Monday, June 1, 2015

ခရမ်းရောင်ချယ်ရီတွေပွင့်သော ညနေခင်းများ

                    ညနေခင်းသည် သာသောင့်သာယာရှိလှသည်။ ၀င်တော့မည်နေ၀န်းက ရဲရဲနီစွေးလျက်။ တစ်ချက်တစ်ချက် ဝေ့လိုက်သည့် ညနေလေပြည်ထဲတွင် မြေကြီးကို ရေစွတ်ထားသည့် မြေသင်းနံ့က ပါလာတတ်သေးသည်။ ဒီလို အချိန်ရောက်လျှင် ခေါင်းလျှော်ပြီးစ ဆံနွယ်တွေကိုဖြန့်ကာ အိမ်ရှေ့ပြတင်းပေါက်တွင် ထိုင်နေလေ့ရှိသည့် မမသန္တာကို သတိတရ ရှိလှသည်။
                   မမသန္တာသည် ကျွန်မတို့ အိမ်သို့ စရောက်သည့် နေ့မှစကာ အိမ်ရှေ့ပြတင်းပေါက်တွင် ညနေတိုင်းလိုလို ထိုင်နေတတ်သည်။ မမသန္တာ တစ်ယောက် ဘာကိုတွေးကာ၊ ဘယ်ကို ငေးနေမည်လဲ ဆိုသည်ကို ထိုစဉ်က မသိတတ်နိုင်။
                   "မမတို့ မြို့မှာ ခုလို ချိန်ဆို ချယ်ရီပန်းတွေပွင့်နေမှာ။ မမတို့ အိမ်ရှေ့က ချယ်ရီပန်းပင်ကလေ သူများအိမ်က ချယ်ရီပန်းတွေလို အနီတွေ၊ ပန်းရောင်တွေမဟုတ်ဘူး။ ခရမ်းရောင်လေး။ သိပ်လှတာပဲ။ တစ်ပင်လုံး ခရမ်းရောင်လေ။ သူက အရွက်ရယ်လို့မှ မရှိတာ"
                   မမသန္တာပြောသည့် ခရမ်းရောင်ပွင့်တွေပွင့်သည့် ချယ်ရီပန်းပင်ကြီးကို ကျွန်မမျက်စိထဲ မြင်ရုံနှင့်ပင် လှလိုက်တာဟု တွေးမိနေခဲ့သည်။

မမသန္တာက ကျွန်မနှင့် ညီအစ်မ နှစ်ဝမ်းကွဲတော်စပ်ပြီး ဘယ်လို အကြောင်းရင်းများကြောင့် သူချစ်သည့် သူ့မြို့လေးကို ခွဲလာရကာ ကျွန်မတို့ အိမ်မှာ လာရောက်နေထိုင်နေသည်လဲ ဆိုသည်ကို ကျွန်မ မသိခဲ့။ သိရန်လည်း မည်သူ့ကိုမှ မေးမနေဘဲ မမသန္တာနှင့် အတူနေရသည်ကိုပင် ပျော်မွေ့၍ နေခဲ့ပါသည်။
                  "မမတို့သီပေါမြို့မှာ မိုးရွာရင်လည်း သိပ်လွမ်းစရာကောင်းတာ။တောင်တွေရှိနေတော့ စိမ်းညို့နေတာပဲ။ မိုးတွေက တောင်ပေါ်မှာ ရွာနေတာကို မမတို့ဆီကနေ မြင်ရတယ်။ ပြီးတော့မှ ဖြည်းဖြည်းချင်း မိုးတွေက ရောက်လာတာ။ အဲဒါကို စောင့်ကြည့်ရတာ သိပ်ပျော်စရာကောင်းတာ။ မမပြန်ရင် လိုက်ခဲ့လေ။ ကြည် ပျော်မှာပါ"
                  မမက ထိုသို့ပြောလျှင်တော့ ကျွန်မက ကိုယ့်အရှေ့မှာ တောင်တွေရှိနေသယောင်ယောင်ထင်ကာ ယောင် ၍ပင် မော့ကြည့်ရပြန်သည်။ မိုးစက်လေးတွေများလာစင်တော့မှာလားဆိုပြီး ပျော်မြူးချင်သလိုလိုဖြစ်ကာ မမသန္တာတို့မြို့လေးကိုရောက်ဖူးချင်စိတ်တွေပြင်းပြလာခဲ့ပြန်သည်။
                 "မမသန္တာက ဘာလို့ ကြည်တို့ဆီလာနေတာလဲဟင်"
                  မမသန္တာကို မေးမိလျှင် မမသန္တာက သက်ပြင်းရှည်ကြီးကို ချကာ အဝေးကိုငေးပြန်သည်။
                "ကြည်ရယ်.. တစ်ခါတစ်ခါကျတော့ မမဟာ ဘာအတွက် အသက်ရှင်နေရမှန်း၊ ဘယ်သူ့အတွက် အသက်ရှင်နေရမှန်း မသိပါဘူး" ထိုမျှလောက်သာပြောပြီး မမသန္တာရဲ့ ပါးပေါ်တွင် မျက်ရည်ဥကြီးများ တလိမ့်လိမ့် ကျဆင်းလာသည်။ မည်သည့်အကြောင်းရင်းကြောင့် မမသန္တာ ငိုရသည်ကို ကျွန်မ မသိသော်လည်း မမသန္တာနှင့်အတူ ကျွန်မကပါ မျက်ရည်ကျရသည်။ ဘာမှန်းမသိပါဘဲလျက် သူတော့ သိပ်ဝမ်းနည်းရှာမှာဟု တွေးကာ ကျွန်မ ရင်နာရပြန်သည်။
                မနေနိုင်လွန်းသောအခါ မမသန္တာ အကြောင်း အမေ့ကို မေးရသည်။
                "မြသန္တာက သီပေါမှာ နာမည်ကြီးတယ်လေ။ လှကလည်းလှ မိသားစု ကလည်း ငွေကြေးကြွယ်ဝလေတော့ နာမည်ကြီးတာပေါ့။ နောက် သူတို့မြို့ကို ပြောင်းလာတဲ့ အိမ်ထောင်ရှိသူတစ်ယောက်နဲ့ ရည်ငံကြတယ်တဲ့။ ဒါကို ခွဲမရတော့ အမေတို့ဆီ ခဏပို့ထားတာပေါ့သမီးရယ်"
အမေက ထိုမျှလောက်သာ ဆိုသည်။ ကျွန်မကလည်း အိမ်ထောင်ရှိသူနှင့် ရည်ငံသည် ဆိုသည့် မမသန္တာ ကို ဘာကြောင့်ရယ်မသိ သနားသလိုလို၊ မကျေနပ်သလိုလို ဖြစ်၍နေသည်။
                အပူငွေ့နည်းနည်းနှင့် လေပြည်သွေးသော တစ်ညနေတွင် မမသန္တာက ခေါင်းလျှော်ပြီးစ သူ့ဆံပင်များကို ဖြန့်ကာ ပြတင်းပေါက်တွင် ခါတိုင်းလို ထိုင်နေခဲ့သည်။ ကျွန်မက မမသန္တာနားမှာ ခါတိုင်းလိုပင်ထိုင်ကာ သူကဲ့သို့ အပြင်ကို ငေးနေမိသည်။ မမသန္တာ၏ ဆံပင်များကိုဖြတ်ပြီး တိုက်လာသောလေထဲတွင် ခေါင်းလျှော်ရည်နံ့သင်းသင်း လေးလည်းရတတ်သည်။
               "ဒီမှာ စက်ဘီးသိပ်မစီးကြဘူးနော်။ မမတို့ဆီမှာ စက်ဘီးတွေပဲ အားထားရတာ။ ခုလို ညနေဆို မမက စက်ဘီးစီးပြီး အပြင်ထွက်တာ။ မမတို့ဆီမှာ ထင်းရှူးပင်တွေလည်းရှိတယ်လေ။ အဲဒီနားမှာ ခုံတန်းလေးတွေ ချထားတာရှိတယ်။ မမက အဲဒီကို သွားတာ။ အဲဒီမှာဆို ထိုင်လို့ကောင်းတယ်။ ကိုယ်ချစ်တဲ့သူနဲ့ခုလို သာယာတဲ့ညနေခင်းမှာ ထင်းရှူးပင်တွေနား ထိုင်ရတာ သိပ်ကြည်နူးစရာကောင်းတာပဲ"
             "မမသန္တာမှာ ချစ်သူရှိတယ်လား" ကျွန်မက မသိသလိုမေးတော့ မမက ပြုံးသည်။ မမသန္တာ ပြုံးလျှင် နှုတ်ခမ်းတွေတင်မကဘဲ မျက်လုံးလေးများကပါ ရီဝေစွာ လိုက်ပြုံးနေတတ်သည်။
             "ရှိတယ်။ မမက သူ့ကို အစ်ကိုလို့ခေါ်တယ်။ အစ်ကိုက အမြဲတမ်းနောက်ကျတတ်တယ် ကြည်ရဲ့။ မမကပဲ စောစောရောက်ရတာ။ ဒါပေမဲ့ အစ်ကိုလာရင် ပန်းတွေဖြစ်ဖြစ်၊ မုန့်တွေဖြစ်ဖြစ် ပါလာတတ်တယ်။ သူအဲ့လို ယူလာရင် မမက သူနောက်ကျတာကို စိတ်မဆိုးဘဲ နေလိမ့်မယ်လို့ သူက ထင်တာလေ။ တကယ်တော့ မမက သူ့ကို နောက်ကျလည်း စိတ်မဆိုးပါဘူး
             အစ်ကိုက မြေပြန့်က ပြောင်းလာတာဆိုတော့ အအေးဒဏ်ကို မခံနိုင်ဘူး။ မမနဲ့ ချိန်းကြတဲ့အချိန်ကလည်း ညနေခင်းဆိုတော့ အေးတယ်လေ။ အဲ့လိုဆို အစ်ကိုက စွယ်တာ လက်ရှည်ဝတ်ဝတ်လာတတ်တာ။ သူ့ခမျာ စွယ်တာ ကလည်း တစ်ထည်တည်းရှိတော့ မမက စွယ်တာတွေ အိမ်မှာ ခိုးခိုး ထိုးရတယ်။
             ပြီးတော့ အစ်ကိုကလည်း ကြည့်လိုပဲစက်ဘီးမစီးတတ်ဘူး။ မမဆီကိုလာလည်ရင် သူ့သူငယ်ချင်း တစ်ယောက်က လိုက်ပို့ပေးရတယ်။ မမနဲ့ အစ်ကိုချစ်ပြီး နှစ်ပတ်လောက်ကြာရင်ကိုပဲ အစ်ကိုက စက်ဘီး စီး သင်တော့တာပဲ။ မမကို သူ့စက်ဘီးနောက်မှာ တင်ပြီး စီးချင်လို့တဲ့လေ"
အစ်ကိုရဲ့စက်ဘီးနောက်တွင်ထိုင်လိုက်ကာ ပျော်နေမည့် မမသန္တာကို ကျွန်မမျက်စိထဲမြင်ယောင်ကာ ပုံဖော်ကြည့်နေမိသည်။
             "အစ်ကိုက ဆံပင်တွေကို တိုကပ်နေအောင် ညှပ်ထားတာ ကြည်ရဲ့။ သူ့ကို စမြင်မြင်ချင်းတော့ ရယ်ချင်စရာလေး။ ပြီးတော့ အစ်ကိုက ရယ်ရင်လည်း နှုတ်ခမ်းကို တစ်ဖက်တည်း ကွေးသွားအောင် ရယ်တတ်တာ။ မဲ့ပြုံးလို့များခေါ်လေမလား။ ဒါပေမဲ့လည်း သိပ်ချစ်စရာကောင်းနေတာပဲ။ အစ်ကိုက ပုဆိုး ၀တ်ရင်လည်း သားသားနားနားဝတ်တတ်တယ်။ မမနဲ့လာတွေ့ရင်တော့ ဘောင်းဘီရှည်လေးတွေပဲ ၀တ်လာတာ များပါတယ်။ မမတို့နှစ်ယောက်က ၁၀ နှစ်လောက်ကွာတော့ အသက်သိပ်ကွာတယ် မထင်ရအောင် ဘောင်းဘီပဲ ရွေးဝတ်တာတဲ့။ တကယ်တော့ ပြောလို့သာ သိရတာပါ။ မမနဲ့ အစ်ကိုက သိပ်ကွာတယ် မထင်ရဘူး။ အစ်ကိုက သိပ်နုတာ ကြည်ရဲ့"
              မမသန္တာသည် သူ့အစ်ကိုအကြောင်းပြောနေသည့်အချိန်တွင် မျက်လုံးလေးများ ကြည်လဲ့နေပြီး ချက်ချင်းပင် သူ့မျက်စိရှေ့တွင် အစ်ကိုပေါ်လာတော့မည့် ပုံသဏ္ဍာန်ဖြစ်အောင် ပြောတတ်ပေသည်။
             သို့ရာတွင်မမသည် သူ့အစ်ကိုသည် အိမ်ထောင်သည်တစ်ယောက်ဖြစ်ကြောင်း၊ အစ်ကိုနှင့်ခွဲရအောင် အိမ်က ကျွန်မတို့ဆီ ပို့ထားသည့်အကြောင်းများကိုတော့ ချန်ထားခဲ့သည်။
            "ခုအဲ့အစ်ကိုရော မမ"
            "အစ်ကိုကလား.. ခုဆို မမကိုစောင့်နေမှာပေါ့။ မမပြန်ရင်တော့ သူနဲ့ယူမှာပဲ။ အစ်ကိုကလည်း မမကို ချစ်လွန်းလို့ ယူမှာပါပဲ။ မမတို့ ခွဲလို့ မရပါဘူးကွယ်"
            သူ့ဆုံးဖြတ်ချက်ကို ပြောပြနေသည့်မမသည် ပါးကလေးများရဲကာ သတ္တိရှင်မလေး တစ်ယောက်လိုဖြစ်နေပြန်သည်။ မမသန္တာတို့ ဘာလို့ ခွဲလို့ မရသည်လဲ၊  ဒီလောက်တင်းကျပ်နေသည့်ကြားမှာ ဘယ်လိုယူကြမည်တဲ့လဲ ကျွန်မက စိတ်ဝင်စားသော်လည်း အမေတို့ကိုတော့ ပြန်မပြောဖြစ်တော့ပါ။
            ဒီလိုနှင့် မမသန္တာ၏ အစ်ကိုအကြောင်းကို သီပေါမြို့နှင့် မိုင်ပေါင်းများစွာဝေးသော ကျွန်မတို့ အိမ်ပြတင်းပေါက် လေးမှ နေ၍ ကျွန်မက နေ့စဉ်ကြားသိနေရသည်။ ကြာလေသောအခါ မမသန္တာနှင့် သူ့အစ်ကိုတို့၏ ဇာတ်လမ်းများသည် ညနေခင်းပုံပြင်လေးများသဖွယ်ဖြစ်ကာ ကျွန်မ နားထောင်၍ မညည်းနိုင်အောင်ရှိရလေ သည်။
             "အစ်ကိုက မမလုပ်တဲ့ ရှမ်းခေါက်ဆွဲကို သိပ်ကြိုက်တာ။ရှမ်းခေါက်ဆွဲကလည်း ပူပူလေးမှ စားလို့ကောင်းတာဆိုတော့ မမက အိမ်မှာ လုပ်ပြီးပြီးချင်း ထင်းရှူးတောဘက်ကို စက်ဘီးနဲ့ အမြန် သွားရတယ်။ အဲ့လို အခါမျိုးဆို အစ်ကိုက ကလေးလိုပဲ။ အားရပါးရ စားတတ်တာကြည်ရဲ့"

              မမသန္တာသည် အစ်ကို့အကြောင်းပဲကို တစ်ချိန်လုံးတွေးနေလေသလားဟု ကျွန်မ သံသယတွေ ၀င်မိသည်။ အဘယ်ကြောင့်ဆိုသော်မမသန္တာသည် တခြားအကြောင်းဆိုပါက စကားမပြောဘဲ ပြုံး၍သာ နေတတ်ပြီး သီပေါမြို့နှင့်သူ့အစ်ကိုအကြောင်းကိုသာ ပြောရမည်ဆိုပါက မျက်လုံးလေးများ တောက်လာကာ စကားတွေ ပြောလေတော့သည်။
              မမသန္တာ၏ နဖူးလေးများသည် ခပ်ကျဉ်းကျဉ်းပင်ဖြစ်ပြီး ဆံနွယ်လေးများခွေကာ ကျနေတတ်သည်။ သီပေါမှာ မွေးသူမဟုတ်သော်လည်း ငယ်စဉ်ကတည်းက သီပေါသို့ ပြောင်းရွှေ့နေထိုင်သူဖြစ်သဖြင့် ပါးလေးများမှာ ရှမ်းမလေးများကဲ့သို့ ရဲနေတတ်သည်။ မျက်လုံးများက ၀ိုင်းကျယ်နေပြီး မျက်တောင်မွေးလေးများက ခပ်တိုတိုပင်။ ခန္ဓာကိုယ်သေးသွယ်သွယ်လေးကို ဆံပင်ရှည်များက အမြဲဖုံးထားတတ်ပြန်သည်။ ကျွန်မက မမသန္တာ စကားပြောတိုင်း သူ့မျက်နှာလေးကိုပင်ကြည့်ကာ သူ့စကားလုံးတိုင်းကို ပုံဖော်နေတတ်သည်။ စိတ်ကူးများ ယဉ်ရပြီး ညဆိုလျှင် အိမ်မက်ပါ မက်ရပြန်သည်။
             အိမ်မက်ထဲတွင် မမသန္တာ အစ်ကိုက မမသန္တာကို လာခေါ်သွား၍ ကျွန်မမှာ ငိုရသည်တဲ့၊ မမသန္တာက အစ်ကို့ ဆီ လိုက်သွားမည်ဆိုပြီး အထုတ်တွေပြင်ကာ ကျွန်မကိုပါ လက်ဆွဲခေါ်၍ နှင်းတောထဲ ပြေးကြသည်တဲ့၊ သည်ကြားထဲ တောင်တွေပေါ်ကနေ မိုးတွေကျလာကာ ကျွန်မတို့ ချယ်ရီပင်တွေအောက် ခိုရပြန်သည်တဲ့၊ မမ သန္တာက ဒါဟာ သူပြောတဲ့ ခရမ်းရောင်ချယ်ရီပင်ကြီးပေါ့ဟု ဆိုတော့ ကျွန်မက မော့ကြည့်သည့်အခါ အမေက အပင်ပေါ်ကနေ တုတ်နှင့် ကျွန်မကို လှမ်းရိုက်၍ ကျွန်မမှာ လန့်လိုက်ရသည့်ဖြစ်ခြင်း။ ဒါတွေဟာ အိမ်မက်တွေမှန်းသိ သည့်တိုင်အောင် ကျွန်မနိုးလာသည့်အခါတိုင်း ရင်မောရစမြဲပင်။
           ကျွန်မတို့အိမ်မှာ မမသန္တာနေတာ ခြောက်လလောက်ကြာတော့ မမသန္တာတို့ တစ်မိသားစုလုံး ရန်ကုန်သို့ ပြောင်းလာကြသည်။ ထိုအခါ မမသန္တာလည်း အထုတ်ပြင်ကာ သူ့အိမ်သစ်ဆီသို့ ပြန်ရဖို့ ဖြစ်လာတော့သည်။
           မမသန္တာသည် သူပြန်ဖို့အတွက် အကျီအ၀တ်များ ထည့်နေစဉ် ကျွန်မ ဘေးက ထိုင်ကာ ကြည့်နေမိသည်။ သူ သိပ်ချစ်သည့်သီပေါမြို့နဲ့ အစ်ကို ရှိရာသို့ ပြန်ရမည်ဟု တစ်ချိန်လုံးမျှော်လင့်နေရှာသော မမသန္တာ ဘယ်လိုများ ခံစားနေရပါလိမ့်။ သူမြတ်နိုးရာ ခရမ်းရောင်ချယ်ရီတွေကိုများ သူလွမ်းနေလိမ့်ဦးမလား။ ကျွန်မကပါ မျက်ရည်ဝိုင်းချင်သည်။
          မမသန္တာကတော့ ပြုံးနေကျ အပြုံးလေးပင် မပြုံးနိုင်ဘဲ ကျွန်မကို ခပ်လေးလေးကြည့်သည်။
         "ကြည့်ကိုတော့ မမတစ်နေ့ သီပေါကို ရောက်အောင်ခေါ်သွားချင်တာ။ မမ အစ်ကိုနဲ့ယူဖို့ သွားတဲ့အခါ ကြည့်ကိုတော့ ခေါ်သွားမှာ။ ကြည်လိုက်မယ်မဟုတ်လားဟင်"
မျက်ရည်တွေကြားကပဲ ကျွန်မ ခေါင်းညိမ့်လိုက်မိသည်။ မမသန္တာသည် တကယ်တော့ မျှော်လင့်ချက်များနှင့် အသက်ရှင်နေသူဖြစ်နေသည်ကို သူကိုယ်တိုင်ပင် သိပါလိမ့်လေမလား။
         ကျွန်မကတော့ ခုလို သာယာသောညနေများဆိုလျှင် ဆံပင်ရှည်များကိုချကာ ပြတင်းပေါက်ဘေးတွင်ထိုင်လျက် အဝေးက အစ်ကို့ကို လွမ်းနေတတ်သော မမသန္တာ၏ ပုံရိပ်ကိုသာ မြင်ယောင်နေမိသည်။


ဂျစ်တူး (ရွှေမိ)
28/5/2015

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...