တရားဝင် လုယက်ခြင်း (၁)
လက်ပတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး NLD ဘက်က သဘောထား ထုတ်ပြန်ရာမှာ အစိုးရဟာ ယမန်နှစ်က ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင် ပါဝင်ခဲ့တဲ့ စုံစမ်းရေး ကော်မရှင်ရဲ့ အကြံပြုချက်တွေကို လိုက်နာမှု အားနည်းတယ်လို့ ဖော်ပြပါတယ်။ သည်နေရာမှာ ကျနော်ဟာ တရားဥပဒေ ရူဒေါင့်က သုံးသပ်ပါ့မယ်။ အစိုးရ (သို့) မျက်နှာကြီးလူတန်းစား တရပ်ဟာ “နိုင်ငံတော်စီမံကိန်း” တခုကို အကောင်အထည်ဖော် ဆောင်ရွက်ဖို့အတွက် မျက်နှာမဲ့ ပြည်သူပြည်သားတယောက်ဆီက ပိုင်ဆိုင်တဲ့ မြေယာကို မိမိတို့ လိုရင်လိုသလို တရားဥပဒေ က ခွင့်ပြုထားတယ်ဆိုပြီး သိမ်းပိုင်ခွင့် ရှိပါသလား။
‘ပြည်ထောင်စု ဗမာနိုင်ငံတော်သည် ဗမာတပြည်လုံးက မြေယာအားလုံးကို ပိုင်ဆိုင်သည်’ ဆိုတဲ့ လက်ရှိ စိုးမိုးနေတဲ့ဥပဒေဟာ “တရားဥပဒေ” အဖြစ် ခေါ်ဆိုသတ်မှတ်ဖို့ အမှန်တကယ် ထိုက်တန်ပါသလား။
အကယ်၍ သည်နှစ်ချက်စလုံးဟာ အခြေခံမှာကိုက အမှန်တကယ် စစ်မှန်သော တရားဥပဒေတို့ အဖြစ် တရားဝင်ခြင်း မရှိခဲ့ရင် စုံစမ်းရေးကော်မရှင်က စီမံကိန်းအတွက် စစ်ဆေးအကြံပြုခြင်းကို ဆောင်ရွက်ခဲ့မှုသည် တရားမဝင်သော တရားဥပဒေဆိုးများကို လိုက်လံသဘောတူ၊ ထောက်ခံအတည်ပြုသလို ဖြစ်နေပါလိမ့်မည်။ လောဘဖုံးလွှမ်းနေသော လူတန်းစားအုပ်စုတအုပ်စုက ဥပဒေဆိုးများ၏ အကာအကွယ်ကို ရယူ၍ အပြစ်မဲ့ ပြည်သူတို အပေါ် မတရားမှုများ၊ အနိုင်ကျင့်မှုများ တဖက်သတ် ကျူးလွန်နေသည်ကို ပံ့ပိုးကူညီပေးနေသလို ဖြစ်နေလိမ့်မည် ဖြစ်ပါသည်။
တရားဥပဒေ ဆိုတာ ဘာကို ခေါ်တာလဲ။ နိုင်ငံတော်သည် ရေနက်စီမံကိန်း၊ သဘာဝဓာတ်ငွေ့ စီမံကိန်း၊ ကြေးနီစီမံကိန်း စသည်…စသည်…တို့ကို တရားဝင် စီမံခန့်ခွဲ လုပ်ကိုင်ပိုင်ခွင့် ရှိသည် ဆိုပြီး အတည်ပြုပြဌာန်း ပေးထားတာဟာ “တရားဥပဒေ” လား။ ကျနော့် “ဘာလဲဟဲ့ ဘက်စုံ ဒီမိုကရေစီ” မှာ “ဒီမိုကရေစီ”ကို ဖွင့်ဆိုခဲ့တဲ့ သဘောတရားကိုပဲ ကျနော် ပြန်နွေးလိုက်ပါရစေ။ ဥပဒေတခုကို အပေါင်းသတ်မှတ်ချက်တို့နှင့် တရားဥပဒေဟု ဘယ်လိုနည်းနဲ့မှ မခေါ်နိုင်ပါ။ တရားဥပဒေ အဖြစ် အသတ်မှတ်ခံရဖို့ အတွက်ဆို ၄င်းဟာ “မတရားမှု” ရယ်လို့ “အလျှင်းလုံးဝ” မရှိရမှာ ဖြစ်ပြီး ၄င်း အနုတ်သက်သေ မတရားမှု မရှိခြင်း ဖြင့်သာ တရားဥပဒေ တကယ်ဟုတ်မဟုတ် ကျနော်တို့ ဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်။ (negative evidence)
လူ့ဘောင်တိုင်းဟာ တရားဥပဒေကို အခြေပြုပြီးတော့သာ ဖွဲ့စည်းထားရခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် သည်နေရာမှာ အလွန်တရာ ရောထွေးသွားနိုင်တဲ့ သိမ်မွေ့တဲ့ အချက်တခုဟာ ရှိပါတယ် ၊ “အစိုးရတရပ်သည် လူ့ဘောင်ကို တရားဥပဒေဖြင့် ဖွဲ့စည်းစီမံ အကွက်ချနိုင်သည်” ဆိုတဲ့ ယနေ့ ဗမာ စစ်အာဏာပိုင် အစိုးရ နှင့်တကွ အတိုက်အခံဖြစ်တဲ့ ဆိုရှယ်ဒီမိုကရက်တို့ကပါ မှားယွင်း မှတ်ယူထားတဲ့ သဘောဖြစ်ပါတယ်။ စင်စစ် Rule of Law (တရားဥပဒေ စိုးမိုးရေး) ဟု ဆိုလျှင် ဥပဒေဆိုတာ အစိုးရက လူ့ဘောင်ကို ၄င်းတို့ “ပညာရှိ”လျှင် ရှိသလို အကွက်ချစီမံရာတွင် သုံးစွဲဖို့ မဟုတ်။ထိုအစား ဥပဒေဆိုတာဟာ ပြည်သူပြည်သား “တဦးချင်း” ကို တပါးသူတို့က မတရားမှုများ လာရောက် မစော်ကား မကျုးလွန် နိုင်စေရန် အကာအကွယ် ပေးဖို့ စည်းမျဉ်းကန့်သတ်ချက် နဲ့တကွ အခွင့်အာဏာကို အစိုးရအပေါ် ပြည်သူက ချမှတ် ခွင့်ပြုပေးထားခြင်း ဖြစ်ပါတယ်။
တနည်းအားဖြင့် ဥပဒေဆိုသည်မှာ ပြည်သူတဦးချင်းဟာ တဦးချင်းဆို လာရောက်ကျုးကျော်သော မတရားမှုကို ခုခံတိုက်ဖျက်ဖို့ရန် မလွယ်ကူသဖြင့် “စုပေါင်းအား” ဖြင့် အစိုးရကို လုပ်ပိုင်ခွင့် အာဏာကို ပေးအပ်ထားခြင်း ဖြစ်ပါသည် (collective force) ။ နောက်တနည်းမှာလည်း လွှမ်းမိုးနိုင်သောအား တခုကို ပြည်သူက အစိုးရကို ထည့်ပေးလိုက်ခြင်း ဖြစ်ပါသည် (dominant force) ။ သည်လို ပြည်သူက ခွင့်ပြုတည်ထောင်ပေးလိုက် သဖြင့် လွှမ်းမိုးနိုင်သော အားကြီး တခုကို တရားဝင် အသုံးချလာနိုင်သဖြင့် အစိုးရဟု ခေါ်ပါသည် (govern by organized force) ။ သည်တွင် ဖြစ်လာသည်မှာ ထိုသို့ မတရားမှုကို ကာကွယ်ပေးရန် ရည်ရွယ်ချက်ဖြင့် လွှမ်းမိုးနိုင်သော အားကြီးတခုကို အသုံးပြုခွင့် ရသော အစိုးရတရပ်သည် ၄င်းလွှမ်းမိုးခြယ်လှယ်နိုင်သောအားကိုပင် အသုံးပြု၍ ပြည်သူကို လုယက်ဓားပြတိုက်ခြင်းဟာ ကျနော်တို့ ဗမာနိုင်ငံ အပါအဝင် မြောက်မြားလှစွာသော လူ့ဘောင်တို့တွင် အလွန်တရာကို ဖြေရှင်းရခက်သော ပြဿနာများအဖြစ် ပေါ်ပေါက်လာခဲ့ရပါသည်။
လုယက်ဓားပြတိုက်ခြင်း ဆိုသည်မှာ နှစ်မျိုး ရှိသည်။ ခါးပိုက်နိုက်၊ ဆွဲကြိုးဖြတ်၊အိမ်ဖောက်ထွင်း စသော လုပ်ရပ်တို့ဟာ “တရားမဝင်”သော လုယက်ခြင်းများ အဖြစ် ကျနော်တို့ နားလည်ပြီး ဖြစ်ကြကာ ကမ္ဘာဦးကာလကတည်းကပင် အစိုးရဟူသည် ၄င်းတရားမဝင်သော လုယက်ခြင်းများမှ ပြည်သူကို ကာကွယ်ပေးသော အလုပ်ကို လုပ်ခဲ့သည်ချည်း ဖြစ်သည်။ ဗမာ နေဝင်းသိန်းစိန် အစိုးရ ဘယ်လောက်ဆိုးဆိုး ဦးနှောက်မရှိရှိ၊ ဂျပန်ဖက်ဆစ်အစိုးရ ဘယ်လောက်ဗိုလ်ကျကျ ရက်စက်ကြမ်းကြုတ်ကြုတ် တရားမဝင်သော ခိုးဆိုးလုယက်မှုတို့ကို အရေးယူ အပြစ်ဒဏ် ချမှတ်ရမည်ကို နားလည်သည်ချည်း ဖြစ်သည်။ ဒါပေမယ့် ဒါကတခြားဖြစ်တဲ့ နောက်တမျိုးဟာ “တရားဝင်”သော လုယက်ခြင်း ဖြစ်ပါသည်။ တရားဝင်သော လုယက်ခြင်း ဆိုသည်မှာ တခြားမဟုတ်၊ ကနေ့ လက်ပံတောင်တောင် စီမံကိန်း ကဲ့သို့ပင် လက်ရှိအတည် ပြဌာန်းထားသော တရားဝင် ဥပဒေအရ ဆိုပြီး ပြည်သူပြည်သား၏ ပစ္စည်းဥစ္စာကို လိုရင်လိုသလို သိမ်းပိုက်ယူငင်ခြင်း ဖြစ်ပါသည်။
လူသားတိုင်းသည် မိမိ၏ အသက်ကို ရှင်သန်အောင် မွေးမြူလိုကြသည်၊ တိုးတက်မြင့်မားလိုကြသည်။ ယျေဘုယျအားဖြင့် လူ့လောကတွင် တိုးတက်မြင့်မားခြင်း ဆိုသည်မှာ ကြွယ်ဝပေါများသော ပစ္စည်းဥစ္စာ (သို့) သဘာဝသယံဇာတ တို့ကို ရယူပိုင်ဆိုင်နိုင်လာကြခြင်းဖြစ်သည်။ ထို့ပြင် ကျနော်တို့ဟာ သဘာဝကိုက သက်တောင့်သက်သာ နေလိုကြကာ အလုပ်နည်းနည်းလုပ်ပြီး ဥစ္စာ ပေါပေါများများ ရယူပိုင်ဆိုင်လို ကြသည်။
လူတွေဟာ အဘယ်အခါမှာ တပါးသူဆီက ပစ္စည်းဥစ္စာကို လုယက်ဖို့ စိတ်ကူးအားထုတ်မိပါလိမ့် မည်နည်း ။ ၄င်းတို့၏ အားစိုက်ရမှုသည် နည်းပါးပြီး ရရှိလေမည့် ပစ္စည်းဥစ္စာက မတန်တဆ များပြားခဲ့လျှင် ၄င်းတို့ဟာ ဤမတရားမှုကို အားထုတ်မိပါလိမ့်မည်။ လွယ်လွယ်နဲ့ ရမှန်းသိလေလေ တပါးသူဆီက လုယက်သိမ်းယူဖို့ ကြိုးစားလေလေ ဖြစ်ပါမည်။ တနည်းအားဖြင့် အစိုးရဟူသော ခွန်အားသုံးခွင့်ရ လူတန်းစားသည် အလွယ်တကူ နှင့် ပစ္စည်းဥစ္စာကို ရမှန်းသိလေသော အခါ ရလေလိုလေ အိုတစ္ဆေကဲ့သို့ ဖြစ်လာပါသည်။ ထိုအစိုးရတို့သည် ဥပဒေတို့ကို ပြဌာန်းသောအခါတွင် ဥပဒေတို့ဟာ မတရားမှုကို ကာကွယ်ရန် မဟုတ်တော့ပဲ ပြည်သူထံမှ ပစ္စည်းဥစ္စာကို အုပ်ချုပ်သူ လူတန်းစားမှနေ၍ လိုရင်လိုသလို အလွယ်အကူ ဓားပြတိုက်ဖို့ ဖြစ်လာပါသည်။
ကျနော်တို့ တပ်အပ်မြင်နိုင်ပါသည်။ ယနေ့ဗမာပြည်၏ မြေယာဥပဒေတို့သည် အခွင့်အရေးရ လူတန်းစား တရပ်မှနေ၍ အားနည်းသူ လူတဦးချင်းပြည်သူထံမှ ၄င်းတို့ လိုချင်ရင်လိုချင်သလို ပစ္စည်းဥစ္စာ မြေယာတို့ကို အလွယ်တကူ လုယူနိုင်ဖို့ တရားဝင်စေရန် ပြဌာန်းထားခြင်း ဖြစ်ပါသည်။ ထိုသို့ မတရားမှုကို တရားဝင်ဖော်ဆောင်ရန် ရည်ရွယ်ထားသော ဥပဒေမျိုးသည် မည်သည့်ဆွေးနွေးချက်၊ ငြင်းခုံချက်၊ ပန်ကြားချက်မှ ဆက်လက်လုပ်ဆောင်စရာ မလို၊ ချက်ချင်း အပြီး ဖျက်သိမ်းပစ်ဖို့ရန်သာ လုပ်ဆောင်ရမည် ဖြစ်ပြီး သည်ကိစ္စဟာ ရှောင်လွဲကွေ့ပတ်ပြီး လုပ်ဆောင်လို့ မရနိုင်ပါ။
0 comments:
Post a Comment