Tuesday, December 23, 2014

ကြီး (ဂျီး)မယ်ခင် သေပြီ ။

သေပြီ ဆိုတာထက် အသတ်ခံရပြီ ဆို ပိုမှန်လိမ့်မည် ။ လူဖြစ်မှတော့ သေရတာ ဆန်းသလား ။ သေရတာ မဆန်းပေမဲ့ အသတ်ခံရရင်တော့ ဆန်းသည် ။ ထို့ထက်ပို၍ မရှိဆင်းရဲသားဆီက မြေကို လိုချင်အာသာငမ်းငမ်းထနေသည့် အစိုးရမင်းက သတ်လို့သေရသည်ဆိုတော့ သာလို့ဆန်းသေးတော့သည် ။

လူမသတ်ဘဲ ပြဿ နာ မရှင်းတတ်တော့ဘူးလား ။ အေးလေ ..လူသတ်မင်း ၊ စစ်မင်း ၊ လက်နက်များသခင် တွေ မင်းလုပ်အုပ်ချုပ်နေမင့်ဟာ တို်င်းသားပြည်သူ ရှင်လူခပင်း ကုန်သည်သား ဆင်းရဲသား အရပ်သား နှင့် စစ်သား မကျန် အချိန်မရွေး အသတ်ခံရနိုင်သည် ။ မေးတာ ကောင်းကောင်းမဖြေလို့ သတ်မည် ။ မေတ္တာပို့ ရန် စီတန်းလမ်းလျှောက်လျှင် သတ်မည် ။ ကင်မရာ တစ်လုံး နှင့် ဓာတ်ပုံ ထမ်းရိုက်နေဦးတော့ အစိုးရမင်း စိတ်ကွက်ခြင်းကြောင့် အသတ်ခံရနိုင်သေးသည် ။ခုတော့ ကြီးသည် ဓားမဦးချ ကိုယ့်ယာမြေ ကလေး လက်လွှတ်ရမှာ စိုး၍ အရေးဆိုလေရာ၌ အသတ်ခံရသည်တဲ့ ။
ကြီးမယ်ခင် အသတ်ခံရတော့ မှောက်ရက်ကလေး ခွေခွေကလေး လဲလို့ ။ ဦးခေါင်းခွံ ကပွင့်ထွက်ကာ ခပ်လှမ်းလှမ်းမှာ လွင့်လျှက် ၊ သူ့ကိုသတ်ရန်ခိုင်းစေခဲ့သူတို့၌ ဦးခေါင်းမပါကြောင်း ပြဆိုနေသလိုလို ။ ကြီးမယ်ခင်၏ ဖျင်တဘက်အစိမ်းကလေးကလဲ ဘေးနားမှာ ပုံ့ခွေခွေကလေး ..။ သူ့ကို သတ်ခဲ့သူတို့၏ အဆင်းအရောင် နိမိတ်ဆောင်နေလေသလောမသိ ။ ဤကမ္ဘာမြေ အပြင်၌ စိမ်းသော အရာတိုင်း ကောင်းသည်မဟုတ်ဟု ကြီးက ဆုံးမခဲ့ချင်တာလား ?
တနေရာ၌ ကြီးစီးခဲ့သော ဖော့ဖိနပ်ကလေးက သွေးအလိမ်းလိမ်းကပ်ငြိလျှက် သဲကြမ်းတို့ ပေကျံကာ သွားလေသူအား စိမ်းကားအေးစက်စွာ ခြံရံလျှက်ရှိသည် ။ ဖြစ်ခဲ့သမျှသော မတရားမှု ကြီးအတွက် ဤဖော့ဖိနပ်ကလေး ထုတ်လုပ်လိုက်ရာ စိနတိုင်းမှ မြစ်ဖျားခံတာပါပဲတော် ..လို့ ကြီးက ပြောခဲ့ချင်တာလား ..။
ကြီးငယ်စဉ်ကတော့ သည်ကိုင်းတန်း သည်ယာမြေ သည်ချုံပုတ် တွေကို ထင်းခွေ ၊ ယာလုပ် ကစားစရာ နေရာပင်လုပ်ခဲ့ချေဦးမည်ထင်သည် ။ ခုတော့ သည်ယာမြေလေးအတွက် ကြီးသေရလေပြီ ။ ကြီးမသေခင် လွန်လေသော နှစ်များဆီကအထိ သည်နေရာလေးက ပကတိအေးချမ်းလှသည် ။ ယခုအခါ သမတ မင်းကြီး လုပ်နေသော ဗိုလ်ချုပ်ကြီး ၀န်ကြီးချုပ်ဖြစ်စဉ်အခါက သည်တော သည်တောင် သည်ယောမြေတွေကို စိန တိုင်းသားတို့အား အခမ်းအနားကြီး နှင့် ရောင်းချခဲ့သည် ဆိုသည် ။ ထိုရောအခါမှစ၍ ကြီးတို့ဘ၀ ပူပင်လယ်ဝေခဲ့ရကာ ကြီးမယ်ခင် အသက်ပင်ပေးခဲ့ရလေပြီ ။ အသက်ပင် ပေးရစေဦးတော့ ကိုယ့်ရွာ ကိုယ့်မြေကို ကျိန်စာမြေလို့တော့ ကြီးက ခေါ်ချင်လိမ့်မည်မထင် ။
သာ..လူတွေ လုပ်တဲ့ ယုတ်မာမှု ပါတော် ၊ မြေကြီးက သူ့ဟာသူ အကောင်းပါ လို့ မြည်တွန်နေဦးမည်လား ..။
ကြီးသည် သူ့မြေကို ချစ်လွန်းလှသည် ။ ငွေ နဲ့ ပေးလာသော မြူ ဆွယ်မှု ကို ငြင်းပယ်ကာ သည်မြေကို ခင်တွယ်ခဲ့သော ကြီးအတွက် အစိုးရမင်းများက ကော်ဒိုက်ယမ်းအားပြင်း သေနတ် နှင့် ပစ်ခွင်း၍ စစ်တလင်းဖော်ခဲ့ကြသည် ။ ခုတော့ ကြီးသည် သူချစ်သောမြေပေါ်ဝယ် သူ့ သွေးတို့ သွန်းလောင်း၍ မတရားမှု အား ဖွင့်ချပြခဲ့ပြီ ။
သွားပေဦးတော့ ကြီးရေ ။
ဒီမင်း ဒီစိုး ဒီသူခိုး လက်ကလွတ်အောင် ကြံဖို့ ၀န်တာကို တူမောင်တို့ ပခုံးပေါ်ထားကာ ကြီးကောင်းရာမွန်ရာသွားပေဦးတော့ ။
ကြီးသွေးနဲ့ ရင်းခဲ့ရတဲ့ ဟောဒီလက်ပတောင်းတောင်ကြီးရဲ့ အရိပ်အောက်က သလ္လာမြစ်ရေမှာ ရေချိုးဆင်းရင်း စစ်ကျွန်ဘ၀ အတွင်းက ဆင်းရဲဒုက္ခ တွေကို နောင်လာနောင်သားတွေကို ပုံပြင်သဖွယ်ပြောနိုင်အောင် ကျနော်တို့ အားတင်းထားပါတယ် ။
ကြီးခေါင်းကဆင်းခဲ့ရတဲ့ သွေးတွေ အလကား မဖြစ်ရအောင် စိနတိုင်းသား လောဘသားတွေ ကို တူမောင်တို့ မောင်းထုတ်နိုင်အောင်ကြိုးစားပါ့မယ် ။
ကြီးခေါင်းချခဲ့တဲ့ ဟောဒီမြေပေါ်မှာ ကြီးတူ ၊ ကြီးသား ၊ ကြီးမြေးတွေ စစ်ကျွန်ဘ၀က လွတ်မှ မျိုးဆက်အစုစု ဒုက္ခထုကလွတ်မယ်ဆိုတာ အမြင်ရှင်းပြီးသားပါ ကြီး ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...