Saturday, June 6, 2015

သစ္စာဆိုပြီးမှ ထမင်းမျိုပါ


တိုင်းပြည်အုပ်ချုပ်တဲ့သူတွေဟာ (၁) မာန်မာန မရှိရဘူး၊ (၂) အချမ်းအပူ ခံနိုင်ရည်ရှိရတယ်၊ (၃) လောကစရိုက်ကို သိရတယ်၊ (၄) ပညာရှိရတယ်လို့ (တိကနိပါတ်၊ ထိလမုဌိဇာတ်တော်) မှာ ဖတ်ဖူးပါတယ်။
အထက်က လေးချက်နဲ့ညီမှလည်း ပြည်သူက အုပ်ချုပ်သူ (မင်း) ကို လေးစားတော့မှာပေါ့။ ဒီလောက်လေးမှ အရည်အချင်းမရှိရင်လည်း တိုင်းပြည်ကိုတက်ပြီးတော့ အုပ်ချုပ်မနေကြပါနဲ့ဗျာ။ အနည်းဆုံး အခြေခံအချက် လေးတွေလောက် လေ့လာထားပြီးတော့ အုပ်ချုပ်သူ (မင်း) လိုကျင့်မှ မင်းကျင့်တရားနဲ့အညီ အုပ်ချုပ်တဲ့သူ တွေလို့ သတ်မှတ်မယ်ဆိုတာလောက်တော့ သိထားသင့်ပါတယ်။
တိုင်းပြည်အုပ်ချုပ်တဲ့သူတွေ ရှေးတုန်းက မိုးညှင်းမင်းအကြောင်းလေးနည်းနည်းတော့ လေ့လာထား သင့်တယ်။ မိုးညှင်းမင်းက ဆင်းရဲတဲ့ဘ၀က မင်းတက်ဖြစ်တာဆိုတော့ အောက်သက်ကျေတယ်။ သည်းခံတယ်။ ကိုယ်ချင်း စာတရားရှိတယ်။ တိုင်းပြည်အကျိုးကို အသက်စွန့်ပြီးထမ်းတယ်။ သူက
“ငါသည် သူဆင်းရဲမှ မင်းဖြစ်သော်လည်း ပြည်သူကို ငါကဲ့သို့ ဆင်းရဲခြင်းမဖြစ်အောင် စောင့်ရှောက်အံ့။ ငါသည် မခံစားဖူးသည့် စည်းစိမ်ဥစ္စာ တို့ကို ခံစားရသော်လည်း ပြည်သူကျွေးသော ထမင်းတစ်လုပ်ကို မတော် လောဘဖြင့် မျိုခဲ့သည်ရှိသော် သံပူရည် မျိုသကဲ့သို့ ဖြစ်ပါစေသား” လို့ သစ္စာပြုပြီးမှ ထမင်းစားတာ။
ဒီခေတ် အုပ်ချုပ်သူတွေ အဲဒီလို သစ္စာဆိုပြီး ထမင်းကို မျိုရဲသလား။စစ်သားတွေတက်ပြီး တိုင်းပြည်ကိုအုပ်ချုပ်တော့ တိုင်းပြည်ကြီး ဘာဖြစ်သွားပြီလဲဆိုတာ အားလုံးအသိဘဲ။ အဆိုးဆုံးကတော့ ပညာရေးကို သုံးစားလို့မရအောင် ဖျက်ဆီးလိုက်တာပဲ။ ပညာပျက်တော့ အကျင့်ပျက်၊ အကျင့်ပျက်တော့ မတိုးတက်၊ အဲဒီတော့ ဘက်စုံ၊ ကဏ္ဍစုံ၊ နေရာစုံ ဘာမှ အဖတ်ဆယ်လို့မရလောက်အောင်ကို ဖြစ်သွားတော့တာပဲ။
စစ်သားတွေ ဘောင်းဘီချွတ်၊ တိုက်ပုံတွေ ချိတ်တွေဝတ်ပြီး ဒီမိုကရေစီ ညာသံပေးကာ တိုင်းပြည်ကို အုပ်ချုပ်တော့ ပညာတတ်တွေကင်းမဲ့၊ ပညာရှိဆိုသူတွေကလည်း တစ်သက်လုံး ခေါက်ရိုးကျိုးလာတဲ့ ဘုရားထူး အမိန့်နာခံတွေ ဖြစ်နေတော့ ပိုဆိုးတယ်။
ပညာတတ်တဲ့ မျိုးဆက်သစ်ကို ပျိုးထောင်၊ ပညာနဲ့လူ့ဘောင်ကိုတည်ဆောက်၊ ပညာနဲ့ မြေတောင်မြှောက်တာ တွေ ခုထိမလုပ်သေးတာဟာ အနာဂတ်မှာ ဘယ်လိုလူတွေက တိုင်းပြည်ကို ဆက်ပြီး သိမ်းပိုက်ထားချင်လို့လဲ ဆိုတာ ထင်ရှားနေတာပဲ။
၅.၆.၂၀၁၅

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...