ကျီစားလိုက်သလား မောင်မြကြီးရယ်
Tin Nyunt
“ကလေးတွေက ဆရာတွေကို အရိပ်တကြည့်ကြည့်နေတတ်တယ်။ ခင်ဗျားတို့ ဘယ်လောက်အောင်မြင်တယ်၊ ကလေးတွေက ဘယ်လောက်ချစ်တယ်ဆိုတာ သူတို့ရဲ့ တုံ့ပြန်မှုတွေက ထင်ဟပ်တတ်တယ်”

ဒီစကားကို ပြောသွားတဲ့သူက ဟယ်ရီတန် ခုနှစ်တန်းနဲ့ ကျောင်းဆရာဝင်လုပ်ပြီး
တောထဲမှာ အရိုးထုတ်သွားသူ မူအုပ်ကြီးတစ်ယောက် ပြောသွားတာ။ ဘယ်ကမ္ဘာကျော်
စိတ်ပညာဆရာကမှ ပြောသွားတာ မဟုတ်ဘူး။
ကျွန်တော့်ပုံက သူပုန်ရုပ်။ ပုံဆိုး ရုပ်ဆိုး ဆိုတဲ့အပြင် အသံကလည်းကျယ်တော့ ကျောင်းသားတွေ အရမ်း ကြောက်တယ်။ နောက်ပိုင်း ကျွန်တော့်အကြောင်း သိလာတော့မှ ဆရာ့အရိပ်အကဲကိုကြည့်ပြီး ခေါ်ရဲ ပြောရဲ ဖြစ်လာတယ်။
ကျွန်တော်က ကော်လာလည်ပြတ်၊ ရှပ်အင်္ကျီအဖြူ အမြဲဝတ်တယ်။ ကျောင်းဆရာဘဝက စာဝင်သင်ရင် အမြဲ တိုက်ပုံဝတ်တယ်။ နွေမိုးဆောင်း တိုက်ပုံကို စာသင်ရင်ဝတ်တယ်။ ဒါကလည်း ကျွန်တော့် ဆရာ့ ဆရာကြီး တွေရဲ့ ဆုံးမသွန်သင်မှုကြောင့်ပါ။