စိန်ခလုတ်
Zaw Naung Ling
အချိန်က ညနေစောင်း ရောက်လုပြီ။ တာမွေ မြို့နယ်ထဲက တစ်ခုသော တိုက်ခန်းလေးရဲ့ အလုပ်စားပွဲမှာ လူတစ်ယောက် ကတော့ အလုပ်ရှုပ်နေဆဲ။ A4 စာမျက်နှာပေါ် မှာ ရေးထားတဲ့ ခဲသား ကောက်ကြောင်းတွေကို မင်ဖြည့်ရင်း ရေးလက်စ ကာတွန်း ရုပ်လေးတွေက တဖြည်းဖြည်း အသက်ဝင်လာတယ်။
ကာတွန်းရေးတဲ့ စားပွဲစောင်းရဲ့ နံဘေးမှာတော့ အရွယ်အမျိုးမျိုးသော စုတ်တံတွေ၊ မင်ဘူးတွေ၊ ခဲတံတွေစတဲ့ သူ့ရဲ့ အသုံးအဆောင် ကိရိယာ တန်ဆာ ပလာတွေကို တွေ့ရတယ်။
““အသက်ကလေးက ရလာတော့ အရင်လို မရေးနိုင် တော့ပါဘူးကွာ။ တစ်နေ့မှ နှစ်မျက်နှာ၊ သုံးမျက်နှာ လောက်ပဲ ရေးနိုင်တော့တယ် ။ ခါးတွေ၊ လက်တွေက မခံနိုင်တော့ဘူးကွ””လို့ ကျွန်တော့် ဘက်ကို လှည့်ပြီး သူကဆိုတယ်။
ကာတွန်း ဇာတ်ကောင်ပေါင်း (၂၀) နီးပါး မွေးထုတ်ခဲ့ပြီး ““စိန်ခလုတ်””ဇာတ်ကောင်နဲ့ အောင်မြင်ခဲ့တဲ့ ကာတွန်း (ဦး) ဇော်ဝိတ်က တစ်ချိန်က တစ်နေ့ကို ကာတွန်း (၁၆) မျက်နှာရေးပြီး တစ်လလုံးချင်း ကာတွန်းစာအုပ် သုံးအုပ် ရေးနိုင်ခဲ့တဲ့ ငယ်ငယ်က ကျန်းမာ သန်စွမ်းမှုကို အခုအချိန်မှာ ပါဝါ မျက်မှန်ကို ပင့်တင်ရင်း အားနဲ့မာန်နဲ့ ပြန်ပြောပြတယ်။
ဇော်ဇော်၊ ဇော်ဝင်းမောင်၊ ဇော်ဝင်းထွန်း၊ ကိုကိုထွန်း၊ တစ္ဆေပန်းချီ နှင်းငွေစတဲ့ ကလောင်ခွဲမျိုးစုံ နဲ့ ကာတွန်း လောကမှာ ရပ်တည်ခဲ့တဲ့ ကာတွန်း ဇော်ဝိတ်ဟာ “စိန်ခလုတ်”၊ “ဗညားယောင်စိန်”၊ “ဂျစ်တူး” စတဲ့ ကာတွန်း ဇာတ်ကောင် လေးတွေနဲ့ အောင်မြင်မှု ရခဲ့သူပါ။ အထူးသဖြင့် သူ့ရဲ့ဇာတ်ကောင် “ စိန်ခလုတ်”ဟာ ပထမဆုံး ထွက်တဲ့ စာအုပ်မှာပဲ အုပ်ရေ သောင်းနဲ့ချီ ရိုက်နှိပ်ရတဲ့ အထိ အောင်မြင်မှု ရခဲ့ပါတယ်။ တစ်ခေတ် တစ်ခါက လုံးချင်း ကာတွန်းစာအုပ် တစ်အုပ်ဟာ အုပ်ရေ သောင်းဂဏန်း ရိုက်နှိပ်ရ တယ်ဆိုမှ အောင်မြင်တယ် လို့ပြောလို့ရတဲ့ အခြေအနေပါ။ ဒီနေ့ ခေတ် ကတော့ စောင်ရေထောင် ဂဏန်းလောက် ရိုက်နှိပ်ရတယ် ဆိုရင်ပဲ တော်တော် ဂုဏ်ယူနေရတဲ့ အခြေအနေနဲ့ နှိုင်းယှဉ် ကြည့်ရင်တော့ တော်တော်လေး ကွာခြားလာတာ တွေ့ရမှာပါ။
ကာတွန်းဇော်ဝိတ်ကို အဖ ပန်းချီဆရာကြီး ဦးဘိတ်ကြည်၊ အမိ ခေတ်ဟောင်း ဓာတ်ပြား အဆိုတော် ဒေါ်မြသိန်းတို့ က တစ်ဦးတည်းသော သားအဖြစ် ၁၉၅၁ ခုနှစ်မှာ မွေးဖွားခဲ့တာပါ။ မိဘတွေက အနုပညာ သမားတွေ ဆိုတော့ သူကလည်း ငယ်စဉ် ကတည်းကကို ပန်းချီနဲ့ ကာတွန်း ရေးတာကို ၀ါသနာပါခဲ့တယ်။ အိမ်ကို အလည်လာတဲ့ ဖခင်ဖြစ်သူရဲ့ သူငယ်ချင်း မိတ်ဆွေတွေ ကလည်း ကြုံသလို ၀ိုင်းဝန်း သင်ပြပေးကြ ရာကနေ ရှစ်တန်း ကျောင်းသား အရွယ်မှာ ဆိုရင်ပဲ ကာတွန်းကို ပီပီ ပြင်ပြင် ရေးဆွဲနိုင်တဲ့ သူတစ်ယောက် ဖြစ်နေပြီ။ ဖခင်ဖြစ်သူကတော့ ပန်းချီဘက်ကို ပိုပြီး အားပေးခဲ့ပေမယ့် သူကတော့ ပန်းချီထက် ကာတွန်းကိုသာ ရူးသွပ်သူ တစ်ယောက် ဖြစ်ခဲ့ပါတယ်။
ကျောင်းနေစဉ် အရွယ်ကတည်း က ကာတွန်းမှ ကာတွန်း ဖြစ်ခဲ့တဲ့သူ့ အတွက်တော့ တပ်ကလပ် အခလွတ် တန်းမြင့် ကျောင်း (ယခု အ.ထ.က ၃၊ တာမွေ) က နေ ၁၉၆၉ ခုနှစ်မှာ (ခ) အဆင့် နဲ့ တက္ကသိုလ် ၀င်တန်း အောင်မြင် ခဲ့တာကပဲ ပညာရေး ဆုံးခန်း တိုင်ခဲ့တယ်လို့ ဆိုရပါမယ်။
““အကြိုက်ဆုံးကို လုပ်ခဲ့တဲ့ အတွက် နောင်တရတာ လုံးဝမရှိခဲ့ဘူး။ သူငယ်ချင်း တွေထဲမှာ တပ်မတော် အရာရှိတွေ၊ အင်ဂျင်နီယာတွေ၊ ဆရာဝန်ကြီးတွေ ရှိတယ်။ အားလုံးက ပြောကြတယ်။ မင်းသာ စာကြိုးစားခဲ့ရင် အခုလောက်ဆို ဘာဖြစ်နေပြီ ဆိုပြီး။ ဒါပေမဲ့ ၀မ်းမနည်းဘူး။ ကိုယ်ကြိုက်တာ ကိုယ်လုပ် ခဲ့တာပဲလေ””လို့ ကာတွန်း ဇော်ဝိတ်က ဆိုတယ်။
၁၉၆၉ ခုနှစ် မှာ ပန်းချီ ဆရာမကြီး ဒေါ်မမကြီး (ဂျာနယ်ကျော်) ရဲ့ ဒေ၀ီစာပေက ထုတ်တဲ့ ပြား (၆၀) တန် သုတရုပ်စုံမှာ ဇော်ဇော် ဆိုတဲ့ ကလောင် နာမည်နဲ့ စရေးရင်း ကာတွန်း လောကထဲကို ၀င်ရောက်ခဲ့တယ်။
““လူပျံကလေး ဗိုလ်ဥက္ကာ”“ဆိုတဲ့ ဇာတ်ကောင်ကို စတင် ဖန်တီးဖြစ်ခဲ့တယ်။ အဲဒီနောက် ဆက်တိုက် ဆိုသလိုပဲ ““နေထက်ကဲ နှင့် ဗလကြီး”” ““စံနက်ကျော် နှင့် ပလာတူး”” ““ကျော်ကြား နှင့် ဘောက်ဖတ်”” ““သံမဏိ မောင်”” ““ဗညားယောင်စိန်”” ““ဂျစ်တူး”” ““တစ္ဆေလေး ဖိုးဖြူ”” ““ဖိုးတုတ် ဖိုးရှုပ်”” စတဲ့ ဇာတ်ကောင်တွေကို ၁၉၆၉ ခုနှစ် ကနေ ၁၉၈၉ ခုနှစ် အတွင်းကာလ တွေမှာ ဆက်တိုက် ဖန်တီးခဲ့တယ်။
၁၉၇၂ ခုနှစ် လောက်မှာ ကာတွန်း ထုတ်ဝေခွင့်တွေ တားဆီး ပိတ်ပင်မှုတွေ ဖြစ်လာခဲ့တော့ အခိုက် အတန့်အား ဖြင့်တော့ အခက်အခဲနဲ့ ရင်ဆိုင်ခဲ့ရတယ်။ သိမ်ကြီးဈေးထဲက အစ်ကိုဝမ်းကွဲ တစ်ယောက်ရဲ့ အပ်ချုပ်စက် ခေါင်းနဲ့ အပိုပစ္စည်း အရောင်းဆိုင်မှာ ဈေးဝင်ရောင်းရင်း တစ်ဖက်ကလည်း ကိုယ့်ရဲ့လက်ရာ အရည်အသွေး မပျက်အောင် စာအုပ်မထုတ် ဝေနိုင်ပေမယ့် ကာတွန်းတွေကို ဆက်လက် ရေးဆွဲနေခဲ့တယ်။
အဲဒီလို ကာတွန်း စာအုပ်တွေကို တရားဝင် ရေးဆွဲ ထုတ်ဝေခွင့်တွေ ပိတ်ပင် ထားပေမယ့်လည်း ပိတ်ပင်လို့မရတဲ့ သဘောတရား အရ ထုံးစံအတိုင်း မှောင်ခို ကာတွန်းခေတ် ဆိုတာ ကလည်း ဖြစ်လာ ပြန်ပါတယ်။ အဲဒီမှောင်ခို ကာတွန်းခေတ် မှာတော့ ကာတွန်း ရေးဆွဲသူရဲ့ ကလောင် နာမည် မတပ်ဘဲ ကာတွန်း စာအုပ်တွေကို ဆက်လက် ရေးဆွဲ ထုတ်ဝေ ခဲ့ရပါတယ်။ အဲဒီမှောင်ခို ကာတွန်းခေတ်က ၁၉၇၂ ခုနှစ် ကနေ ၁၉၇၆ ခုနှစ်လောက် အထိ ကြာမြင့် ခဲ့တယ်လို့ ဆိုပါတယ်။
သူ့ရဲ့ဘ၀မှာ အထင်ကရ ဖြစ်စေခဲ့တဲ့ ဇာတ်ကောင် ““စိန်ခလုတ်”” နဲ့ အောင်မြင်မှု ရခဲ့တဲ့ အချိန်ကတော့ ၁၉၇၃ ခုနှစ် ၀န်းကျင် အချိန်တွေ ဖြစ်ခဲ့ပါတယ်။ ပန်းလှိုင် စာအုပ်တိုက် ပိုင်ရှင် ဦးစိုးသိန်းက ထုတ်ဝေတဲ့ အဲဒီ ““စိန်ခလုတ်”” ဇာတ်ကောင် ပါဝင်တဲ့ ““ရန်သူ့သမီး ကျွန်တော့် ရည်းစား”” ဆိုတဲ့ ကာတွန်း စာအုပ်လေးဟာ ပုံမှန် လေးဖောင်သာ ထုတ်ဝေလေ့ ရှိတဲ့ခေတ်မှာ ခြောက်ဖောင် အထိ တိုးမြှင့်ပြီး အုပ်ရေ (၄၅၀၀၀) အထိ ရိုက်နှိပ်ခဲ့ရတယ်။
““အဲဒီ စိန်ခလုတ် က ဘ၀ကို တစ်ဆစ်ချိုး ပြောင်းလဲ စေခဲ့တာပါပဲ”” လို့ သူကဆိုတယ်။
တကယ်လည်း ““စိန်ခလုတ်””ကြောင့်ပဲ အိမ်ပိုင်၊ ကားပိုင် ဖြစ်လာတဲ့ အထိ ဘ၀ခရီးလမ်း အခြေအနေဟာ ဖြောင့်ဖြူး လာခဲ့တယ်။
နောက်ပိုင်း မှာ စာပေ စိစစ်ရေး မူဝါဒတွေ ပြောင်းလဲလာပြီး ကိုယ်တိုင်ရေး၊ ကိုယ်တိုင် ထုတ်ဝေခွင့်တွေ ခွင့်ပြုပေးတဲ့ အချိန်မှာ သူလည်း ထုတ်ဝေခွင့် လျှောက်ထားခဲ့တယ်။ ၁၉၇၇ ခုနှစ်မှာ ကိုယ်တိုင် ထုတ်ဝေခွင့် ရရှိခဲ့တယ်။ နောက်ပိုင်း ကာလ တွေမှာတော့ တခြား ကလောင် နာမည်တွေကို အသုံးမပြုတော့ဘဲ ““ကာတွန်း ဇော်ဝိတ်””ဆိုတဲ့ ကလောင် တစ်မျိုးတည်းကိုပဲ စွဲစွဲမြဲမြဲ အသုံးပြုခဲ့တယ်။
၁၉၈၆ ခုနှစ်မှာတော့ ဘ၀မှာ အခက်အခဲ တစ်ခုနဲ့ ကြုံတွေ့ခဲ့ရပြန် ပါတယ်။ အဲဒါကတော့ စာပေစိစစ် ရေးမူဝါဒနဲ့ ငြိစွန်းခဲ့တာကြောင့် ဇာတ်ကောင် ““စိန်ခလုတ်””ကို ရပ် ဆိုင်းခဲ့ရတာပဲ ဖြစ်ပါတယ်။ အောင်မြင်တဲ့ ဇာတ်ကောင် တစ်ခု ရပ်နားခံ လိုက်ရတာဟာ ကာတွန်းဆရာ တစ်ယောက် အတွက် ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်ခဲ့ပါတယ်။ ဆက်တိုက် ဆိုသလိုပဲ နောက်ထပ် ဇာတ်ကောင် တစ်ခုဖြစ်တဲ့ ““ဗညားယောင်စိန်”“ ကလည်း ထပ်မံ အနားပေး ခံရပြန်ပါတယ်။
““ဇာတ်ကောင် နှစ်ကောင် ထိသွားတော့ ဘ၀ တစ်ခုလုံး လည်သွားတာပဲ။ ကိုယ့်ကို ထမင်းကျွေးခဲ့တာ အဲဒီ ဇာတ်ကောင်တွေလေ””လို့ ကာတွန်းဇော်ဝိတ် က ဆိုတယ်။
ဇာတ်ကောင် နှစ်ကောင် ပိတ်ပင် ခံလိုက်ရတဲ့ အခါ ဘ၀ဆက်လက် ရပ်တည်ရေး အတွက် နောက်ထပ် ဇာတ်ကောင် တစ်ခုဖြစ်တဲ့ ““ဂျစ် တူး””ကို မွေးထုတ် ခဲ့ရ ပြန်ပါတယ်။ ကံတရား ဖေးမမှုနဲ့ ကြိုးစား အားထုတ်မှုကြောင့် ““ဂျစ်တူး””ကလည်း အထိုက် အလျောက် အောင်မြင် လာခဲ့တယ်။ ဒီလိုနဲ့ ကာတွန်း ဆရာဘ၀ကို အရှိန်အဟုန် မပျက် ဆက်လက် ရပ်တည် လာခဲ့ရပါတယ်။ မိုးသောက်ပန်း၊ တေဇ၊ ရွှေသွေး စတဲ့ ကလေး ဂျာနယ်တွေ မှာ ““ဂျစ်တူး”” နဲ့ ““တစ္ဆေ လေးဖိုးဖြူ””ဇာတ်လမ်းတွေ ဆက်တိုက် ရေးသားခဲ့တယ်။
နောက်ပိုင်းမှာ WHO, UNICEF,UNFPA စတဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ နဲ့ PSI, Care Myanmar စတဲ့ NGO အဖွဲ့အစည်း တွေမှာလည်း project တွေ ရယူပြီး ကာတွန်းတွေ ရေးဆွဲ ဖြစ်ခဲ့တယ်။ အများဆုံး ရေးဆွဲခဲ့ ရတာကတော့ HIV/AIDS ပညာပေး ကာတွန်းတွေ၊ မူးယစ်ဆေးဝါး ပညာပေး ကာတွန်းတွေ၊ ကလေးသူငယ်နဲ့ ပတ်သက်တဲ့ ပညာပေး ကာတွန်းတွေ ဖြစ်ပါတယ်။ တစ်ဖက်ကလည်း လုံးချင်းတွေ၊ ရုပ်စုံ ဂျာနယ်တွေမှာ ကာတွန်းတွေ ပုံမှန်ရေးရင်း ဆက်လက် ရပ်တည်ခဲ့ပါတယ်။ ပြည့်စုံ စာအုပ်တိုက် ကထုတ်တဲ့ ကလေး ပညာပေး စာအုပ်မျိုးစုံ နဲ့ ဆေးရောင်ခြယ် စာအုပ်မျိုးစုံကို ရေးဆွဲ ထုတ်ဝေ ဖြစ်ခဲ့သလို ကာတွန်း မဟုတ်တဲ့ အချစ်ရုပ်ပြ ဇာတ်လမ်း တွေကိုလည်း ““ဇော် ၀ိတ်””ဆိုတဲ့ ကလောင် နာမည်နဲ့ပဲ ““ဟိန်းလတ်”” ““၀ဏ္ဏ”” ““ပြည့်စုံ”” စတဲ့ ဇာတ်ကောင်တွေ နဲ့ ရေးသားခဲ့ ပါသေးတယ်။
၁၉၇၇ ခုနှစ် မှာတော့ သူ အိမ်ထောင် ကျခဲ့ပြီး အခုဆိုရင် သားသမီး သုံးယောက် ရရှိထားပါတယ်။ ဖခင်ဘက်က အနုပညာ မျိုးဆက် အဖြစ် ကာတွန်းတွေကို ရေးဆွဲဖြစ် ခဲ့သလိုပဲ မိခင်ဘက် ကပါလာတဲ့ အနုပညာ မျိုးဆက် အဖြစ် ကာလတစ်ခုအထိ ပေါ်လစီ သီချင်းတွေဆို ဖြစ်ခဲ့တယ်။ အဖွဲ့လိုက် သီဆိုရတဲ့ အဲဒီ သီချင်းတွေမှာ ““ဗဟန်းမြို့နယ် လူငယ်များ””ဆိုပြီး နာမည် တပ်ခဲ့တယ်။ သူ့အနေနဲ့ ကတော့ သီချင်းနဲ့ ကာတွန်း ယှဉ်လာရင် ကာတွန်းဘက် ကိုပဲ ဦးစားပေးခဲ့သူမို့ အဆိုတော် တစ်ယောက် အဖြစ် ရပ်တည်ဖြစ်တဲ့ အထိတော့ လုံ့လ မစိုက်ခဲ့တာ အမှန်ပါ။
““ကာတွန်းကို အချစ်ဆုံးပဲ။ ကာတွန်းကို ချစ်တဲ့အတွက် လက်ရှိ အချိန်အထိ ဇာတ်ကောင် တွေကို ဆိုးသွမ်းတာ တွေပြပြီး နောက်ဆုံးမှ လိမ္မာ သွားပါတယ် ဆိုတဲ့ ဇာတ်မျိုး လုံးဝမရေးဘူး။ ကလေးတွေကို အနိုင်ကျင့်တဲ့ ဇာတ်မျိုးလည်း မရေးဘူး။ ကလေးတွေ လွဲမှားသွားမှာ စိုးလို့လေ””လို့ သူကဆိုတယ်။
လက်ရှိ အချိန်မှာတော့ ပွင့်လင်းလာတဲ့ နိုင်ငံရေး စနစ်နဲ့ အညီ တစ်ကွက် ကာတွန်းတွေ ခေတ်စား နေပေမယ့် အသက်အရွယ် အရအချိန်ပေးပြီး အင်တာနက် သတင်း၊ နေ့စဉ်ထုတ် သတင်းတွေကို မဖတ်နိုင် တော့တာ၊ ခေတ်နဲ့ အညီ မြန်မြန် ဆန်ဆန် အိုင်ဒီယာ ထုတ်ဖို့ ခက်ခဲလာတာ၊ ဂျာနယ်နဲ့ သတင်းစာတိုက် တွေကို လိုက်ပြီး မပေးနိုင် တော့တာ စတာတွေကြောင့် အဲဒီ လိုင်းဘက်ကို ကူးဖို့ စိတ်ကူး မရှိဘူးလို့ သူကဆိုတယ်။
““အခုကတော့ အသက်အရွယ် ရလာတော့ ပန်းချီဘက်ကို ပိုပြီး အချိန်ပေး ဖြစ်လာတယ်။ ငယ်ငယ်တုန်း ကတော့ အားရင် အားသလောက်ပဲ ရေးဖြစ်တာ။ အရွယ်လေး ရလာတဲ့ အချိန်မှာတော့ ပန်းချီကို ပြန်ရေးဖြစ်တယ်။ အထူးသဖြင့် မြန်မာ့ မူဟန် ပန်းချီကားတွေ ရေးဖြစ်တာ များတယ်””လို့ ပြောပြတယ်။
အခုအချိန်မှာတော့ ကာတွန်း ဇော်ဝိတ်ဟာ ပလုတ်တုပ် ကလေးဂျာနယ်၊ ဒို့ကျေးရွာ ဂျာနယ်၊ ပုတက် ရုပ်စုံတို့မှာ ကာတွန်းတွေ ပင်တိုင် ရေးသားနေပြီး မြ၀တီ၊ ငွေတာရီ၊ မုဒိတာ၊ အလှသစ်၊ ဇီဝက၊ ရွှေပုစွန်၊ ရုပ်ရှင်အောင်လံ စတဲ့ မဂ္ဂဇင်းတွေမှာ တစ်မျက်နှာ ကာတွန်းတွေ၊ ကဗျာ သရုပ်ဖော် နဲ့ ဆောင်းပါး သရုပ်ဖော် ကာတွန်းတွေ ရေးသား နေပါတယ်။ တစ်ချိန်က အောင်မြင်မှုရခဲ့တဲ့ လုံးချင်း ကာတွန်း ဘက်ကိုတော့ အချိန်ပေးပြီး မရေးနိုင် တော့တာ ကြောင့်ရော၊ ဈေးကွက် အခြေအနေ ကြောင့်ပါ မရေးဖြစ်တော့ သလောက် ဖြစ်နေပြီလို့ ဆိုတယ်။
““လုံးချင်း လောကက အခြေအနေ မကောင်းတော့ဘူး။ အရင်တုန်းက ဒို့ထုတ်ခဲ့တဲ့ အချိန်တုန်းက အုပ်ရေက သောင်းဂဏန်း ရှိခဲ့တာ။ နောက်ပိုင်း ကျတော့ ထောင်ဂဏန်း ဖြစ်လာတယ်။ အခုဆို အုပ်ရေက (၁၀၀၀)၊ (၁၅၀၀) လောက်ပဲ ရှိတော့တယ်။ လက်ရှိ ထုတ်နေတဲ့ ကာတွန်း ဆရာတွေ ကလည်း စုပေါင်း စပ်ပေါင်း လုပ်လာ ကြတော့ တချို့ ကာတွန်းတွေ ကလည်း ကာတွန်းဖြစ်ရင် ပြီးရော ဖြစ်လာကြတယ်””လို့ သူက လက်ရှိ အခြေအနေကို ဝေဖန်တယ်။
ဒီနေ့ခေတ် ကလေးတွေ ကလည်း ကာတွန်းစာအုပ် ငှားဖတ်တာထက် TV ကြည့်တာ၊ ကာတွန်း ကားကြည့်တာ၊ ဂိမ်းဆော့တာ တွေကို ပိုပြီး လုပ်လာကြ တာကလည်း ပြောင်းလဲလာတဲ့ ခေတ် အခြေအနေ တစ်ရပ် ဖြစ်လာပြီး လုံးချင်း ကာတွန်း စာအုပ်တွေ ရပ်တည်ဖို့ ခက်ခဲလာတဲ့ အကြောင်းအရင်း တစ်ရပ် ဖြစ်လာတယ်လို့ သူကဆိုတယ်။ ဒါပေမဲ့ ကလေးစာပေ မှာ ကာတွန်း စာအုပ်တွေ လုံးဝ ပျောက်ကွယ် သွားဖို့ကတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ သူက အခိုင်အမာ ယုံကြည်တယ်။
““စာပေမြင့်မှ လူမျိုးတင့်မှာလေ။ ဘယ်လိုပဲ ဖြစ်ဖြစ် ကလေး စာပေ ကတော့ တိမ်ကောဖို့ ခဲယဉ်းပါတယ်။ တစ်ချိန်မှာ ပြန်အောင်မြင်ရင်လည်း အောင်မြင် လာနိုင်တယ်။ အခုက စုပေါင်း စပ်ပေါင်း ရုပ်စုံဂျာနယ် လေးတွေ ကျန်နေသေးတယ်လေ။ အဲဒီမှာ ရေးမယ့် သူများများ ရှိဖို့ပဲ လိုတော့တယ်။ ကာတွန်း လောကကြီးကတော့ လုံးဝတော့ မတိမ်ကော နိုင်ပါဘူး””လို့ သူကပြောတယ်။
ဘ၀မှာ သူယုံကြည်ရာ ကာတွန်း ရေးဆွဲခြင်းကိုပဲ တစ်စိုက် မတ်မတ် လုပ်လာခဲ့တဲ့ နည်းတူ သားသမီးတွေ ကိုလည်း သူတို့ ယုံကြည်ရာ၊ သူတို့ ၀ါသနာပါရာ အလုပ်တွေကိုပဲ လုပ်ကိုင်ခွင့် ပေးထားတယ်လို့ သူကဆိုပါတယ်။ လက်ရှိမှာ သားသမီး သုံးဦးထဲက သား အငယ်ဆုံး တစ်ယောက်သာ မိဘ ဘိုးဘွားတွေရဲ့ အနုပညာ မျိုးဆက်ကို ခံယူပြီး ယဉ်ကျေးမှု တက္ကသိုလ်မှာ ပန်းချီ ဘာသာရပ်နဲ့ ကျောင်းဆင်း ထားပါတယ်။ ပြီးတော့ သီချင်းခွေ တစ်ခွေ ထွက်ရှိဖို့ကိုလည်း ပြင်ဆင် နေပါတယ်။
““အနုပညာ လောက ကတော့ ကမ်းစပ်ကို ဒီရေ တက်သလိုပါပဲ။ ပြီးရင်ပြန်ကျ တာပဲလေ။ အမြဲရပ် မနေပါဘူး။ တက်လာတဲ့ ရေက သဲပေါ်တင်ရင် ပျောက် သွားမယ်။ ကျောက်ခွက် ထဲဝင်ရင် ကျန်ခဲ့မယ်။ အဲဒီ ကျောက်ခွက်ထဲက ရေကို မြန်မြန်ခပ်မှပဲ။ တို့လည်း အဲဒီလို နေခဲ့လို့ ဒီနေ့ ဒီလို ရပ်တည် နိုင်တာပေါ့။ ကာတွန်း ဆရာလောက ကတော့ အာမခံချက် မရှိကြတာ များတယ်လေ””လို့ သူက ဆိုပါတယ်။
ဇော်နောင်လင်း

0 comments:
Post a Comment