Tuesday, December 16, 2014

“အဖေ့ဘုတ်”

          လွန်ခဲ့တဲ့ငါးနှစ်ကျော်ကျော်က ဘူတန်မှာ အလုပ်သွားလုပ်မယ်ဆိုတော့ စိတ်ကူးယဉ်မိတာက ဟိုရောက်ရင် စာလေးဘာလေးဖတ်၊ နိုင်ငံခြားကဘွဲ့တစ်ခုခုရနိုင်မယ့် အခွင့်အလမ်းကို ငါးမျှားသလို စိမ်ပြေနားပြေထိုင်ပြီး စောင့်ဖမ်းမယ်ပေါ့။ တစ်ရွာမပြောင်း သူကောင်းဖြစ်တာ မဖြစ်တာ အပထား၊ အစစအရာရာ ကိုယ်လို ဘာမဟုတ်ညာမဟုတ်တွေအတွက် ဘာတက်လမ်းအခွင့်အရေးမှ မရှိ၊ တားဆီးဆို့ပိတ် တွန့်လိပ်ခြင်းများစွာနဲ့ ပြည်တွင်းကနေ ထွက်ပေါက်တစ်ခုအဖြစ် တိုးဝင်ခဲ့ပါတယ်။
သွားကာနီးလာကာနီး သူငယ်ချင်းတွေနဲ့ အဆက်အသွယ် မပြတ်ရအောင် အီးမေးလိပ်စာလေးတွေ မှတ်သားမေးမြန်းပြီး ဆိုရှယ်နက်ဝခ်ကြီးကို ဖြန့်ကျက်တဲ့အခါ ကိုယ့်ရဲ့ဂျီမေးအကောင့်ထဲမှာ သူငယ်ချင်းက ၂၀ တောင် မပြည့်တတ်သေးပါဘူး။ နိုက်ကလပ်ထဲဝင်လာကာစ အူကြောင်ကြောင် ကောင်လေး တစ်ယောက်လို ဟိုလူ့တွေ့ပြုံးပြ၊ သည်လူ့တွေ့နှုတ်ဆက်၊ နေကောင်းတယ်နော်။ စားပြီးပြီလား။
လုပ်နေတုန်း အပြင်မှာ လူချင်းတစ်ခါမှ မတွေ့ဖူးတဲ့ မိတ်ဆွေအသစ်တစ်ယောက်က ဖေ့စ်ဘုတ်ဆိုတာ အသစ်ပေါ်နေတယ်လေ။ သုံးကြည့်ပါလား။ လို့ လာဖိတ်တာနဲ့ ကိုယ့်ကိုယ်ကိုယ် ရေစစ္စတြီလုပ်မိပါတယ်။ မှတ်မှတ်ရရ ၂၀၀၈ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်မှာပါ။ ဆရာဝန်အလုပ်ဝင်တာ ၁၃ နှစ်တိတိ ကြာတဲ့အခါမှာပေါ့။

          ဆတ်ဆတ်ဆော့ဆော့ နံမည်တွေ အီးမေးတွေ မေးရုံနဲ့ အားမရသေးဘူး။ ဖေ့စ်ဘုတ်ကြီးက ပရိုဖိုင်းဓါတ်ပုံကလေး တင်ပါတင်ပါ တစာစာ တောင်းဆိုနေတဲ့အခါ ကိုယ်ကလည်း ဘူတန်ကိုရောက်ကာစ ညစာစားပွဲကအပြန် ရီဝေဝေ ဓါတ်ပုံတစ်ပုံ ကောက်တင်လိုက်တယ်။ ရယ်စရာတော့ကောင်းသား။ ညဘက်ကြီးကို နေကာမျက်မှန်ကြီးတပ်လို့။ အိမ်သာထဲမှာ မှန်ကြည့်ရင်း ဖုန်းနဲ့ရိုက်ထားတာ။ Selfie စစ်စစ်ကြီး။ ဒါကြောင့် နစ်ကီဘိုမင်းအောင်လေးကို ကိုယ်က အားပေးတာ။ ကိုယ်တိုင်လည်း သူနဲ့သိပ်မထူးဘူး။ သူ့လောက်တောင် မအောင်မြင်ဘူး။ တောက်မယ့်မီးခဲ တရဲရဲလေးကို ကိုယ့်သူငယ်ချင်းကြီး နေမျိုးဆေးကတော့ မြင်ရှာတယ်။  မောင်ရင် တစ်နေ့ကျရင် နံမယ်ကြီး အကြီးကြီး ဖြစ်လာလိမ့်မယ်လို့ သူအရင်ဆုံး ဟောကိန်းထုတ်တာ။ (ဘယ်လောက်များ အူနာနေတယ် မသိဘူး) ခဏတဖြုတ်တော့ ကောင်းတာပေါ့။ ဒါပေသိ ဒါကြီး ပရိုဖိုင်းလုပ်ထားတော့ ပြင်သစ်ကမိတ်ဆွေသစ်တွေနဲ့ မိတ်ဆက်ပေးခံရတဲ့အခါ “အဲ့တစ်ယောက် မှန်ရောမှန်ရဲ့လား။” လို့ မေးကြတာနဲ့ သူငယ်ချင်းတွေက တောင်းတောင်းပန်ပန် ဓါတ်ပုံပြောင်းခိုင်းတယ်။ “အမယ် ကြည့်စမ်း။ သူများလှတာ မနာလိုကြပဲကိုး။” လို့ ကျွဲမြီးတိုတိုနဲ့ အဝတ်တွေ မီးပူတိုက်နေရင်း ဝက်ကင်ကလေးကနေ ရိုက်တင်လိုက်တဲ့ စူပုတ်ပုတ် ဓါတ်ပုံဟာ အခု လက်ရှိ ပရိုဖိုင်းပုံ ဖြစ်လာတာပဲ။ လူတွေကလည်း အပြောမလွတ်ပါဘူး။ ငယ်ငယ်တုန်းက ကိုယ်ထိမ်းလာတဲ့ ကလေးတွေက အဲ့ဒီဓါတ်ပုံလှမ်းမြင်တဲ့အခါ “မေမေရေ။ ကိုကိုဖိုးချိုက ငယ်ငယ်တုန်းကပုံကလေး တင်ထားတယ်။” လို့ ပြောသတဲ့။ ဒါဆိုလည်း နောက်ဘယ်တော့မှ အသက်ကြီးမသွားအောင် ဒီပုံကလေးကိုပဲ မပြောင်းပဲထားလိုက်တာပ နော့။ (လာလာပြောင်းခိုင်းတဲ့သူတွေ မနည်းလှဘူး။ တော်ပြီ။ ပြောင်းဘူး။)

          ဓါတ်ပုံတွေ တင်တတ်သွားတဲ့အခါ ပါလာတဲ့ Samsung Any Call ဖုန်းကလေးနဲ့ မြင်မြင်သမျှရိုက်ထားတာလေးတွေ တင်ကြည့်တယ်။ ကိုယ့်အရပ်မှာ နှင်းဆိုတာ မြင်ဖူးတာ မဟုတ်ဘူး။ ဘူတန်ကိုရောက်ရောက်ချင်း ဇန္နဝါရီလဆိုတော့ ဟိုမှာနှင်းထုကလေးတွေ ရေခဲစမ်းချောင်းကလေးတွေ တောတွေတောင်တွေတွေ့ရင် မနေနိုင်ဘူး။ ရိုက်မိတာပေါ့။ ရိုက်ပြီးတော့လည်း တင်မိတာပေါ့။ တင်မိတော့လည်း လျှာရှည်မိပြန်ရော။ Caption ဆိုတဲ့ စာတမ်းကလေးတွေနဲ့ ဝါစာကမ္မာ လျှောက်လျှောက်ရေးတယ်။ သူတို့တိုင်းပြည်ရဲ့ ထူးဆန်းတဲ့ အလေ့အထကလေးတွေ၊ မင်သက်ဖွယ် ရှုမျှော်ခင်းကလေးတွေကို သူငယ်ချင်းတွေနဲ့ မျှဝေမိတယ်။ ဓါတ်ပုံလေးတွေကလှ (ရှုခင်းပုံတွေကို ပြောတာနော်) ရေးထားတဲ့ ပေါက်တတ်ကရတွေကလည်း ရယ်ရလို့ မတွေ့တာကြာတဲ့ သူငယ်ချင်းတွေနဲ့ ထွေရာလေးပါး စကားပြောဖြစ်သလို မိတ်သစ်ဆွေသစ်တွေလည်း ရလာတယ်။ ရောက်ကာစက ကိုယ့်မြို့မှာ မြန်မာဆိုလို ကိုယ်တစ်ယောက်တည်းမို့ စကားပြောချင် အင်တာနက်ပေါ်ရောက်မှပဲ လေကြောရှည်ရတာ။ အဲ့ဒီတုန်းကတော့ Facebook ကို Tagged လောက် မသုံးဖြစ်ဘူး။ Tagged က Mafia War နေ့တိုင်းဆော့ဖြစ်တော့ နေ့တိုင်းဝင်ဖြစ်တယ်။ အဲသည်ဂိမ်းက သူငယ်ချင်းတွေများမှ ပါဝါတက်တာဆိုတော့ တနေ့တနေ့ ကိုယ့်မှာ မိတ်ဖွဲ့လိုက်ရတာ။ သူငယ်ချင်းအများကြီး ရှိတဲ့လူတွေဆို လိုက်လိုက်စကားပြောတယ်။ အာဖရိကကလူတွေ ရုရှားက ကလေးတွေနဲ့ပါမကျန် တော်ကီတွေပွား၊ ရုရှားစကား တစ်လုံးစနှစ်လုံးစ သင်ပေး၊ အဆိုတော်တွေနဲ့ မိတ်ဆက်ပေးတယ်။ ရုရှားရက်ပ်သီချင်းတွေ ရွေးပေးတယ်။ နားထောင်လို့ ကောင်းသား။ ဆိုမာလီတို့ အာဖဂန်နစ္စတန်တို့ကနေ သူ့ဆီမှာ ဒေါ်လာသိန်းပေါင်းများစွာ ရှိပါတယ်။ “မြန်မြန်လာကယ်ပါဦး ချစ်သူရေ့။” ဆိုတဲ့ စာမျိုးတွေလည်း ခဏခဏရတာပေါ့။ ဒါမျိုးတွေ ရိုးနေပြီ။ “အိုင့်ဓါတ်ပုံ ပို့လိုက်တယ်။ စိတ်ဝင်စားရင် ယူ့ဓါတ်ပုံလေးလည်း ပြပါ။” ဆိုတာတွေလည်း တို့က Spam ထဲ ထည့်ပလိုက်တာပဲ။

          သည်လိုနဲ့ မိတ်ဆွေစာရင်းထဲမှာ ဘယ်သူ့ကို ယုံရတယ်။ ဘယ်သူ့ကို မယုံရဘူးဆိုတာ ကိုယ့်ဘာသာ အလိုလို သိလာတယ်။ တကယ်တမ်းကျတော့ ကိုယ့်တိုင်းပြည်ကထွက်ခဲ့တာ ဒါ ပထမဦးဆုံး အကြိမ်ပဲ။ ဘူတန်ကလွဲလို့ ဘယ်မှ မရောက်ဖူးဘူး။ ကိုယ်နဲ့အတူတူလာကြတဲ့ ဆာဂျင်တွေထဲက ကာလကတ္တားမှာ စာမေးပွဲသွားဖြေလို့ရတယ် လို့ သတင်းပေးလာတော့ အွန်လိုင်းကနေ လျှောက်လွှာတင် ပိုက်ဆံသွင်းဖြစ်တယ်။ ကောင်းလိုက်တာ။ တို့ဆီမှာလို ကိစ္စရှိတိုင်း နေပြည်တော် လူကိုယ်တိုင် အရောက်လာ၊ စားပွဲတစ်လုံးချင်း စာရွက်လိုက်ရွှေ့ရတဲ့ စံနစ်နဲ့ဆို သေရချည်ရဲ့။ ပိုက်ဆံသွင်းတဲ့အလုပ်က လွယ်သလောက် ကာလကတ္တားကို တစ်ခါမှမရောက်ဖူးပဲ စာအိပ်ပေါ်က လိပ်စာကလေးနဲ့ ပါးစပ်ပါရွာရောက် သွားရမယ်ဆိုတော့ မဖြစ်သေးပြန်ဘူး။ ကံအားလျှော်စွာ MAI က သူငယ်ချင်းမကြီးက သူနဲ့ အလုပ်လုပ်ခဲ့ဖူးတဲ့ Captain နှစ်ယောက် ကာလကတ္တားမှာ လေယာဉ်ပျံမောင်းနေတယ်လို့ မိတ်ဆက်ပေးလိုက်တော့ ဟိုခမျာ လေဆိပ်မှာတောင် လာကြိုရှာပါတယ်။ ကာလကတဿတားက မြန်မာဘုန်းကြီးကျောင်းမှာ လိုက်အပ်ပေးလို့ နေရေးထိုင်ရေးရော၊ စားရေးသောက်ရေးပါ အဆင်ပြေသွားတယ်။ စာမေးပွဲဖြေရမယ့် ဟော်တယ်ကိုလည်း လိုက်ရှာပေးတယ်။ ကျေးဇူးကြီးပါပေ့။ စာမေးပွဲဖြေပြီးတော့ ခွင့်ရက်ပိုနေတာနဲ့ ဘန်ကောက်မရောက်ဖူးလို့ တစ်ပါတ်လောက် သွားလည်ချင်တယ်ဆိုတော့ လေယာဉ်လက်မှတ်ပါ စီစဉ်ပေးပြန်တယ်။

          ဒီတစ်ခါမှာလည်း ဘန်ကောက်မှာ လာကြိုပေးမယ့်သူကို ရှာရပြန်တာပေါ့။ ဖေ့စ်ဘုတ်ပေါ်မှာ ပြန်တွေ့ထားတဲ့  အလုပ်သင်ဆရာဝန်မလေးတစ်ယောက်ဟာ ဘန်ကောက်မှာ MPH တက်နေတယ်။ သူလည်းပဲ လူကိုယ်တိုင် လေဆိပ်လာကြိုပြီး တည်းစရာ ဟော်တယ်ပါ စီစဉ်ပေး။ ရထားစီးနည်း၊ ဘတ်စကားစီးနည်း၊ တက္ကစီစီးနည်း၊ တုတ်တုတ်ဆိုင်ကယ် စီးနည်းတွေပါ သင်ပေးတယ်။ ဈေးတကာ့ဈေး ဆိုင်တကာ့ဆိုင်၊ ဒစ်စကောင့်ဘယ်မှာရှိတယ်ပါ သတင်းပေးလို့ ဟန်ကိုကျနေတာပဲ။ ဒါပေသိ ဘန်ကောက်ညလည်ဖို့ကျတော့ သူကမိန်းကလေးမို့ အားနာတာနဲ့ နောက်ထပ် ယောင်္ကျားလေး သူငယ်ချင်းတစ်ယောက် လိုက်ရှာရပြန်တယ်။ ခက်ပါဘူး။ ဖေ့စ်ဘုတ်ပေါ်မှာပဲ ပြင်သစ်ကျောင်း အတူတူတက်ဖူးတဲ့ မတည့်အတူနေ ညီလေးတစ်ယောက်ကို လှမ်းခေါ်ပြီး မိုးအလင်း လည်ကြပတ်ကြတယ်။ နောက်တစ်နေ့ကျ ပတ္တရားသွားမယ့် မှန်လုံကားပေါ် လက်မှတ်ဖြတ်ပြီး တင်ပေးလိုက်တော့ ကင်မရာတစ်လုံးနဲ့ တစ်ကိုယ်တော်လေလွင့်ခြင်း လုပ်ရပြန်ရော။ တစ်ယောက်တည်းမို့ ကိုယ့်ဓါတ်ပုံ ဘယ်သူရိုက်ပေးပါ့မလဲ ပူမနေနဲ့။ အနားဖြတ်သွားတဲ့ ခပ်နွဲ့နွဲ့ကောင်လေးတစ်ယောက်ယောက်ကို “Photo please” လို့ လက်ကလေးထောင်ပြီး ပြုံးပြလိုက်။ သူ့ဘာသူ “One more” “One More” နဲ့ ရိုက်မဆုံးတာကြောင့် ကင်မရာတောင် မနည်းပြန်တောင်းယူရမယ်။

          ကျောပိုးအိပ်တစ်လုံး၊ လက်ပတော့တစ်လုံး၊ ကင်မရာတစ်လုံးနဲ့ တစ်ယောက်တည်း လျှောက်လည်ရတာ သိပ်အရသာရှိတာပဲ။ တောသားတော့ တောသားပေါ့။ ဒါပေမယ့် Facebook ကြီး ကျေးဇူးနဲ့ မြင်မြင်ကရာလူကို မိတ်ဖွဲ့ပြီး ကုန်းဆင်းတတ်လာတယ်။ ဆရာသမားများကလည်း
လေဆိပ်မှာကတည်းက မြေပုံတွေရသလောက်ယူလာပြီး ကိုယ်တည်းတဲ့ ဟော်တယ် လိပ်စာကဒ်တွေပါ နှစ်ခုသုံးခု အိပ်ထဲဆောင်ထားခိုင်းတယ်။ ထိုင်းစကားမတတ်လည်း ကိစ္စမရှိဘူး။ အရေးကြုံရင် သူတို့ဆီဖုန်းခေါ်ပြီး ကမ်းပေးလိုက်။ အိုကေမှာ စိုပြေသွားမယ်။ ဘန်ကောက်ဟာ ကာလကတ္တားနဲ့ မတူဘူး။ ဖော်ရွေတယ်။ Tourist Friendly ဖြစ်တယ်။ ဘရာသာရေ ဇေပါတယ်။ ငွေသာအရင် မစပါ ဆိုတဲ့မြို့။ ခရီးသွားပြီး ပြန်လာရင် ဓါတ်ပုံတွေ တထပ်ကြီးနဲ့ဆိုတော့ လှရာရာရွေးပြီး Photo Essay ရေးသလို ကလီကမာလေးတွေ ရေးတင်မိပြန်တယ်။ သူငယ်ချင်းတွေက အားပေးတယ်။ ရယ်ရလို့။

          ဘူတန်ဟာ ကိုယ့်ကို စာမရေး ရေးဖြစ်အောင် တွန်းပို့သလား မသိပါဘူး။ ရောက်စမှာ ဘူတန်သတင်းစာထဲ ကိုယ်တို့ မြန်မာဆရာဝန်တွေကို တို့သလိုထိသလို အင်တာဗျူးးတစ်ခု ပါလာတယ်။ ဒါတော့ ဘာရမလဲ။ တို့လည်း ရေးတတ်ပါ့။ ခွန်းတုံ့မခံ ပြန်ရေးပြီး ပုံနှင့်တကွ သတင်းစာတိုက် ပို့လိုက်တယ်။ အမယ် ကိုယ်လည်း ဘာရမလဲ နဲ့ တွေ့တာပဲ။ သူတို့ဆီက စာပေစိစစ်ရေးကပ်ကြေးစာ မိသွားတာပေါ့။ ဟိုဖြတ်သည်ဖြတ်နဲ့ ပေးစာကဏ္ဍမှာ တိုနံ့နံ့ကလေးပဲ ပါလာတယ်။ ဒေါ်ခင်နှင်းယုပြောတဲ့ “ယမင်းရုပ်ကလေးကို ပဒုမပေါင်တိုဖြစ်အောင် ဖြတ်တောက်ပစ်တယ်” ဆိုတဲ့စကားကို ကိုယ်ချင်းစာမိသွားတယ်။ “တော်ပြီ။ နောက်မရေးတော့ဘူး။” ဆိုပေမယ့် ခွင့်ပြန်ကာနီး ထားခဲ့ရတဲ့ ခွဲလူနာတစ်ယောက်ကို လက်လွှဲယူမယ့် နောက်ဆရာဝန်က လူနာနှင့်တကွ ဓါတ်ပုံမှတ်တမ်းယူတဲ့အခါ မခံချင်စိတ်နဲ့ လူနာရောဂါပျောက်အောင်စောင့်ပြီး “Milestone in Bhutan” ဆိုပြီး ရေးမိပြန်တယ်။ သည်တစ်ခါတော့ အဖြတ်မခံနိုင်လို့ ဘယ်ကိုမှ မပို့တော့ဘူး။ Facebook ပေါ်တင် ကိုယ့်စာမျက်နှာပေါ် ကိုယ်တင်ထားတယ်။ သူငယ်ချင်းတွေ ဖတ်ကြ၊ အားပေးကြတယ်။

          အဲဒီအချိန် Facebook ပေါ်မှာ ကိုယ်ကလိုက်လိုက်ဖတ်ရတဲ့ ထင်ပေါ်ကျော်ကြား၊ စာရေးကောင်းသူများနဲ့ ခင်မင်ရင်းနှီးစွာ စကားစမြည် ပြောဖြစ်လာတယ်။ ကိုယ်နှစ်သက်တဲ့ ဘလော့ဂါ ဆရာ / ဆရာမကြီးများကိုလည်း အထင်ကြီး အားကျစွာ လိုက်လံမှတ်သား ဖတ်ရှုမိတယ်။ အဲဒီအထဲမှာ မြန်မာဝီကီပီးဒီးယားဆိုတဲ့ စာမျက်နှာ တစ်ခုလည်း ပါတယ်။ ကောင်းလှချည်ရဲ့လို့ မပြောလိုပါဘူး။ ဒါပေမယ့် လေ့လာစ ကလေးတွေဖတ်ဖို့ အဘိဓါန်တစ်အုပ်လိုတော့ အသုံးဝင်တယ်။ ကျမ်းကြီးကျမ်းခိုင်လို့ ပြောမရဘူး။ ကိုယ့်အဆင့်လောက်နဲ့ သိချင်တာရှိ လှန်လှောရှာဖွေလို့ရတယ်။ အဲသည်ထဲမှာ သမိုင်းရာဇဝင်တွေ ရေးနေတဲ့ လဂွန်းအိမ်ဆိုတဲ့ တစ်ယောက်က “ဘယ်သူမှလည်း မှန်မှန်မရေးကြဘူး။ လုပ်ကြပါဦး။ ရေးကြပါဦး။ ကူကြပါဦး။” လို့ ဗျိုးးဟစ်တော့ ကိုယ့်ကိုယ်ကိုယ် လူတတ်ကြီး လုပ်ပြီး “ရေးပေးမယ်လေ။ ဘာရေးပေးရမလဲ” လို့ မေးကြည့်တယ်။ “ဆေးပညာနဲ့ဆိုင်တာတွေ ရေး” တဲ့။ ဒါတော့ ဘယ်ဖြစ်ပါ့မလဲ။ ဆေးလောကမှာ ကိုယ့်အဆင့်က ကချလာ။ ဖွတ်ကျား။ ဝီကီပီးဒီးယားကြီးမှာ ဆေးကြောင်းဝါးကြောင်းတွေ ရေးလိုက်ရင် ချေးစိမ်းပန်းမှာစိုးလို့ ရေးကို မရေးရဲဘူး။ ဒါကြောင့် သာတောင့်သာယာ မြန်မာသီချင်းလေးတွေအကြောင်းပဲ ရေးပျဇီနော်။ လို့ တောင်းတောင်းပန်ပန် နဲ့ စရေးဖြစ်ရော။ ကနဦးတော့ နှစ်မျက်နှာလောက်ထွက်လာဖို့အရေး ဖြစ်ဖြစ်မြည်အောင် ရေးယူရတာ။ ဘာအကိုးအကားဖတ်စရာ စာအုပ်မှလည်း မပါလို့ သီချင်းစာသားတွေ မမှားအောင်တောင် တော်တော်ဂရုစိုက်ရတယ်။ ဒီအခါမှာ ဂီတချစ်သူ နှမလေးနှစ်ယောက်ကို အားကိုးရတယ်။ ဟနစံ နဲ့ အေးလဲ့ထွင်းပါ။ သူတို့ဆီမှာ တော်တော် စုမိဆောင်းမိ ရှိတာကလား။ တစ်ယောက်သောသူက သူတို့ဆီပို့တယ်လို့ သိုးသိုးသန့်သန့် သတင်းကြားမိတာပဲ။ (ပေါ်တင် ဖွသည်) သီချင်းစာသားတွေ မသေချာတဲ့အခါ အရီးဒေါ်စန္ဒာလှိုင်ကို အပူကပ်ရပြန်ရော။ ကိုယ့်ဘာသာကိုယ် မြေစမ်းခရမ်းပျိုးးနေတဲ့အခိုက် နည်းပေးလမ်းပြ တည့်မတ်ပေးတာကတော့ ဆရာအတ္တကျော်ခင်ဗျ။ အားလည်းပေး (မြှောက်လည်းပေး)၊ လက်တွဲလည်း ခေါ်သဗျာ။ အသက်အရွယ်ချင်းမတူပေမယ့် ကိုယ်လို ထမင်းလွတ် ရူးနိုင်တဲ့သူတွေနဲ့ ခင်မိတော့ အချိန်မတော် သန်းကောင်ကျော်တွေ ဘာတွေ မရှိတော့ဘူး။ ကိုယ်သိချင်တာရှိ အားမနာတမ်း အကူအညီတွေ ထတောင်းကြရော။

          ကိုယ့်ထက် အရေးကောင်းတဲ့၊ လက်သာတဲ့ သင်ဆရာမြင်ဆရာတွေ မနည်းလှပါဘူး။ ကမ္ဘာစိုးမင်းတို့၊ စိမ်းခက်စိုးတို့၊ ဟန်သစ်ငြိမ်၊ နဝန၊ မြစ်ကျိုးးအင်း၊ မင်းဒင်၊ ဘာတင်တင် လိုက်ဖတ်တယ်။ တချို့ကတော့ ရေးလိုက်ရင် အဆုံးထိ လက်ကမချနိုင်အောင် အရေးကောင်းလျက်သားနဲ့ မှန်မှန် မရေးပဲ ပျောက်ပျောက်သွားကြတယ်။ အလုပ်ပဲ မအားလို့လား မသိ။ ကိုယ်ကတော့ အားအားလျားလျား အိပ်ချိန်ထဲကဖဲ့ပြီး မဖြစ်ဖြစ်အောင် ရေးတဲ့အခါကျ မုဆိုးစိုင်သင်သလို ရေးရင်းရေးရင်း စာချောချောလာတယ်။ (အရင်ကနဲ့စာရင် ပြောတာပါ။ သူများတွေတော့ မီပါဘူး) အစပိုင်းမှာ ပရိသတ် သိပ်မရှိတော့ ကိုယ်ကြိုးစားပန်းစား ရေးထားတဲ့စာကလေးကို ဆယ်လီဗျစ်တီ မျက်နှာကြီးတွေက ကောက်ကောက်ရှယ်လိုက်ရင် ကိုယ့်မှာ ဝမ်းတွေကိုသာလို့။ သူတို့ဆီရောက်မှ လူဖတ်များမှာကိုး။ နောင်ကျတော့ ကိုယ့်စာမျက်နှာပေါ် သူများက ကြော်ညာထိုးသလို လာလာတင်ထားတဲ့အခါလည်း ကိုယ်ချင်းစာလို့ ဖြုတ်မပစ်ပါဘူး။ သူတို့လည်း လူဖတ်စေချင်လို့နေမှာပေါ့။ တခါတခါကျရင်တော့ ဝေါကို ပိတ်ထားရတယ်။ ကိုယ်က တစ်ပတ်နေမှ နှစ်ပုဒ်လောက် ရေးနိုင်တာ။ သူတို့က တစ်နေ့တည်း လေးငါးပုဒ်လောက် Tagged လုပ်ပြီး လာတင်ထားတော့ ပွစလောင်းကိုလန်နေတာပဲ။

         ရေးတာက သီချင်းတွေအကြောင်းဆိုပေမယ့် အဲသည်ကနေ ကိုယ့်ခေါင်းထဲရှိတာတွေ ပေါ်လာတဲ့အခါ ကိုယ်ဟာ အစိုးရဆန့်ကျင်ရေးသမားဆိုတဲ့ ရုပ်ကြီးက တစတစ ထင်ရှားလာတယ်။ တမင်လိုက်ဆန့်ကျင်နေတာတော့ မဟုတ်ဘူး။ သူတို့နဲ့ကိုယ်နဲ့  ပြဒါးတစ်လမ်း သံတစ်လမ်းမှန်း သိလာတာ။ ကိုယ်သာ ကွန်ဒိုပေါ်နေ၊ ပြိုင်ကားစီးတဲ့ လူကြီးသားတစ်ယောက်ဆို အဲ့သလိုအမြင်မျိုးးတွေ ဘယ်မြင်တတ်ပါ့မလဲ။ မြင်တောင် ပါးစပ်ကလေး ပိတ်နေမှာ သေချာတယ်။ လူဆိုတာ ကိုယ့်ရပ်တည်ချက်နဲ့ကိုယ်ကိုး။ ချိုကုပ်ရှိရာ ချိုထောင်မလာတဲ့အတွက် ကိုယ့်မိတ်ဆွေ သူငယ်ချင်း စာဖတ်ပရိသတ်တွေထဲမှာလည်း ဒီမိုသမားတွေ များများလာတာ သဘာဝပေါ့။ (ဒီမိုခေါ်တာ မကြိုက်ရင် ဟိုမိုလို့ မှတ်ပလိုက်မှာနော်)

          ရေးသက်တွေးသက်ကလေး အထိုက်အလျောက်ရလာတော့ ဟိုလူကောင်းတယ် သည်လူမကောင်းဘူးဆိုတဲ့ ပုဂ္ဂလဓိဋ္ဌာန်တွေကို ကျော်ပြီး ဘယ်သူဘယ်ဝါဖြစ်ဖြစ် သူလုပ်တဲ့အလုပ်ကိုပဲ ကောင်းတယ် မကောင်းဘူး ဝေဖန်တတ်လာတယ်။ ဖေ့စ်ဘုတ်ဟာ ပေါင်းသင်းဆက်ဆံရေးနယ်ပယ် ကျယ်ပြန့်လာရုံသက်သက်တော့ မဟုတ်ဘူး။ အတွေးအမြင်နဲ့ အသိအလိမ္မာလည်း တိုးတက်လာစေသားပဲ။ ဟိုးရှေးရှေ့ရေးကာစက စာတွေပြန်ဖတ်ရင် ကလေးဘဝက ဓါတ်ပုံတွေ ပြန်ကြည့်ရသလို ခံစားရတယ်။ ကိုယ်နဲ့ထိတွေ့နေတဲ့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းကလေးလည်း သိသိသာသာ ပြောင်းလဲလာတယ်။ အစိုးရကလော်တုပ်ရင် ဟုတ်ဟုတ် မဟုတ်ဟုတ်၊ “လက်ခုပ်တီးပြီး အားပေးလိုက်ကြပါခင်ဗျား။” ဆိုတဲ့လူတွေ မရှိတော့ဘူး။ သူတို့က ကိုယ့်ကို အမှန်တဝက်ရော ဖောက်ပြန်ရေးဝါဒီတစ်ယောက်အဖြစ် ဆဲဆိုစွန့်ခွာသွားကြပြီ။ သွားပစေလေ။ ကိုယ်စာရေးနေတာ မကျေနပ်ချက်တွေကို ဆဲဆိုဖွင့်ထုတ်ရုံသက်သက်တော့ မရည်ရွယ်ဘူး။ အပြစ်ကိုရှာတာ အဖြေကို တွေ့ချင်လို့။ အပြစ်တင်တဲ့ဆီမှာ ရပ်နေရင် ကိုယ့်မှာလည်း အပြစ်မကင်းဘူး။ အံ့သြစရာကောင်းတာက စစ်တပ်မကောင်းကြောင်း အစဉ်တစိုက်ရေးနေတဲ့ ကိုယ့်စာတွေကို တချို့သော စစ်သားကြီးများက စေ့စေ့စပ်စပ် ဖတ်ရှုဝေမျှနေတယ်။ ဆိုက္ကားသမားဖတ်ဖတ်၊ ဝန်ကြီးဖတ်ဖတ်၊ အလကားနေ မျက်နှာကြီးရာ ဟင်းဖတ်ပါတာတော့ မဟုတ်ပါဘူး။ အတွေးအမြင်မျှဝေတာကနေ အပြောင်းအလဲနဲ့ အရွေ့တစ်ခုခု ရှိလာနိုင်ကောင်းရဲ့လို့ မျှော်လင့်မိတာပါ။ ငါရေးလိုက်တာ ဘယ်သူဖတ်ပြီး ဘာတွေဖြစ်ကုန်တာပေါ့လို့ ဝါစရာအကြောင်း ရှိလို့လား။

          တဖြေးတဖြေးနဲ့ ကိုယ်စာရေးရတဲ့  အတွေးအမြင် Vision ကျယ်ပြန့်လာသလို၊ ရည်ရွယ်မျှော်မှန်းချက် Mission လည်း ကျယ်ပြန့်လာတယ်။ လက်တွေ့ဘဝထဲမှာလည်း ငါ့ဘက်ကကြည့်ရင် ငါသာအမှန်ဆိုတဲ့ တဘက်သတ် အတ္တစွဲတွေ ပါးလျားလာတယ်။ အရင်တုန်းက ဆရာဝန့်ဘက်က ရှေ့နေလိုက်မယ် လို့ ဆရာဝန်တွေဘက်က ကာကွယ်ခုခံ ချေပပြီး ရေးခဲ့တယ်။ နောက်တော့ ကိုယ်တိုင်က ဆရာဝန်တွေဘက်မှာ လိုအပ်ချက် ချို့ယွင်းချက်တွေကို သုံးသပ်ထောက်ပြပြီး ရေးတတ်လာတယ်။ ရေးရုံသက်သက် မဟုတ်ပဲ အပြင်မှာလည်း လက်တွေ့ကျင့်သုံးဖြစ်တယ်။ သူများတွေပြောတဲ့ စိတ်ကူးယဉ်ကမ္ဘာ Virtual World ထဲမှာ Blue Print ထုတ်ပြီး အပြင်လောက Actual World ထဲမှာ လက်တွေ့ အိမ်ဆောက်နိုင်အောင် ကြိုးစားတယ်။ ကိုယ်ဘာဖြစ်ချင်သလဲ ကိုယ့်ဖာသာ သိလာတာလေ။ ငါစာရေးတာ လူကြိုက်များရင် ဂျာနယ်တိုက်ကိုပို့ပြီး စာမူခတောင်းမယ်။ စာအုပ်ထုတ်ပြီး ရောင်းစားမယ်။ နံမယ်ကျော်ရင် မိန်းကလေးတွေ ဝိုင်းနေတတ်တယ်။ အဲ့ဒါတွေ တစ်ခုမှ စိတ်မဝင်စားဘူး။ အပြောင်းအလဲတစ်ခု လိုချင်တယ်။ စာဖတ်တဲ့သူတွေရဲ့ စိတ်ထဲမှာ။ ဒါပဲ။ အဲ့ဒါရရင် တော်ပြီ။

           အခုတော့ ဖေ့စ်ဘုတ်သုံးဖြစ်တာ ငါးနှစ်ကျော်လာပြီ။ တခြားအကောင့်ခွဲတွေ ကလောင်ပုန်းတွေလည်း မသုံးဘူး။ သည်အကောင့်တစ်ခုတည်းကနေ စွဲစွဲမြဲမြဲ သုံးလာတာဆိုတော့ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ခိုင်မာတဲ့ ပုံရိပ်တစ်ခုတော့ ထွက်ပေါ်လာခဲ့ပြီ။ သည်အကောင့်ကိုသုံးပြီး ဘယ်သူ့ကိုမှ ထိခိုက်နစ်နာအောင် ညောင်မြစ်မတူးခဲ့ဖူးတဲ့အတွက်၊ ကိုယ်နဲ့ပတ်သက်သူတွေ သိက္ခာကျ၊ ရှက်ရွံ့အားငယ်စရာတွေ မဖြစ်အောင် အနေအထိုင် ဆင်ခြင်ခဲ့တဲ့အတွက် ကျေနပ်ပါတယ်။ သည်အပေါ်မှာ မြင်နေဖတ်နေရတဲ့ ကိုယ့်ဘဝဟာ အပြင်မှာလည်း သည်အတိုင်း ထပ်တူပဲ။ ဘာကိုမှ လုပ်ကြံဖန်တီး ဖုံးကွယ်ထားစရာ မရှိဘူး လို့လည်း သိစေအပ်ပါတယ်။ (ဖင်လှန်ကြည့်ရင်တော့ ဖင်ပဲတွေ့ရမှာပေါ့ဗျာ။ သူများနည်းတူပါပဲ။) သူများကို ပြစ်တင်ဝေဖန်တတ်သူသက်သက် မဖြစ်လိုတဲ့အတွက်၊ ကိုယ်ကိုယ်တိုင်လည်း အပြစ်ကင်းအောင် အတတ်နိုင်ဆုံး ကြိုးစားတယ်။ ကိုယ့်ဘာသာပြုပြင်တယ်။ နှစ်တွေလတွေ ကြာလာတော့ အဲသည်အကျိုးးလည်း ကိုယ့်ဘာသာ ခံစားရတာပေါ့။ ဘယ်သူမပြု မိမိမှု မဟုတ်လား။ ကိုယ့်ရဲ့ အသက်မွေးမှုဘဝ Professional life နဲ့ Social Media နဲ့ ဘာမှ မသက်ဆိုင်ပဲ ဘယ်လိုစခန်းသွားနေတာလဲဆိုတာ သိချင်နေသူများအတွက်ပါ။ သူတို့ချင်း အညမညတော့ ဖြစ်ပါတယ်။

          တကယ်တမ်းကျတော့ သည်ငါးနှစ်အတွင်းမှာ ဖေ့စ်ဘုတ်ကြီးဟာ ကိုယ့်ဘဝကို အထိုက်အလျောက်တော့ ပြောင်းလဲစေခဲ့တာ အမှန်ပါပဲ။ အကျိုးးကျေးဇူးလည်း များပါတယ်။ ဒါပေမယ့် ကိုယ်က လောဘကြီးသလား မသိပါဘူး။ သည်ဖေ့စ်ဘုတ်ကြီးကို ကိုယ့်မိသားစုဘဝအတွက် တစ်နည်းတစ်ဖုံ အသုံးချချင်သေးတယ်။ ဖေ့စ်ဘုတ်ပေါ်မှာ သစ်ပင်စိုက်တယ် ဆိုပါတော့ကွယ်။ နောင်တစ်ချိန်ကျရင် သီးပွင့်လာဖို့အတွက်ပေါ့။ သမီး နဲ့ ကိုယ်ဟာ အသက်အားဖြင့် ၃၂ နှစ် ကွာတယ်။ ကိုယ်အခုပြောနေတဲ့စကားတွေကို သမီးလေးက နားလည်သဘောပေါက်နိုင်စရာ မရှိဘူး။ အတွေးတွေအမြင်တွေကိုလည်း လိုက်နိုင်မှာ မဟုတ်ဘူး။ ဒါတွေက သူ့အသက်ကလေး အထိုက်အလျောက်ရလာမှ ဖြစ်မှာ။ အဲ့သည်အချိန်ကျတော့ ကိုယ်က မရှိတော့ဘူး။ ငယ်ငယ်တုန်းက စူပါမန်းကားကြည့်တော့ မရှိတော့တဲ့ သူ့ဖေဖေ၊ မေမေက ရေခဲနန်းတော်ကြီးထဲကနေ အရွယ်ရောက်လာတဲ့ သားတော်မောင်ကလေးကို မှာတမ်းတွေ ချွေသလိုမျိုးး၊ ကိုယ့်သမီးလေးကို သိစေချင်တာ နားလည်စေချင်တာတွေကို တစ်ချိန်ချိန်မှာ ဖတ်ရှုနားထောင်ဖို့ ပြောပြထားရစ်ချင်တယ်။ နေရူးကြီး ထောင်ထဲကနေ အင်ဒီယာဂန္ဒီအတွက်ရေးတဲ့ “ချစ်သမီးသို့ ပေးစာများ” ကို အရမ်းပဲ အားကျမိတယ်။ အဲ့ဒါ ကိုယ့်ရဲ့ အိပ်မက်ပဲ။ ကိုယ်ငယ်ငယ်က အဖွားဖြစ်သူဟာ သူ့ဘဝအတွေ့အကြုံတွေကတဆင့် ကိုယ့်အတွက် သိသင့်သိထိုက်တာများကို ကရားရေလွှတ် တတွတ်တွတ် ပို့ချသွန်သင်ခဲ့တယ်။ သမီးကိုလည်း သူ့အဖေ ဘဝအတွေ့အကြုံတွေကတဆင့် ဘယ်လိုတွေးခေါ်သုံးသပ်သွားသလဲ။ သူဘာတွေမှားခဲ့သလဲ။ ဘယ်လိုအမှားတွေကို ရှောင်ခဲ့သလဲ ပြောပြချင်မိတယ်။ ခေတ်ရေစီးကြောင်းက တိုက်စားလို့ ယဉ်ကျေးမှု ကမ်းပါးတွေ ပြိုပြိုလိုက်လာတဲ့အခါမှာ ဖေတို့ခေတ်တုန်းကတော့ သည်လိုကလေးတွေ ရှိခဲ့ပါတယ်လို့လည်း ပုံပြင်ဟောင်းကလေးတွေ ထားခဲ့ချင်တာပေါ့။ တရုတ်ရာဇဝင်ဆရာကြီး စီမာချန်ဟာ သူသေတော့မှ သူ့မြေးကလေးဖတ်ရှုဖို့ သူတစ်သက်တာပြုစုခဲ့တဲ့ ရာဇဝင်သမိုင်းကျမ်းကြီးကို တောင်တော်မြတ်မှာ    မြှုပ်နှံထားခဲ့သလိုပါပဲ။ ကိုယ်ရေးတဲ့စာတွေဟာလည်း တစ်နေ့သောအခါ ကိုယ့်သမီး အလွမ်းပြေ ဖတ်ရှုရယ်မောဖို့၊၊ သူ့အဖေအကြောင်းကို နားလည်နိုင်စေဖို့၊ အဖေ့ဘုတ်အုပ်ကြီးတစ်အုပ်အဖြစ် ချန်ရစ်ထားခဲ့ချင်ပါတယ်လေ။
Soe Min

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...