Wednesday, November 1, 2017

ကျီစားလိုက်သလား မောင်မြကြီးရယ်

Tin Nyunt

“ကလေးတွေက ဆရာတွေကို အရိပ်တကြည့်ကြည့်နေတတ်တယ်။ ခင်ဗျားတို့ ဘယ်လောက်အောင်မြင်တယ်၊ ကလေးတွေက ဘယ်လောက်ချစ်တယ်ဆိုတာ သူတို့ရဲ့ တုံ့ပြန်မှုတွေက ထင်ဟပ်တတ်တယ်”
ဒီစကားကို ပြောသွားတဲ့သူက ဟယ်ရီတန် ခုနှစ်တန်းနဲ့ ကျောင်းဆရာဝင်လုပ်ပြီး တောထဲမှာ အရိုးထုတ်သွားသူ မူအုပ်ကြီးတစ်ယောက် ပြောသွားတာ။ ဘယ်ကမ္ဘာကျော် စိတ်ပညာဆရာကမှ ပြောသွားတာ မဟုတ်ဘူး။
ကျွန်တော့်ပုံက သူပုန်ရုပ်။ ပုံဆိုး ရုပ်ဆိုး ဆိုတဲ့အပြင် အသံကလည်းကျယ်တော့ ကျောင်းသားတွေ အရမ်း ကြောက်တယ်။ နောက်ပိုင်း ကျွန်တော့်အကြောင်း သိလာတော့မှ ဆရာ့အရိပ်အကဲကိုကြည့်ပြီး ခေါ်ရဲ ပြောရဲ ဖြစ်လာတယ်။
ကျွန်တော်က ကော်လာလည်ပြတ်၊ ရှပ်အင်္ကျီအဖြူ အမြဲဝတ်တယ်။ ကျောင်းဆရာဘဝက စာဝင်သင်ရင် အမြဲ တိုက်ပုံဝတ်တယ်။ နွေမိုးဆောင်း တိုက်ပုံကို စာသင်ရင်ဝတ်တယ်။ ဒါကလည်း ကျွန်တော့် ဆရာ့ ဆရာကြီး တွေရဲ့ ဆုံးမသွန်သင်မှုကြောင့်ပါ။

“ကျောင်းဆရာဆိုတာ လယ်သမားမဟုတ်ဘူး … ကျောင်းဆရာနဲ့တူအောင် ဂုဏ်ဆောင်ပြီး ဝတ်စားနေထိုင်ရ တယ်။ တောပဲကွာ အလကားပါလို့ ခင်ဗျားစိတ်ထဲမှာ အထင်သေးစိတ်နဲ့ နေထိုင်ပြလိုက်ရင် တောကလည်း ခင်ဗျားကို အထင်သေးပြီး တုံ့ပြန်တာ ခံရမယ်။ ဆရာဆိုတာ သာမန်မဟုတ်ဘူးဆိုတာ သန့်ရှင်း ခံ့ညားအောင် တော့ နေပြပါဗျာ”
အဲဒါ ကျွန်တော့် လက်ဦးဆရာ မူလတန်း ကျောင်းအုပ် ဆရာကြီး ဦးမြအောင်ရဲ့ စကား။ ကျွန်တော် အမြဲ အလေးထားတယ်။ ဆရာကြီးက ခုတော့ မရှိတော့ဘူး။ ကွယ်လွန်သွားပြီ။
ကျွန်တော် အလယ်တန်းဆရာဖြစ်တော့ တာဝန်ခံကျောင်းအုပ်ပါတွဲလုပ်ရတယ်။ ဒါကြောင့် တစ်ကျောင်းလုံးရော တစ်ရွာလုံးရော ဆရာကြီးဖြစ်နေတာ။ လုပ်ဖော်ကိုင်ဖက်ဆရာတွေကတော့ ဆရာပါပဲ။ ကျွန်တော့်ကျောင်းမှာ ၈ တန်းက တပည့်တွေထဲမှာ မောင်မြကြီးက ကျွန်တော်နဲ့ လာနေတဲ့အပြင် ကျွန်တော့်ပုံစံအတိုင်း တစ်ထပ်တည်း ကျအောင် လိုက်နေတယ်။
သူ့ကော်လာပါတဲ့ အင်္ကျီတွေကို ကော်လာဖြတ်ပစ်ပြီး လည်ကတုံးလုပ်ဝတ်တယ်။ လမ်းလျှောက်တာကအစ ကျွန်တော့်လို ကိုင်းတိုင်းတိုင်း။ လုံချည်ကလည်း ချက်အပေါ် ရင်ခေါင်းလောက်နီးပါးလိုက်ဝတ်တော့ အဟားခံရ တယ်။ သူ့ကို ဦးတင်ညွန့်ပေါက်စလေးလို့ ဆရာမတွေက ဝိုင်းပြောရင် သိပ်သဘောကျတယ်။
နွေကျောင်းပိတ်ရက်မှာ ကျွန်တော် မြို့ပြန်ရတော့မယ်။ ကျောင်းဆောက်လုပ်ရေးကိစ္စကလည်း ရှိသေးတယ်။ ပြန်လာပြီး ကျောင်းဆောက်တာကို ကြီးကြပ်ရဦးမှာ ဖြစ်ပေမယ့် နွေရာသီ မွမ်းမံသင်တန်းတက်ဖို့ကလည်း ရှိနေသေးတယ်။
“မောင်မြကြီး ဆရာနဲ့ မြို့ကို လိုက်ခဲ့ပါလားကွ … မင်းတစ်ခေါက်မှ မရောက်ဖူးဘူး မဟုတ်လား”
“မလိုက်ပါရစေနဲ့ ဆရာကြီးရာ … သားက အစားပုတ်တော့ ဆရာကြီးအမေက နှင်ချနေပါဦးမယ်”
“ခွေးကောင် … ငါ့အမေကိုများ … သဘောအရမ်းကောင်းတာ”
“မလိုက်သေးပါဘူးဆရာကြီးရာ … အဖေက သိပ်နေမကောင်းဘူး။ သစ်တွေ တောထဲက အစ်ကိုနဲ့ထုတ်ပေး ရဦးမယ်”
“အေးကွယ် … ငါလည်း သင်တန်းရှိသေးတော့ နှစ်ပတ်လောက်ကြာမယ်။ ပြန်လာခဲ့မယ်”
“ဆရာကြီး တစ်ခုလောက်မှာချင်လို့”
“အေး … မှာလကွာ”
“သားကို တိုက်ပုံလေးတစ်ထည်လောက် ဝယ်လာပေးပါလား”
“သြော် … အေး … အေး … ရမှာပေါ့”
ဒီကောင် ကျွန်တော်မရှိချိန်ဆိုရင် နံရံမှာ ချိတ်ထားတဲ့ တိုက်ပုံကို ခိုးဝတ်ပြီး ကျွန်တော် စာသင်သလိုပုံစံနဲ့ လိုက်လုပ်နေတာကို တစ်နေ့မြင်ခဲ့ရဖူးတယ်။ ရယ်လိုက်ရတာ။ ဒီတစ်ခါတော့ သူ့ဆန္ဒလေးကို ဖြည့်ပေးလိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။
ဒီလိုနဲ့ ကျွန်တော် မြို့ကိုပြန်ခဲ့တယ်။ သင်တန်းတက်လို့ တစ်ပတ်လောက်အကြာမှာ မိုးဇလက ကိုတင်ဝင်းက ကျွန်တော့်ကို သင်တန်းမှာ လာတွေ့တယ်။
“ဟေ့ … ကိုတင်ဝင်း ဘယ်လဲ”
“ဆရာရေ … စိတ်ခိုင်ခိုင်ထား … ပြောစရာရှိတယ်။ ကျွန်တော် ဒီမနက်ပဲရွာက ပြန်တက်လာတာ။ ဆရာ့တပည့် မောင်မြကြီး ဆုံးပြီ”
ကျွန်တော် ကြားရတဲ့စကားကို မယုံလောက်အောင် ဖြစ်သွားတယ်။ မဖြစ်နိုင်ပါဘူးလို့ပြောရအောင်ကလည်း ကိုတင်ဝင်းက လာနောက်မှာမဟုတ်ဘူး။
“ကိုတင်ဝင်း ဟုတ်ရဲ့လားဗျာ … ဘယ်လို ဖြစ်တာလဲ”
“ကျွန်တော်လည်း သေသေချာချာမသိဘူး။ ညကမှ ဆေးရုံမှာ အလောင်းသွားကြည့်ရတာ။ ရင်ခွဲရုံရောက်နေပြီ။ ဆရာ့တပည့်ကို သစ်ပိတာ။ ပွဲချင်းပြီးပဲ”
“အို …”
ကျွန်တော့်စိတ်ထဲမှာ ဘယ်လိုကြီးဖြစ်သွားမှန်း မသိဘူး။ သင်တန်းကလည်း နောက်နှစ်ရက်ဆိုရင် ပြီးပြီ။ ကျွန်တော် သင်တန်းကို မြန်မြန်ပြီးပါစေပဲ ဆုတောင်းနေရတယ်။ စိတ်လည်း သိပ်မပါတော့ဘူး။ သင်တန်း ပြီးပြီးချင်း နောက်တစ်နေ့မှာပဲ မနက်အစောကြီး ရွာကို ကုန်းကြောင်းတစ်လှည့် ခြေလျှင်တစ်ခါ အပြင်းနှင်ခဲ့ရ တယ်။
ည ၇ နာရီလောက်မှ ရွာကိုရောက်တယ်။ ရောက်ရောက်ချင်း မောင်မြကြီးရဲ့ ကြီးတော်အိမ်ကို သွားတော့ အောက်လင်းမီးအိမ်ကြီးတွေ အောက်မှာ ဖဲဝိုင်းကနှစ်ဝိုင်း။ ကျွန်တော့်ကို မြင်လိုက်တဲ့ မောင်မြကြီး မိခင်က
“အမယ်လေး ဆရာကြီးရဲ့ ကောင်းကြသေးရဲ့လား … ဟီး … ဟီး … ဟီး … အို … မြကြီးရဲ့ နင့်ဆရာလာပြီလေ … ထကြည့်ပါဦးဟဲ့”
စိတ်မကောင်းစရာ၊ ရင်နာစရာ။ ကျွန်တော်လည်း မျက်ရည်တွေဝဲနေရပြီ။ သူ့အစ်ကိုက ပြောတော့မှ မောင်မြကြီး အကြောင်း ကောင်းကောင်းသိရတော့တယ်။
သူ့အဖေနေမကောင်းလို့ တောထဲကို အစ်ကိုတွေနဲ့ သစ်လိုက်ထုတ်တယ်။ သိပ်ပြီး မကျွမ်းကျင်သေးတော့ တောင်စောင်းကနေ ဆင်နဲ့ သစ်လုံးတွေကို တွန်းချချိန်မှာ သစ်လုံးက ရိုက်မိပြီး အသက်ပါသွားခဲ့ရတယ်။
သစ်လုံးကရင်ခေါင်းကိုပိပြီး သေသွားတာပါ။ ကျွန်တော်က အိတ်ထဲက ဝယ်လာတဲ့ တိုက်ပုံအင်္ကျီလေးကို ထုတ်လိုက်ပြီး သူ့အစ်ကို လှကြီးကို
“လှကြီးရေ … မင်းညီကို ဒီတိုက်ပုံလေး ဝတ်ပေးလိုက်ပါကွာ … သူက တိုက်ပုံ သိပ်ဝတ်ချင်တာကွ”
“ဟုတ်တယ် … သူက ဆရာကြီးလို တိုက်ပုံလေးဝတ်ပြီးတော့ ဆရာလုပ်မယ်လို့ ခဏခဏပြောတယ်”
ကျွန်တော် မျက်ရည်ကျရပြန်တယ်။ ကျွန်တော် ဝယ်လာတဲ့ တိုက်ပုံအဖြူလေးကို ဝတ်ပေးပြီးတော့ သူ့မျက်နှာက ပြုံးနေသလိုလိုလေး ဖြစ်နေလို့ သူ့အစ်ကိုကို
“မောင်လှကြီးရယ် … သူသေတာ ဟုတ်ရော ဟုတ်ရဲ့လားကွာ” လို့မေးကြည့်လိုက်မိတယ်။
“ဆရာကြီး အထဲမှာ ဘာမှ မရှိတော့ဘူး”
တောဓလေ့ ခုနှစ်ရက်ထားမှာဖြစ်လို့ ဗိုက်ခွဲပြီး အထဲက အားလုံးထုတ်ထားရတာကိုပြောတာ။ ဘာဖြစ်ဖြစ် အဲဒီမျက်နှာကို ကျွန်တော် ခုထိမမေ့တော့တာ။
ခုနှစ်ရက်ပြည့်တဲ့နေ့မှာ ရက်လည်ရော အသုဘပါတစ်ခါတည်း ရောလုပ်ကြတယ်။ နေ့ခင်း ၂ နာရီလောက်မှာ အသုဘ ချတယ်။ တောဓလေ့အတိုင်း ရွာထဲကတော့ ကုတင်ပေါ် အခေါင်းတင်ပြီး ထွက်ကြတာပဲ။ ရွာပြင် ရောက်ခါနီးတော့ အခေါင်းထမ်းလာတဲ့ အမူးသမားတွေက နည်းနည်းသောင်းကျန်းစပြုလာတယ်။ ကျွန်တော်နဲ့ ဆရာတွေ၊ ကျောင်းသားတွေလည်း လိုက်ပို့ကြတယ်။ ဆရာမတွေ သူ့သူငယ်ချင်းတွေဆိုရင် မျက်ရည်တွေနဲ့ ကျွန်တော်လည်း မျက်မှန်ကြီးတပ်ထားပြီး ငိုနေရတာ။
ရွာပြင် ကွင်းထဲရောက်တော့ ဆိုးလိုက်ကြတာ။ အလောင်းကစားတာများ ခုမှတွေ့ဖူးတယ်။ ပုခုံးပေါ်ထမ်းထားတဲ့ အလောင်းစင်ကြီးကို ဟိုဆွဲလိုက် သည်တွန်းလိုက်။ ကျွန်တော်ကလည်း မြင်မကောင်း ရှုမကောင်းဖြစ်ကုန်မှာ စိုးရိမ်လို့
“မလုပ်ကြပါနဲ့ … မလုပ်ကြပါနဲ့” ဘယ်လောက်အော်အော်မရဘူး။
ဆရာလေး ကိုတင့်ခိုင်က
“ဆရာ … သွားမပြောနဲ့ မရဘူး … ဒါ အရပ်ဓလေ့ပဲ။ သူတို့ကစားကြမှာ”
“မူးမူရူးရူးနဲ့ စိတ်ပျက်စရာဗျာ … ကျုပ်တပည့်လေး အသေဆိုးနဲ့လည်းသေရ … မသက်သာလိုက်တာ”
ဒီလိုနဲ့ နောက်ဆုံးမှာ အလောင်းကိုမြေချပြီးတဲ့အထိ ကျွန်တော်နေခဲ့တယ်။ ကိစ္စအားလုံးပြီးမှ
“မောင်မြကြီးရေ … ဆရာစိတ်မကောင်းလိုက်တာ … နှုတ်ဆက်ပါတယ်ကွယ်။ ဆရာတို့ကံက ဒီလောက်ပဲ ပါလာတာကိုးကွယ်” လို့ပြောပြီး သင်္ချိုင်းကပြန်ခဲ့တယ်။
အဲဒီညက ကျွန်တော် အဆောင်ထဲမှာ တစ်ယောက်တည်း အိပ်ရတော့မယ်။ ကျွန်တော် ကြောက်တတ်သူ တစ်ယောက်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ တစ်ခါ တစ်ခါ ခြေသံလိုလို ရှပ်ရှပ်ဆိုတာတွေ ကြားနေရသလိုပဲ။ စိတ်က ခြောက်ခြားတာ ဖြစ်မှာပါဆိုပြီး မီးခွက်လေးထွန်းပြီး အိပ်မယ်လို့ပြင်။ အိပ်မပျော်တော့ မောင်မြကြီးကို အင်္ဂလိပ်စာသင်ပေးခဲ့တာတွေ ပြန်ပြီးတော့ စဉ်းစားနေမိတယ်။
နောက်ဆုံးတော့ သက်ပြင်းချပြီး မီးခွက်ကိုမှုတ် အိပ်မယ်လို့လုပ်၊ ဖျာအောက်ကို ခြင်ထောင်စတွေသွင်းလိုက် ချိန်မှာ ပျော့စိစိနဲ့ ဘာမှန်းမသိ သွားကိုင်လိုက်မိတယ်။ ကြက်သီးထသွားပြီး လက်နှိပ်မီးကိုဆွဲ ထိုးကြည့်လိုက် တော့
“အမယ်လေး”
ကျွန်တော်ခုန်ပေါက်ပြီး အဆောင်ကနေ ဆင်းပြေးရတယ်။ မြွေတစ်ကောင်ဗျာ။ ဘယ်အချိန်က ရောက်နေသလဲ မသိပါဘူး။ ကျောင်းနားမှာနေတဲ့ ကိုထိန်ကို
“ကိုထိန် … ကိုထိန်ရေ လာပါဦး မြွေ … မြွေ … တွေ့လို့” ဆိုပြီး အကူအညီ အော်တောင်းရတယ်။
ကိုထိန်က လှံတိုတစ်ချောင်းကို လက်နှိပ်မီးနဲ့ ပြေးလာပြီး အဆောင်ပေါ်ပြန်တက်။ သေသေချာချာ ခြင်ထောင်ကို ဆွဲလှန်ပြီးကြည့်လိုက်တော့ ပြောင်လက်လက် ပြူးတောက်နေတဲ့ မျက်လုံးနဲ့ ကြည့်နေတဲ့ မြွေက
“ရွှီး” တဲ့
ကိုထိန်က လှံနဲ့ ထိုးမယ်လုပ်တော့
“ကိုထိန်ရာ မလုပ်ပါနဲ့ လွှတ်ပေးလိုက်ပါ”
“ရေမြွေပါဆရာ … မကြောက်ပါနဲ့”
“မကြောက်တော့ပါဘူးဗျာ … ဒါပေမဲ့ ဖမ်းပြီးတော့ တစ်နေရာရာမှာ သွားလွှတ်ပေးလိုက်ပါ”
ကိုထိန်က မြွေကိုခေါင်းနှိပ်ပြီး တန်းလန်းတန်းလန်းနဲ့ ဖမ်းယူသွားတယ်။ ကျွန်တော်သိလိုက်တယ်
“မောင်မြကြီး မင်းဆရာ့ကို လာနောက်နေတာလား … အမျှ … အမျှ … အမျှပါ သားလေးရေ”
ဒါပေမဲ့ ကျွန်တော် ဒီအကြောင်း ပြန်ရေးနေချိန်မှာ မျက်ရည်ကျနေမိတယ်။
(တောထဲတောင်ထဲမှာ ဘဝတွေကို မထင်မရှား စွန့်သွားရတဲ့ ချစ်တပည့်များသို့)
တင်ညွန့်
၂၀.၆.၂၀၁၇

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...