်မကို မှတ်မှတ်ထင်ထင် ရှိနေခြင်းနှင့် ကျွန်မကို သတိတရရှာဖွေ ဆက်သွယ်လာခြင်းများအပေါ်မှာ မယုံကြည်နိုင်လောက်အောင် အထူးတလည် မှင်သက်အံ့သြမိနေဆဲ။ နောက်တနေ့မှာ ထို့ထက် ပိုမိုအံ့သြစရာတခုကို သူ ပြုမူခဲ့တာဖြစ်သည်။ ကျွန်မ၏ ဖုန်းထဲကို သူ့သား ဓါတ်ပုံလေးတွေ ပို့လာပြီး သားလေးတွေ၏ အမည်ကိုပါ ရေးပြ မိတ်ဆက်လာခဲ့တာ ဖြစ်သည်။ အံ့သြစရာမှာ သူ့ သားလေးနှစ်ယောက်၏ နာမည် စာလုံးသုံးလုံးအနက်မှ နောက်ဆုံးစာလုံးသည် ကျွန်မနာမည်၏ နောက်ဆုံးစာလုံးနှင့် တထပ်တည်း တူညီနေခြင်းပင် ဖြစ်သည်။

အရာရာကို သေချာချင်သော ကျွန်မသည် အလကားနေရင်း လောဘကလည်း ကြီးချင်နေပြန်သေးသည်။ ထိုဓါတ်ပုံလေးနှင့် နာမည်များကို လက်ခံရရှိပြီးချိန်မှာ ကျေးဇူးတင်စကားပင် ပြန်မဆိုနိုင်ပဲ သိချင်လှသော မေးခွန်းတစ်ခုကို ဒရောသောပါးနိုင်လှစွာ မေးခဲ့မိသည်။ ကျွန်မသိလိုသောအရာကို သူကလည်း ချက်ချင်းပင် မဆိုင်းမတွ အဖြေပေးခဲ့ပါသည်။ ထိုအချိန်မှာ သူ ပြုံးကောင်း ပြုံးနေပါလိမ့်မည်။ ကျွန်မ၏ မေးခွန်းမှာ “ကျေးဇူးပြုပြီး ရှင့် အမျိုးသမီးနာမည်လေးများ ပြောပြနိုင်မလား” ဟု ဖြစ်ပြီး သူပြန်ဖြေလာသော အဖြေထဲမှာ ကလေးတွေနာမည်နှင့် ဆင်ဆင်တူသော စာလုံး တစ်လုံးတစ်ပါဒမှ မပါဝင်ခဲ့ချေ။

လုံးဝ မျှော်လင့်မထားခဲ့ပါ။
ကျောင်းတက်ရက်များထဲမှာတစ်ယောက်ကို တစ်ယောက် မသိလိုက် မသိဖာသာ နေခဲ့ကြရင်း အကြည့်တစ်ချက်၊ အပြုံးတစ်စ ဖလှယ်ရန် ဝေးစွ၊ မျက်နှာချင်းပင် တည့်တည့် မဆိုင်ခဲ့ဖူးသော၊ ကျွန်မ၏ တိတ်တခိုးချစ်ခင် နှစ်လိုမှုကို သူသိသာ မြင်သာအောင် မည်သည့်နည်းနှင့်မျှ မဖေါ်ပြခဲ့ဖူးသော၊ အတန်းဖေါ်တွေထဲမှာ ဘာမှ ထူးခြားမှု မရှိသော ကျွန်မလို သာမန် မိန်းကလေးတစ်ယောက်ကို ယခုကဲ့သို့ မှတ်မှတ်သားသား သတိထားမိလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ပါ။

အံ့သြစရာကောင်းလောက်အောင် တိတ်ဆိတ် လျှို့ဝှက်နိုင်ခဲ့သော သူ့ထံမှ သံယောဇဉ် တစွန်းတစကို နှစ်ပေါင်းများစွာ ကြာမြင့်မှ သိခွင့်ရခဲ့ခြင်းအတွက် ကျွန်မ ဝမ်းနည်း ဝမ်းသာ ဖြစ်ရပါသည်။ သို့သော်လည်း ကျွန်မ ကျေနပ်ပါသည်။ လေးနက် လှပသော၊ ပြီးတော့ ဖြူစင် သန့်ရှင်းသော မဖေါ်ပြဖြစ်ခဲ့သော အဖြူရောင် သံယောဇဉ်ကြိုးစများနှင့်အတူ ငယ်ငယ်က နှစ်သက်ခဲ့ဖူးသော သူ့ မျက်ဝန်းညိုများကို ကျွန်မ တစ်သက်စာ အမှတ်တရ သိမ်းဆည်းသွားမည်သာ…။

သက်ဝေ

[ရန်ကုန်စက်မှုတက္ကသိုလ် ရွှေရတုအထိမ်းအမှတ် (၁၉၆၄-၂၀၁၄) စွယ်တော်ရိပ်မဂ္ဂဇင်းတွင် ဖေါ်ပြပြီးဖြစ်သည်]

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...