Monday, December 22, 2014

ဒေါ်လာစီးဝင်စီးထွက်၊ ရေတိုလက်ပူတိုက်နည်းနှင့် ဘလက်ဟိုး မန်းနီးများ


အခုဒေါ်လာဈေးတက်နေတာကြောင့် အတိတ်ကိုပြန်ကြည့်ရင် ဒေါ်လာတက်ရင် ကုန်ဈေးနှုန်းနှင့် တခြား စီးပွားရေးကဏ္ဍတွေ အားလုံး ခဏအတွင်းတောက်လျှောက် ကျွဲကူးရေပါ တက်လာတာ ကိုအားလုံးကြား ဖူးကြမှာဖြစ်ပါတယ်။ ဒါကြောင့် ဒေါ်လာဈေးတက် တာဟာ ပြည်ပကုန်သွယ်မှု တစ်ဖက်စောင်းနင်းဖြစ်နေ တဲ့အခါမှာ၊ မြန်မာပြည်ဟာ တစ်ဖက်နိုင်ငံရဲ့သွင်းကုန်ဈေးကွက်ဖြစ်နေရင် စီးပွားရေးရိုက်ခတ်မှုဖြစ်စေတယ်
ဆိုတာကို လူတိုင်းက ချက်ချင်း သဘောပေါက်နားလည်ထားကြတာပါ။ ဒါပေမဲ့ အခုပြန်ဆန်းစစ်ဖို့ လိုလာတာက ဒေါ်လာဈေးတက်တာဟာ တခြားစီးပွားရေးအချက် အလက်တွေအပေါ်သက်ရောက်မှု ချက်ခြင်းပြန့်နှံ့လာမှု၊ မလာမှုက ပဟေဠိတစ်ရပ်ဖြစ်လာပြီဖြစ်လို့ထင်ပါတယ်။ ဥပမာ- ရေတိုအတွင်း တခြားကုန်စည်တွေ တစ်ဟုန်ထိုးတက်သလား၊ ဒါမှမဟုတ် တမြည့် မြည့်တက်သလားဆိုတာကို ဈေးကွက်အတွင်းဖြစ်ပေါ်နေတဲ့ အထွေထွေကုန်စည်တွေရဲ့ဈေးနှုန်းအတက်အကျကိုဆန်းစစ်ရင် သိနိုင်ပါလိမ့်မယ်။

ဒေါ်လာဈေးတက်လာခြင်း
=================
ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းတုန်းက ၉၇၀ ၀န်းကျင် အတွင်းမှာပဲ ကာလရှည်ရပ်တည်နေခဲ့တာပါ။ ဒါပေမဲ့ စက်တင်ဘာ လကုန်ရက်ပိုင်းကစပြီး တရိပ်ရိပ်တက်ခြေပြလာပါတယ်။ တစ် ဒေါ်လာကို ၉၉၀ ကျော်နားကပ်လာပါပြီ။ နိုဝင်ဘာလဒုတိယ အပတ်လောက်ကစပြီး ဒေါ်လာဈေးနှုန်းတက်ဖို့ဈေးကွက်က လှုပ် လှုပ်ရွရွဖြစ်လာပါပြီ။ နိုဝင်ဘာလ ၁၆ ရက်နောက်ပိုင်းကစပြီး တစ်ဒေါ်လာကို မြန်မာငွေကျပ် ၉၉၃၊ ၉၉၄၊ ၉၉၇၊ တစ်ထောင်နဲ့ တရိပ်ရိပ်တက်လာတာ အားလုံးအသိဖြစ်ပါတယ်။ အဲဒီလိုတအိအိ တက်လာရင် နိုဝင်ဘာလဆန်းပိုင်းမှာ တစ်ဒေါ်လာ ၁,၀၂၅ အထိ စံချိန်တင်မြင့်တက်လာပြီဖြစ်ပါတယ်။ ဗဟိုဘဏ်ကဈေးကွက်ပေါက် ဈေးအတိုင်း ရည်ညွှန်းဈေးနှုန်းအတိုးအလျှော့လုပ်ခြင်း၊ ပြီးတော့ ဗဟိုဘဏ်က ဒေါ်လာဝယ်လိုအားကိုဖြည့်ဆည်းဖို့ ထုတ်ရောင်းလာ ပါတယ်။ ခုလောလောဆယ်တော့ ဈေးပြန်ငြိမ်နေတယ်လို့ပဲဆိုရ မှာဖြစ်ပါတယ်။
ဒေါ်လာဈေးတက်လာနိုင်မှုနှင့်ပတ်သက်ပြီး ဖြစ်နိုင်ခြေ အမျိုးမျိုးမှန်းဆကြတာကိုလည်း မီဒီယာအမျိုးမျိုးမှာဖော်ပြလာတာ ကိုလည်းတွေ့ရပါတယ်။ အဲဒီအထဲမှာ ပြည်ပကုန်သွယ်မှု၊ ကား တင်သွင်းမှုပေါ်လစီ စတာတွေကိုလက်ညှိုးထိုးကြပါတယ်။ အမှန် က ပြည်ပကုန်သွယ်မှုကြောင့်ဆိုရင်တော့ တခြားကုန်စည်ဈေးနှုန်း တွေလည်း တက်နိုင်စရာရှိပါတယ်။ ဒါပေမဲ့ ဈေးကွက်ထဲမှာတော့ တက်ရိပ်က အရောင်သန်းတုန်းပဲရှိပါတယ်။ ဒါကြောင့် ဖြစ်နိုင်ခြေ တွေကိုစဉ်းစားကြရအောင်ပါ။

ငွေကြေးဘလက်ဟိုးနှင့် ရေတိုလက်ပူတိုက်နည်း
==================================
ပြီးခဲ့တဲ့အောက်တိုဘာ ၇ နေ့က တိုက်တာခြံမြေ အိုးအိမ်တွေနဲ့ပတ်သက်ပြီး သတ်မှတ်လိုက်တဲ့ဈေးနှုန်းအသစ် ပြဋ္ဌာန်းလိုက်တဲ့အတွက်ကြောင့် အဲဒီဘက်မှာဈေးကစားနေတဲ့ ငွေတွေ ဘယ်ဘက်ကိုဝှေ့လာမလဲဆိုတာက အထူးမေးခွန်းဖြစ်ပါ လိမ့်မယ်။ အောက်တိုဘာ ၇ ရက်နေ့ကစတင်ပြီးအသက်ဝင်လာတဲ့ အိမ်ခြံမြေဈေးနှုန်းတွေကို သက်ဆိုင်ရာအလိုက် ဈေးနှုန်းမူသေ သတ်မှတ်တာနဲ့ အိမ်ခြံမြေတွေအပေါ်မှာ အမှန်အကန်ကောက် ခံမယ်လို့ကြေးကြော်ထားတဲ့ အခွန်ဈေးနှုန်းတွေကြောင့် အိမ်ခြံမြေ ဈေးနှုန်းတွေ ရပ်တန့်သွားတာဖြစ်ပါတယ်။ ပြီးတော့ အရင်လက ဆင်ဖမ်းမယ်ကြားဖမ်းမယ်ဆိုတဲ့ လှိမ့်လုံးတွေကနေဖြစ်လာတဲ့ ငွေ ကြေးခ၀ါချမှုတိုက်ဖျက်ရေးအစီအစဉ်နဲ့ အကျင့်ပျက်ချစားမှုတိုက် ဖျက်ရေးကော်မတီလုပ်ရှားမှုကို မီဒီယာကပြန်တင်ပေးလိုက်လို့ ဖြစ်သွားတဲ့ဈေးကွက်ရပ်တန့်မှုအခြေအနေကိုလည်း ထည့်သွင်း တွက်ချက်စဉ်းစားရမှာပါ။ ဒါကြောင့် ဥပဒေလုပ်ထုံးလုပ်နည်းနဲ့ အိမ်ခြံမြေအဆက်အစပ်ကို စဉ်းစားကြည့်ရအောင်ပါ။
မြန်မာနိုင်ငံမှာ တရိပ်ရိပ်မြင့်တက်ပြီး တိုက်တာ အိုးအိမ်ခြံမြေတွေနဲ့ပတ်သက်ပြီး ဈေးကွက် အတွင်းပေါက်နေ တဲ့ အိမ်ခြံမြေဈေးနှုန်းတွေကတော့ နိုင်ငံတကာစံချိန်မီအဆင့်ကို အချိန်တိုတိုအတွင်းကိုရောက်ရှိသွားပါတယ်။ အဲဒီအိမ်ခြံမြေဈေး ကွက်ဈေးနှုန်းဟာ တကယ်တမ်းက ၀ယ်လိုအားရောင်းလိုအား ဆိုတဲ့ဈေးကွက်ယန္တရားကြောင့်ဖြစ်နေတာလား၊ လူလုပ်အိမ်ခြံမြေ ဈေးနှုန်းတွေဈေးကစားမှုကြောင့်ဖြစ်နေတာလားကို ခြေရာကောက် ရှာဖွေသင့်ပါတယ်။ ပိုပြီးစိတ်ဝင်စားစရာကောင်းတာက အိမ်ခြံမြေ ဈေးနှုန်းတွေမှာစီးဆင်းနေတဲ့ ငွေသား (Cash Flow) တွေက ဘယ်ကရောက်လာတာလဲဆိုတာပါ။ လူလုပ်အိမ်ခြံမြေဈေးနှုန်း ဈေးကစားတယ်ဆိုတာက စီမံကိန်းဆိုတဲ့ပုံစံအမျိုးမျိုးနဲ့ ကောလာ ဟလဖြန့်ဈေးနှုန်း၊ ဒလန်၊ သူလျှိုနဲ့ အယောင်ပြဈေးနှုန်း၊ အိမ်ခြံ မြေပမာဏများစွာကိုင်ထားသူ လက်ကြီးကြီးသမားက သူရဲ့စိတ် ကြိုက်ရအောင် ဈေးကစားတဲ့ဈေးနှုန်း (အိမ်ခြံမြေဈေးကွက်မှာ Perfect Competation အခြေအနေမရှိဘဲ ဈေးကွက်လက်ဝါးကြီး အုပ် (Market Monopoly) အခြေအနေမှာဆိုရင် ဒီပုံစံကိုပို တွေ့ ရမှာဖြစ်ပါတယ်။

အထက်ကအရာတွေကတော့ လူလုပ်အိမ်ခြံမြေဈေးနှုန်း သဘောတရားပါ။ ဒါပေမဲ့ ဒီမှာပိုပြီးစိတ်ဝင်စားဖို့ကောင်းတာက အဲဒီအိမ်ခြံမြေဈေးနှုန်းတွေရဲ့ စီးမျောမှုရေစီးကြောင်းထဲမှာရှိနေ တဲ့ငွေသားတွေက ဘယ် Source ကထွက်လာတာလဲဆိုတာပါ။ ဒါကြောင့် ဒီဇာစ်မြစ်ကိုဖော်ထုတ်မှသာ လူလုပ်ဈေးနှုန်းကစားမှုကို ထိန်းနိုင်မှာဖြစ်ပြီး ငွေသားစီးဆင်းမှုလမ်းကြောင်း ကို ခြေရာခံ ကောက်ကြည့်နိုင်မှာဖြစ်တဲ့အတွက် အကျိုးကျေးဇူးနှစ်ရပ်ကို တစ်ခါတည်းရရှိမှာဖြစ်ပါတယ်။ ဆိုတော့ ငွေသားစီးဆင်းမှုလမ်း ကြောင်း Cash Flow ဟာ ဘယ်နေရာကလဲဆိုတဲ့လမ်းကြောင်းကို ခန့်မှန်းရင် နှစ်နေရာပဲရှိပါတယ်။ အဲဒါကတော့ ငွေမည်းတွေကို ငွေဖြူလုပ်တဲ့ငွေကြေးခ၀ါချတဲ့နည်း၊ မူးယစ်ဆေးဝါးရောင်းချမှုက ရတဲ့နည်းဆိုတာကိုတွေ့ရမှာဖြစ်ပါတယ်။ ငွေမည်းငွေဖြူ လုပ်ပြီး ငွေ ကြေးခ၀ါချတဲ့နည်းတွေထဲမှာကတော့ နိုင်ငံတော်ဘတ်ဂျက်ကနေ အကျင့်ပျက်ခြစား မှုတွေကြောင့်ရထားတဲ့ငွေတွေ၊ နိုင်ငံပိုင်ဓနတွေ ရောင်းပြီး တရားမ၀င်ငွေပြောင်းငွေလွဲ ကနေရလာတဲ့ငွေတွေ အဲဒါ တွေကိုထည့်သွင်းရမှာဖြစ်ပါတယ်။ ဒုတိယငွေစီးကြောင်းက မူးယစ် ဆေးဝါးရောင်းပြီး ငွေဖြူပြန်ဖော်တဲ့နည်းကတော့ ရှင်းပါတယ်။ ဒါကြောင့် ငွေကြေးခ၀ါချနိုင်တဲ့သူတွေက ဘယ်သူလိုလူမျိုးတွေ လဲ၊ မူးယစ်ဆေးဝါးရောင်းပြီး ပိုက်ဆံများများရှိတဲ့သူတွေက ဘယ် သူလည်းဆိုတာကတော့ သက်ဆိုင်ရာကလေ့လာလိုက်ရင် တန်းသိ နိုင်ပါတယ်။ အဲဒီနည်းနဲ့ ငွေကြေးစီးဆင်းမှုလမ်းကြောင်းနှစ်ခုအပေါ်မှာ ကျပ်ဘီလီယံဘယ်လောက်ပမာဏများများ အသွင်း အထွက်ရှိနေတယ်ဆိုတာကို အတိအကျခန့်မှန်းနိုင်မယ်မထင် ပေမဲ့ ကျပ်ဘီလီယံပမာဏတော့ နည်းမယ်မထင်ပါဘူး။ ဒါကိုတော့ Rule of Law Enforcement အရ ရှင်းရင်ဖြစ်နိုင်လို့ ခြင်းချက် မရှင်းတော့ဘဲ စီးပွားရေးရှုထောင့်ကပဲ ရှင်းပါ့မယ်။
ဒါကြောင့် ပြောချင်တာက အဲဒီအိမ်ခြံမြေဈေးကွက်မှာ ၀င်ကစားနေတဲ့ ခုနကပြောတဲ့ငွေကြေးစီးဆင်းမှုလမ်းကြောင်းဟာ အောက်တိုဘာဘ ၇ ရက်နေ့နောက်ပိုင်းမှာ ရပ်တန့်သွားခဲ့တာ ကြောင့် အဲဒီငွေကြေးစီးဆင်းမှုလမ်းကြောင်းဟာ ဒေါ်လာဘက်ကို ဦးတည်လှည့်လာတာမဖြစ်နိုင်ဘူးလားဆိုတာဟာ အဖြေဖြစ်လာ ပါလိမ့်မယ်။ အိုးအိမ်ခြံမြေတွေမှာ အခွန်နဲ့တင်းကျပ်မှုစည်းမျဉ်း စည်းကမ်းတွေ၊ ငွေကြေးခ၀ါချမှု ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ်ဆို တော့ အဲဒီငွေကြေးစီးဆင်းမှုလမ်းကြောင်းပြောင်းသွားနိုင်တာ ဆိုလို့ အစိမ်းဘက်ကိုဘဲလှည့်လာတယ်ဆိုတာ အသေအချာခိုင်မာ လာပါတယ်။

ဒါကို ဘယ်အချက်တွေကသက်သေပြမလဲဆိုရင် ပထမ ဆုံးဖြစ်နေကျအတိုင်း အရပ်ရပ်ကုန်စည်ဈေးနှုန်းဟာ တစ်ဟုန်ထိုး တက်မလာတာကြောင့်ဖြစ်ပါတယ်။ အရင်ကလို အမြတ်ပြန်ရနိုင် တဲ့ ရေပေါ်စီစီးပွားရေးလုပ်ငန်းတွေဖြစ်တဲ့ မော်တော်ကားဈေး ကွက်၊ ရွှေဈေးကွက်တွေကလည်း မက်မက်မောမောစီးပွားမဖြစ် တော့လို့ အဲဒီဘက်ကိုလည်း ရောက်မသွားနိုင်ပါဘူးဆိုတာက ဒုတိယအချက်ပါ။ အစိမ်း၊ ဒါမှမဟုတ် ဒေါ်လာကိုဝယ်လှောင် ထားတာက လူမသိသူမသိဖြစ်နေပြီး သယ်ဆောင်ရတာလွယ်ကူ လို့ဆိုတာကတတိယအချက်ပါ။ တခြားစီးပွားရေးကဏ္ဍတွေမှာ ၀င်ရောက်ရင်းနှီးမြှုပ်နှံလိုက်ရအောင် နည်းပညာ၊ ကျွမ်းကျင်မှု၊ စီးပွားရေးထင်ပေါ်လာမှု စတဲ့အားနည်းချက်တွေရှိလာနိုင်ကြောင်း စီးပွားရေးပုန်းလျှိုးကွယ်လျှိုးလုပ်နိုင်လို့ဆိုတာက စတုတ္ထအချက်ပါ။
နောက်တစ်ခုက ငွေကြေးစီးဆင်းမှုလမ်းကြောင်းနဲ့ အိုး အိမ်တိုက်တာခြံမြေဈေးနှုန်းတွေကိုထိန်းချုပ်လိုက်ရင် ဘယ်လို စီးပွားရေးထွက်ပေါက်ပေးထားရမလဲဆိုတဲ့အစိုးရပေါ်လစီ ကြိုတင် ချထားမှုမရှိတာက နောက်ဆုံးအချက်ဖြစ်ပါလိမ့်မယ်။ ဥပမာ- အဲဒီ ငွေတွေကို ကုန်စည်ထုတ်လုပ်ရေးလုပ်ငန်း၊ လယ်ယာနဲ့ အခြေခံ စားသုံးကုန်စည်တွေထုတ်လုပ်ပေးနိုင်တဲ့ Industry တွေထဲဝင် အောင်လုပ်ပေးရမယ့်နည်းလမ်း၊ မက်ခရိုဘက်ကကြည့်ရင် အများ ပိုင်လုပ်ငန်းတွေနဲ့ ဘဏ္ဍာရေးနှင့်ငွေးကြေးဈေးကွက် အလျင်မီ အောင်ဖန်တီးပေးထားရမယ့်နည်းလမ်း စတဲ့အစိုးရရဲ့ရေရှည်ထိ ကြည့်မြင်ရမယ့်ပေါ်လစီတွေ အဆင်သင့်မရှိသေးတာကြောင့်ဖြစ် ပါတယ်။
ဒါကြောင့် နောက်ဆုံးကောက်ချက်က အစိမ်း၊ ဒါမှမဟုတ် ဒေါ်လာဝယ်လိုအားလှိုင်းလုံးကြီးထဲကို လှိမ့်ဝင်လာတာဖြစ်ပါတယ်။

ဒေါ်လာစီးဝင်၊ စီးထွက်နှင့်ရေရှည်ဖြစ်နိုင်ခြေ
===========================
ပုံမှန်ဖြစ်နိုင်ခြေရှိတဲ့ဒေါ်လာငွေစီးဝင်မှုနဲ့ စီးထွက်မှုဖြစ် နိုင်ခြေကနေပြီး ဆက်လေ့လာကြည့်ရအောင်ပါ။ ဒါက အများအား ဖြင့် ရေရှည်မှာ သက်ရောက်နိုင်ခြေဖြစ်တာကိုလည်း သိထားရပါ လိမ့်မယ်။ မြန်မာပြည်တွင်းကိုဝင်လာနိုင်တဲ့ ဒေါ်လာရေစီးကြောင်း အမျိုးမျိုးရှိတဲ့အထဲ သိသာတဲ့အချက်တွေကိုဖော်ထုတ်ပါမယ်။ ပထမက နိုင်ငံတကာပံ့ပိုးမှု၊ ချေးငွေ၊ ထောက်ပံ့ငွေတွေက၀င်လာ တဲ့ဒေါ်လာအရေအတွက်ဟာ အမေရိကန်ဒေါ်လာဆယ်ဘီလီယံ ပတ်ဝန်းကျင်မှာရှိနေပါပြီ။ စီးဝင်လာတဲ့အမေရိကန်ဒေါ်လာ ဘီလီယံချီနေတာကိုပြန်မထွက်စေဘဲ၊ ပြန်ထွက်ရင်တောင် အကျိုး ရှိစေတဲ့နည်းလမ်းမျိုး ပေါ်လစီမလုပ်ထားရင်တော့ ကိုယ်ကျိုးနည်း ရုံပါပဲ။
ဒုတိယက ပြည်တွင်းတင်ပို့တဲ့လယ်ယာ၊ သားငါး၊ အ၀တ် အထည်နဲ့ ကုန်ကြမ်းပစ္စည်းတွေရဲ့ ဒေါ်လာပမာဏရှိနေပါလိမ့် မယ်။ ဒါပေမဲ့ ပြန်စဉ်းစားရမယ့်အချက် ပြည်ပကုန်သွယ်မှုကနေ ကုန်သွယ်မှု သုံးဘီလီယံလောက်လိုငွေပြနေတဲ့အချက်ဖြစ်ပါတယ်။ တတိယဖြစ်နိုင်ခြေရှိတဲ့ပမာဏက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ အရ ၀င်ရောက်လာတဲ့ဒေါ်လာရေစီးကြောင်းဖြစ်ပါတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေအရ မြန်မာပြည်ထဲကိုစီးဝင်လာတဲ့ ဒေါ်လာ အရေအတွက်ဟာ သတ်မှတ်ကာလမပြည့်သေးတဲ့ ဒီတစ်နှစ်ထဲမှာ ၅၀ ဘီလီယံကျော်လာပါပြီ။
နောက်ဆုံးဖြစ်နိုင်ခြေက မြန်မာနိုင်ငံကိုလာတဲ့ နိုင်ငံခြား ခရီးသွားတဲ့သူတွေနဲ့ ခရီးသွားလုပ်ငန်းနဲ့ဆက်စပ်တဲ့ လုပ်ငန်းတွေ မှာသုံးတဲ့အခါမှာ ၀င်လာတဲ့ဒေါ်လာရေစီးကြောင်းဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အတွက်ဝင်ရောက်လာတဲ့ နိုင်ငံခြား ခရီးသွားအရေအတွက်ဟာ သုံးသန်းကျော်ပြီလို့သိထားပါတယ်။ တစ်လောက ခရီးသွားသုတေသနစာတမ်းထဲမှာ ခရီးသည်တစ် ယောက်ဟာ မြန်မာပြည်မှာ ပျမ်းမျှ ၁၄ ရက်ခန့်နေပြီး တစ်ရက်ကို ပျမ်းမျှအမေရိကန်ဒေါ်လာ ၁၄၅ သုံးတယ်လို့ဖော်ပြထားပါတယ်။ ဒါကြောင့် ခရီးသွားသုံးသန်း၊ တစ်ရက်အသုံးစရိတ် ၁၄၅ ဒေါ်လာ နဲ့ ၁၄ ရက် စတဲ့ကိန်းရှင်တွေကိုမြှောက်လိုက်ရင် ဒေါ်လာ ဘယ်လောက်လဲဆိုတာသိရင် အဲဒါလည်း နိုင်ငံခြားဒေါ်လာဝင်ငွေ ပါပဲ။

စီးထွက်ဒေါ်လာ
==========
ဒေါ်လာစီးထွက်သွားနိုင်တဲ့နည်းလမ်း၊ ဒါမဟုတ် ပြည်ပ ကိုပြန်ထွက်သွားနိုင်တဲ့နည်းလမ်းတွေက မော်တော်ကားတင်သွင်း မှုပေါ်လစီကြောင့်က ပထမဦးဆုံးသိသာပါလိမ့်မယ်။ မော်တော် ကားပေါ်လစီကြောင့် ဒီသုံးနှစ်အတွင်းမှာ ကားစီးရေလေးသိန်း ကျော်တင်သွင်းပြီးဖြစ်ပါတယ်။ မော်တော်ကားတစ်စီးကိုပျမ်းမျှ အမေရိကန်ဒေါ်လာလေးထောင်သတ်မှတ်ရင် အနည်းဆုံးအမေရိ ကန်ဒေါ်လာ ဘီလီယံ ၁.၆ ဖြစ်သွားပါပြီ။ နောက်တစ်ခုက လွန် ခဲ့တဲ့နှစ်ကတည်းက မော်တော်ဆိုင်ကယ်တွေကို တရားဝင်လိုင်စင် ထုတ်ပေးလိုက်လို့ တရုတ်ပြည်၊ ထိုင်းနိုင်ငံတို့ဆီကတင်သွင်းလာတဲ့ မော်တော် ဆိုင်ကယ်အရေအတွက်ဖြစ်ပါတယ်။ အရင်တုန်းက မြန်မာနိုင်ငံဒေသတွင်းပို့ဆောင်ရေးဟာ စက်ဘီးတိုင်းပြည်ဖြစ်ခဲ့ပြီး အခုကတော့ နည်းနည်းအဆင်မြင့်လာတဲ့ မော်တော်ဆိုင်ကယ် တိုင်းပြည်ဖြစ်သွားပါပြီ။ တောရော မြို့ပါ ရွာငယ်ဇနပုဒ်ထိ ဆိုင်ကယ်တ၀ီဝီကို ဂုဏ်ယူရမှာ ထက် ဒေါ်လာတွေပြည်ပကိုထွက် သွားပါလားဆိုတာကို သိသင့်ပါတယ်။

တတိယက ခုကန မော်တော်ကား၊ မော်တော်ဆိုင်ကယ် တွေအတွက်သုံးရမယ့် လောင်စာဆီဝယ်လိုအားပါ။ မြန်မာနိုင်ငံမှာ လောင်စာဆီ ဘယ်လောက်ထုတ်လုပ်နိုင်ပြီး ဘယ်လောက်စားသုံး ထားသလဲဆိုတာမသိလို့ မခန့်မှန်းနိုင်ပါဘူး။ ပြည်တွင်းဖူလုံမှုရှိ သလား၊ ပြည်ပကတင်သွင်းရသလားဆိုတာတော့ လူတိုင်းသိနိုင် ပါတယ်။ ဒါကြောင့် လောင်စာဆီဝယ်သုံးနေရလို့လည်း ဒေါ်လာ အပြင်ထွက်နိုင်ပါတယ်။ နောက်ဆုံးတစ်ခုက ပြည်တွင်းစားသုံးကုန် စည်ဈေးကွက်တစ်ခုလုံးကိုချုပ်ကိုင်ထားနိုင်စွမ်းရှိပြီး အဲဒီကုန်စည် တွေဟာ ပြည်ပပို့ကုန်ကနေမှီခိုနေရတဲ့အတွက် ထွက်သွားတဲ့ ဒေါ်လာရေစီးကြောင်းပါ။ အထက်မှာ ကုန်သွယ်မှုလိုငွေပြမှု သုံးဘီလီယံလောက်က ဒါကိုသက်သေပြပါလိမ့်မယ်။
ရေတိုမှာအဖြစ်နိုင်ဆုံးနောက်တစ်ခုကတော့ မိုဘိုင်းဈေး ကွက်ရဲ့ဟန်းဆက်ဝယ်လိုအားက အဖြစ်နိုင်ဆုံးပါပဲ။ တယ်လီနော နဲ့ အော်ရီဒူးက ဆင်းမ်ကတ်ငါးသန်းစီဖြန့်ချိမယ်လို့ဆိုထားပါတယ်။ အဲဒီလိုပဲ မြန်မာ့ဆက်သွယ်ရေး MPT ကလည်း ဆင်းမ်ကတ် အနည်းဆုံးငါးသန်းဖြန့်ချိပါလိမ့်မယ်။ ဒါကြောင့် တယ်လီကွန်ရက် အတွင်း ဆင်းမ်ကတ်ပေါင်း ၁၅ သန်းဖြန့်ချိပြီးဖြစ်ရာ အဲဒီအတွက် ဟန်းဆက်ဝယ်လိုအား တက်လာနိုင်ပါတယ်။ ဟန်းဆက်ဟာ ပြည် တွင်းက ထုတ်လုပ်တာမဟုတ်တဲ့အတွက်ကြောင့် ပြည်ပတင်သွင်း ကုန်ဖြစ်လို့ ဟန်းဆက်တစ်ခု ဒေါ်လာ ၅၀ အနိမ့်ဆုံးနဲ့ ပျမ်းမျှ သန်းပေါင်း ၇၅၀ ပြည်ပထွက်သွားတယ်။

အဖြေ (အမေရိကန်ဒေါ်လာ ၂.၃၅ ဘီလီယံ)
============================
ဒါကြောင့် ပြည်ပကိုစီးထွက်သွားတဲ့ဒေါ်လာကို ကိန်း ဂဏန်းအနီးစပ်ဆုံးတွက်ပြရရင် မော်တော်ကားမှာ ၁.၆ ဘီလီယံ နဲ့လတ်တလော ဟန်းဆက်မှာ ၇၅၀ သန်း နှစ်ခုပေါင်းလိုက်ရင် အမေရိကန်ဒေါ်လာ ၂.၃၅ ဘီလီယံ ပြည်ပကိုစီးထွက်သွားပြီဖြစ် ပါတယ်။ ပြည်ပပို့ကုန်ဂဏန်းနဲ့ တခြားကိန်းဂဏန်းတွေက တိကျတဲ့ ညွှန်းဆိုမှုကို ဖော်ပြမှုအားနည်းလို့ ထည့်မပေါင်းထားပါဘူး။ ဒီကိန်း ဂဏန်းတွေနဲ့ရှင်းနေရတာဟာ တကယ်တမ်းတော့ ကိန်းဂဏန်း အချက်အလက်တွေကိုထုတ်ပြန်နိုင်တဲ့ အင်စတီကျုးရှင်း (ဥပမာ- National Accounting Bureau) မရှိလို့ ပြည်တွင်းသတင်း မီဒီယာတွေက တွေ့တာနဲ့ဖော်ပြရတာဖြစ်ပါတယ်။ အတိအကျလို့ မဆိုသာပေမဲ့ Trend ကိုတော့ သိသွားပါလိမ့်မယ်။ သီအိုရီအရ အကျဉ်းချုပ်ပြန်ပြောရရင် အထက်ကပြောထားတဲ့ဥပမာတွေ ကြောင့် ဒေါ်လာဈေးတက်လာသလားဆိုတာ ဖြစ်နိုင်ခြေနည်း တယ်ဆိုတာကို တခြားသုံးသပ်ချက်တွေကြောင့် သီးခြားအဖြေ ထုတ်ရတာဖြစ်ပါတယ်။ နိဂုံးအဖြေကတော့ ဒေါ်လာငွေတက်လာ တာ၊ မြန်မာငွေဈေးကျဆင်းလာရတာဟာ ဟန်းဆက်ကြောင့် ပြည်ပကိုထွက်သွားတဲ့နည်းနဲ့ ငွေကြေးဘလက်ဟိုး ရေတိုလက်ပူ တိုက်နည်းအပိုဒ်မှာ ရှင်းပြထားတာတွေကြောင့်ဆိုတာကို နားလည် သင့်ပါတယ်။ အဲဒီကပဲ ၈၀ ရာခိုင်နှုန်းဖြစ်နိုင်တယ်ဆိုတာကို သက် သေထူလိုရင်းဖြစ်ပါတယ်။

‪#‎MyanmarB2BManagementMagazine‬,January 2015
ရေးသူ-သန်းစိုး (ဘောဂဗေဒ) ‪#‎thansoe‬

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...