Saturday, December 20, 2014

စိတ်တိုင်းကျဘ၀ မရခဲ့တဲ့ ၀ါရင့် နိုင်ငံရေးသမား

Zaw Naung Ling

               တကယ်လို့များ ဗ.က.သ မှာ မပါဝင်ခဲ့ဘူးဆိုရင် အခုအချိန်မှာ သူဟာ ဆရာဝန် တစ်ယောက် ဖြစ်နေလောက်ပြီ။ ဂျူတီကုတ်ဝတ်၊ နားကြပ်ကို လည်ပင်းဆွဲပြီး လူနာတွေ ကြားမှာ လူးလာခေါက်တုံ့ သွားနေရ လောက်ပြီ။ ငယ်စဉ် ကတည်းက မက်ခဲ့တဲ့ ဆရာဝန် အိပ်မက်က တကယ် ဖြစ်ခဲ့လောက်ပြီ။

               ဒါပေမဲ့ ဗ.က.သ ထဲဝင်ခဲ့တဲ့ အခါ၊ နိုင်ငံရေးဗီဇက နိုးကြွလာတဲ့ အခါ၊ သူဖြစ်ချင်တဲ့ ဆန္ဒကို အကောင် အထည်ဖော်ဖို့ အခြေအနေကောင်း တွေက အရန်သင့်မရှိတဲ့အခါ။ ဂျူတီ ကုတ်ဝတ်ချင်တဲ့ ကလေးဘ၀ အိပ်မက်တွေရယ်၊ တက္ကသိုလ်မှာ ယူခဲ့တဲ့ ဇီဝဗေဒ ဘာသာရပ်ရယ်၊ ဆေးကျောင်း တက်နိုင်တဲ့ အမှတ်ကောင်းတွေရယ် အားလုံးကို ကျောခိုင်းပြီး ဗ.က.သ စည်းရုံးရေးမှူး တစ်ယောက် အဖြစ် နယ်လှည့် စည်းရုံးရင်း နိုင်ငံရေး နယ်ပယ်ထဲမှာ သူနစ်မျော သွားခဲ့တယ်။
               ““ဖြစ်ချင်တာတွေ ကတော့ ဘာတစ်ခုမှ မဖြစ်ခဲ့ဘူး။ အကယ်၍သာ ဖ.ဆ.ပ.လ မကွဲခဲ့ဘူးဆိုရင် ကျွန်တော်တို့က ၁၉၆၀ မှာ လွှတ်တော် ကိုယ်စားလှယ် ဖြစ်ပြီ။ အဲဒီ အခွင့်အရေးတွေ၊  တကယ့်အချိန်၊ အရွယ်ကောင်းမှာ ဖြစ်သင့်တဲ့ ကာလမှာ ခေတ်ဆိုးနဲ့ ကြုံခဲ့ရတာပေါ့။ တောက်လျှောက် ခေတ်ဆိုးနဲ့ ကြုံရတော့  ကိုယ်စိတ်တိုင်းကျတဲ့ ဘ၀ မရှိဘူးပေါ့ဗျာ။ ကိုယ့်တိုင်းပြည် ဖွံ့ဖြိုး တိုးတက်အောင် လုပ်ချင်တဲ့ ဆန္ဒရှိတယ်။ ဒါပေမဲ့ အဲဒီ အခွင့်အရေးတွေကို တစ်ခါမှ မကြုံခဲ့ဖူးဘူး”” လို့ အသက် (၈၂ ) နှစ် အရွယ်ဝါရင့် နိုင်ငံရေး သမားကြီး ဦးသုဝေက ဆိုတယ်။
                    ဦးသုဝေဟာ အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်၊ ပါလီမန် ဒီမိုကရေစီခေတ်၊ စစ်အစိုးရခေတ် စတဲ့ ခေတ် အသီးသီးကို ဖြတ်သန်း လာခဲ့တဲ့ ၀ါရင့်နိုင်ငံရေး သမား တစ်ယောက်ဖြစ်ပြီး ၁၉၉၀ ရွေးကောက်ပွဲ၊ ၂၀၁၀ ရွေးကောက်ပွဲ နဲ့ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွေမှာ လွှတ်တော် ကိုယ်စားလှယ် အဖြစ် ပါဝင် ယှဉ်ပြိုင်ခဲ့ဖူးသူပါ။
                   ဒုတိယ ၀န်ကြီးချုပ် ဦးကျော်ငြိမ်းရဲ့ ကိုယ်ရေး အတွင်းဝန် အဖြစ်လည်း တာဝန် ထမ်းဆောင်ခဲ့ဖူးပြီး ဖ.ဆ.ပ.လ အဖွဲ့ကြီးထဲမှာ ထဲထဲဝင်ဝင် ကျင်လည် ခဲ့ဖူးသလို ဗိုလ်စကြာ၊ ဗိုလ်လက်ျာ၊  ဗိုလ်တောက်ထိန်၊ ဗိုလ်ရန်နိုင်စတဲ့ ရဲဘော် သုံးကျိပ်ဝင် တွေနဲ့လည်း အတူ လက်တွဲ လုပ်ဆောင် ခဲ့ဖူးသူ ၀ါရင့် နိုင်ငံရေးသမား တစ်ဦးလည်း ဖြစ်ပါတယ်။
                  ““ဂျပန်ခေတ်မှာ သူခိုး၊ ဓားပြတွေ မရှိဘူးဗျ။ ဂျပန်တွေက အဲဒီလို လူဆိုးတွေကို အရမ်းနှိမ်တာ။ သူခိုး ခိုးတယ်ဆိုရင် အဲဒီသူခိုးကို ကျွန်တော်တို့ ငယ်ငယ်က မှတ်မိတာက ဆိုင်းဘုတ်ကြီးကိုင်ပြီး ကျွန်တော်သူခိုးပါဆိုပြီး ရပ်ကွက်ထဲ လှည့်ရတယ်။ တော်ရုံတန်ရုံ  မခိုးရဲတော့ဘူးပေါ့။ လူဆိုးဆိုလည်း ကြောက်သွားအောင် နှိပ်စက်တာပေါ့ဗျာ။ အဲဒါက လူဆိုးတွေ အတွက် ကောင်းသော်လည်းပဲ လူကောင်းတွေ အများကြီး ခံရတယ်။ အချင်းချင်း မတည့်ရင် ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုပြီး ကင်ပေတိုင်ကို တိုင်ကြတာပေါ့ဗျာ”” လို့ ဦးသုဝေက သူစတင် မှတ်မိတဲ့ ငယ်ဘ၀က ဂျပန်ခေတ် အကြောင်းကို ပြောပြတယ်။ ငယ်ဘ၀ အကြောင်း ပြောပြနေတုန်း သူ့မျက်နှာပေါ်က အရေးအကြောင်းတွေ ကြားမှာ နုပျိုမှုတွေကို ပြန်လည် တွေ့လိုက်ရတယ်။ စစ်ပွဲတွေကြား မှာ ပြတ်တောင်း ပြတ်တောင်း သင်ယူခဲ့ရတဲ့ ကျောင်းသင်ခန်းစာတွေရယ်၊ ကျေးလက် တောရွာတွေမှာ စစ်ဘေး ရှောင်နေတုန်း နွားကျောင်း၊ မြေပဲလှန်း၊ စပါးကြိတ်၊ ဆီကြိတ်ရင်း ကိုယ်တိုင် ၀မ်းစာ ရှာဖွေခဲ့ရတာတွေရယ်၊ အားလုံးကို အမှတ်တရ ရှိနေဆဲ ဖြစ်တာကို တွေ့ရတယ်။
                   တောင်ငူမြို့ ဇာတိဖြစ်တဲ့ ဦး သုဝေဟာ ၁၉၃၂ ခုနှစ်မှာ မွေးဖွားခဲ့ပြီး အင်္ဂလိပ် သာသနာပြု ကျောင်း တစ်ကျောင်း ဖြစ်တဲ့ စိန်လုကျောင်းမှာ ပညာ သင်ကြားခဲ့တယ်။  အင်္ဂလိပ်ခေတ်မှာ ဂျပန်နဲ့ စစ်ဖြစ်ပွားစဉ်မှာ ကျေးရွာတွေ ဘက်ဆင်းပြီး စစ်ပြေးလိုက်၊ အင်္ဂလိပ်တွေ ဆုတ်ခွာပြီးနောက် ဂျပန်ခေတ်မှာ တောင်ငူမြို့ပေါ် ပြန်လာပြီး မြန်မာကျောင်းမှာ ဆက်လက် ပညာ သင်ကြားလိုက်၊  ဂျပန် ပြေးကာနီးမှာ တောရွာဆင်းပြီး စစ်ရှောင်နေလိုက်နဲ့ စစ်မက်ကြားမှာ ပညာ သင်ကြားခဲ့ရတယ်။
                    ၁၉၄၆ ခုနှစ်မှာ ကျောင်းသား သပိတ် ဖြစ်လာတော့ သူက (၁၅) နှစ် အရွယ် အလယ်တန်း ကျောင်းသားဘ၀နဲ့ ကျောင်းသား သမဂ္ဂတို့၊ ကျောင်းသား ရဲခေါင်အဖွဲ့တွေကို ဦးဆောင် ဖွဲ့စည်းပြီး ကျောင်းသား လှုပ်ရှားမှုထဲ ပါဝင် လာခဲ့တယ်။ ၁၉၄၈ ခုနှစ်မှာ လွတ်လပ်ရေး ရခဲ့ပေမယ့် တောင်ငူမြို့ကို KNU ကသိမ်းပိုက် ထားခဲ့တော့ ငြိမ်းချမ်းတဲ့ အခြေအနေ ဖြစ်မလာသေးဘဲ ကျောင်းတွေ နားထား ရပြန်တယ်။ ဒီလိုနဲ့ ၁၉၅၃ ခုနှစ်ရောက်မှ ဆယ်တန်း အောင်မြင်ခဲ့ပြီး ရန်ကုန် တက္ကသိုလ်ကို ဆက်လက် တက်ရောက် နိုင်ခဲ့တယ်။
                   ရန်ကုန် တက္ကသိုလ် ရောက်လာတဲ့ အခါမှာလည်း ကျောင်းသား လှုပ်ရှားမှုတွေမှာ ဆက်လက် ၀င်ရောက် ပါဝင်ခဲ့ပြီး ဒီမိုကရက်တစ် ကျောင်းသားများ အဖွဲ့၊ တပ်ဦး ကျောင်းသားများ အဖွဲ့၊ သန့်ရှင်းသော ကျောင်းသားများ အဖွဲ့နဲ့ တက္ကသိုလ် လူငယ်အဖွဲ့ဆိုတဲ့ ကျောင်းသား အဖွဲ့ လေးဖွဲ့ အပြိုင်အဆိုင်လှုပ်ရှားနေတဲ့ အထဲမှာ သူက ဒီမိုကရက်တစ် ကျောင်းသားများ အဖွဲ့မှာ  ခေါင်းဆောင် တစ်ယောက် ဖြစ်ခဲ့တယ်။
                    ဒီမိုကရက်တစ် ကျောင်းသားများ အဖွဲ့ဆိုတာဟာ အဲဒီအချိန်က ဖ.ဆ.ပ.လ အစိုးရအဖွဲ့က အားပေး ထောက်ခံတဲ့ ကျောင်းသား အဖွဲ့ တစ်ဖွဲ့ဖြစ်ပြီး ကျန်တဲ့ အဖွဲ့သုံးဖွဲ့ ကတော့ အတိုက်အခံ ပါတီဖြစ်တဲ့ ပ.မ.ည.တ ပါတီ အပါအ၀င် အလံဖြူ၊ အလံနီ စတဲ့ အဖွဲ့တွေက အားပေး ထောက်ခံတဲ့ ကျောင်းသားအဖွဲ့တွေ ဖြစ်ကြတယ်။
                    သူကတော့  တောင်ငူ ခရိုင် ကျောင်းသားသမဂ္ဂ  အလုပ် အမှုဆောင်၊ ရန်ကုန်တက္ကသိုလ် တောင်ငူခရိုင် အသင်း အတွင်းရေးမှူး၊ ရန်ကုန် တက္ကသိုလ်  ဒီမိုကရက်တစ် ကျောင်းသားအဖွဲ့ အလုပ်အမှုဆောင်၊ ဗမာနိုင်ငံလုံးဆိုင်ရာ  ကျောင်းသား သမဂ္ဂ အလုပ်အမှုဆောင် အဖြစ် ပါဝင် ဆောင်ရွက်ခဲ့တယ်။
                   တက္ကသိုလ် ကျောင်းပိတ်ရက်ကို အရင်က တစ်လပိတ် ခဲ့ရာကနေ (၁၅) ရက် အဖြစ် ပြောင်းလဲဖို့ အစိုးရက ကြိုးပမ်းတဲ့ ကိစ္စမှာ ကျောင်းသားတွေ ကန့်ကွက်ခဲ့ကြပြီး ဒီမိုကရက်တစ် ကျောင်းသားများ အဖွဲ့ ကလည်း ကျောင်းသားတွေနဲ့ အတူ ရပ်တည်ခဲ့တယ်။ ဒါပေမဲ့ အဲဒီကိစ္စကို ၀န်ကြီးချုပ်ဦးနုနဲ့ သွားရောက် တွေ့ဆုံ ညှိနှိုင်းရာမှာတော့ မအောင်မြင် ခဲ့တာကြောင့် အမှုဆောင် အဖွဲ့ဝင်တွေ အားလုံး နုတ်ထွက် ခဲ့ရတယ်။ အဲဒီအချိန်ကစပြီး  တက္ကသိုလ် ကျောင်းသား လောကမှာ အတိုက်အခံ ဘက်က အားသာ လာခဲ့တယ်။
                        ““ကျွန်တော်က ဆရာဝန် သိပ်ဖြစ်ချင်တာ။ ဆယ်တန်းမှာ ကတည်းက ဂျူတီကုတ်တွေ ဘာတွေ ၀တ်တာပေါ့ဗျာ။ တက္ကသိုလ် ရောက်လာတော့လည်း ဆရာဝန် လုပ်ဖို့ Biology ယူတယ်။ Intermediate မှာ နှစ်နှစ်နေပြီး ဖြေတဲ့အခါ Eligible ဖြစ်ရင် ဆေးကျောင်း တက်ရတယ်။ ကျွန်တော်က Eligible ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီနှစ်မှာ ကျောင်းသား လောကမှာ ကျွန်တော်တို့က ရှုံးသွားတော့ အတိုက်အခံတွေကို ပြန်ပြီး နိုင်အောင် ကြိုးစား ရတာပေါ့။ အဲဒါက ဘာလဲ ဆိုတော့ University ဆိုတာ နှစ်စဉ် ဆယ်တန်းအောင်တဲ့ သူတွေ လာကြတာ။ လက်ရှိမှာ ကျွန်တော် တို့က ရှုံးပေမယ့် နောက်နှစ်တွေမှာ ဆယ်တန်းအောင်တဲ့ သူတွေကို စည်းရုံးနိုင်ရင် ပြန်နိုင်ရမယ်။ နယ်ကျောင်းတွေ လိုက်ပြီး  စည်းရုံး ရတာပေါ့။ Medical က ကျောင်းပျက်လို့ မရဘူးလေ။ အဲဒါနဲ့ ဆေးကျောင်း မတက်တော့ဘဲ ဘီအေ ယူလိုက်ရတာပေါ့။ အဲဒီတော့  ကျွန်တော့် ဘ၀လည်း ပြောင်းသွား ခဲ့တာပေါ့”” လို့ သူကဆိုတယ်။
                       ကျောင်းပြီးတဲ့ အခါ ဖ.ဆ.ပ.လ လူငယ် အဖွဲ့ထဲကို ၀င်ရောက်ပြီး နိုင်ငံရေး လှုပ်ရှားမှုတွေထဲ ၀င်ရောက်ခဲ့ ပြန်တယ်။  ဒုတိယ ၀န်ကြီးချုပ် ဦးကျော်ငြိမ်းရဲ့ ကိုယ်ရေး အတွင်းဝန် အဖြစ်လည်း ဆောင်ရွက်ခဲ့တယ်။ အဲဒီတုန်းက ဖ.ဆ.ပ.လ လူငယ် အဖွဲ့ဟာ ကမ္ဘာ့ ဆိုရှယ်လစ် လူငယ် အဖွဲ့ချုပ်ရဲ့ အဖွဲ့ဝင် ဖြစ်တာကြောင့် ၁၉၆၁ ခုနှစ်မှာ သူက ဖ.ဆ.ပ.လ ရဲ့ကိုယ်စားလှယ် အဖြစ် ညီလာခံတွေ တက်ရင်း၊ နိုင်ငံရေး အသိ မိတ်ဆွေတွေ ရှာဖွေရင်း အနောက် ဥရောပ တစ်လျှောက် ခရီး ထွက်ခဲ့တယ်။
                          ၁၉၆၂ ခုနှစ်မှာတော့ သန့်ရှင်း ဖ.ဆ.ပ.လ ခေါင်းဆောင် ၀န်ကြီးချုပ် ဦးနုနဲ့  တည်မြဲ ဖ.ဆ.ပ.လ ခေါင်းဆောင် အတိုက်အခံ ဦးကျော်ငြိမ်းတို့ရဲ့ ပြန်လည် ပေါင်းစည်း ညီညွတ်ရေး လုပ်ဆောင်မှုတွေမှာ ပါဝင်ဖို့ အတွက် သူ့ကိုဦးကျော်ငြိမ်းက ပြန်ခေါ်ခဲ့တယ်။ ၀န်ကြီးချုပ် ဦးနုဘက်က ကိုယ်စားလှယ် အဖြစ် သံအမတ်ကြီး ဦးအုန်းက ခေါင်းဆောင်ပြီး ဦးကျော်ငြိမ်းဘက်က ကိုယ်စားလှယ် အဖြစ်သူကဦးဆောင်ကာ စေ့စပ် ညှိနှိုင်းရေး  လုပ်ငန်းတွေကို ဆောင်ရွက်ခဲ့တယ်။
                           သူတို့ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က အတော် ခရီးရောက်နေပြီး အစိုးရ အဖွဲ့သစ်မှာ နှစ်ဖက် အချိုးကျ ပါဝင်နိုင်ဖို့ ပြင်ဆင် နေကြတုန်းမှာပဲ ဗိုလ်ချုပ်နေ၀င်း ဦးဆောင်တဲ့ တပ်မတော်က အာဏာ သိမ်းခဲ့တဲ့ အတွက် အားလုံး ပျက်စီးခဲ့တယ်။
““အဲဒီလို ပြင်ဆင်တဲ့ အတွက် စစ်တပ်က အာဏာ မြန်မြန် သိမ်းတယ်လို့ပဲ ကျွန်တော်က ထင်တယ်။ စစ်တပ်က နဂို ကတည်းက အာဏာ လိုချင်နေပြီ။ (၅၈) ခုနှစ် ကလည်း သူတို့ အာဏာယူ သေးတာကိုး။ (၆၀) ကျမှ ရွေးကောက်ပွဲ ပြန်လုပ်ပေးတာ။ အဲဒီမှာ ကတည်းက သူတို့က ဆက်ပြီး အာဏာ ယူချင်နေ တာ။ ဦးနု အစိုးရ ဖြစ်နေရင် သူတို့အာဏာ ရယူဖို့ လွယ်တာပေါ့။ ဘာလို့လဲ ဆိုတော့ သူတို့ထဲမှာ ကျွမ်းကျင်တဲ့ အုပ်ချုပ်မှုက နည်းသွားတာကိုး။ စစ်တပ်က ၀င်စွက်ဖို့ လွယ်တာပေါ့။ အကယ်၍ ဒီနှစ်ခု ပြန်ပေါင်းမယ် ဆိုရင် ဟိုတုန်းက ဖ.ဆ.ပ.လ မကွဲခင်တုန်း ကဆိုရင် ဖ.ဆ.ပ.လ ခေါင်းဆောင်တွေဟာ စစ်တပ် အပေါ်မှာ အင်မတန် သြဇာရှိတယ်။ ဦးနုကို ဆိုရင် ဗိုလ်ချုပ်နေ၀င်း တို့က အစ မော်တောင် မကြည့်ရဲပါဘူး။  ဖ.ဆ.ပ.လ ညီညွတ်စဉ် ကာလတုန်းက ဆိုရင်လေ၊ ဦးကျော်ငြိမ်းတို့၊ ဦးဗဆွေတို့ ဆိုရင်လည်း တပ်အပေါ်မှာ သြဇာရှိတဲ့ ခေါင်းဆောင်တွေ။ ဒါပေမဲ့ ဖ.ဆ. ပ.လ ကွဲသွားတော့ သြဇာ အာဏာတွေ ကျသွားတာပေါ့။ နောက်တစ်ခုက တပ်ကလည်း အာဏာလိုချင်တဲ့ အခါကျတော့ ပိုဆိုးတာပေါ့။ အခု ဦးနုတို့၊ ဦးကျော်ငြိမ်း တို့ ပြန်ညီညွတ်တော့မယ် ဆိုရင် စစ်တပ်က နေရာ ၀င်ယူဖို့ ခက်သွားပြီ။ ဒီဥစ္စာ မအောင်မြင်ခင်မှာ ဒီသတင်းက သူတို့ ရသွားတော့ မြန်မြန် အာဏာသိမ်းဖို့ ဖြစ်လာတာပဲလို့ ကျွန်တော် ကတော့ အဲဒီလိုပဲ ကောက်ချက်ချတယ်””လို့  ဦးသုဝေက ဆိုတယ်။
            ၁၉၆၄ ခုနှစ်မှာတော့ နိုင်ငံတကာ အဆက်အသွယ်တွေ ရနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထိုင်းနိုင်ငံကို သူခရီး ထွက်ခဲ့တယ်။ ထွက်လာစဉ် တုန်းက သုံးလလောက်ပဲ ကြာမြင့်မယ်လို့ ရည်ရွယ် ထားခဲ့ပေမယ့် မြန်မာ ခေါင်းဆောင်တွေ ခိုလှုံခွင့် တောင်းခံကြောင်း ထိုင်းသတင်းစာတွေရဲ့ အကျယ်တ၀င့် ရေးသား ဖော်ပြမှုတွေကြောင့် မြန်မာနိုင်ငံကို ချက်ချင်း ပြန်မလာ နိုင်တော့ဘဲ ထိုင်းနိုင်ငံမှာ အခြေချ ခဲ့ရတယ်။ ထိုင်းနိုင်ငံက Bangkok World သတင်းစာနဲ့ UPI သတင်းဌာန မှာ အယ်ဒီတာ အဖြစ် ၀င်ရောက် လုပ်ကိုင်ရင်း ရပ်တည်ခဲ့တယ်။
            ထိုင်းနိုင်ငံမှာ ရောက်ရှိနေစဉ် ၁၉၆၈ ခုနှစ်မှာ မြန်မာလူမျိုး၊ ထိုင်း နိုင်ငံသူ ဒေါ်မြသန်းနဲ့ အိမ်ထောင် ပြုခဲ့ပြီး ၁၉၆၉ ခုနှစ်မှာ သားတစ်ဦး ဖွားမြင်ခဲ့တယ်။
            နောက်ပိုင်း  ကာလတွေမှာ ၀န်ကြီးချုပ် ဦးနု၊ ရဲဘော် သုံးကျိပ်ဝင် ဗိုလ်ရန်နိုင်၊ ဗိုလ်ချုပ် စောကြာဒိုး၊ ဦးလောရုံ၊ ဗိုလ်လယ်ျာ စတဲ့ပုဂ္ဂိုလ်တွေလည်း  တဖြည်းဖြည်းနဲ့ ထိုင်းနိုင်ငံကို ရောက်ရှိ လာကြပြီး ပါလီမန်ဒီ မိုကရေစီ ပါတီကို  ဖွဲ့စည်းခဲ့တယ်။ အဲဒီနောက် တဖြည်းဖြည်းနဲ့ ပူးပေါင်း လာရောက်သူတွေ အင်အား များပြားလာပြီး ပါလီမန် ဒီမိုကရေစီ ပါတီအပြင် ပြည်ချစ် လွတ်မြောက်ရေး တပ်ကိုလည်း ထပ်မံဖွဲ့စည်း နိုင်ခဲ့တယ်။ ကရင် အမျိုးသား အစည်း အရုံး KNU ၊ မွန်ပြည်သစ် ပါတီတို့နဲ့လည်း ပူးပေါင်းပြီး တပ်ပေါင်းစု အဖွဲ့ကို ဖွဲ့စည်းခဲ့တယ်။ သူကတော့ ပါလီမန် ဒီမိုကရေစီ ပါတီမှာ ဗဟို အလုပ် အမှုဆောင်နဲ့ ပြည်ချစ် လူငယ် တပ်ပေါင်းစု အသံလွှင့် အဖွဲ့မှာ အဖွဲ့ ခေါင်းဆောင် အဖြစ် တာဝန် ယူခဲ့တယ်။
            KNU မွန်ပြည်သစ် ပါတီတို့နဲ့ တပ်ပေါင်းစု  ဖွဲ့စည်းစဉ် အချိန်က ဖက်ဒရယ်မူ ကိစ္စနဲ့  ပတ်သက်ပြီး ပါလီမန် ဒီမိုကရေစီ ပါတီက ထောက်ခံခြင်း၊ မထောက်ခံခြင်းကို အခု လတ်တလောမှာ မဆွေးနွေးသေးဘဲ တိုင်းပြည်ကို ပြန်ရတဲ့ အချိန်မှသာ ပြည်သူ ရဲ့သဘောဆန္ဒနဲ့ ဆက်လက် ဆွေးနွေးဖို့ သဘော တူညီချက် ထားခဲ့ကြပေမယ့် နောက်ပိုင်းမှာ KNU က အဲဒီကိစ္စကို ချက်ချင်း ထောက်ခံပေးဖို့ အတင်းအကျပ် တောင်းဆိုတဲ့ အခါ ပါလီမန် ဒီမိုကရေစီ ပါတီကလည်း အမြင် ကွဲလွဲမှုတွေနဲ့ အတူ နှစ်ခြမ်း ကွဲသွားခဲ့ပြန်တယ်။
            ““ကျွန်တော်တို့ တပ်ပေါင်းစု စဖွဲ့တဲ့ အချိန်မှာ KNU ရော၊ မွန်ပြည်သစ် ပါတီရော အား သိပ်မရှိသေးဘူးဗျ။ ဦးနုကလိုက်ပြီး အလှူခံပြီး ရတဲ့ ငွေတို့၊ လက်နက်တို့ကို  အဲဒီ KNU တို့၊ မွန်ပြည်သစ် တို့ကို ခွဲပေးရတာ။ အစပိုင်းမှာပေါ့။ ဒါပေမဲ့ အဲဒီ ကာလပြီးတော့ တိုင်းပြည်က မှောင်ခို လုပ်ငန်းတွေ  ကြီးထွား လာလိုက်တာ။ တိုင်းပြည် ကလည်း ဆင်းရဲတော့ ထိုင်းကနေ ပစ္စည်းတွေ အများကြီး သယ်တာပဲ။ မှောင်ခို လုပ်ငန်းက ကြီးထွားလာတော့ အခွန်အကောက်တို့၊ ဘာတို့၊ ညာတို့ပေါ့ဗျာ။ မျိုးစုံပေါ့။ အထူးသဖြင့် KNU က သိပ်ပြီး ချမ်းသာ သွားတာပဲ။ အများကြီး ငွေရ သွားတာပေါ့။ သိပ်ချမ်းသာ သွားတဲ့အခါ သူတို့က ပရိယာယ် ပြောင်းသွားတာပေါ့။
              အဲဒီအခါ ကျတော့ သူတို့က ဘာပြောလဲ ဆိုရင် KNU  နဲ့ မွန်ပြည်သစ် ပေါင်းပြီးတော့ တပ်ပေါင်းစုကြီး ကနေ ဖက်ဒရယ် စနစ်ကို အခု ထောက်ခံ ရမယ် ဖြစ်လာတယ်။ အကျပ်ကိုင်တာပေါ့””လို့ အဲဒီကာလက အခြေအနေကို သူက ပြန်ပြောပြတယ်။
            ပါတီတွင်း သဘောထား ကွဲလွဲမှုတွေနဲ့ အတူ ပါလီမန် ဒီမိုကရေစီ ပါတီလည်း နှစ်ခြမ်း ကွဲသွားခဲ့ပြန်တယ်။ ဒီလိုနဲ့ ၁၉၈၀ ပြည့်နှစ် ၀န်းကျင်မှာ ဗိုလ်ချုပ်နေ၀င်း အစိုးရ က ပြည်ပရောက် အင်အားစုတွေကို လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ ပြန်လာဖို့ ဖိတ်ခေါ်တဲ့ အခါ တိုင်းပြည် ဒီမိုကရေစီ မရသေးတဲ့ အတွက် ပြန်မလာသေးဘူးလို့ ကနဦးမှာ ငြင်းဆန် ခဲ့ပေမယ့် ဦးနု၊ ဦးကျော်ငြိမ်းတို့က အတင်း တိုက်တွန်း ပြောဆိုခဲ့တဲ့ အတွက် မြန်မာနိုင်ငံ ကို ပြန်လာခဲ့တယ်။
            ပြည်တွင်း ပြန်ရောက်တဲ့ အခါ နိုင်ငံရေး လှုပ်ရှားမှုတွေကို ပြည်တွင်းမှာ ဆက်လက် လုပ်ကိုင်ရင်း ဗိုလ်ရန်နိုင် ခေါင်းဆောင်တဲ့ သမာဓိ စီးပွားရေး လုပ်ငန်းစုမှာ သစ်လုပ်ငန်း၊ ကျောက်မျက် လုပ်ငန်း စတာတွေကို ပါဝင် လုပ်ကိုင်ခဲ့တယ်။ ဇနီးဖြစ်သူက သူနဲ့အတူ မြန်မာနိုင်ငံကို ပြန်လည် လိုက်ပါ လာခဲ့ပေမယ့် သားဖြစ်သူ ကတော့ ထိုင်းနိုင်ငံမှာပဲ အခြေချ နေထိုင်ရင်း ကျန်ရစ်ခဲ့တယ်။ ပြည်တွင်း ကို ပြန်ရောက် ပြီးတဲ့နောက် ၁၉၈၁ ခုနှစ်မှာ သမီးတစ်ဦး ဖွားမြင်ခဲ့ပြီး ၁၉၈၃ ခုနှစ်မှာ သားတစ်ဦး ထပ်မံ ဖွားမြင်ခဲ့တယ်။
            ၁၉၈၈ အရေးအခင်း ကာလအပြီး မှာတော့ ထောင်တွင်း အကျဉ်းကျ ခံနေရတဲ့ ဦးနု၊ ဗိုလ်ချုပ်အောင်ကြီးစတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ ပြန်လွတ်လာခဲ့ရင် အဆင်သင့် ဖြစ်စေဖို့ ရည်ရွယ်ပြီး ဒီမိုကရေစီ ပါတီကို ဗိုလ်မှူးအောင်က ဥက္ကဋ္ဌ၊ သူက ဒုတိယ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဖွဲ့စည်းခဲ့တယ်။  ဦးနု ပြန်လည် လွတ်မြောက် လာတဲ့အခါ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး ပါတီကို ဖွဲ့စည်းခဲ့ပြီး ဒီမိုကရေစီ ပါတီအဖွဲ့ဝင်တွေက ပူးပေါင်း ပါဝင်ခဲ့ကြတယ်။
            ဒါပေမဲ့ ဦးနုက စင်ပြိုင် အစိုးရ ဖွဲ့စည်းတဲ့ အခါ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး ပါတီက အလုပ်အမှုဆောင်တွေ အထဲမှာပဲ သဘောထား ကွဲလွဲမှုတွေ ဖြစ်လာ ခဲ့ပြန်တယ်။ စင်ပြိုင် အစိုးရ ဖွဲ့စည်းမှုကို ကာကွယ်ရေး ဦးစီးချုပ်ဟောင်း သူရ ဦးတင်ဦး၊ ဗိုလ်ချုပ်အောင်ရွှေတို့ ခေါင်းဆောင်တဲ့ တပ်မှူးကြီးများ အဖွဲ့ကလည်း မထောက်ခံတဲ့ အပြင်၊ ၀ိဓူရသခင် ချစ်မောင်၊ ရှမ်းခေါင်းဆောင် ဦးထွန်းအေး စတဲ့ သူတွေကလည်း ကန့်ကွက်ခဲ့ကြတယ်။ ဒီလိုနဲ့ ဦးနုရဲ့ စင်ပြိုင် အစိုးရအဖွဲ့ဟာ  တကယ့် လက်တွေ့မှာ စစ်အစိုးရကို တုံ့ပြန်နိုင်တဲ့ အင်အား နည်းပါး သွားခဲ့ရတယ်။
            အစိုးရက ရွေးကောက်ပွဲ လုပ်ဖို့ ကြေညာတဲ့ အခါမှာတော့ ဦးသုဝေ ခေါင်းဆောင် တဲ့ ဒီမိုကရေစီ ပါတီက ပထမဦးဆုံး မှတ်ပုံတင်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ မှာ လွှတ်တော် ကိုယ်စားလှယ်လောင်း (၁၀၀) ကျော် ၀င်ရောက် ယှဉ်ပြိုင်ခဲ့တယ်။ သူကိုယ်တိုင်လည်း တာမွေမြို့နယ် မဲဆန္ဒနယ်ကနေ ပါဝင် ယှဉ်ပြိုင် ခဲ့ပြီး ဒီမိုကရေစီ ပါတီ အနေနဲ့ ဗဟန်းမြို့နယ်မှာ ကိုယ်စားလှယ် တစ်ဦးပဲ အနိုင်ရရှိခဲ့တယ်။
            ၁၉၉၁ ခုနှစ်မှာ နိုင်ငံရေး ပါတီတွေ ဖျက်သိမ်း ခံခဲ့ရတဲ့ နည်းတူ ဒီမိုကရေစီ ပါတီလည်း ဖျက်သိမ်း ခံခဲ့ ရပြီး သူလည်း ငါးလကျော် ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရတယ်။ ၁၉၉၅ ခုနှစ်မှာလည်း အစိုးရကို ဆန့်ကျင်တဲ့ စာရွက် စာတမ်းတွေ ထိန်းသိမ်းမှု၊ နိုင်ငံခြား ဆက်သွယ်မှုတို့ နဲ့ ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခံခဲ့ရပြီး ၂၀၀၄ ခုနှစ်မှာ ပြန်လည် လွတ်မြောက် လာခဲ့တယ်။
            ၂၀၁၀ ရွေးကောက်ပွဲ မှာတော့ ဒီမိုကရက်တစ် ပါတီ (မြန်မာ) ကို တည်ထောင်ပြီး ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ခဲ့တယ်။ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ မှာလည်း မင်္ဂလာ တောင်ညွန့် မဲဆန္ဒနယ်က ၀င်ရောက် ယှဉ်ပြိုင် ခဲ့ပေမယ့် ရှုံးနိမ့်ခဲ့တယ်။
            လက်ရှိမှာ အစိုးရ အဖွဲ့သစ် ဟာ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းတွေ လုပ်ဆောင် နေပေမယ့် အစိုးရအဖွဲ့ရဲ့ လမ်းညွှန်ချက်တွေကို ဌာနဆိုင်ရာ ၀န်ထမ်းတွေ သာမက ပြည်သူလူထု ကိုယ်တိုင်ကလည်း လိုက်နာ ကျင့်သုံးဖို့ အားနည်း နေ တာကြောင့် နိုင်ငံရဲ့တိုး တက် ပြောင်းလဲမှုက အချိန်ကြာမြင့် ဦးမယ်လို့သူက သုံးသပ်တယ်။
            ““ကျွန်တော် အမြဲတမ်း မီးရထားစီးတယ်။ မီးရထားပေါ်မှာ အမှိုက်မပစ်ရ၊ ဆေးလိပ် မသောက်ရ၊ အရက် မသောက်ရ၊ လူများချိန်မှာ ကုန်ပစ္စည်း မတင်ရ ဘာညာ ရေးထားတယ်။ အဲဒါတွေ အကုန်လုံးကို ရထားပေါ်မှာ ကျူးလွန် နေကြတာပဲ။ ဘယ်သူမှလည်း အရေး မယူကြဘူး။ ရထားပေါ်က ရဲတို့၊ လက်မှတ်စစ် တို့ကို လာဘ်ပေး လိုက်တာပဲ။ လူထုကလည်း စည်းကမ်း ပျက်နေတယ်။ အရာရှိတွေကလည်း ကိုယ်ကျိုးရှာပြီး လုပ်နေတဲ့ အတွက် အစိုးရရဲ့ ပေါ်လစီက အကောင် အထည် ပေါ်မလာတာ”လို့ သူက ဥပမာ တစ်ခု ပေးတယ်။
            တစ်ချိန်က အာဏာရှင်စနစ် ရဲ့ အောက်မှာ ကိုယ်ကျိုးစီးပွားကို ရှာဖွေ ခဲ့သူ တချို့က လက်ရှိ အစိုးရအဖွဲ့ သစ်ထဲမှာ ပါဝင်နေဆဲ ဖြစ်တာ ကလည်း သူတို့ ကိုယ်တိုင် ပြုပြင် ပြောင်းလဲဖို့ ခက်ခဲနေ ဆဲ ဖြစ်သလို အရေးယူဖို့လည်း ခက်ခဲနေ ဆဲ ဖြစ်တယ်လို့ သူက မြင်တယ်။ ဒါကြောင့် အစိုးရအဖွဲ့ရဲ့ “သန်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေး”ဆို တဲ့ ကြွေးကြော် ချက်တွေ ဟာ ခိုင်မာတောင့် တင်းတဲ့ အစိုးရ မဖြစ်သေးတဲ့ အတွက် အခက်အခဲတွေ အများကြီး ရှိနေဆဲ ဖြစ်တယ်လို့ ဦးသုဝေက ပြောတယ်။
            သတင်းစာ ဆရာတစ်ဦး အဖြစ်လည်း လုပ်ကိုင်ခဲ့ဖူးတဲ့ ဦးသုဝေဟာ စာအုပ်တွေ လည်း ရေးသားခဲ့ပြီး “ပါလီမန် ဒီမိုကရေစီနဲ့ ကျွန်တော်” “ကျွန်တော် သိသော ၀န်ကြီးချုပ် ဦးနု” “ဖ.ဆ.ပ.လဦးကျော်ငြိမ်း”“ဦးကျော်ငြိမ်းနှင့် ရောင်းရင်းများ” “တို့နိုင်ငံညီ နောင်သားချင်းများ” စာအုပ်တွေဟာ လူသိများခဲ့တယ်။
            လက်ရှိမှာ အင်အား အကြီးမားဆုံး အတိုက်အခံ ပါတီ တစ်ခုဖြစ်တဲ့ NLD ပါတီ ရွေးကောက်ပွဲ နိုင်ငံရေး လမ်းကြောင်းပေါ် မရောက်ခင်၊ ပါတီ ခေါင်းဆောင်တွေ မလွတ်လပ်သေးတဲ့ အချိန်မှာ ဦးသုဝေနဲ့ NLD တို့အကြား ထိတွေ့ဆက်ဆံမှု တွေရှိခဲ့ပေမယ့် လည်း ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်ပြီးတဲ့ နောက်မှာတော့ ထိတွေ့ဆက်ဆံမှုတွေ နည်းပါးလာကာ သူတို့လို ၀ါရင့် နိုင်ငံရေးသမားတွေကို ပူးပေါင်း စေချင် တဲ့ နိုင်ငံရေး စောင့်ကြည့် လေ့လာသူတွေကို မချင့်မရဲ ဖြစ်စေခဲ့တယ်။
            လက်ရှိ ကာလမှာ နိုင်ငံရေး၊ အင်အားစုတွေ အားလုံး စုပေါင်း လုပ်ကိုင်နိုင်ခဲ့ရင် အကောင်းဆုံး ဖြစ်ပေမယ့် လက်တွေ့ မှာတော့ အတော် မလွယ်ကူတဲ့ အလုပ်ဖြစ်တယ်လို့ သူက ဆိုတယ်။
            ဒါပေမဲ့ သူကတော့ နိုင်ငံရေးမှာ ဆက်လက် ပါဝင်ဖို့ စိတ်ကူးထားဆဲ။ သူ့ကို ကြည့်ရတာ အ၀ါရောင် နောက်ခံပေါ် မှာ ဒေါင်းတစ်ကောင် ကနေတဲ့ ပါတီ အမှတ်တံဆိပ် နောက်ခံနဲ့ အပြိုင် လူငယ် တစ်ယောက်လို တက်ကြွနေဆဲ။
            ““လူတစ်ယောက်က မလုပ်နိုင်တော့ဘူး ဆိုရင်တော့ အနား ယူရမှာပေါ့။ လုပ်နိုင်သေးတဲ့ အချိန်မှာတော့ တိုင်းပြည် အတွက် လုပ်နိုင်သေး တယ်၊ လုပ်ဦးမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ပါ””လို့ သူက တက်ကြွစွာ ဆိုတယ်။

 ဇော်နောင်လင်း

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...