Tuesday, June 2, 2015

အမိကလေး အိမ်ပြောင်းခြင်း


                      အမိကလေးသည်အနားတွင်လာပြီး တညောင်ညောင်အော်နေသော ရွှေနီကို ကောက်ပွေ့လိုက်ကာ မျက်ရည်များ ၀ဲချင်လာသည်။မျက်ရည်များဝဲလာရာမှ အသံတအစ်အစ်ထွက်ကာ နှာတရှုံ့ရှုံ့ပါ ဖြစ်၍ လာသည်။
                     "ကလေးမလေးဟာမဟုတ်တာကို ငိုနေတယ်။ အိမ်ပြောင်းတာ ငိုစရာလား။ မျက်နှာသစ်ချေပါတော့လား။ "
အဘွားသည်ခက်လှချေသည်။ အမိကလေးက အဘွားကိုလှည့်၍ မျက်စောင်းထိုးလိုက်ချင်သည်။ သို့ရာတွင် ကွမ်းအစ်နှင့်လှမ်းခေါက်လိုက်မည်ကို စိုးသဖြင့် မျက်နှာကိုသာ ပို၍ မဲ့လိုက်သည်။
                     ရွှေနီ့ကိုဘေးသို့အသာချကာအိမ်ရှေ့ စဥ့်အိုးဆီ ဆင်းလိုက်၏။ စဥ့်အိုးနံဘေးမှာ အမိကလေးစိုက်ထားသည့် ဇီဇ၀ါပန်းလေးများကငုံနေကြပြီ။ မနက်ဖြန် ညနေလောက်ဆိုလျှင် ပွင့်ပေရော့မည်။ သို့ရာတွင် အမိကလေးမှာ ဒီနေ့ပင်အိမ်ပြောင်းရမည်ဖြစ်သဖြင့် မနက်ဖြန်ပွင့်မည့် ဇီဇ၀ါပန်းများကို မတွေ့ရနိုင်တော့။

                    မျက်နှာသစ်ရင်းပင်ဇီဇ၀ါပင်ကိုကြည့်ကာ ငိုချင်ချင် ဖြစ်လာရပြန်သည်။ အိမ်ပြောင်းရမည်စိုးသဖြင့် အမိကလေးစိတ်ညစ်နေသည်ကို တစ်အိမ်သားလုံး နားမလည်ပေးကြသည့်အတွက်လည်း တစ်အိမ်သားလုံးကို စိတ်ဆိုးချင်သည်။ ဒါကြောင့် မျက်နှာသစ်သည့်အခါ ဆောင့်ကြောင့်ထိုင်မသစ်ဘဲ မတ်တပ်ရပ်၍ ဖြစ်ကတက်ဆန်းပင် သစ်လိုက်သည်။ မျက်နှာသစ်ပြီး ဂါဝန်နားတွေရေစိုကုန်လျှင် အမေက ဆူတတ်သည်။ ခုလည်းအမေမကြိုက် တာကို လုပ်လိုက်ရ၍ စိတ်အနည်းငယ်ပြေချင်သည်။
                    အမိကလေးသည်ရေစိုလက်စ မျက်နှာကို အ၀တ်ဖြင့် မသုတ်ဘဲ အိမ်ရှေ့လမ်းမဘက် ထွက်လိုက်သည်။ ခြံဝရှိ မာကလာပင်မှကောင်းကောင်းမရင့်သေးသည့် မာကလာသီးတစ်လုံးကို ဆွတ်လိုက်ပြီး ဂါဝန်နားနှင့် သုတ်လိုက်ကာကိုက်လိုက်သည်။
                    "အမလေး…မာကလာသီးမပွသေးတာကိုကိုက်နေပြန်သလား။ ဗိုက်တွေနာကုန်တော့မှာပဲ လာလာ…အိမ်ပေါ်ကို ပြန်လာစမ်း"
                     အဘွားသည်တစ်ချိန်လုံး အမိကလေးကိုပင် လိုက်ကြည့်နေသည်ထင်၏။ အမိကလေးက မျက်ခုံးများကို တတ်နိုင်သလောက်ကြုံ့ထားရင်း ခြေကိုဆောင့်ကာ အိမ်ထဲဝင်သည်။ အိမ်ထဲတွင် အမေသည် အမိကလေး၏ ၀တ်များကိုအိတ်တစ်လုံးထဲစုထည့်နေသည်။ အဖေကတော့ ကားပေါ်ကို ပစ္စည်းများ တင်နေသည်။ အစ်ကိုက သီချင်းတအေးအေးနှင့်သူ့ဘောင်းဘီများကို ခေါက်တင်ထားကာ အဖေ့ကို ကူနေသည်။
                     တစ်အိမ်သားလုံးအလုပ်ရှုပ်နေသည့်တိုင် အဘွားနှင့် ရွှေနီသည်လည်း အမိကလေး လိုပင် ယောင်လည် လည် ဖြစ်နေဟန်တူသည်။သို့ရာတွင် အဘွားက ဟိုဟာယူဦး သည်ဟာ ကျန်မယ်နော် ဆိုပြီး တတွတ်တွတ်သာ မှာ နေသည်။ ရွှေနီကလည်းမျက်လုံးအ၀ိုင်းသားဖြင့် အလုပ်ရှုပ်နေသည့် အိမ်သားတွေ ခြေကြားထဲ လူးလာ ခေါက်တုံ့လျှောက်နေသည်။
                    အမိကလေးကအစ်ကို့နားကို အသာကပ်လိုက်သည်။ အိမ်ရှေ့ မန်ကျည်းပင်တွင် ဆင်ထားသည့် အမိကလေးရဲ့ ဒန်းလေးကိုဖြုတ်ယူသွားချင်သည်။
"အမိကလေးရွှေနီ့ကို တောင်းနဲ့ထည့်ဖို့လုပ်လေ တော်နေကြာထွက်ပြေးသွားရင် လိုက်ရှာနေရမယ်"အဘွားက အော်ပြန်သည်။ တစ်ခုခုလုပ်မယ်ကြံတိုင်း အဘွားအသံကြောင့် လန့်လန့် သွားရသဖြင့်အဘွားဟာ သိပ်ဆိုးတာပဲဟု တစ်မနက်လုံး ထင်နေမိသည်။
                    ရွှေနီ့ကိုမ တော့ အသာတကြည်ပဲပါလာသည်။ အိမ်နောက်ဖေး မီးသွေးသယ်သည့် ခြင်းထောင်းထဲ ရွှေနီ့ကို ထည့်ကာအပြင်က ကြိုးများနှင့် ပတ်ရသည်။ ရွှေနီ့ကို ဆေးခန်းပို့တိုင်း သည်အတိုင်း လုပ်နေကျဖြစ်သဖြင့်အမိကလေးကျွမ်းကျင်နေချေပြီ။
                    ရွှေနီ့ကိုထုတ်ပိုးပြီးတော့ တစ်အိမ်လုံးရှိ ပစ္စည်းများကားပေါ်ကို ရောက်နေပြီ။ ဒန်းကလေးကို သတိတရဖြင့်ဖြုတ်ပေးဖို့ပြောတော့ အဖေက "ဟောင်းနေပါပြီကွယ်။ အိမ်သစ်ရောက်မှ အဖေ အသစ်လုပ်ပေးပါ့မယ်။ထားခဲ့လိုက်တော့" လို့ဆိုသည်။
                  ထိုအခါမှအိုးပုပ်တောင်းကို အမိကလေး သတိရသည်။ သွားရမယ့်လမ်းမှာ အိုးပုပ်လေးတွေ ကွဲကုန်ရင် ဒုက္ခဟုတွေးကာ အမိကလေး တစ်ကျော့ပြန် ငိုချင်လာသည်။ ဇီဇ၀ါဖူးတွေကိုလည်း ခူးလိုက်ချင်သည်။ အဘွားကဘေးအိမ်တွေ ခူးပါစေအေ ဟု ဆိုသဖြင့် ထားခဲ့ရပြန်သည်။
                 ကားပေါ်ကိုတက်တော့ ရွှေနီ့ခြင်းကလေးကို ပေါင်ပေါ်တင်ကာ အမိကလေး ငိုင်၍ လာသည်။ ဒန်းကလေးကိုလည်း တစ်ချက်တစ်ချက်လှည့်ကြည့်ရသေးသည်။ ဒီတိုင်းဆိုရင်တော့ တစ်အိမ်ကျော်က ပေါက်ဆိန်တို့ လာစီးတော့မှာပဲဟုတွေးကာ ဒေါသလေးလည်း ထွက်ချင်လာသည်။ အရင်ကဆို အမိကလေး ဒန်းကို ဘယ်သူမှ လာမစီးရဲ။ စီးသည်ကိုတွေ့သည်နှင့် အမိကလေးက ခဲနှင့် ကောက်ထုတတ်သည်ချည်းပင်။ ခုတော့လည်း သူတို့အမိကလေးရဲ့ဒန်းကိုစီးကာ ပျော်နေကြတော့မည်။ အိမ်ရှေ့က မာကလာသီးတွေကို ခူးကာ သူတို့စားပစ်ကြတော့မည်။
                 အမေ့ကိုလည်းစိတ်ကောက်ချင်သည်။ အဖေ့ကိုလည်းစိတ်ကောက်ချင်သည်။ သည်ကြားထဲ အဘွားက ရှေ့မှာ ထိုင်ရင်းဘာမှန်းမသိတာတွေ လှည့်လှည့် မာန်ချင်သေးသည်။ အစ်ကိုက တစ်ချက်တစ်ချက် အမိကလေး ခေါင်းကိုပုတ်ကာ မိငိုချင် မိငိုချင် ဟု စနေသည်။
                 အိမ်သစ်ရောက်တော့အမိကလေး အိပ်ပျော်နေပြီ။ အဖေက အသာပွေ့ကာ မသိမ်းရသေးသည့် အ၀တ်ပုံတွေပေါ် တင်ပေးသည်မှအမိကလေး နိုးတော့သည်။ ဟိုဘက်အိမ်မှာလို အမေတို့ အလုပ်ရှုပ်နေကြပြန်သည်။ ပန်းအိုးလေးထားဖို့ကအစ အမေတို့ ရှုပ်နေသည်။
                 ရွှေနီ့ကိုတော့ခြင်းတောင်းထဲပဲ ထည့်ထားရဦးမည်။ နေရာစိမ်းနေသဖြင့် ထွက်ပြေးသွားမှာ စိုးရပါသည်ကော။အိမ်သစ်က အိမ်ဟောင်းလို ပျဉ်ထောင်အိမ်လေးမဟုတ်။ အုတ်စိမ်းစိမ်းလေးဖြစ်သည်။ နံရံကိုကပ်လိုက်တိုင်း အေးသွားသည့် အရသာကို အမိကလေး ကြိုက်စပြုပြီ။ ခြံစည်းရိုးထောင့်မှာ ယိမ်းထိုးနေသည့်စံပယ်ပင်လေး မြင်တော့ အိမ်ဟောင်းက ဇီဇ၀ါပွင့်များကို သတိရသော်လည်း တော်သေးသားဟု တွေးမိသည်။
                 ခြံထဲကိုစိတ်ဝင်တစား လှည့်ပတ်ကြည့်ရင်း ငရုတ်ပင်လေးတွေကို တွေ့သည်၊ သင်္ဘောပင်အမြင့်ကြီးမှာ သီးနေသည့်သင်္ဘောသီးတွေကိုတွေ့သည်။ မလေးရှားပိတောက်ပင် အုံ့အုံ့ကြီးတွေလည်း ရှိနေသည်။ ဘယ်အပင်မှာအစ်ကို့ကို ဒန်းဆင်ခိုင်းရမလဲ ကြည့်ရင်း အမိကလေး ငိုချင်စိတ်များလွင့်ခဲ့လေပြီ။
                 နေ့လယ်စာစားကြတော့ အမိကလေး ကြိုက်သည့် ငါးကြော်ကြွပ်ကြွပ်ကို အမေက ကြိုက်သလောက်ထည့် စားခိုင်းသည်။အဘွားက စံပယ်ပန်းတွေညနေတိုင်လို့ပွင့်ရင် ကြိုးနဲ့သီပေးမယ်ဟု ဆိုသည်။ အဖေက ရေကပြင်ရိုက်ရာမှပိုနေသည့် ပျဉ်တစ်ချောင်းနှင့် အမိကလေးအတွက် ဒန်းဆင်ပေးဖို့ အစ်ကို့ကို လှမ်းပြော သည်ကိုကြားရသည်။
                ထမင်းစားရေချိုးပြီးတော့ အမိကလေး ငိုက်လာပြန်သည်။ သနပ်ခါးအဖွေးသားနှင့်လှဲနေသည့် အဘွားဘေးကိုဝင်အိပ်လိုက်သည်။
                 "ညနေကျစံပယ်ပန်းသီပေးရမယ်နော်အဘွား"
                "အေးပါအေ။ခုတော့အိပ်လိုက်ပါဦး"
                 ညနေတိုင်လျှင်စံပယ်ပန်းကုံးလုပ်၍ ဘီးကုပ်ကဲ့သို့ ကုံးရမည်။ ပြီးလျှင် တစ်ဖက်အိမ်မှာ အမိကလေးနှင့်ရွယ်တူ ဘယ်သူရှိသလဲ စုံစမ်းရဦးမည်။ ဒန်းဆင်ပေးဖို့လည်း အစ်ကို့ကို သတိပေးရပေဦးမည်။တွေးရင်းဖြင့် အမိကလေး မျက်ခွံများလေး၍ လာသည်။ ရွှေနီကတော့ အဘွားနှင့် အမိကလေးကြားမှာအမြီးတဘုတ်ဘုတ်လှုပ်ကာ ၀န်းကျင်သစ်ကို မျက်လုံးအ၀ိုင်းသားဖြင့် စူးစမ်းဆဲပင်။




ဂျစ်တူး (ရွှေမိ)
၂၅/၅/၂၀၁၅

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...