Monday, June 8, 2015

အပျော်ဆုံးလူ


ဘ၀နှင့်ဆန္ဒ တစ်ထပ်တည်းကျရန်ဆိုသည်မှာ မဖြစ်နိုင်သည့်ကိစ္စပင်။ ရောင့်ရဲတင်းတိမ်တတ်ခြင်းနှင့် ကိုယ်တိုင် အားထုတ် လုပ်ဆောင်တတ်ခြင်းတို့သည် အတူလက်တွဲ၍ နေနိုင်ကြသည်။ ရသမျှနှင့် ရောင့်ရဲတင်းတိမ် နိုင်ရန်အတွက် လောဘ၊ ဒေါသနှင့် မောဟတို့ကို ပယ်ခွာထားရမည်သာ။
တစ်နေ့တွင် ဘုရင်ကြီးတစ်ပါးသည် နာမကျန်းဖြစ်ပြီး အိပ်ယာတွင် လဲလေတော့သည်။ ရောဂါအခြေအနေက အတော်လေးစိုးရိမ်ရသည်။ ဝေဒနာက တစ်နေ့တစ်ခြား ဆိုးသည်ထက် ဆိုးလာသည်။ သမားတော်ကြီးများ၊ ပညာရှိများက မည်သို့အားထုတ်သည်ဆိုစေ မသက်သာနိုင်အောင် ဖြစ်နေသည်။ ထိုသို့ဖြင့် လက်လျှော့ရခါနီး အချိန်တွင် ဘုရင့်အထိန်းတော်ကြီးက အကြံတစ်ခုပေးလိုက်သည်။
"ဘုရင်ကြီးကို ဘယ်လိုကုရမယ်ဆိုတာသိတယ်။ ပျော်ရွှင်နေတဲ့လူတစ်ယောက်ကိုရှာပြီး သူ့အင်္ကျီနဲ့ ဘုရင်ကြီး အင်္ကျီကို လဲလှယ် ဝတ်ပေး လိုက်ရင် ပြန်ပြီးနေကောင်းလာလိမ့်မယ်"

သို့ဖြစ်ရာ ဘုရင်ကြီး၏ခြေမြန်တော်တပ်သားများသည် တိုင်းပြည်အနှံ့ ပျော်ရွှင်နေသည့်သူများကို လှည့်လည် ရှာဖွေကြတော့သည်။ သူတို့ဘယ်နေရာမှာမှ ပျော်ရွှင်သည့်သူကို ရှာမတွေ့နိုင်ကြပေ။ နေရာတိုင်း မရောင့်ရဲ မတင်းတိမ်နိုင်သူတွေနှင့်ပြည့်နေပြီး ဘ၀ကို မကျေနပ်သူ တွေနှင့်သာ သူတို့ ကြုံတွေ့နေကြရသည်။
ချမ်းသာသည့်သူတစ်ယောက်က
"အသုံးမကျတဲ့ စက်ချုပ်သမား။ ဘောင်းဘီကတိုနေပြန်ပြီ။ ထမင်းချက်လည်း ဒီအတိုင်းပဲ။ တစ်စက်မှ အရသာ မရှိဘူး"
ဂျုံစက်ပိုင်ရှင်ကလည်း
"ကလေးတွေ အသုံးမကျလိုက်ပုံများ။ ပြောတဲ့အတိုင်း ဘယ်တော့မှ မလုပ်ဘူး။ ကျောင်းတွေကလည်း ဘာတွေ သင်နေသလဲ။ စာမလုပ်ဘူး။ အပြင်ပဲထွက်ပြီး ကစားနေကြတယ်။ တကတည်း ဆူညံနေတာပဲ"
ဖယောင်းတိုင်ထုတ်လုပ်သူက
"အမိုးကယို ကြမ်းကစိုနဲ့။ ရွာလိုက်တဲ့မိုး။ တိတ်လည်း မတိတ်နိုင်ဘူး"
ဘုရင့်ခြေမြန်တော်များရောက်သည့်နေရာတိုင်းတွင် ညည်းညူသံ၊ ပြစ်တင်ဝေဖန်သံ၊ မကျေနပ်သံတွေချည်း ကြားနေရသည်။ ချမ်းသာသည့်လူက ပိုချမ်းသာချင်သည်။ မချမ်းသာသည့်သူကလည်း ဆင်းရဲသည်ကို အပြစ်မြင်ပြီး ချမ်းသာအောင်မလုပ်ချင်။ ဆင်းရဲသည်ကိုသာ အပြစ်တင်စရာ တစ်ခုအနေဖြင့် ဝေဖန်ချင်ကြ သည်။ ကျန်းမာသည့်သူက မကျန်းမာသည့် ယောက္ခမကိုအပြစ်မြင်သည်။ ယောက္ခမ ဒေါင်ဒေါင် မြည်နေပြန်တော့ သူကိုယ်တိုင်အိပ်ယာတွင်လဲနေရသဖြင့် ခံပြင်းနေသည်။ လူတိုင်း တစ်ခုမဟုတ်တစ်ခု "တစ်ခုခု" တော့ပြဿနာဖြစ်နေကြသည်။
တစ်ညတွင် ဘုရင့်သားတော်သည် တဲကလေးတစ်လုံး အနီးမှဖြတ်သွားစဉ် ဤသို့ကြားလိုက်ရသည်။
"အို အရှင်မင်းမြတ် ကျွန်တော်မျိုးကြီး အလုပ်တွေအားလုံးလုပ်ကိုင်၍ ပြီးသွားပါပြီ။ အားလုံးသော သူအပေါင်းကို စောင့်ရှောက်တော်မူပါ။ ယခု ကျွန်တော်မျိုး အစားအစာများလည်း စားသောက်ပြီးပါပြီ။ မကြာမီစိတ် ချမ်းသာစွာဖြင့် အိပ်စက်အနားယူပါတော့မည်။ ဤသို့ကျန်းမာ ချမ်းသာစွာ နေထိုင်နိုင်သည့်အတွက် အရှင့်ကို ကျေးဇူးတင်လှပါသည်"
မင်းသားလေးလည်း အတော်လေးဝမ်းမြောက်ဝမ်းသာဖြစ်သွားသည်။ သူရှာနေသည့် ပျော်ရွှင်သူကိုတွေ့ပြီ။ နောက်ပါတို့ကို ဤသူ့ထံမှ အင်္ကျီကိုယူပြီး သူ့အား ငွေပုံပေးခဲ့ရန် အမိန့်ချလိုက်သည်။
မင်းချင်းတို့သည် အမိန့်အတိုင်း တဲအတွင်းသို့ဝင်သွားကြသည်။ တဲအတွင်းရောက်ချိန်တွင် သူတို့ပျော်ရွှင်သည် ဟု ယူဆထားသူတွင် အင်္ကျီမပြောနှင့် ဘောင်းဘီပင်မရှိ။
(The Happiest Man, Zen Story from Japan)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...