Thursday, December 25, 2014

မြေငလျင်ပညာရှင်



 Zaw Naung Ling

“ဘ၀မှာ အခက်ခဲဆုံးအလုပ်ကတော့ အမြင်တွေပြောင်းလဲအောင်လုပ်ရတဲ့အလုပ်ပဲ” လို့ သူကပြောတယ်။
သူ့ပုံစံက ပိန်ပိန်ပါးပါး။ အသားခပ်ဖြူဖြူ။ အင်္ကျီလက်ရှည်ကို သပ်သပ်ရပ်ရပ်ဝတ်ထားတယ်။ မတိုးလွန်း မကျယ်လွန်းတဲ့ အသံနဲ့ ကွမ်းကို တမြုံ့မြုံ့ဝါးရင်း ခပ်အေးအေးပြောပြနေတယ်။


“ ပြီးခဲ့တဲ့ ခေတ်တစ်လျောက်လုံးမှာ ငလျင်သုတေသနကို အလေးအနက်မထားကြဘူး။ မိုးဇလဌာနက လူတွေကတော့ အားပေးကြပါတယ်။ ၀ိုင်းပြီးပံ့ပိုးပေးတယ်။ အစိုးရတစ်ရပ်အနေနဲ့ကတော့ သတင်းပေးတာ၊ ဒီလိုပြောဆိုတာတောင် အဲဒီအချိန်တုန်းက ဖြတ်တောက်တာတွေ၊ ပိတ်ပင်တာတွေရှိသေးတယ်။ လူတွေ တုန်လှုပ်ခြောက်ခြားအောင်လုပ်တယ်ထင်တယ်။ အမြင်တွေကကွဲနေတာပေါ့။ အဲဒီအမြင်တွေကို ပြောင်းလဲယူရတယ်”လို့ မြေငလျင်ပညာရှင် ဦးစိုးသူရထွန်း က ဆိုတယ်။

၂၀၀၈ နာဂစ်မုန်တိုင်းတိုက်ခတ်မှုကြောင့် လူအများအပြားသေကြေပျက်စီးပြီး ၀မ်းနည်းကြေကွဲစရာဖြစ်ခဲ့ရပေမယ့် သဘာဝဘေးအန္တရာယ်တွေနဲ့ပတ်သက်လို့ နိုင်ငံ့အကြီးအကဲတွေရဲ့အမြင်တွေ သိသိသာသာပြောင်းလဲလာတာကလည်း အဆိုးထဲက အကောင်းတစ်ခုအဖြစ် ရှာကြံဖြေသိမ့်ရမလိုပါပဲ။

ဦးစိုးသူရထွန်းတို့လို ငလျင်ပညာရှင်တွေလည်း သူတို့ရဲ့ပညာရပ်မှာ သုတေသနပြုတာ၊ ပြည်သူတွေကို သတင်းထုတ်ပြန်တာတွေကို အဲဒီနောက်ပိုင်းမှာ ပိုပြီးပွင့်ပွင့်လင်းလင်း လုပ်ကိုင်လာနိုင်ခဲ့တယ်။

ဦးစိုးသူရထွန်းဟာ မြန်မာနိုင်ငံမြေငလျင်ကော်မတီ၊ မြန်မာနိုင်ငံဘူမိသိပံအသင်း၊ မြန်မာ့ပတ်ဝန်းကျင်သိပံအသင်းတို့မှာ ဦးဆောင်ပါဝင်ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေကို လုပ်ဆောင်နေသူတစ်ယောက်ဖြစ်ပါတယ်။

“ ဘယ်တော့မှ အရမ်းလည်းမချမ်းသာချင်ဘူး။ အရမ်းလည်း အောင်မြင်ကျော်ကြားချင်တဲ့သူလည်းမဟုတ်ဘူး။ အများအတွက် ဖြစ်အောင်လုပ်ရင်းနဲ့ပဲ သူ့ဟာသူဖြစ်လာတာပါ” လို့လည်း ဦးစိုးသူရထွန်းကပြောတယ်။

သူ့ရဲ့ မိဘတွေက  အဖေကတပ်မတော်သား၊ အမေက ကျောင်းဆရာမ၊ သည်တော့ ၀န်ထမ်းသားသမီးဖြစ်တဲ့ သူက အောင်လံမြို့မှာသာ မွေးဖွားခဲ့ပေမယ့် နမ့်စမ်၊ မကွေး၊ မိတ္ထီလာ၊ မြစ်ကြီးနား စတဲ့မြို့တွေမှာ ငယ်ဘ၀ကိုဖြတ်သန်း  ကြီးပြင်းခဲ့ရတယ်။ မွေးချင်း ၄ ဦးရှိပြီး သူက ၁၉၇၀ ပြည့်နှစ်မှာမွေးဖွားခဲ့တဲ့ ဒုတိယမြောက်သားဖြစ်တယ်။

မြစ်ကြီးနားမြို့ အ.ထ.က ၁ မှာ ၁၀တန်းအောင်မြင်ခဲ့ပြီးနောက် မန္တလေးတက္ကသိုလ်မှာ ဘူမိဗေဒ ဘာသာရပ်နဲ့ ပညာဆည်းပူးခဲ့တယ်။၁၉၈၅ ခုနှစ်မှာတော့ ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေမှာ ပြောင်းရွှေ့သင်ကြားခဲ့ပြီး ၁၉၉၂ ခုနှစ်မှာဘွဲ့ရခဲ့တယ်။ ၁၉၉၉ ခုနှစ်မှာ မဟာသိပံဘွဲ့ရခဲ့တယ်။

“ ဘူမိကိုယူတာက အမှန်ပြောရင် ဒို့နှစ်မှာ အမှတ်တွေက အတော်လေး ကသောင်းကနင်းဖြစ်တယ်။ အမှတ်က  ၄၃၄ မှတ်ဆိုတော့ တစ်နှစ်စောရင် အဲဒီအမှတ်က ဆရာဝန်ဖြစ်တယ်။  ဒို့နှစ်မှာ အပြောင်းအလဲတွေဖြစ်တော့ ဘာလုပ်ရမှန်းမသိတော့ ယောက်ကျားလေးတွေများတဲ့ဘာသာရပ်လည်းဖြစ်တယ်၊ နောက်ပြီး ကွင်းဆင်းရတဲ့ဘာသာရပ်လည်းဖြစ်တော့ ယူဖြစ်ခဲ့တာ” လို့ သူကဆိုတယ်။

သူတတိယနှစ်ရောက်တဲ့အချိန်မှာ ၈၈ အရေးအခင်းဖြစ်တယ်။ အဲဒီကာလတွေမှာ သူတို့ကျောင်းသားတွေကြားမှာ အပြောင်းအလဲတွေအများအပြားဖြစ်ပေါ်ခဲ့ပြီး နိုင်ငံရေးဝါသနာပါတဲ့သူတွေက နိုင်ငံရေးဘက်ကို စတင်ခြေဦးလှည့်ကြတယ်။

ဒီနေ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေအဖြစ် ထင်ရှားတဲ့သူတွေဟာ အဲဒီတုန်းကတော့ အတူတက်ခဲ့တဲ့ သူငယ်ချင်းတွေဖြစ်ကြတယ်။ အထူးသဖြင့် ၈၈ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုဌေးကြွယ်ဟာ ဘူမိဌာနမှာ အတူတက်ခဲ့တဲ့ သူငယ်ချင်းတွေဖြစ်တယ်လို့ သူကဆိုတယ်။

“ သူကတော့ ကဗျာဆရာပေါ့။ ကဗျာတွေအတူတူရွတ်ကြတယ်။ စာပေဟောပြောပွဲတွေ အတူတူသွားကြတယ်။ အဲဒီတုန်းက နိုင်ငံရေးလုပ်ကြတဲ့သူတွေအားလုံးလိုလိုက ကဗျာဆရာ၊ စာရေးဆရာလုပ်ကြတာများတယ်လေ။ ပိုပြီးခံစားလွယ်လို့လားတော့ မသိဘူး” လို့ သူကပြန်ပြောပြတယ်။

သူငယ်ချင်းတွေက နိုင်ငံရေးဘက်မှာ ပါဝင်လှုပ်ရှားခဲ့သူတွေရှိပေမယ့် သူကတော့ ပညာရပ်ဘက်ကိုပဲဆက်လုပ်ဖို့ရွေးချယ်ခဲ့တယ်။
ဘူမိဗေဒဘာသာရပ်ကို အစပိုင်းမှာ ထူးထူးခြားခြား စိတ်မ၀င်စားခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဘွဲ့လွန်အတွက် သုတေသနတွေလုပ်ရင်း၊ ကွင်းဆင်းလေ့လာရင်း တဖြည်းဖြည်းစိတ်ဝင်စားလာခဲ့တယ်။

၁၉၉၅ ခုနှစ်မှာ တက္ကသိုလ်မှာ ဆရာအဖြစ်ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး ဒဂုံတက္ကသိုလ်၊ ပုသိမ်တက္ကသိုလ်တို့မှာ တာဝန်ထမ်းဆောင်ခဲ့တယ်။

“အဓိကကတော့ Scientist ဖြစ်ချင်တာ။ Science Teacher ဖြစ်ချင်တာမဟုတ်ဘူး။ ဒါပေမဲ့ တက္ကသိုလ်မှာက သုတေသနတွေလုပ်ဖို့ ၊ ပညာရှင်ဖြစ်ဖို့ အကောင်းဆုံးနေရာဖြစ်နေတယ်။ သုတေသနတွေကို လွတ်လွတ်လပ်လပ်လုပ်လို့ရတယ်။ ကုမဏီမှာဆို သူ့ရဲ့ဘာသာရပ် field တစ်ခုတည်းမှာပဲလုပ်ရတယ်။ ဘောင်ကျဉ်းတာပေါ့။ ဒါကြောင့် လုပ်ဖြစ်တာ။ လုပ်ရင်းနဲ့ စာသင်ရတယ်။ စာသင်တော့လည်း ၀ါသနာပါလို့မဟုတ်ဘူး။ ဒါပေမဲ့ အကောင်းဆုံးဆရာမဖြစ်ရင်တောင် ဆရာညံ့မဖြစ်ချင် ဘူးဆိုပြီး တက်နိုင်သမျှသင်ပေးခဲ့တယ်” လို့ဆိုတယ်။

ဆရာအဖြစ်လုပ်ကိုင်ခဲ့ပြီး ၁၀ နှစ်လောက်ကြာတော့ ၂၀၀၄ ခုနှစ်မှာ အလုပ်ကထွက်လိုက်တယ်။ သူအလုပ်ထွက်တဲ့အချိန်မှာ လက်ထောက်ကထိကရာထူးနဲ့ပါ ။ ဒီလိုထွက်ခဲ့ရတာကလည်း အလုပ်နဲ့ပတ်သတ်တဲ့ သူ့ရဲ့သဘောထားအမြင်တွေ ပြောင်းလဲလာလို့ဖြစ်တယ်လို့ဆိုပါတယ်။

တက္ကသိုလ်မှာ သုတေသနတွေကို သူမျှော်မှန်းထားသလောက် တကယ်တမ်း မလုပ်နိုင်ခဲ့ဘူး။ တက္ကသိုလ်မှာ ဆရာအဖြစ်စလုပ်ကာစက လူအင်အားအများအပြားနဲ့ သူငယ်ချင်းတွေ စုပေါင်းပြီး ဘာသာရပ်ဆိုင်ရာမှာ အားကျိုးမာန်တက်သုတေသနတွေလုပ်ခဲ့ကြပေမယ့် နောက်ပိုင်းမှာ တဖြည်းဖြည်းလူစုကွဲလာကြတာကလည်း သုတေသနတွေလုပ်ချင်တဲ့သူ့အတွက် အပြင်ကိုထွက်လုပ်ဖို့ တွန်းအားတစ်ခုဖြစ်လာတယ်။ ဒါကြောင့် ပြင်ပမှာ ဒီဘာသာရပ်နဲ့ပတ်သက်ပြီး ဆက်လက်လုပ်ကိုင်ဖို့ ဆုံးဖြတ်ခဲ့တယ်။
“ရွေးခဲ့တာမှန်တယ်ပြောရမယ်။ အခုတော့ အပြင်ကလုပ်တာ ပိုကောင်းလာတယ်။ တက္ကသိုလ်ထဲကဆရာဆရာမတွေနဲ့ရော၊ ကျောင်းသားကျောင်းသူတွေနဲ့ရော ပူးပေါင်းပြီး ပိုပြီးလုပ်နိုင်တဲ့အခြေအနေမျိုးဖြစ်လာတယ်” လို့ သူကဆိုတယ်။

ဌာနက ထွက်ခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံမြေငလျှင်ကော်မတီမှာ အတွင်းရေးမှူးတာဝန်စယူခဲ့ပြီး ၂၀၁၃ ခုနှစ်ကနေ လက်ရှိအချိန်အထိ ဒုတိယဥက္ကဌ အဖြစ် တာဝန်ယူထားတယ်။ မြန်မာနိုင်ငံဘူမိသိပံအသင်းမှာလည်း ၂၀၀၈ ခုနှစ်မှာ အမှုဆောင်ကော်မတီဝင်ဖြစ်လာပြီး လက်ရှိအချိန်မှာ တွဲဖက်အတွင်းရေးမှူးတာဝန်ယူထားတယ်။

၂၀၁၁ ခုနှစ်မှာတော့ မြန်မာ့ပတ်ဝန်းကျင်သိပံကို တည်ထောင်ခဲ့ပြီး  ဒုတိယဥက္ကဌအဖြစ်လက်ရှိအချိန်အထိ သဘာဝပတ်ဝန်းကျင်ဆိုင်ရာလုပ်ငန်းတွေကို ဆောင်ရွက်နေတယ်။ အဲဒီ မြန်မာနိုင်ငံမြေငလျင်ကော်မတီတို့၊ မြန်မာနိုင်ငံဘူမိသိပံအသင်းတို့၊ မြန်မာ့ပတ်ဝန်းကျင်သိပံတို့ဟာ စေတနာ့ဝန်ထမ်းအဖြစ်လုပ်ကိုင်လိုကြတဲ့သူတွေ စုပေါင်းဖွဲ့စည်းထားကြတာဖြစ်ပြီး စီးပွားရေးအကျိုးအမြတ်မပါဝင်ကြပါဘူး။

သူ့ရဲ့စီးပွားရေးလုပ်ငန်းအဖြစ်ကတော့ ဌာနကနုတ်ထွက်ပြီးနောက် ၂၀၀၇ ခုနှစ်မှာ Resource and Environment Myanmar ဆိုတဲ့ အကြံပေးကုမဏီကိုတည်ထောင်ပြီး စီမံကိန်းတွေကြောင့် သဘာဝပတ်ဝန်းကျင်အပေါ်ထိခိုက်မှုတွေကို လေ့လာဆန်းစစ်တဲ့လုပ်ငန်းတွေကို လုပ်ကိုင်ခဲ့တယ်။

အဲဒီကုမဏီရဲ့ လက်ရှိအချိန်အထိ သက်တမ်းတစ်လျောက်မှာ စီမံကိန်းသုတေသနပေါင်း ၅၀ လောက်ကို လုပ်ကိုင်ခဲ့ပြီးဖြစ်တယ်။ ထင်ရှားတဲ့စီမံကိန်းတွေကတော့ ရခိုင်ပြည်နယ်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း၊ ကျောက်ဖြူသဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း၊ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း၊ သီလ၀ါအထူးစီးပွားရေးဇုန်စီမံကိန်း၊ ရွှေလီ၂ ရေအားလျှပ်စစ်စီမံကိန်း၊ အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်း စတာတွေဖြစ်ပြီး စီမံကိန်းတွေကြောင့် သဘာဝပတ်ဝန်းကျင်အပေါ်ထိခိုက်နိုင်ခြေတွေနဲ့ စီမံခန့်ခွဲမှုစနစ်တွေကို အစီရင်ခံစာတွေရေးသားခဲ့တယ်။

၂၀၀၇ ခုနှစ်နောက်ပိုင်းမှာ ငလျှင်သုတေသနလုပ်ငန်းတွေကို နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး ပိုမိုလုပ်ကိုင်လာခဲ့တယ်။ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့နိုင်ငံတကာအဖွဲ့အစည်းတွေအထဲမှာ ဂျပန်နိုင်ငံဘူမိဗေဒဌာန၊ ဂျပန်နိုင်ငံ ကျိုတိုတက္ကသိုလ်၊ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားနည်းပညာတက္ကသိုလ်၊ စင်္ကာပူနိုင်ငံမြေကမ္ဘာလေ့လာရေးဌာန စတာတွေပါဝင်ခဲ့တယ်။

ပြည်တွင်းမှာလည်းကျောင်းသူကျောင်းသားတွေ၊ ဆရာဆရာမတွေနဲ့ အတွက် ဘူမိဗေဒကွန်းဖရင့်ကို ၂၀၁၂ ခုနှစ်ကစပြီး ၂ နှစ်တစ်ကြိမ်ကျင်းပလာခဲ့တယ်။

“ လူသားအစ မြန်မာက” လို့ အယူအဆတစ်ရပ်ကို မှတ်တမ်းတင်နိုင်ခဲ့တဲ့ နာမည်ကျော် ပုံတောင်ပုံညာလူသားပရိုင်းမိတ်သုတေသနပြုရေး စီမံကိန်းစတဲ့အခါမှာလည်း သူပူးပေါင်းပါဝင်ခဲ့တယ်။ အဲဒီစီမံကိန်းကို ၁၉၉၇ ခုနှစ်မှာ ထောက်လှမ်းရေးအဖွဲ့က စတင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး ပညာရှင်ဖြစ်တဲ့ တက္ကသိုလ် ပါမောက္ခဒေါက်တာတင်သိန်းကဦးဆောင်ကာ အတူပူးပေါင်းလုပ်ဆောင်ဖို့ ဘူမိဗေဒဘာသာရပ်မှာ ထူးချွန်တဲ့လူငယ်တချို့ကိုရွေးချယ်တဲ့အခါ သူလည်းအဖွဲ့ဝင်တစ်ဦးအဖြစ်ပါဝင်ခဲ့တာဖြစ်ပါတယ်။ ပရိုင်းမိတ်တွေနဲ့ပတ်သတ်ပြီး သူ့ရဲ့အထူးပြုဘာသာရပ်မဟုတ်ပေမယ့် ဘူမိဗေဒဘာသာရပ်နဲ့ပတ်သက်ပြီး ကျောက်လွှာတွေကို လေ့လာတိုင်းတာတဲ့ကိစ္စတွေမှာ ပါဝင်လုပ်ကိုင်ခဲ့တယ်။

သူက “ ၉၇ ကနေ အလုပ်ထွက်တဲ့ ၂၀၀၄ အထိပဲ။ ထွက်ပြီးတော့ အရင်က ဒီစီမံကိန်းကို လုပ်ခဲ့တဲ့ထောက်လှမ်းရေးကလည်း မရှိတော့ဘူး။ နိုင်ငံခြားပညာရှင်တွေဖြစ်တဲ့ ဂျပန်နဲ့ပြင်သစ်ကပညာရှင်တွေက ဘာဆက်လုပ်ရမလဲမသိတော့ ဆက်သွယ်လာတယ်။ဆက်သွယ်တော့ ယဉ်ကျေးမှုဝန်ကြီးဌာနနဲ့ပေါင်းပြီးလုပ်ဖို့ အကြံပေးလိုက်တယ်။ ယဉ်ကျေးမှုဝန်ကြီးဌာနကလည်း သူတို့မှာ ပညာရှင်မရှိသေးတော့ ဒို့ကိုပဲ အလွတ်သဘောလိုက်ပေးပါဆိုတော့ ၂ နှစ်လောက် ဆက်လုပ်ဖြစ်ခဲ့တယ်”လို့ ပြောပြတယ်။

နောက်ပိုင်းမှာတော့ ငလျှင်နဲ့ပတ်သတ်တဲ့ သုတေသနတွေဘက်ကို ပိုမိုအားစိုက်လုပ်ကိုင်ဖြစ်ခဲ့ပြီး  အခုအချိန်အထိ စာတမ်းပေါင်း ၄၀ ကျော် ရေးသားဖတ်ကြားခဲ့ပြီးဖြစ်တယ်လို့ သူကပြောပြတယ်။ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းကလည်း ငလျင်နဲ့ပတ်သတ်ပြီး သူ့ရဲ့လုပ်ဆောင်မှုတွေကို အားပေးခဲ့တယ်။

၂၀၀၃ ခုနှစ်မှာလှုပ်ခတ်ခဲ့တဲ့ တောင်တွင်းကြီးငလျင်၊ ၂၀၀၄မှာ လှုပ်ခတ်ခဲ့တဲ့ ဆူးမားတြားငလျင်ကြောင့် ဆူနာမီဖြစ်ခဲ့တာတွေကို ဂျပန်ပညာရှင်တွေနဲ့ ပူးပေါင်းလေ့လာရင်း သူကလည်း ငလျင်ဘက်ကို ပိုမိုစိတ်ဝင်စားလာခဲ့တယ်။  ဆူနာမီနဲ့ပတ်သက်ပြီးတော့လည်း ၁၇၆၂ ခုနှစ်က ရခိုင်ကမ်းခြေမှာ ဖြစ်ခဲ့တဲ့ ငလျင်ကြောင့် ဆူနာမီဖြစ်ပွားခြင်းရှိမရှိ၊ အတိတ်ကဆူနာမီအကြောင်းကိုလေ့လာခဲ့တယ်။ စစ်ကိုင်းပြတ်ရွေ့နဲ့ပတ်သက်ပြီးလည်း ကျယ်ကျယ်ပြန့်ပြန့်ဆက်လက်လေ့လာခဲ့တယ်။

၂၀၀၇ ခုနှစ်မှာ ဂျပန်ပညာရှင် မစ္စတာအိုရာက အကြံပေးတဲ့အတွက် ငလျင်ဆိုင်ရာစာတမ်းဖတ်ပွဲကို ပြည်တွင်းမှာ ပြုလုပ်ခဲ့တယ်။ အဲဒီစာတမ်းဖတ်ပွဲကနေ နိုင်ငံတကာ အဆက်အသွယ်တွေ ပိုရလာခဲ့တယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ငလျင်အလှုပ်ခတ်ဆုံးရပ်ဝန်း ၂ ခုအထဲက တစ်ခုမှာ ကျရောက်နေတာမို့ အမြဲ သတိပြုဖို့လိုတယ်လို့ မြေငလျင်ပညာရှင်တစ်ယောက်အနေနဲ့ ဦးစိုးသူရထွန်းက သတိပေးတယ်။  မြန်မာနိုင်ငံမှာ တစ်နှစ်ကို ငလျင်ပေါင်း ၁၀၀ ၀န်းကျင်လောက် လှုပ်ခတ်နေပြီး ထိခိုက်သေကြေမှုတွေမှာလည်း ငလျင်ပြင်းအားကြောင့်ထက် အဆောက်အအုံတွေမခိုင်ခံ့မှုကြောင့် သေဆုံးမှုတွေများပြားလာတာကို တွေ့ရတယ်လို့ သူကရှင်းပြတယ်။

အခုအချိန်မှာတော့ မြန်မာနိုင်ငံမှာ ငလျင်ကိုလေ့လာသုတေသနပြုတဲ့ ပညာရှင်တွေဟာ လူကြီးပိုင်းနဲ့ လူလတ်ပိုင်းကိုရောက်ရှိလာတာမို့  မျိုးဆက်သစ်တွေမွေးထုတ်ဖို့ လိုအပ်လာပြီဖြစ်ပါတယ်။ ဒါပေမဲ့ မျိုးဆက်သစ်တွေမွေးထုတ်နိုင်အောင် ဆောင်ရွက်တဲ့အခါမှာလည်း သူတို့တွေကို လွတ်လွတ်လပ်လပ်နဲ့ ကြာရှည်သုတေသနပြုလုပ်နိုင်တဲ့ အခြေအနေတွေဖန်တီးပေးဖို့ အားနည်းနေဆဲဖြစ်တယ်လို့ သူကဆိုတယ်။  ဒါကြောင့် အစိုးရကဦးစီးတည်ထောင်တဲ့ မြေငလျင်ဆိုင်ရာ သုတေသနစင်တာတစ်ခုတည်ထောင်နိုင်ဖို့လိုတယ်လို့လည်း သူကထောက်ပြတယ်။

၂၀၀၀ ပြည်နှစ်မှာ တက္ကသိုလ်ဆရာဘ၀မှာ သူအိမ်ထောင်ပြုခဲ့တယ်။ အိမ်ထောင်ဘက်က တက္ကသိုလ်က သရုပ်ပြဆရာမတစ်ဦးဖြစ်တဲ့ ဒေါ်ထားထားအောင်။ ၂၀၀၂ ခုနှစ်မှာ သားဦးကလေးမွေးတော့ ဇနီးဖြစ်သူက အလုပ်ကနေတစ်ခါတည်းနုတ်ထွက်ခဲ့တယ်။ အခုဆိုရင် သူတို့မိသားစုမှာ သားတစ်ဦး သမီးတစ်ဦး ရရှိနေပါပြီ။

“ အစိုးရ၀န်ထမ်းဘ၀၊ ဆရာဘ၀မှာကတော့ နှစ်ယောက်စလုံးက ဆရာဆရာမဆိုတော့ အင်မတန်ခက်ခဲတယ်။ ရုံးအလုပ်ချိန်ပျက်မှာ စိုးရတာနဲ့၊ သားသမီးတွေကို ပြုစုပျိုးထောင်ရတာနဲ့။ အလုပ်ကထွက်လိုက်တဲ့ နောက်ပိုင်းမှာတော့ အဆင်ပြေလာပါတယ်။ အခုတော့ နှစ်ယောက်စလုံးကစီးပွားရေးဘက်မှာပဲ လုပ်ဖြစ်တော့တယ်” လို့ ဦးစိုးသူရထွန်းကပြောတယ်။

ဘ၀တစ်လျောက်မှာ အိမ်ထောင်ကျကာစအချိန်မှာ အခက်အခဲအနည်းငယ်ကြုံတွေ့ခဲ့ရပေမယ့် စိတ်ရှည်ရှည်နဲ့ ကြိုးစားတည်ဆောက်နိုင်ခဲ့တဲ့အတွက် ဖြည်းဖြည်း မှန်မှန်နဲ့ တိုးတက်လာတယ်။ အခုဆိုရင်တော့ မိသားစုရဲ့စီးပွားရေးအခြေအနေအရရော၊ ဘာသာရပ်ပိုင်းဆိုင်ရာကျွမ်းကျင်မှုအရရော အောင်မြင်တဲ့ ဘ၀တစ်ခုကို တည်ဆောက်နိုင်ခဲ့ပြီလို့ ဆိုနိုင်တယ်။

“ ဒါတွေအားလုံးက ကိုယ်တစ်ယောက်တည်း လုပ်လို့မရပါဘူး။ အခုက စကားပြောတဲ့ Speaker လိုဖြစ်နေလို့သာ လူတွေပိုသိနေတာပါ။ တကယ်တမ်းက တစ်ယောက်တည်း လုပ်နေတာမဟုတ်ပါဘူး။ အားလုံးဝိုင်းဝန်းလုပ်နေကြတာပါ။ နှစ်ခုလုံးမှာ အောင်မြင်သင့်သလောက် အောင်မြင်တယ်ဆိုတာ ဒါပါပဲ” လို့ ဦးစိုးသူရထွန်းက ဆိုတယ်။

 ဇော်နောင်လင်း


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...