Monday, June 15, 2015

ဥယျာဉ်လမ်းက သရက်သီး

အခုတလော သရက်သီးလက်ဆောင်အကြောင်း လူပြောသူပြောများနေသည်။သရက်သီးများအကြောင်း ဖတ်ရများရာမှ ကျနော်က ကျနော့်ငယ်စဉ်ဘ၀များကို သတိရနေမိသည်။ ပြီးတော့မြို့ငယ်လေးက ကျနော့်အိမ်။ ကျနော့် မိသားစု။ ဒါက ရှားရှားပါးပါး ၀င်လာသည့် ငယ်စဉ်ဘ၀များကိုသတိရမိခြင်း။
ကျနော်တို့ အိမ်ရှေ့တွင် သရက်ပင်များ စိုက်ထားသည်။သရက်သီး အမျိုးအမည်များကို ခွဲခွဲခြားခြားမသိသော်လည်း လူကြီးသူမများပြောသဖြင့် ကျနော်တို့အိမ်တွင်စိုက်ထားသည့် သရက်ပင်အများစုမှာ မန္တလေးရင်ခွဲ ဟုသိရသည်။ ထို မန္တလေးရင်ခွဲနှင့်မတူသည့် သရက်သီးအမျိုးအစား လည်း တပင်ရှိသည်။ ဘာဆိုသည်ကိုတော့ ကျနော်မသိ။ ကျနော်မှတ်မိသလောက်ကျနော့်အိမ်တွင် သရက်ပင် ၅ ပင်ရှိသည်။ ရင်ခွဲက လေးပင်။ သုံပင်က အိမ်ရှေ့တွင်ရှိပြီးတပင်က အိမ်နောက်ဖေးတွင်။

အိမ်ရှေ့က သရက်ပင်အားလုံးတွင် သရက်ပင်နှင့်အတူသဇင်ပန်းများ စိုက်ထားသည်။ ဆောင်းဆိုလျင် ထို သဇင်ပန်းများက ဝေေ၀ဆာဆာ။ မှတ်မိနေသေးသည်။အိမ်ရှေ့တည့်တည့်တွင်ရှိသည့် သရက်ပင်တွင် စိုက်ထားသည့် သဇင်ပန်းက ကျနော်သိရသလောက် ကျနော်တို့မြို့တွင်ကျနော်တို့အိမ် တအိမ်တည်းတွင်သာရှိသည် သဇင်ပန်းဖြစ်သည်။ ထို သဇင်ပန်းကို လိုချင်သူအတော်များခဲ့သည်။ ကျနော့် အကြီးက ထိုသဇင်ပန်းကို အခြားသူများအား ပေးလည်း မပေး ရောင်း လည်းမရောင်း။အတော်လေးလည်း တန်ဖိုးထားသည်။ အရောင်က ခရမ်းရောင်။ သူပွင့်လျင် ဖြာ၍လှသည်။ ထိုသဇင်ပန်းရဲ့တရားဝင်အမည်ကို ကျနော်မသိသော်လည်း ကျနော်တို့အိမ်သူ အိမ်သားများကတော့ ကျောက်မီးပူပန်းဟု ခေါ်ကြသည်။
အိမ်ရှေ့က သရက်ပင်များကြားတွင် ကျနော်မွေးကတည်းကကျနော့်အတွက် အထိန်းအမှတ်ပြု စိုက်ပေးထားသည့် အုန်းပင် တပင်ရှိသည်ကိုလည်း အမှတ်ရမိသည်။မှတ်မိသလောက် ထိုအုန်းပင်က အတော်သန်မာသည်။ ထိုအုန်းပင်မှ အုန်းသီးများကို ရောင်းပြီး ကျနော်တို့မိသားစုဝင်ငွေ ဖြည့်တင်းခဲ့ ရသည်များကိုလည်း သတိရမိသည်။ အတော်လည်း အသီးများသည့်အုန်းပင်ဖြစ်သည်။
သရက်သီးများက ကျနော့်ငယ်ဘ၀တွင် အမှတ်တရများရှိသည်။ငယ်စဉ်က သရက်သီး သီးချိန်များတွင် မနက်စောစောထပြီး အိမ်နီးချင်း သူငယ်ချင်းများနှင့်အပြိုင် သရက်သီးလိုက်ကောက်ကြသည်။ သရက်သီး လိုက်ကောက်ကြရင်း တခါတရံ စိတ်ကောက်တက်သည်။ ကျနော်တို့ မောင်နှမတွေကောက်လာသည့် သရက်သီးများကို အကြီးက တို့စရာ၊ သရက်သီး ဆားရည်စိမ်စသည်ဖြင့် လုပ်လေ့ရှိသည်။
သရက်သီးများ ကြီးလာလျင် (ကျနော်တို့ အကြီးကတော့သရက်သီး အစေ့ရှပ်သည့်အချိန်ဟု ပြောသည်) သရက်သီးဆွပ်ကြသည်။ ထိုအချိန်များက တကယ့်ကိုတပျော်တပါး။ လူကြီးများ သရက်သီးဆွပ်ချိန်တွက် ကျနော်တို့ မောင်နှမတွေက ခြင်းတလုံးနှင့်လိုက်ကြရသည်။ ခူးထားပြီးသားသရက်သီးများကို အိမ်သို့သယ်ပို့ပေးရသည်။ အိမ်တွင် သစ်သားနှင့်လုပ်ထားသည့် အတော်အတန်ကြီး သည့် သေတ္တာတလုံးရှိသည်။ ထိုအထဲတွင် ကောက်ရိုးများခံထားပြီးကျနော်တို့ယူလာသည့် သရက်သီးများကို ထည့်သည်။ ပြည့်ပါက အပေါ်မှ ကောက်ရိုးများထည့်ပြီးအုပ်ထားသည်။
သရက်သီး ခူးချိန်များက ပျော်စရာကောင်းသလိုသရက်သီးမှည့်ချိန်များက ပို၍ ပျော်စရာကောင်းခဲ့သည်။ သရက်သီး မှည့်လျင် ဦးစွာ ဘုရားကိုဆွမ်းကပ်သည်။ ထို့နောက် သရက်သီးများထဲမှ အလုံးကြီးကြီး အရောင်လှလှများကို ရွေးပြီးကျနော်တို့မြို့က မဇျွိမာရုံကျောင်းတိုက်မှ ဇတော်ကြီး (ဆရာတော်ကြီး) ထံသို့ ကျနော်တို့အကြီးနှင့်အတူ ကျနော်တို့မောင်နှမတတွေ သွားလှူကြသည်။ ကျနော်တို့ မိသားစုများ အစဉ်အဆက်ကိုးကွယ်သည့် ကျောင်းက မဇျွိမာရုံကျောင်းဖြစ်သည်။ ကျနော်တို့မြို့တွင်တော့ ထိုမဇျွိမာရုံကျောင်းကိုတိုင်တလုံးကျောင်းဟုလည်း ခေါ်ကြသည်။ ထိုကျောင်း၏ ပင်မ ကျောင်းကြီးအား အလည်ခေါင်တည့်တည့်မှတိုင်ကြီးတတိုင်တည်းဖြင့် ဆောက်ထားသောကြောင့် ခေါ်ကြခြင်းဖြစ်သည်။ ကျနော်တို့ မိသားစုအစဉ်အဆက်က မဇျွိမာရုံကျောင်းကို ကိုးကွယ်ခဲ့ကြသော်လည်း ကျနော်ငယ်စဉ် ရှင်ပြုသည့်အခါကထိုကျောင်းတွင်မဟုတ်။ ကျနော်ကိုရင်ဝတ်သည်ကလည်း မိသားစုကတက်နိုင်၍မဟုတ်။ တက်နိုင်သည့်အမျိုးများ၏ရှင်ပြုပွဲတွင် အလှုငွေအနည်းငယ်ထည့်ပြီး ကိုရင်ဝတ်ခဲ့ရခြင်းဖြစ်သည်။ ကျနော်တို့ကို အမေအရင်းကဲ့သို့ ငယ်စဉ်ကတည်းက ပြုစုပျိုးထောင်ပေးခဲ့သည့် အကြီး။ စီးပွားရေးဘ၀အပါအ၀င် အခြားသော အခြေအနေ အချက်အလတ်များအရကျနော့်ကို မဇျွိမာရုံကျောင်းတွင် ရှင်ပြု မပေးနိုင်ခဲ့။ ကျနော့်ရှေ့က အကိုများကိုတော့ မဇျွိမာရုံကျောင်းတွင်ရှင်ပြုပေးနိုင်ခဲ့သည်။ မောင်နှမများ အားလုံးထဲတွင် အကြီးက ကျနော့်ကို အချစ်ဆုံး။ သူအချစ်ဆုံးသားလေးကို သူကိုးကွယ်သည့် ကျောင်းတွင် ရှင်ပြုပေးချင်သည့် ဆန္ဒတော့ရှိလိမ့်မည်။ ကျနော်ရှင်ပြုချိန်တွင် အကြီး ၀မ်းနည်းနေပေလိမ့်မည်။ ဤသည်လည်း ကျနော့်ဘ၀၏ ထူးခြားချက်။
သရင်သီးမှည့်များကို  ခြင်းကလေးနှင့်ထည့်သယ်ပြီး မဇျွိမာရုံကျောင်း ဆရာတော်ကြီးထံသွားခဲ့ကြသည့် ညနေခင်းများက လွမ်းမောစရာ။ အကြီးနှင့် ကျနော်တို့ မောင်နှမတတွေ။ ဆရာတော်ကြီးတပါးတည်း သီတင်းသုံးသည့် ကျောင်းသို့ သွားပြီး သရက်သီးများကို လှူကြသည်။ ဆရာတော်ကြီးကကျနော်တို့ရဲ့သရက်သီးအလှူကိုလက်ခံပြီး သီလပေးသည်။ ထိုမျှသာ။
ဘုရားဆွမ်းတော်တင်၊ ဆရာတော်ကြီးထံ လှူပြီးသည်နှင့်သရက်သီးမှည့်များကို အစုလေးတွေခွဲပြီး ဘကြီး၊ ဘထွေး၊ ဒွေးလေး၊ ကြီးမေ …. စသည့် အမျိုးများထဲမှအကြီးအကဲများဆီ လိုက်၍ ကန်တော့ကြသည်။ တပျော်တပါး။ အမျိုးများကလည်း တပျာ်တပါး။ အကြီးနှင့်ကျနော်တို့မောင်နှမတတွေ နှစ်စဉ် ဆွေမျိုးများအား ကန်တော့သည့်အချိန် ၂ ချိန်ရှိသည်။သီတင်းကျွန်ချိန်နှင့် သရက်သီးမှည့်ချိန်။ ဆွေမျိုးများအား ကန်တော့သည့် သီတင်းကျွတ်ချိန်ကဆောင်ငွေ့ နှင်းမှုံတို့ဖြင့် အေးမြနေပြီး အိမ်ရှေ့က သဇင်ပန်းတို့သည်လည်း ဝေေ၀ဆာဆာ ပွင့်နေသည့်အချိန်။သရက်သီး မှည့်ချိန်ကတော့ မိုးဦးအကျ။ နွေ၏မြေသားကို မိုးစက်တို့ဖြန်းပတ်ထားသည့်အတွက်မြေသင်းနံ့တွေ ထုံလွှမ်းနေသည့် ကာလ။ ယခု ပြန်လည်စစ်ဆေးကြည့်တော့ အကြီးနှင့် ကျနော်တို့မောင်နှမတတွေသရက်သီးမှည့်ဖြင့် ဆွေမျိုးများအား လိုက်ကတော့ကြသည့်အချိန်က ကျနော့်အား မွေးသည့် လဖြစ်နေသည်။
ကျနော်တို့နေသည့် လမ်းကလေးကို ဥယျဉ်လမ်းဟုခေါ်သည်။၁၂ လမ်းမှ ၁၄ လမ်းအထိသာရှိသည်။ ကျနော်တို့ မြို့ကလေးတွင် ဥယျဉ်လမ်းအမည်ဖြင့် ရှိသည်ကထိုအစိတ်အပိုင်းမျှသာဖြစ်သည်။ ဥယျာဉ်လမ်းကလေးထဲက ကျနော်တို့ အိမ်ရှေ့တွင် မိုးရာသီဆိုလျင်အ၀ါရောင်ပန်းကလေးများ ပွင့်ဝေနေလေ့ရှိသည်။
တနေ့က ကျနော်နှင့် တလမ်းတည်းနေ အမ တယောက်နှင့်ဖေ့စ်ဘုတ်တွင် ဆုံမိရာမှ ကျနော်တို့နေသည့် ဥယျာဉ်လမ်းကလေး အကြောင်းရောက်သွားသည်။ ကျနော်ကဥယျာဉ်လမ်းက အေးတယ်၊ စိမ်းစိုတယ် ဟုပြောဖြစ်သည်။ ထိုအမက ဖြည့်စွက်ပြောတာက ဥယျာဉ်လမ်းကအရောင်စုံတယ်။

ညိုထက် (လမ်းသစ်ဦး)
၈ - ၆ - ၂၀၁၅

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...