Thursday, December 25, 2014

“မုန်းပါတယ် မောင့်ကို”

          “မရှိတော့ဘူး။ သွားရှာပြီ။” လို့ အကြိမ်ကြိမ် အခါခါ ကောလာဟလတွေပလူပျံလာခဲ့ပြီးမှ “ပေတစ်ရာဆီ လျှောက်ပါလို့ မြင်သလောက် ပြလိုက်ချင်ပါသည်။” ဆို တုံးကျော်မလုပ်လုပ်ပြတဲ့အခါ ပွဲခံမလို့ပြင်တဲ့သူတွေမှာသာ ခဲလေသမျှ သဲရေကျရသတဲ့။ “အိုး ဟိုး နေနိုင်သူကြီးနေနိုင်သူကြီးရေ။” လို့သာ အော်လိုက်ချင်တော့တယ်။ ဘာပဲပြောပြော သူ့အပေါ် လူတွေက ဘယ်လောက်မေတ္တာထားကြမှန်းကို “သိပ်ချစ်တာ သူသိပါကွယ်။” လို့ သဘောထား ဖော်ထုတ်ခွင့်ရတာပေါ့လေ။ဒါတောင်မှပဲ အငြိမ့်ထဲက လူပြက်ကြီးတွေ ပြက်လုံးထုတ်သလို “ပန်း မသေရဘူး။ မောင့်ပန်းမသေရဘူး။”လို့ ခါးပုံစကြီးပိုက် ငိုပြတဲ့သူတွေကလည်း ရှိသေး။ တို့ကတော့ မယုံပါဘူးကွယ်။ မရှိတော့ရင်ဆက်ခံရမယ့်သူတွေက “အသေစောလို့ နှမြောလှချည်ရဲ့” လို့ မျက်ရည်လေး စမ်းစမ်း စမ်းစမ်းလုပ်နေရင် ကူငွေမျှော်နေသေးလို့ပဲ ဖြစ်ရမယ်။ မျက်လုံးကဖြင့် ကျီးကန်းတောင်းမှောက်နဲ့ အိမ်အောက်က ခွေးသားအုပ်မတောင် ဘယ်နှစ်ကောင်စီ ယူရမလဲ ခွဲတမ်းချပြီးနေပြီ။ သည်အကွက်တွေကကိုယ်မှ မဟုတ်ဘူး ကာယကံရှင်ကိုယ်တိုင်လည်း သဘောပေါက်တယ်။ သူအရင် က လာခဲ့တာပဲဟာ။ သူ့ရှေ့ကသွားနှင့်သူတွေဟာ သူ့လောက်တောင် ဆုတ်ကွက်ဆင်ချိန်မရဘူး။ လူတွေက အာဏာသိမ်းတယ်ဆို ၆၂နဲ့ ၈၈ ပဲ ပြေးမြင်တာ။ သူတို့အချင်းချင်းထဲမှာ အတွင်းကျိတ် အာဏာသိမ်းခဲ့တာ မရှိခဲ့ဘူးလို့ ပြောနိုင်သလား။


          ဥက္ကဋ္ဌကြီးဟာသူ့တပည့်တွေကို အာဏာသိမ်းခိုင်းလိုက်ပြီးတဲ့နောက် သူကိုယ်တိုင်က နောက်ကွယ်မှ ကြိုးကိုင်သူနေရာကိုဆုတ်သွားခဲ့တယ်။ အရေးကြီးတာက သူမနိုင်လို့ လွှတ်ချလိုက်တဲ့အာဏာဟာ စစ်တပ်ရဲ့ အပြင်ဘက်ကိုရောက်သွားလို့ မဖြစ်ဘူး။ အဲ့ဒါကြောင့် စကားတွေကျွံပြီး စစ်တန်းလျားပြန်မယ် ကတိပေးထားမိတဲ့ကျန်စစ်သားမင်းကြီးကို “မချစ်လို့တော့ မဟုတ်ပါ။ ချစ်သော မဏိစန္ဒာ။” ဆို ပလပ်ဖြုတ် အပ်နှုတ်ပေးလိုက်တယ်။နိုင်ငံရေးမှာ တစညဆိုတဲ့ ကျားသေကို ဘယ်လိုမှ အသက်သွင်းလို့ မဝင်နိုင်တော့မှန်း သဘောပေါက်သွားတဲ့အတွက်တပ်မတော်ကြီးကိုပဲ အင်အားရှိဖို့ အရာရာကို ကူညီခိုင်းတော့တယ်။ ရူးတဲ့သူက ကတိတည်မှာစိုးလို့ကျန်တဲ့အကောင်းကြီးတွေက
ရွေးကောက်ပွဲရလာဒ်တွေကို “အလကားအလကားနော်။ ဒါ အစိမ် မဟုတ်သေးဘူး။အစမ်း အစမ်း။” လို့ အရူးကွက်နင်းပလိုက်တယ်။

           ဒီလိုနဲ့သူ့အာဏာတွေဟာ ဖိတ်ချင်းဖိတ် သူ့အိပ်ထဲပဲ ပြန်ဖိတ်သွားပြန်တယ်။ ဒါပေမယ့် သူ့တပည့်တွေဟာလည်းအာဏာကို လက်ပူအောင် ကိုင်လိုက်မိပြီးတဲ့နောက် သူဆွဲနေတဲ့ကြိုးတွေကို တစ်ပင်ချင်းဖြတ်တောက်ပြီးကိုယ့်အာဏာကိုယ် ထူထောင်ဖို့ ကြိုးစားခဲ့တာပဲ။ တပည့်တွေက တစ်ဗိုလ်တစ်မင်းဆိုတော့ မြင်းကိုရထားနဲ့ထိန်း၊ ရထားကို ရဲတိုက်နဲ့ထိန်း၊ နောက်ကနေ တစ်ယောက်ကိုတစ်ယောက် မလှုပ်နိုင်အောင်ထိန်းဖို့သူကတော့ ထောက်လှမ်းရေးကို အားကိုးခဲ့တယ်။ ပန်းစိုက်သမားကြီးရဲ့ ပါဝါတွေဟာ သူကအရှင်မွေးခဲ့လို့နေ့ချင်းကြီးလာခဲ့တယ်။ လူဆိုတာ သေမျိုးဆိုတော့ သေမင်းနဲ့တော့ ဇယားရွှေ့လို့ ဘယ်ရမလဲလေ။သူ့ရဲ့နောက်ဆုံးအချိန်တွေအထိ သူ့လက်ထဲ အာဏာတွေ ကျန်၏ မကျန်၏ ဘယ်သူမှ အတတ်မပြောနိုင်ဘူး။အသုဘတော့ ကျိတ်ငို ကျိတ်ချလိုက်ရတယ်။ သူမရှိတဲ့နောက် မကြာပါဘူး သားတွေ မြေးတွေ ထောင်ထဲရောက်ကုန်တယ်။ (အဖမ်းခံရတော့ သူရှိနေသေးသလား မမှတ်မိတော့ဘူးဗျ)

           လူမတတ်လည်းလက်ဘက်ထုပ်တွေ အလိုလို တတ်လာတဲ့ ခေတ်ကြီးမှာ အစတုန်းက သူ့အလိုကျ ဆွဲတိုင်းကရတဲ့ ရုပ်သေးကလေးတွေဟာလည်းသူမရှိတော့တဲ့နောက် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆက်ကကြတဲ့အခါ အချင်းချင်း စင်ပြိုင်ကလေးတွေဖြစ်လာကြတယ်။ အပြိုင်အဆိုင်ရှိတော့ တိုးတက်တာချည့်ပဲတော့မဟုတ်ဘူး။ ထိုးနှက်တာတွေလည်းပါလာတာပေါ့။ ဘရွှေကြီးလက်အောက်မှာ ဖိန့်ဖိန့်တုန်ရတဲ့ အတွင်းရေးမှူး (၃) ယောက် ထားဖူးတယ်။အိမ်ရှေ့မင်းသားရာထူး ဆိုပါတော့။ အခု တစ်ယောက်မှ မရှိတော့ဘူး။ တစ်ယောက်သောသူဆို အိမ်ထဲဗုံးကွဲတာရော၊ တရုတ်လှရွာနား ရဟပ်ယာဉ်ပျက်ကျတာရော ကံကိုပဲ ယိုးမယ်ဖွဲ့လို့ရတယ်။ လက်သည်တော့ရှာမရဘူး။ (မတော်တဆပါနော်။ မတော်တဆ) တန်ခိုးထွားလွန်းတဲ့ တိုင်းမှူးကြီးတွေ၊ ဝန်ကြီးတွေတစ်ယောက်ပြုတ်သွားလိုက်၊ နောက်လူတွေ တက်သိမ်းလိုက်လုပ်လာခဲ့တာဟာ အတိုက်အခံပါတီရဲ့ ထိုးနှက်ချက်ပယောဂနည်းနည်းလေးမှ မပါပါဘူး။ (တပ်စရာပုဒ်မ မရှိရင် မင်းဘာယူမလဲ။ ဗြိုက်ဘရီ ယူမလား။ အဒါထွီယူမလား လို့ ရွေးခိုင်းတယ် ဆိုပဲ။ အဟိ။) သူတို့အချင်းချင်းအားပေးစကားပြောတဲ့ ဘယ်သူခွဲခွဲတို့မကွဲ အမြဲစည်းလုံးမည် ဆိုတာ သူများကလာ သွေးခွဲတာကို ပြောတာမှ ဟုတ်ရဲ့လား မသိ။

            တကယ်တမ်းကျတော့အာဏာဆိုတာ မီးလိုပူတာပဲ။ ကိုယ့်အိမ်ကိုယ်နေရင်းလည်း ရှေ့တန်းစစ်မြေပြင်လို အန္တရာယ်ရှိတယ်။ကိုယ်အသက်ပေးပြီး ကာကွယ်ထားခဲ့တဲ့ ရဲဘော်ရဲဘက်တွေကလည်း နောက်ကျောကို ဓါးနဲ့ထိုးမယ့်သူဖြစ်ချင်ဖြစ်နေတတ်တယ်။ ဘယ်သူ့ကိုမှ မယုံရဘူး။ ဆရာဝန်က ဆေးပေးရင်တောင် “အဲ့ဒါ ဘာဆေးလဲ။ဘာတွေ ဖြစ်တတ်သလဲ။ ဘာနဲ့တည့်ပ့ါမလား။ မင်းအရင်သောက်ပြ။” ဆိုတဲ့အမျိုး။ နေထိုင်မကောင်းရင် အပြင်ဆရာဝန်တွေနဲ့ ပြလေ့မရှိဘူး။ စိတ်ချရတဲ့သူတစ်ယောက်ယောက်ကိုပဲ ဝင်စေထွက်စေ လက်စွဲထားကုတယ်။ သူများကို ဆေးထိုးလာတဲ့သူမို့ သူ့အလှည့်ကျဆေးထိုးခံရမှာကိုလည်း သိပ်ကြောက်တာ။ လဂျားယန်က စစ်ဘေးဒုက္ခသည်တွေမှ အသက်ကို ဖက်နဲ့ထုပ်ထားတာမဟုတ်ဘူး။ သူတို့လည်း သူတို့အသက်ကို အိုးမကွာအိမ်မကွာ ဖက်နဲ့ထုပ်ထားရတာပဲ။ အကြောက်တရားချင်းကအတူတူပ။ သူတို့က ပိုတောင်ပိုသေး။ မိုးကြိုးပစ်ရင်လည်း ကြောက်တယ်။ ဘုန်းကြီးတွေ မေတ္တာပို့သံကြားလည်းကြောက်တယ်။

            အာဏာလက်ရှိလူကြီးသမီးပျိုများဟာလည်း လင်ကောင်းသားကောင်းရဖို့ ခဲယဉ်းတယ်။ (ဖိတ်စာပေါ်မှာတော့ ဒိတ်ဒိတ်ကြဲပေါ့နော်)အချင်းချင်း စပ်ဟပ်ပေးစားမှ သာဆိုးရော။ ဒူးနဲ့မျက်ရည်သုတ်တာတောင် အသံမထွက်ဝံ့တဲ့ဘဝ။မင်းသမီးမော်ဒယ်တွေကို စပွန်ဆာပေးတဲ့သူမဟုတ်ရင် သူငယ်မွေးစားတဲ့သူ ဖြစ်နေလိမ့်မယ်။သည်အသိုင်းအဝိုင်းထဲ ကျင်လည်ဖို့ ချိုကုပ်ရှိရာ ချိုထောင်မလာဘူး။ သားမက်တော်ထားပြီးရင်ဖေဖေ မပြုတ်မချင်း ဘယ်သူကမှ ကွာမပေးဘူး။ ကွကို ဆာရင်ဆွဲစား ဈေးမများဘူး။ သူတို့လောက်အမ်းနိုင်တာ သူတို့ပဲ ရှိတယ်။ ဒိုးတူဒိုး ဆားဗစ်ပေးမယ့် အကျိုးဆောင်ကြီးတွေလည်း အသင့်။လူကြီးသားများကတော့ အားကျဖွယ်ပ။ ဝက်ဝက်ကွဲပေါက်တဲ့ ဟိုအခွေထဲ မင်းသားဖြစ်နေတဲ့သူလည်းရှိတယ်။ ဗြူတီပါလာက မာမားစံကို ဘိသိက်ခံပြီး စုလျားရစ်ပတ်တဲ့သူလည်း ရှိတယ်။ ဒီဂျေဘားရှေ့မှာခြေမကုန်းစုပ်တဲ့သူလည်း ရှိတယ်။ လုလင်အိမ်ပြန်က သူများတကာ အာရုံဆွမ်းပင့်တဲ့ကားကိုဝင်ဂျိန်းတာလည်း ရှိတယ်။ သူတို့ကို ဘယ်သူမှ မနိုင်။ (သူများအကြောင်းလည်း မပြောတတ်ပါ။စပ်မိစပ်ရာ ဘာညာကွိကွ။) အာဏာကိုဖက်တွယ်ထားနိုင်မှ ကိုယ့်သားကိုယ့်မယားကောင်းစားမယ်လို့ထင်နေတာဟာ တကယ်တော့ မှားတယ်။ စည်းစိမ်ယစ်မူး ပျက်စီးတဲ့သူက ပိုများတာ။ ချမ်းသာတာကတော့မေတ္တးရှင် ပွင့်တဲ့ထိတောင် စားမကုန်ဘူး မှတ်ရ။ ဘာမှ မလုပ်ပဲ ထောင်ကထွက်ရင် အကြီးဆုံးဘဏ်ကိုကောက်ဝယ်ပလိုက်လို့ရတယ်။

          သည်အခြေအနေကိုရောက်ဖို့သူတို့ဖေဖေ ရင်းနှီးပေးဆပ်ခဲ့ရတာတွေက နှလုံးသားအရင်းအနှီး သက်သက်တော့ မဟုတ်ပါဘူး။ တစ်ဘဝလုံးစာရင်းခဲ့ရတယ်။ တချို့များဆို သည်တစ်ဘဝအတွက်နဲ့ တသံသရာလုံးစာ ရင်းရရှာတယ်။ မစင်တွင်းထဲမှာထိပ်ဆုံးက ရွစိရွစိတက်လာနိုင်ဖို့အတွက် သူတို့မှာ ခြောက်ပြစ်ကင်း သဲလဲစင်နိုင်မှ ရသတဲ့။ဗမာစစ်စစ် ဖြစ်ရတယ်။ ဘာသာခြား မဖြစ်ရဘူး။ ကျန်းမာရေး ဒေါင်ဒေါင်မြည်ရတယ်။ ဘီပိုး စီပိုးအေပိုး ကိုက်လို့မရ။ အိုဗာဝိတ်တောင် ဖြစ်လို့မရ။ ဆွေထဲမျိုးထဲ သူပုန်မပါရ။ လူပျိုကြီးလည်းမဖြစ်ရဘူးတဲ့။ (မိန်းမ မရှိသေးရင် ပုန်းကာမှ ပုန်းရော၊ အတင်းပေးစားတာ) ဗောဓိကုက္ကိုညောင်ထိုထို လူပျိုစစ်သား မရှိငြားဆိုလား။ မယားငယ်တွေ ဘာတွေလည်း တရားဝင်ထားလို့မရ။(ခိုးစားချင်စားလေ။ အိမ်ကဟာမကြီး တိုင်လို့ကတော့ အပြုတ်) အဲ့ဒါတွေ တစ်ခုခု ညိရင် ဆင်ခြေမပေးနဲ့။No Offense ။ အရပ်ဘက်ကြွ။ ဒါတွေ အကုန်စင်လို့လည်း မဝင်သေးဘူး။ No စာရင်းပြီးရင်Yes စာရင်း ရှိသေးတယ်။ ဘယ်သူ နဲ့ ဘာတော်သလဲ။ ဘွဲ့ရသလား။ မိန်းမကရော ပညာတတ်ရဲ့လား။ (ဆရာဝန်မဆိုအမှတ်တက်သတဲ့။) ပညာတတ်ရုံနဲ့ မပြီးဘူး။ ကတော်တွေအိမ်ဘက် အဝင်အထွက် ညက်ရဲ့လား။ ဘာကြီးဖြစ်နေနေ။ထမင်းချက် ဈေးဝယ် ကလေးထိမ်း သနပ်ခါးသွေးတော့ ဝင်လုပ်ရမှာပဲ။ ချစ်လေးကို မမ ပေးမယ့်အမှတ်မပါရင် မောင် စာမွဲမအောင်နိုင်ဘူး။ လေးလပတ် အဝင်အထွက် မြို့တော်ရင် ရွာတော်ရင်စားတော်မတိုက်ရင် ရိုးရာက ကိုင်တတ်သေး။ စစ်ထွက်ပွဲ စစ်ပြန်ပွဲ၊ ထိန်ခုတ်ပွဲ ယုန်လိုက်ပွဲတွေမှာကန္နားကြီးငယ်မှ မခင်းနိုင်ရင် တသက်လုံး အပြင်စည်းထဲကသာ ခစားတော့။ သူတို့ရှာရတာ သားကျွေးမှုမယားကျွေးမှုတင် မကဘူး။ လက်အောက်ငယ်သား ဝေစားမျှစား၊ လူကြီးသူမ တင်မြှောက်ပသဖို့ပါ ပါတယ်။(ပူပါနဲ့အေ။ မည်းမည်း မြင်သမျှ ကိုယ့်ထန်းတောချည်း မှတ်လို့ရပါတယ်)

            အဲသည်အရည်အချင်းတွေနဲ့ပြည့်စုံရင် အရေးအကြီးဆုံး လိုအပ်ချက်တစ်ခု ရှိသေးတယ်။ အဲ့ဒါက အထက်မှာ ကိုယ့်ကို မစမယ့်ဆရာသမားတစ်ယောက် ရှိကိုရှိရမယ်။ ဆရာ မ မ ငပိဖုတ်တောင် မီးမဝတဲ့။ တော်ကောက်မှ အပေါ်ရောက်တာ။လူကြီးသဘောကျစေဖို့ကတော့ ဘာမှ မခက်ပါဘူး။ မောင်ရစ်တုန်းက လုပ်တဲ့ အနားရှိတဲ့သူ ထထောင်းတာကမှအခန့်မသင့်ရင် သူ့လူထောင်းမိပြီး ကွာတားကျဖို့နီးသေး။ လွတ်လွတ်ကင်းကင်း ဟိုဘွားတော်ကြီးသာအားရပါးရ ထွက်ထွက်ထောင်းပြလိုက်။ ဆုတော်လာဘ်တော်တွေကို စည်နေမှာ။ (မယုံမရှိနဲ့။ သူ့ထောင်းပြီးကောင်းစားသွားတဲ့သူတွေ ပေါမှပေါ) တိုက်ခိုက်ရေးစွမ်းရည်ဆိုတာ နောက်တန်းကလည်း ပြလို့ရပါတယ်။ကိုယ့်ဆရာသမားစိတ်ထဲမှာ “သည်ကောင်ဟာ ငါ သေဆို သေ ရှင်ဆိုရှင်၊ ခိုင်းသမျှကို မဆိုင်းမတွလုပ်မယ့်ကောင်။ ငါ့လူ ငါ့ဘက်သားစစ်စစ်” လို့ ယုံကြည်စိတ်ချထားပြီးသား ဖြစ်ရမယ်။ ဒါမှသူသွားရင် သူ့နေရာမှာထားခဲ့ပြီး နောက်ကွယ်က ဆက်ကြိုးကိုင်လိုက်မယ် လို့ မူလလက်ဟောင်းသိုင်းကွက်ကြီးကို ပြန်ထုတ်သုံးလိမ့်မယ်။

           ခုတော့ ပြောရင်းဆိုရင်း ပဋိစသမုပတ် စက်ရဟတ်ကြီး တပတ်လည်လာပြန်ခဲ့ပြီ။ကြိုးကိုင်သူ ဘွရှင်ကြီးက သေခမူနာသရော၌တည်း လို့ သတင်းတွေက ထွက်လာပြီ။ နောက်ကွယ်က ကြိုးတွေလျော့ရဲရဲဖြစ်လာလို့ အရုပ်ကလေးတွေ ကြိုးရှုပ်စပြုလာပြီ။ ဟိုးရှေးရှေးတုန်းက တရုတ်ပြည်မှာပထမဧကရာဇ်ကြီး နတ်ရွာလားတုန်းကလို မသာတော် လှည်းပေါ်တင်ပြီး နေရာတော်ခင်း အကွက်ရွှေ့မပြီးမချင်း ဆက်တိုင်းခန်းလှည့်ပြနေမှာတောင် ကြောက်ရသေး။ ဗေဒင်အလိုအရ မင်းပြောင်းမင်းလွဲဆိုတာငါးနှစ်တစ်ခါ ရွေးကောက်ပွဲပြီးမှ မဟုတ်ပဲကိုး။ တစ်ယောက်တက်လာ အာဏာထူထောင်ဖို့ ကြိုးစား၊ဆင်းချိန်နီးတော့ နောက်ကွယ်က ကြိုးကိုင်စရာ မီးသေတဲ့တပည့်ရှာ၊ သူသေတော့ အာဏာအမွေတွေခွဲကြ။သည်ဇာတ်လမ်းကြီး မြင်ဖူးပါတယ် မှတ်နေ။ ကိုယ့်မျက်စိအောက်တင် ကလာတာ တစ်ကျော့နှစ်ကျော့တေးကိုသီ ဖြစ်နေပေါ့။

           သည်ဆိုးကျော့သံသရာ(Vicious Cycle) ကြီးကို ရောက်တဲ့နေရာက အမြစ်ဖြတ်နိုင်အောင် ဘယ်လိုလုပ်ရပါ့မလဲလို့စဉ်းစားကြည့်တဲ့အခါ အခုလာမယ့် ၂၀၁၅ ရွေးကောက်ပွဲကြီးမှာ NLD ကို တခဲနက် မဲပေးလိုက်ကြဖို့ပဲရှိတယ်။ ဝါးကနဲသာ ရယ်လိုက်ကြပါလေ။ ရူးလို့ပြောတာလည်း မဟုတ်ဘူး။ မူးလို့ပြောတာလည်း မဟုတ်ဘူး။ဒုတိယဘုရားသခင်ကို မျက်စိမှိတ်ကိုးကွယ်နေတဲ့ ဒီမိုသာဝကကြီးလည်း မဟုတ်ဘူး။ လက်ရှိအခြေအနေမှာအဲသလိုမဖြစ်မနေ NLD ကို မဲပေးအောင် လောဆော်နေတာ သူ့ပါတီကလူတွေ ထင်လို့လား။ အခုလက်ရှိ အာဏာရနေတဲ့ကြံ့ဖွံ့ပါတီနဲ့ ဘောင်းဘီချွတ်အစိုးရကိုယ်တိုင်ပဲ။ ကိုပါကြီးကိစ္စတွေ၊ ဒေါ်ခင်ဝင်းကိစ္စတွေ၊နေ့စဉ်နဲ့အမျှ ဒုက္ခကြီးစွာ အလုပ်သွားအလုပ်ပြန် ကားစီးကြရတဲ့ ရန်ကုန်သူ ရန်ကုန်သားတွေရဲ့စိတ်ဆင်းရဲမှု၊ လခတိုးပေးမယ်လို့ သတင်းတွေလွှင့်လွှင့်ပြီးတဲ့နောက် လခကတကယ်မတိုးပဲ ဈေးတွေကသာပြန်မဆင်းတမ်း တက်တက်ကျန်ရစ်ခဲ့တာတွေ၊ မြေသိမ်းယာသိမ်းပြဿနာ၊ ဖြစ်ခဲ့ဖြစ်ခဲ့ပြီးသမျှသော
ပြဿနာပေါင်း သောင်းခြောက်ထောင်ကို နောက်ထပ်မကြုံချင်ဘူးဆိုရင် ဒေါ်စုကို အဖော်ပြုရုံမှတပါးအခြားမရှိပြီ။ ပြောရဲချက်ကဖြင့် ဘူးလက်ကြီးလောက် ရှိပ။ ဆုတောင်းလေ ဆုတောင်း လို့ အားပေးမယ့်သူတွေဘယ်နည်းမလဲ။ ကိုယ်လည်း အစကတော့ မယုံပါဘူး။ အဲသလို အားပေးမယ့်သူတွေကြောင့်ပဲ သေသေချာချာပြန်စဉ်းစားကြည့်တဲ့အခါ သွားစရာလမ်းက သည်တစ်လမ်းတည်း ရှိနေတာ သွားတွေ့တယ်။

          ၂၀၀၀ခုနှစ် ရွေးကောက်ပွဲတုန်းက NLD   က တခဲနက် အနိုင်ရသွားတာဟာလက်ရှိအစိုးရအပေါ်မှာ ပြည်သူလူထုရဲ့ အထွေထွေမကျေနပ်မှုတွေနဲ့ ဆွမ်းကြီး ဝိုင်းလောင်းလိုက်တဲ့အတွက်ကြောင့်ပါတဲ့။အဲသည်တုန်းက ပြောကြပါတယ်။ ခမောက်ဆောင်းထားရင် ခွေးအမြီးဖြတ်ပြီး ဝင်ပြိုင်တောင် နိုင်တယ်ဆိုပဲ။အဲ့ဒီတုန်းကအဖြစ်အပျက်မျိုးဟာ အခုလည်း တပတ်ပြန်လည်လာပြန်ပြီ။ အခုသက်တမ်း ငါးနှစ်ကာလမှာအရင်အစိုးရအဖွဲ့ကလူတွေ ယူနီဖောင်းချိန်းပြီး ဆက်အုပ်ချုပ်နေခဲ့စဉ်အတွင်း တပ် နဲ့ ပြည်သူရင်ကြားစေ့လာရမယ့်အစား ပို၍ပို၍ အလှမ်းကွာလာတယ်။ စိတ်နာစရာတွေလည်း ပိုပိုများလာတယ်။ဒါကြောင့် သည်လူကြီးတွေပဲ နောက်တစ်ခါ လာပြန်ချည်သေး လုပ်မယ်ဆိုရင် ကန်တော့ဆွမ်းလောင်းဖို့ပြင်ထားတယ်။

           “လောကကြီးအဖြူမှ မဟုတ်ရင် အမည်းပဲ ရှိတော့တာလား။” လို့ အမေးခံရဖူးတယ်။ ဟုတ်ပါဘူး။ ရှိတာပေါ့။အရောင်တွေကို စုံနေတာပဲ။ ဒါပေမယ့် အဖြူမဟုတ်တာကြောင့် မဖြူသောအရောင်များလို့တော့ ပြောလို့ရတယ်လေ။ကြံ့ဖွံ့ကို မဲမပေးချင်ရင် NLD တစ်ခုတည်း ရှိတာတော့ မဟုတ်ပါဘူး။ တခြားမဲပေးစရာ ကြိုက်ရာရာပါတီတွေ ရွေးလို့ရသားပဲ။ ဒါပေမယ့် ကိုယ်ကြိုက်ရာပါတီကို ကိုယ်ကိုယ်တိုင် ရွေးပြီး ပြည်သူကတင်မြှောက်သော အစိုးရတစ်ရပ် ရလာဖို့အတွက် ၂၀၁၅ မှာတော့ NLD ကိုပဲ တခဲနက် မဲပေးမှ ရမယ်။လောလောဆယ် အတိုက်အခံဘက်မှာ သူပဲ အင်အားအကြီးဆုံးရှိနေပြီး သူတောင် ဟိုဘက်ကို အလဲထိုးနိုင်ဖို့သေချာတာ မဟုတ်ဘူး။ အတိုက်အခံဘက်ကမဲတွေ ဟိုတကွဲသည်တကွဲဖြစ်ကုန်ရင် ဘယ်သူမှ အရာမရောက်ဘူး။ဟိုဘက်က အစိတ်သား အလေးခိုးထားပြီးသားလည်း ရှိနေတယ်။ ဒါကြောင့် သည်တစ်ခါ NLD ကိုပေးမယ့်မဲဟာဒေါ်စု သမ္မတဖြစ်ဖို့ မဟုတ်ဘူး။ ပင်နီတွေ စင်ပေါ်ရောက်ဖို့ မဟုတ်ဘူး။ အမြစ်တွယ်နေတဲ့ စစ်အစိုးရကို“ပြည်သူဆိုတာ သူတို့လုပ်ချင်တိုင်းလုပ်လို့ရတဲ့ တဆင့်နိမ့်လူသားတွေ မဟုတ်ဘူး။” လို့အကြောင်းသိအောင် ပြနိုင်ဖို့ အဲသည်မဲကို ပေးရမယ်။ နောင်ကျမှ NLD မကလို့ သူ့ဘိုးအေကြီးပဲလာလာကိုယ်မကြိုက်ရင် ဖြုတ်ချလို့ရတယ်ဆိုတဲ့ စံနစ်တစ်ခုကို အရင် အသက်သွင်းရမှာ။ အခုလူတွေတက်ရင်အပေါ်မှာပြောခဲ့တဲ့ သံသရာပဲ ဆက်လည်ဦးမှာ။ ဖြုတ်ချဖို့နေနေသာသာ ကိုယ့်အသက်အိုးအိမ် စည်းစိမ်တောင်အကာအကွယ် မရှိဘူး။ သန်းခြောက်ဆယ်မှန်းထားတာ ဆယ်သန်းလောက်တော့ အသာလေး ပျောက်ထွက်သွားတယ်မဟုတ်လား။ သူတို့သတ်ပလိုက်တယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ သည်မြေမှာ ရေတွက်၍မရနိုင်သောသူတွေဖြစ်ကုန်တယ် လို့ ပြောတာ။ သူတို့ကို မတွန်းလှန်နိုင်ပဲ သည်မြေပေါ်မှာ ရပ်တည်ရှင်သန်ချင်ရင်ရွေးစရာ နှစ်လမ်းပဲ ရှိတယ်။ ထားရင်နေ၊ သတ်ရင်သေ၊ စေလျှင်မဆိုင်း ပြားပြားဝပ်နေမလား။ဒါမှမဟုတ် သူတို့ရဲ့ လက်ကိုင်တုတ်အဖြစ် ကိုယ်တိုင်စက်ဆုပ်ခဲ့ဖူးသော အလုပ်တွေကို “ငါလုပ်တာမဟုတ်ဘူး။ သူတို့ခိုင်းလို့လုပ်ရတာ။” လို့ ဆင်ခြေကလေးပေးပြီး လုပ်နိုင်သလား။ ဒီနှစ်လမ်းမှမရွေးနိုင်ရင် မနေချင်သွားပေါ့ မတားပါဘူးတဲ့။ ကိုယ်လိုကောင်တွေ မရှိမှ တိုင်းပြည်ကြီးသာယာဝပြောမယ်။ အဲ့လိုနဲ့ အပြင်ထွက်သွားခဲ့ရတဲ့သူတွေက တိုင်းပြည်ရဲ့ ခြောက်ပုံတစ်ပုံလောက်တောင်ရှိနေတာပေါ့နော်။

            ကိုယ်တို့တိုင်းပြည်ကလူတွေဟာထုံနပေဂြိုလ်သားတွေနဲ့ သိပ်တူတာပဲ။ ရခိုင်တွေကို ဘင်္ဂါလီသတ်လို့ရှိရင်လည်း “အရီး ပါးစပ်ကရီးကဇာဖရိုက်လို့ ပိတ်နီစွာလဲ” လို့ ရန်ထောင်တယ်။ လက်ပန်းတောင်းမှာ ဒေါ်ခင်ဝင်းသေတော့လည်း“သူရေးတဲ့ အစီရင်ခံစာကြီးကမှ အသက်မဝင်တာ။” လို့ အပြစ်တင်ပြန်တယ်။ မတရားမှုတစ်ခုခု ဖြစ်လာတိုင်းခလုပ်ထိမှ အမိတရမယ့်အစား “အမေ့ကြောင့် အမေ့ကြောင့်” လို့ ပိန္နဲပင်ဆွဲဆွဲထည့်တယ်။ အဲသလိုတတပြီး အားကိုးနိုင်ဖို့ အမေ့ကို နေရာရအောင် ကြိုးစားရမယ် လို့ သဘောမပေါက်ဘူး။ မချစ်တဲ့သူချင်းအတူတူဆို“လမ်းခင်းပေးမယ် ပိုက်ဆံချေးမယ်။ ဆေးရုံကဆရာဝန်တွေခေါ်ပြီး ဆေးအလကားလိုက်ကုပေးမယ်” ဆိုတဲ့ဆေးမြီးတိုသမားတွေကို အောင့်ကာနမ်းမယ့်အစား “ဒါတွေဟာ အစိုးရက လုပ်ကိုလုပ်ပေးရမယ့်အလုပ်တွေ၊ပြည်သူအတွက် အလုပ်လုပ်မပေးတဲ့အစိုးရ ပြည်သူကို အကာအကွယ်မပေးတဲ့အစိုးရကို ပြည်သူက ပြန်ဖြုတ်ချခွင့်ရှိရမယ်”ဆိုတဲ့သူကိုပဲ အောင့်ကာနမ်းဖို့ မကောင်းပါလား။

            တသက်နဲ့တကိုယ်NLD ကို မဲဆွယ်ပေးဖို့ နည်းနည်းလေးမှ မရည်ရွယ်ပါဘူး။ အဲဒီပါတီကလူတွေနဲ့လည်း ဘယ်သူနဲ့မှအဆက်အသွယ် မရှိဘူး။ ဘွားတော်ကြီးနဲ့ဆို တစ်ခါမှ မတွေ့ဖူးဘူး။ ဓါတ်ပုံထဲပဲ မြင်ဖူးတာ။NLD နိုင်သွားလို့ တိုင်းပြည်ကြီး မိုးပျံသွားမယ်ဆိုတာ လုံးဝ သံသယမရှိဘူး။ ဖြစ်ကိုမဖြစ်နိုင်မှန်းသိပြီးသား။ အာဏာမရခင်ကတည်းက အကဲမရတဲ့ သည်လူတွေဟာ သူတို့လက်ထဲအာဏာရောက်သွားရင် ဘယ်လိုအချိုးတွေပြောင်းသွားမယ်ဆိုတာလည်း ကိုယ်တွေ့တွေများလွန်းလို့ အဲ့လောက် မအပါဘူး။ ဒါပေမယ့် ကိုယ်တို့မှာအင်္ဂလိပ်လက်အောက်က လွတ်ဖို့ ဂျပန်ကိုခေါ်လာရသလိုပဲ။ လောလောဆယ်မှာ ပိုဆိုးချင်ဆိုးပလေ့စီ။မလိုချင် နောက်မှ ပြန်တိုက်ထုတ်မယ်။ ပြည်သူ့ဆန္ဒအစစ်အမှန်နဲ့ ပြည်သူကို လှစ်လျူမရှုသောအစိုးရတစ်ရပ်ရလာနိုင်ဖို့အတွက် အလိုက်တော်တန်သင့်ရုံ ခံပွင့်ကို ကုံးလိုက်ကြရုံပဲ ရှိတယ်။ “နင့်ချစ်လွန်းလို့ ပေးတာဟုတ်ဘူးနော်။ သူ့ သောက်ညင်ကပ်လွန်းလို့ ပေးရတာ။
မေတ္တာပျက်အောင်တော့လာမလုပ်နဲ့။ ပြီးမှ တွေ့မယ်။ ဟွင်းဟွင်း။” ပေါ့။


(ဒီစာထဲက အကြောင်းအရာတွေကိုဟိုပါတီကလူတွေ မဲဆွယ်ဖို့လိုအပ်ရင် ခွက်ဒစ်မပေးပဲ ယူသုံးနိုင်သလို သည်ပါတီကလူတွေကလည်းငါတို့ အခုချိန်မှာ မတော်မတည့်တွေ ဆက်လုပ်နေသေးရင် ငါတို့မဲတွေ ဟိုဘက်ရောက်ကုန်တော့မယ်လို့သတိဝင်လာပြီး အရှိန်ကလေးသတ်မယ်ဆိုရင် သတ်လို့ရပါတယ်ညော်။ အလက်ရှင် ဒလောက်နီးနေမင့်ဟာအော်ဂလီဆန်ပြီး အော့နှလုံးနာစရာတွေ ခနလောက်တော့ အောင့်ထားလိုက်ကြပါဦးလား။ ကတည်းမှ။မုန်းစရာကြီး။)

Soe Min

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...