Saturday, December 20, 2014

အရူးနောက်လိုက်များ......


`` တကယ်တော့ မာနဆိုတာ အရူးတစ်ယောက်ရဲ့ ခေါင်းမှာ ပန်ထားတဲ့ ပန်းလိုပဲကွ၊ အရူးကို မင်းဆဲလည်း သူပြန်ပြီး ပြုံးချင် ပြုံးပြနေမယ်...၊
မောင်းထုတ်ရင်လည်း သူထွက်ပြေးသွားမယ်...၊
ရိုက်လိုက် ကန်လိုက်ရင်လည်း သူပြေးသွားမှာပဲ...၊

ကြုံတဲ့နေရာကို ဟိုတယ်က ကုတင်ကြီးလို့ ထင်ပြီး အိပ်ချင်လည်း သူအိပ်မယ်...၊
ရရာ အစာလေးကိုလည်း နတ်သုဒ္ဓါအလား အားရပါးရ စားချင်လည်း စားမယ်...၊
ဒါပေမယ့် မင်း တစ်ခု သတိထားရမှာက
သူပန်ထားတဲ့ ပန်းကလေးကိုတော့ သွားယူမိတာတို့...၊
လွှင့်ပစ်မိတာတို့... မလုပ်မိစေနဲ့ကွ....။
အေးတကယ်လို့ အဲသလို မင်းလုပ်လိုက်မိရင်တော့... သူမင်းကို အသေအကျေတိုက်ခိုက်လိမ့်မယ်....၊
ဘာကြောင့်လဲ သိလား သူက သူ့ဘ၀ သူ့ခန္ဓာကိုယ်ထက် သူပန်ထားတဲ့ ပန်းကို ပိုပြီး တန်ဘိုးထားလို့ပဲ...၊ သူက ပုံမှန်စိတ်မရှိတဲ့ စိတ်ဝေဒနာသည်တစ်ယောက်ဖြစ်နေလို့ပဲကွ´´
ကျွန်တော် သိပ်ပြီး စိတ်မ၀င်စားပေမယ့် လူကြီးတစ်ယောက်က ပြောနေတဲ့ စကားကိုတော့ ငြိမ်ငြိမ်သက်သက် နားထောင်ဖြစ်ပါတယ်...။ ဂါရ၀သဘောတရားအရဆိုပါတော့...။
`` အေး လူတိုင်းကတော့ အဲသလို ဘာမဟုတ်တဲ့ ပန်းတစ်ပွင့်စီကို ပန်ဆင်ထားကြတယ်ကွ...
တစ်ချို့ကလည်း ပညာဆိုတဲ့ ပန်းပေါ့ကွာ..
တစ်ချို့က ဥစ္စာပေါကြွယ်ဝတဲ့ ပန်းပေါ့...
တစ်ချို့ကျတော့လည်း ရုပ်အဆင်း...
တစ်ချို့က ဆွေမျိုးညာတိ ဇာတိဂုဏ် စသဖြင့်ပေါ့...၊
ကိုယ်ပိုင်ဆိုင်ထားတဲ့ ပန်းတိုင်းကို ဂုဏ်ယူစွာ ပန်ဆင်ထားကြတာပဲ...။
တစ်ချို့လည်း အချစ်ရူးပေါ့.... ဟဲဟဲဟဲ
အရူးတွေကတော့ ပြတ်ပြတ်သားသားရူးကြတယ်...
ပုတုဇဉ်တွေက မသိမသာ ရူးကြတယ် ဒါပါပဲ...
ပုတုဇနော ဥမ္မတကော...တဲ့၊ ဘုရားရှင်ဟောကြားထားတယ်...
နိဗ္ဗာန် မဂ်ဖိုလ် မရသေးသမျှတော့ အားလုံးက အရူးတွေချည်း ပေါ့ကွာ.....´´
ဒီတစ်ခါတော့ ဒီဦးလေးကြီးပြောတဲ့ စကားကို သဘောကျလို့ သူ့အကြမ်းခွက်လေးထဲကို ရေနွေးတစ်ခွက် ငှဲ့ပြီး ဂုဏ်ပြုပေးလိုက်တယ်...။
သူလည်း နောက်ဆုံး တစ်ခွက်ကို သောက်ပြီး အေးအေးဆေးဆေး ထထွက်သွားတယ်...။
ကျွန်တော် ဆက်စဉ်းစားဖြစ်ပါတယ်.... ကျွန်တော် ဘာရူးနေတာလဲ ?
သူရော ဘာတွေ ရူးခဲ့သလဲ ? နောက်ပြီး လက်ရှိ ဘာတွေ ရူးနေသလဲပေါ့...။
ဘုရား ဟောထားတဲ့ တရားတော်ကတော့ မှားစရာမရှိဘူး...။
လူဆိုတာ တစ်ခုမဟုတ် တစ်ခု ရူးနေကြတယ်....။
ရူးသွပ်ခြင်းတွေကိုပဲ လှသည်ထက်လှအောင် အလှဆင်နေကြတယ်...။
ဒီလိုကြိုးစားကြရင်းနဲ့ ဆန္ဒတွေ တစ်နည်းအားဖြင့် လောဘတွေ ကြီးလာကြတယ်...။
ဒီလောဘတွေကို မနိုင်မနင်းဖြစ်ရင်း နေမြင့်လေ... အရူးရင့်လေ ဖြစ်လာကြရတယ်...။
သာမန်လူတွေ ရူးနေကြတာက တော်ပါသေးတယ်.....
ထင်ပေါ်ကြော်ကြားသူများ ရူးတဲ့ အခါ.... သိပ်ကို အသိမြန်တတ်ကြတယ်... လူတွေလည်း ၀ိုင်းပြီး ကဲ့ရဲ့ ပစ်တင်ပေးကြတယ်...
ရူးသွပ်ခြင်းကြောင့်ပဲ ထင်ပေါ်ကြော်ကြားသွားကြတယ်...။
တစ်ခါ ဒီလို ရူးသွပ်တာကို အားကျတဲ့ သူတွေက ဒီရူးနည်းအတိုင်းပဲ ဆက်ပြီး အတုခိုးကြပြန်တယ်.... ဆက်ပြီး ရူးကြတယ်...
သူတို့ရူးတော့ လူတွေက အပြစ်မတင်ကြတော့ဘူး... ရှင်းရှင်းပြောရရင် သူတို့ မထင်ပေါ်တော့ဘူးပေါ့...။
အဲဒီအခါမှာ သူတို့ ဒေါသတွေ ထွက်လာကြတယ်...။
ဒေါသနောက်ကိုလိုက်ရင်း သွက်သွက်ခါလာကြတယ်...။
အဲဒီလို ရူးနေသူတွေ ထဲမှာ ခေါင်းဆောင်တွေ ရူးရင်တော့ ကျန်တဲ့ ငယ်သားတွေပါ မရူးမနေရ ရူးနေကြရတော့တာပေါ့....။
ကျွန်တော်လည်း ရူးနေတယ်....
ကျွန်တော့်မှာ အဖွဲ့အစည်းရှိတယ်...၊
ခေါင်းဆောင်လည်းရှိတယ်...၊
သူကတော့ တရားဝင် တပည့်ကျော်အဖြစ် အသိအမှတ်ပြုထားတာ မဟုတ်ပါဘူး...
ကိုယ့်ဟာကိုယ် သူများ လေးစားတယ်ဆိုလို့ ခေတ်မီအောင် လိုက်ပြီးလေးစားထားတဲ့ ခေါင်းဆောင်ကြီးပေါ့.....။
အစိုးရ၀န်ထမ်းဖြစ်စေ.....
ပါတီဝင်ဖြစ်စေ....
ပရဟိတအဖွဲ့ဖြစ်စေ....
ဥက္ကဌကြီးဖြစ်စေ...
နာယကကြီးဖြစ်စေ...၊
သာမန်လူဖြစ်စေ....
ပုတုဇနော ဥမ္မတကော... သဘောအရ အားလုံး ရူးနေကြရတယ်တဲ့....။
ကျွန်တော်တို့က ခေါင်းဆောင်နောက်ကို လိုက်ကြရတဲ့ ငယ်သားတွေ ဆိုတော့ ခေါင်းဆောင်ကြီး ရူးရင်...
ဘာမသိ ညာမသိ ကျွန်တော်တို့လည်း လိုက်ရူးကြရမှာပေါ့....။
ခေါင်းဆောင်ကြီးက ပြင်ဆိုရင် လိုက်ပြင်...
ပြောင်းဆိုရင် လိုက်ပြောင်း...
သဘောတူတယ်ဆိုရင် လိုက်တူ......
မတူဘူးဆိုရင် ဟင့်အင်းပေါ့.....။
ဟူး.... ခုမှ စဉ်းစားမိတယ်...
ကျွန်တော်တို့ ရူးနေတာက ကိုယ်ပိုင် ရူးသွပ်ခွင့်နဲ့ ရူးနေတာ မဟုတ်ပဲ... သူများရူးတဲ့နောက်ကို လိုက်နေရတဲ့... အဆင့်နိမ့် အရူးတွေပါလားလို့.....။
တကယ့် အရူးက ကိုယ်ထင် ကုတင်ရွှေနန်း.... ဘ၀နဲ့ နေနိုင်တယ်...။
ကျွန်တော်တို့လို အရူးနောက်လိုက် အဆင့်နိမ့် အရူးတွေက ရူးသွပ်ခြင်းကိုတောင် ဆန်းစစ်ခွင့်မရခဲ့ဘူး.....။
စဉ်းစားဖြစ်လို့ ကျေးဇူးတင်စကားပြောမလို့ ကြည့်လိုက်တော့ အရူး ဒဿန ချပြသွားတဲ့.... ခုဏက ဦးလေးကြီးက ဟိုး အဝေးကြီးကို ရောက်သွားပြီ....
လှမ်းပြောဖို့လည်း မမီတော့ဘူး.....
ဒါပေမယ့် စိတ်ထဲကနေ လှမ်းအော်လိုက်ပါတယ်....
`` ဦးလေးကြီးရေ.... ကျေးဇူးပါဗျ....´´ လို့။
(ကွန်ဆူးမား)(၆-၉-၂၀၁၃)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...