ညနေခင်းသည် သာသောင့်သာယာရှိလှသည်။ ၀င်တော့မည်နေ၀န်းက ရဲရဲနီစွေးလျက်။
တစ်ချက်တစ်ချက် ဝေ့လိုက်သည့် ညနေလေပြည်ထဲတွင် မြေကြီးကို ရေစွတ်ထားသည့်
မြေသင်းနံ့က ပါလာတတ်သေးသည်။ ဒီလို အချိန်ရောက်လျှင် ခေါင်းလျှော်ပြီးစ
ဆံနွယ်တွေကိုဖြန့်ကာ အိမ်ရှေ့ပြတင်းပေါက်တွင် ထိုင်နေလေ့ရှိသည့် မမသန္တာကို
သတိတရ ရှိလှသည်။
မမသန္တာသည် ကျွန်မတို့ အိမ်သို့
စရောက်သည့် နေ့မှစကာ အိမ်ရှေ့ပြတင်းပေါက်တွင် ညနေတိုင်းလိုလို
ထိုင်နေတတ်သည်။ မမသန္တာ တစ်ယောက် ဘာကိုတွေးကာ၊ ဘယ်ကို ငေးနေမည်လဲ ဆိုသည်ကို
ထိုစဉ်က မသိတတ်နိုင်။
"မမတို့ မြို့မှာ ခုလို
ချိန်ဆို ချယ်ရီပန်းတွေပွင့်နေမှာ။ မမတို့ အိမ်ရှေ့က ချယ်ရီပန်းပင်ကလေ
သူများအိမ်က ချယ်ရီပန်းတွေလို အနီတွေ၊ ပန်းရောင်တွေမဟုတ်ဘူး။
ခရမ်းရောင်လေး။ သိပ်လှတာပဲ။ တစ်ပင်လုံး ခရမ်းရောင်လေ။ သူက အရွက်ရယ်လို့မှ
မရှိတာ"
မမသန္တာပြောသည့် ခရမ်းရောင်ပွင့်တွေပွင့်သည့်
ချယ်ရီပန်းပင်ကြီးကို ကျွန်မမျက်စိထဲ မြင်ရုံနှင့်ပင် လှလိုက်တာဟု
တွေးမိနေခဲ့သည်။