ဒီနေ့ မြို့မငြိမ်း ကွယ်လွန်တာ ၆၄နှစ်ရှိပြီ
၁၂၇၀ ပြည့်နှစ် တပို့တွဲလဆန်း ၅ ရက်၊ တနင်္လာနေ့ (၂၅.၁.၁၉၀၉) တွင် အဖရွှေပန်းထိမ် ဆရာကြီး ဦးညီ၊ အမိ ယွန်းထည် ကုန်သည် ဒေါ်ချစ်ဦးတို့က မန်္တလေးမြို့ ၂၈လမ်း (လမ်း၈၀နှင့် ၈၁လမ်း ကြား) နေအိမ်တွင် မွေးဖွားခဲ့သည်။ အမည်ရင်း မောင်ကျော်ညိန်းဖြစ်ပြီး မန်္တလေးဗဟို အမျိုးသား ကျောင်းတွင် ပညာသင်ကြားခဲ့သည်။ဆယ်နှစ် သားအရွယ် ကတည်းက “ဇမ်္ဗူကျွန်းလုံး” သီချင်းကို စောင်းဆရာကြီး ဒေ၀ဣန်္ဒာ မောင်မောင်ကြီးထံမှ နေ့ချင်းပြီး တက်ယူနိုင်ခဲ့သဖြင့် စောင်းဆရာကြီးကိုယ်တိုင် အံ့အားတသင့် ချီးမွမ်း ခံခဲ့ရသည်။ ရွာစားကြီး စိန်ဗေဒါနှင့် အိမ်နီးနားချင်းဖြစ်ခဲ့ပြီး ရွာစားကြီး တီးသမျှကို နားဖြင့် မှတ်သားကာ ဘင်ဂျို၊ မယ်ဒလင်၊ ဗျက်စောင်းတို့ဖြင့် လိုက်ပါတီး ခတ်ခဲ့သည်။