Monday, December 22, 2014

ကလေးစာပေချစ်တဲ့ တက္ကသိုလ်မောင်အောင်ဆွေ


Zaw Naung Ling

“ အရင်ခေတ်က ကလေးတွေနဲ့ အခုခေတ်ကလေးတွေက အသိဥာဏ်ချင်းမတူကြတော့ဘူး။ နည်းပညာကို လက်တွေ့ကျကျ အသုံးပြုတဲ့ ကလေးတွေဖြစ်နေပြီ။ သူတို့ရဲ့ အသုံးအဆောင်တွေ၊ တတ်သိလိမ္မာ ကျွမ်းကျင်မှုတွေအပေါ်မှာ ကိုယ်ကပြန်ပြီးလေ့လာနေရပြီ။ ဒီနေ့ကလေးတွေနဲ့ အံဝင်မယ့်ဇာတ်မျိုးတွေ ကိုယ်က စဉ်းစားပြီးရေးနေရပြီ” လို့ ပြောလာသူက အသက်(၇၄) နှစ်အရွယ်ရှိပြီဖြစ်တဲ့ စာရေးဆရာကြီး တက္ကသိုလ်မောင်အောင်ဆွေ။


မြန်မာ့စာပေသမိုင်းမှာ ကလေးလူငယ်စာပေတွေကိုပဲ အစဉ်တစိုက်ရေးသားလာခဲ့ကြသူတွေအထဲမှာ တက္ကသိုလ်မောင်အောင်ဆွေလည်းတစ်ယောက်အပါအ၀င်ဖြစ်တယ်။ လူ့လောကကြီးထဲကိုဝင်ရောက်ကာစ ကလေးသူငယ်တွေနဲ့ လူငယ်တွေရဲ့ အတွေးအခေါ်အယူအဆတွေတည့်မတ်မှန်ကန်မှုဟာ နောင်မှာ လူကြီးဖြစ်လာမယ့် သူတို့ဘ၀တွေအတွက် အရေးအကြီးဆုံးဖြစ်တယ်လို့ သူကခံယူထားသူ။ ဒါကြောင့်လည်း ဘ၀တစ်လျှောက် ကလေးလူငယ်စာပေတွေကိုပဲ တစ်စိုက်မတ်မတ်ရေးသားလာခဲ့တယ်။

သူ့ရဲ့စာရေးသက်တမ်းတစ်လျောက်  လက်ရှိအချိန်အထိ အမျိုးသားစာပေဆု ငါးဆုနဲ့ စာပေဗိမာန်စာမူဆု နှစ်ဆုရရှိခဲ့ရာမှာ အားလုံးဟာ ကလေးလူငယ်စာပေတွေချည်းသာဖြစ်ခဲ့တယ်။

“တက်နေခြည်ဝန်းတမျှ” “ပေတိုး” “ မြန်မာကလေးသိပံဝတ္ထု” စာအုပ်တွေနဲ့ အမျိုးသားစာပေဆုကို ကလေးစာပေဆုအဖြစ်ရရှိခဲ့ပြီး “နေ၀န်းနီနီ” နဲ့ “စုစုလှိုင်ဆယ့်ခြောက်နှစ်” စာအုပ်တွေကတော့ အမျိုးသားစာပေဆု၊ လူငယ်စာပေဆု ရရှိခဲ့တာဖြစ်ပါတယ်။ စာပေဗိမာန်စာပေဆုကိုတော့ “ မြန်မာကလေးပုံဝတ္ထု” နဲ့ “ မြန်မာကလေးသိပံဝတ္ထု” စာအုပ်တွေနဲ့ ကလေးစာပေဆုရရှိခဲ့ပါတယ်။

“ ကလေးစာပေ၊ လူငယ်စာပေက ၁၉၆၄ ခုနှစ်လောက်မှာ လူငယ်အနေနဲ့ရေးခဲ့ကြပေမယ့် အခုကိုယ်တိုင်က (၇၄) နှစ်ရောက်ပြီ။ ဒီနေ့အချိန်မှာ ခေတ်စနစ်ကလည်း ပြောင်းလဲကုန်ပြီ။ ကလေးတွေရဲ့အသိဥာဏ်နဲ့ ပတ်ဝန်းကျင်ထိတွေ့မှုအပိုင်း၊ လူငယ်တွေရဲ့အတွေးအခေါ်နဲ့ ပတ်ဝန်းကျင်ထိတွေ့မှုအပိုင်းတွေကပြောင်းလဲကုန်ပြီ” လို့ တက္ကသိုလ်မောင်အောင်ဆွေက ပြောတယ်။

သူ့ကိုကြည့်ရတာ အသက်(၇၄) နှစ်အရွယ်ဆိုပေမယ့် လူငယ်တစ်ယောက်လို သွက်လက်နေဆဲ။ ၀တ်စားဆင်ယင်ပုံကအစ လူငယ်တစ်ယောက်လိုပဲ လွတ်လွတ်လပ်လပ် ရှိတာတွေ့ရတယ်။ အဖြူရောင်သမ်းနေတဲ့ ဆံပင်နဲ့ နှုတ်ခမ်းမွှေးတချို့ကိုသာ မတွေ့ရရင် သူ့အသက်ကို ရှိရင်းစွဲထက် လျှော့တွက်မိမှာ သေချာတယ်။

မြန်မာစာပေပညာရှင် ဒဂုန်ဦးလှဘေနဲ့ ဒေါ်တုတ်တို့က ၁၉၄၁ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ တက္ကသိုလ်မောင်အောင်ဆွေဟာ ငယ်စဉ်ကတည်းက စာရေးဆရာ နဲ့ စာပေအသိုင်းအ၀ိုင်းကြားမှာ ကြီးပြင်းခဲ့သူပါ။ ဖခင်ဖြစ်သူက ဒဂုန်မဂ္ဂဇင်းရဲ့ တိုက်ထိုင်အယ်ဒီတာတစ်ဦးလည်းဖြစ်၊ အဲဒီအချိန်က မြန်မာနိုင်ငံစာရေးဆရာများအသင်းရဲ့အမှုဆောင်လည်းဖြစ်တဲ့အပြင် ရွှေပြည်တန် ပုံနှိပ်တိုက်နဲ့ စာအုပ်ထုတ်ဝေရေးလုပ်ငန်းကိုလည်း တည်ထောင်ခဲ့တာမို့ သူဟာ ငယ်စဉ်ကတည်းက စာရေးဆရာတွေနဲ့ ထိတွေ့ဆက်ဆံခဲ့ရသူဖြစ်တယ်။

ရွှေပြည်တန်စာအုပ်တိုက်မှာ စာစီစာရိုက်၊ စာအုပ်ချုပ်လုပ်ငန်းတွေကို ငယ်စဉ်ကတည်းက၀ိုင်းကူလုပ်ကိုင်ရင်း တတ်ကျွမ်းခဲ့သလို စာပြင်သမားအဖြစ် စာမူတွေကိုကူညီဖတ်ရှုရင်း စာရေးဆရာတွေရဲ့ ရေးသားပုံ၊ ရေးသားနည်းတွေကို လေ့လာသိမှတ်ခွင့်ရခဲ့တယ်။ ဒီလိုနဲ့ ကိုယ်တိုင် စာရေးသားချင်စိတ်တွေလည်း ငယ်ငယ်ကတည်းက ကိန်းအောင်းလာခဲ့တယ်လို့ သူကဆိုတယ်။

၁၉၅၈ ခုနှစ်ဝန်းကျင်ကစပြီး စာပေနယ်ထဲကို ကလောင်နာမည်အမျိုးမျိုးနဲ့ ၀င်ရောက်ခဲ့တယ်။ ထွန်း နေ့စဉ်သတင်းစာမှာ “စာရေးဆရာတစ်ဦး”ဆိုတဲ့ ကလောင်နာမည်နဲ့ ရေးသားခဲ့တဲ့ “စာပေ” ဆိုတဲ့ဆောင်းပါးဟာ သူ့ရဲ့ပထမဆုံးသော ဆောင်းပါးဖြစ်ခဲ့ပြီး ငွေတာရီမဂ္ဂဇင်းမှာ ၁၉၆၀ ပြည့်နှစ်က “ရေကျော်အောင်ဆွေ” ဆိုတဲ့ကလောင်နာမည်နဲ့ရေးသားခဲ့တဲ့ “မနက်ဖြန်” ဆိုတဲ့ ကဗျာကတော့ သူ့ရဲ့ပထမဆုံးကဗျာ ဖြစ်ခဲ့တယ်။

၁၉၆၁ ခုနှစ်မှာတော့ “ပိုင်သောပန်းမနွမ်းစေချင်” ဆိုတဲ့ တစ်ကျပ်တန်ခေတ်ရဲ့ ပထမဆုံး လုံးချင်းဝတ္ထုရှည်ကို “အောင်ဆွေတင့်”ဆိုတဲ့ကလောင်နာမည်နဲ့ရေးသားခဲ့တယ်။ ၁၉၆၂ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်တက်ရောက်ခဲ့ပြီး ၁၉၆၆ ခုနှစ်မှာ ၀ိဇာဘွဲ့ရခဲ့တယ်။ တက္ကသိုလ်တက်ရောက်ချိန်ကစလို့ လက်ရှိအချိန်အထိ “တက္ကသိုလ်မောင်အောင်ဆွေ” ဆိုတဲ့ ကလောင်နာမည်တမျိုးတည်းကိုခံယူပြီး စာပေတွေရေးသားခဲ့တယ်။

လက်ရှိအချိန်အထိ လုံးချင်းဝတ္ထုပေါင်း (၆၀) ကျော် ရေးသားထုတ်ဝေခဲ့ပြီးတဲ့အထဲက “အချစ်ငရဲ အသည်းနိဗာန်”၊ “လေ၀ိညာဉ် နေ၀ိညာဉ်”၊ “သုတ္တ သို့မဟုတ် ပန်းပွင့်အသည်းနဲ့ သူငယ်ချင်း” ဆိုတဲ့ စာအုပ်သုံးအုပ်ကို အားအရဆုံးဖြစ်တယ်လို့ တက္ကသိုလ်မောင်အောင်ဆွေက ဆိုတယ်။

 သူသိမ်းဆည်းထားတဲ့ စာအုပ်တွေကြားမှာ အဲဒီစာအုပ်တွေကို အတန်ကြာ မွှေနှောင့်ရှာဖွေရင်း ထုတ်ပြတဲ့အခါ ၁၉၇၆ ခုနှစ်ဝန်းကျင်က ထွက်ရှိခဲ့တဲ့ အဲဒီစာအုပ်တွေရဲ့မျက်နှာဖုံးအပြင်အဆင်ဒီဇိုင်း ၊ စာလုံးအထားအသို၊ စာအုပ်အရွယ်အစားနဲ့ စကားအပြောအဆို ဒိုင်ယာလော့တွေက ကျွန်တော်တို့လို ဒီနေ့ခေတ်လူငယ်တွေအတွက်တော့ အမြင်တမျိုးဆန်းနေပြန်တယ်။

“ ပထမ စာအုပ် နှစ်အုပ်က လူ့သဘောတရားတွေ၊ ဒသနတွေပါတယ်။ တော်တော်လေးလည်း အားရတယ်။ တော်တော်လေးလည်း လူကြိုက်များခဲ့တယ်။ တတိယစာအုပ်က အဲဒီအချိန်က အမေရိကန်နိုင်ငံမှာ ဟစ်ပီတွေပေါ်လာပြီး လူငယ်ထုထဲမှာ ခေတ်စားနေတဲ့အချိန်။ အမေရိကန်ကိုရောက်သွားတဲ့ မြန်မာလူငယ်တစ်ယောက်က ဟစ်ပီအသိုင်းအ၀ိုင်းထဲကို ရောက်သွားတဲ့ ဇာတ်လမ်းလေး။ ဟစ်ပီတွေရဲ့စကားပြောဆိုပုံ၊ နေပုံထိုင်ပုံတွေ၊ အတွေးအခေါ်အယူအဆတွေကို ဇာတ်ကောင်တွေနဲ့ ဖော်ပြသွားတာ။ အဲဒီခေတ်က လူငယ်ပိုင်းကို တော်တော်လေး လွှမ်းမိုးခဲ့တဲ့ ၀တ္ထုဖြစ်ခဲ့တယ်” လို့ သူက စာအုပ်တွေကိုကိုင်ရင်း ပြောပြတယ်။

သူ့ရဲ့ဝတ္ထုတွေအထဲမှာ “အတက်ကားကိုဦးစားပေးပါ”၊ “တတိယအသည်းနှလုံး(တစ်ခါက တစ်ဘ၀)”၊ “မြန်မာ့ကိုရုပ်ဆိုး”၊ “ဒို့လက်ထဲကကမ္ဘာ(ချစ်ပန်းနေကြာ)”၊ “မုဆိုးခြေထောက် ဆူးကြောက်သလား”၊  “ငယ်နာမည် အညို”၊ “နှလုံးသားမျက်နှာစာမူ”၊ “ချစ်သူမိုးကောင်းကင်”၊ “ကြိုးပျောက်တဲ့ကြိုး”၊ “ကြိုးအစကြိုးအဆုံး”၊ “ကြမ္မာရိုင်း” စတဲ့ ၀တ္ထုတွေဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေအဖြစ်လည်း အောင်မြင်မှုရခဲ့ပါတယ်။ “ ပန်းနုရောင်မရင့်တရင့်” နဲ့ “ သူရဲကောင်းလေးများ” ရုပ်ရှင်ကားတွေကတော့ ၀တ္ထုမထွက်ဘဲ ရုပ်ရှင်အတွက်သီးသန့်ရေးသားခဲ့တာဖြစ်ပါတယ်။

ငယ်စဉ်ကတည်းက ဖခင်ဖြစ်သူနဲ့ ဆက်နွှယ်ပြီး သိကျွမ်းခင်မင်ခွင့်ရခဲ့တဲ့ စာရေးဆရာကြီးတွေအထဲမှာ ဦးသိန်းဖေမြင့်နဲ့  ဒဂုန်တာရာတို့ဟာ သူ့ကို တူသားနောင်မယ်လို ခင်မင်ခဲ့ကြသူတွေဖြစ်တယ်။ အထူးသဖြင့် ဖခင်ဖြစ်သူ ဒဂုန်ဦးလှဘေနဲ့ ဦးသိန်းဖေမြင့်တို့က ဗိုလ်တထောင်သတင်းစာကို အတူထုတ်ဝေခဲ့ကြသူတွေဖြစ်တဲ့အတွက် ဦးသိန်းဖေမြင့်နဲ့ ပိုပြီးရင်းနှီးထိတွေ့ခဲ့ရတယ်။

“ ဦးလေး ဦးသိန်းဖေမြင့်က ကိုယ့်ရဲ့ဦးလေးအရင်းလိုပဲ ချစ်ခင်ခဲ့တယ်။ ခရီးရှည်လည်း အတူသွားဖူးတယ်။ သူ့ရဲ့ဆိုဆုံးမမှုကိုလည်း အမြဲတမ်းခံယူခဲ့တယ်” လို့ တက္ကသိုလ်မောင်အောင်ဆွေ ကပြောတယ်။

တက္ကသိုလ်မောင်အောင်ဆွေဟာ ၁၉၇၅ ခုနှစ်မှာ ၀တ်မှုံ လစဉ်ထုတ်မဂ္ဂဇင်းမှာ အယ်ဒီတာချုပ်အဖြစ်တာဝန်ယူခဲ့ပြီး ၂၀၀၃ ခုနှစ်မှာလည်း စိမ်းရောင်လွင် လစဉ်ထုတ်မဂ္ဂဇင်းမှာ အယ်ဒီတာချုပ်အဖြစ် တာဝန်ယူခဲ့သေးတယ်။

၁၉၈၅ ခုနှစ်ကစတင်ပြီး ခေတ်အဆက်ဆက်ထုတ်ဝေခဲ့ကြတဲ့ ဟံသာဝတီ၊ မြန်မာ့အလင်း၊ ထွန်းနေ့စဉ်၊ ကြေးမုံ၊ ဗိုလ်တထောင်၊ လုပ်သားနေ့စဉ် စတဲ့သတင်းစာတွေ၊ အိုးဝေ၊ ချင်းတွင်း၊ ရှုဒေါင့်၊ ရွှေထူး၊ ရှေ့သို့ ၊ ပလုတ်တုတ် ဟက်ပီးတိုင်းမ် စတဲ့ဂျာနယ်တွေနဲ့ မြ၀တီ၊ ငွေတာရီ၊ သွေးသောက်၊ အိုးဝေ၊ ချယ်ရီ၊ မဟေသီ၊ လုံမလေး၊ ကလျာ စတဲ့ မဂ္ဂဇင်းတွေမှာ ကဗျာ၊ ဆောင်းပါးနဲ့ ၀တ္ထုတို၊ ၀တ္ထုရှည် ရာချီရေးသားခဲ့တယ်။

ကလေးစာပေ၊ လူငယ်စာပေနဲ့ပတ်သက်ပြီး ထင်ရှားတဲ့သမိုင်းမှတ်တိုင်တစ်ခုအဖြစ် ၁၉၆၉ ခုနှစ်မှာ ကလေးစာပေ၊ လူငယ်စာပေတွေရေးသားတဲ့ စာရေးဆရာ၊ ကဗျာဆရာနဲ့ ကာတွန်းဆရာတွေစုပေါင်းပြီး ရန်ကုန်မြို့၊ ကန်တော်ကြီးစောင်းက ဗိုလ်ချုပ်ပန်းခြံမှာ မိတ်ဆုံစားပွဲပြုလုပ်ခဲ့ကြတာကိုတော့ သူ့ဘ၀မှာ အမှတ်တရအဖြစ် ပြန်ပြောပြတယ်။
အဲဒီမိတ်ဆုံစားပွဲမှာ စာရေးဆရာ(၄၀)ကျော် စုပေါင်းပြီး စာတမ်းဖတ်ပွဲတွေ၊ ဆွေးနွေးပွဲတွေပြုလုပ်ခဲ့တယ်။ အရင်က ကလေးစာပေနဲ့ပတ်သက်ပြီး ကိုယ့်စိတ်ကူး၊ ကိုယ့်အယူအဆကိုယ်စီနဲ့ တကွဲတပြားလုပ်ကိုင်ခဲ့ကြရာကနေ အယူအဆတွေညှိုနှိုင်းပြီး လမ်းကြောင်းသစ်တစ်ခုကို ဖောက်နိုင်ခဲ့တယ်။

“ အဲဒီခေတ်က မြန်မာစာပေသမိုင်းကိုပြန်ကြည့်ရင် ကလေးစာပေမှာ ကလေးကဗျာနဲ့ ဒဏ္ဍာရီကလေးပုံပြင်ပဲရှိခဲ့တာ။ ကလေးဝတ္ထုက တချို့တလေရှိပေမယ့် အားနည်းနေသေးတယ်။ လူငယ်စာပေကျပြန်တော့လည်း မရှိသေးဘူး။ ကိုယ်ထင်ရာ ကိုယ်ရေးနေကြတာပဲရှိကြတာ။ စာပေစံနှုန်းတစ်ခုပေါ်မူတည်ပြီး လူငယ်စာပေဆိုတာမရှိဘူး။ဘာကြောင့်မရှိသေးဘူးလို့ ပြောရလဲဆိုရင် စာပေဗိမာန်စာမူဆု စတင်ပေးအပ်ခဲ့တဲ့အချိန်ကစပြီး နောက်ပိုင်းမှာ အမျိုးသားစာပေဆုဖြစ်လာတဲ့
အချိန်အထိ ၁၉၇၀ ပြည့်နှစ်မတိုင်မီကာလတွေအထိ စာပေဆုရွေးချယ်ရေးအဖွဲ့မှာ လူငယ်စာပေဆုဆိုတာ မရှိခဲ့ဘူး။ ဒါကြောင့် ပြောနိုင်တာ” လို့ သူကဆိုတယ်။

စာပေမိတ်ဆုံစားပွဲတွေကို ၁၉၆၉ ခုနှစ်ကစပြီး ၁၉၇၁ ခုနှစ်အထိ နှစ်စဉ်ကျင်းပနိုင်ခဲ့ပြီး တက်ရောက်သူဦးရေ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာခဲ့သလို ကျင်းပဖြစ်ခဲ့တဲ့သုံး ကြိမ်စလုံးမှာ လူငယ်စာရေးဆရာတွေနဲ့အတူ သာဂဒိုး၊ တက်တိုး၊ နုယဉ် စတဲ့ စာရေးဆရာကြီးတွေက ပါဝင်ဆွေးနွေးခဲ့ကြတယ်။

“အဲဒီခေတ်တုန်းက စာပေလောကမှာ လူကြီး၊ လူငယ်ကွာဟမှုမရှိဘူး။ တစ်ဦးပေါ်တစ်ဦး အမြင်ကြည်ကြတယ်။ လူကြီးတွေကလည်းအားပေးကြတယ်။ ဆရာကြီးတက်တိုးက လုပ်သားပြည်သူ့နေ့စဉ်သတင်းစာမှာ အမျိုးသားစာပေဆုမှာ လူငယ်စာပေဆုတစ်ဆု တိုးမြှင့်ပေးသင့်ကြောင်း ဆောင်းပါးတွေရေးတယ်။ အဲဒီနောက်မှာ အမျိုးသားစာပေဆုရွေးချယ်ရေးကော်မတီက အမျိုးသားလူငယ်စာပေဆုကို တိုးမြှင့်ကြောင်း ကြေညာခဲ့တယ်” လို့ သူက ပြန်ပြောပြတယ်။

သူက ၁၉၈၀ ပြည့်နှစ်မှာ အိမ်ထောင်ပြုခဲ့ပြီး သမီးတစ်ဦး ဖွားမြင်ခဲ့တယ်။ ဘ၀တစ်လျှောက် စာပေအလုပ်တစ်ခုတည်းကိုပဲ အသက်မွေးဝမ်းကျောင်းလုပ်ခဲ့သူပီပီ ဘ၀ရဲ့ အနိမ့်၊ အမြင့် မျိုးစုံကို ကြုံတွေ့ဖြတ်သန်းခဲ့ရတယ်။ သူကတော့ ပြောင်းလဲလာတဲ့ ခေတ်စနစ်တွေ၊ ဓလေ့စရိုက်တွေ၊ လူနေမှုပတ်ဝန်းကျင်တွေနဲ့အညီ လက်ရှိအချိန်အထိ ကလေးနဲ့ လူငယ်စာပေတွေကို ဆက်လက်ရေးသားနေဆဲပါပဲ။

“ ဒီနေ့ခေတ်ကတော့ ကလေးတွေက ဂိမ်းလည်းကစားတယ်။ ကာတွန်းစာအုပ်လည်း ဖတ်ကြတယ်။ ကြုံရင် ကြုံသလို ဖတ်ကြသေးတယ်။ လူငယ်တွေကတော့ စာမဖတ်ကြတော့ဘူး။ ဖတ်ရင်လည်း သတင်းမီဒီယာဘက်ကို ပိုပြီးစိတ်ဝင်စားလာကြတယ်။ ရသစာပေတွေက တဖြည်းဖြည်းအားနည်းလာကြတယ်” လို့ တက္ကသိုလ်မောင်အောင်ဆွေက ဒီနေ့ခေတ်အခြေအနေကို ပြောတယ်။

အခုအချိန်မှာ သူနဲ့အတူ ကလေးစာပေနဲ့ လူငယ်စာပေတွေကို အတူတကွ လက်တွဲရေးသားခဲ့ကြသူ တွေအထဲက ပျဉ်းမနားမောင်နီသင်း၊ သူရဇော် စတဲ့ သူတွေပဲ သက်ရှိထင်ရှားရှိနေကြပြီး ကျန်တဲ့စာပေပညာရှင် အတော်များများကတော့ ကွယ်လွန်ကုန်ကြပါပြီ။ သူကိုယ်တိုင်လည်း ငယ်ငယ်ကတည်းက ဆေးလိပ်ကို စွဲစွဲမြဲမြဲသောက်ခဲ့တဲ့ဒဏ်တွေကြောင့် ပြီးခဲ့တဲ့နှစ်မှာ တီဘီရောဂါဖြစ်ခဲ့ရပြီးနောက်ပိုင်းမှာ ကျန်းမာရေးကို ပိုမိုဂရုစိုက်ခဲ့ရတယ်။

လတ်တလောမှာတော့ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းကစလို့ မဂ္ဂဇင်းနဲ့ဂျာနယ်တွေမှာ ရေးသားခဲ့တဲ့ ဆောင်းပါးတွေကိုစုစည်းပြီး “ အနုပညာများနဲ့ အတူဖြတ်သန်းခြင်း” ဆိုတဲ့ လုံးချင်းစာအုပ်ထုတ်ဝေနိုင်ဖို့ စီစဉ်နေပါတယ်။

“ ကျန်းမာရေးက စကားပြောလာတော့ မနက်ပိုင်းဆို လမ်းလျှောက်တယ်။ အစားကို မှန်မှန်စားတယ်။ ကျန်းမာရေးကောင်းရင်တော့ ကောင်းသလို စာတွေဆက်ရေးနေဦးမှာပါ” လို့ သူကဆိုပါတယ်။

 ဇော်နောင်လင်း

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...