Monday, December 29, 2014

အကယ်ဒမီပေးပွဲနှင့် မောင်ဝါဝါ

Thet WaiThu Ra Tha Wah
အကယ်ဒမီပေးပွဲ မောင်ဝါဝါမတက်။ အိမ်မှာပဲ အိပ်နေသည်။ သူငယ်ချင်း မိတ်ဆွေများက မေးကြ၏။ မောင်ဝါဝါ အကယ်ဒမီပွဲ မတက်ဘူးလားဟူ၍။
မတက်ပါ။ မတက်ဆို ကိုယ့်လည်း ဘယ်သူကမှ မဖိတ်တာကိုး။ မဖိတ်ဆို ကိုယ်လည်း တကားမှ မရိုက်ထားဘူးလေ။ မရိုက်ဆို ကိုယ့်ဘယ်သူကမှ ခေါ်မရိုက်တာ။ ဘယ်သူမှမခေါ်ဆို ဘယ်သူမှလည်း ကိုယ်နဲ့မတည့်ဘူးကိုး။ မတည့်ဆို မောင်ဝါဝါကလည်း မြင်သမျှတွေ့သမျှ အကုန်လျှောက်ပြောတာလေ။ လျှောက်ပြောဆို မောင်ဝါဝါက အားမှမနာတတ်တာ။ အားမနာဆို မောင်ဝါဝါက ဘယ်သူ့မျက်နှာမှ မထောက်ဘူးလေ။ မထောက်ဆို မောင်ဝါဝါလည်း ဘယ်သူနဲ့မှ မသိဘူးမဟုတ်လား။ မသိဆို ကိုယ်လည်း ဒီလောကထဲကမှ မဟုတ်တာ။ မဟုတ်ဆို ကိုယ်ကလည်း ဒါတွေ ဝါသနာမပါဘူးလေ။ မပါဆို ကိုယ့်မှာလည်း အနုပညာဓာတ်ခံက တရွေးသားမှ မရှိတာချည်း။
တကယ်တော့ တနှစ်စာ ရုပ်ရှင်တွေကို ဆုပေးမည့်အစား ဗီဒီယို ကားတွေကို ပြောင်းပြီး ဆုပေးကြဖို့ ကောင်းသည်။ ရုပ်ရှင်က တနှစ်လုံးရိုက်သည့် နည်းနည်းလေးထဲမှာမှ ဆန်ကာတင် ပြန်စစ်ထုတ်လိုက်တော့ အာရုံစိုက်စရာက လက်ဆယ်ချောင်းစာပင် မပြည့်တော့။ ခြောက်ကပ်ကပ်ကြီး။
အကယ်ဒမီဆု နည်းနည်းလေးကို လူနည်းနည်းလေး ဝိုင်းလုနေကြရသလို ဖြစ်နေသည်။ ဒါနဲ့ စကားမစပ်.. အကယ်ဒမီဆုကလည်း အခုနောက်ပိုင်း သတ်မှတ်အမျိုးအစား အကုန်မပေး။ မောင်ဝါဝါဆို ဇာတ်ညွှန်းလေး ဘာလေးလည်း မတောက်တခေါက်ရေးတော့ ဇာတ်ညွှန်းအကယ်ဒမီဆုကို တခါတလေလောက်မှ ပေးတာကို သတိထားမိသည်။ ဘာကြောင့် အဲသလိုဖြစ်တာလဲ၊ ဘယ်လို စံညွှန်းတွေထိမှ ပေးတာလဲ မေးကြည့်တော့ "မပေးတာကြာလို့ ပျင်းလာရင် ပေးတယ်" ဟု စွယ်စုံရ အနုပညာရှင်ကြီး တဦးက သရော်တော်တော်ဖြေသည်။
သည်တော့ ခုနက ပြောသလို ရုပ်ရှင်နည်းနည်းလေးကို ပျင်းရိပျင်းတွဲ ရွေးကြမည့်အစား တနှစ်စာ ထွက်သမျှ ဗီဒီယိုကား အားလုံးကို စုစည်းပြီး ဆန်ကာတင် ပြန်ပေးလို့ရသည်။ ဆုအမျိုးအသား အသစ်တွေတောင် ထပ်တိုး၍ရသေး။ ဥပမာ..
အငိုရဆုံးဟာသကားဆု
နိုင်ငံခြားနှင့်ထပ်တူနီးပါး ပုံတူအကူးနိုင်ဆုံး ဇာတ်ကားဆု
ရက်အတိုဆုံး ရိုက်နိုင်သည့် ဇာတ်ကားဆု
စားရိတ်အချုံ့နိုင်ဆုံး ထုတ်လုပ်သူဆု
ဖြတ်ညှပ်ကပ် အကောင်းဆုံး တည်းဖြတ်သူဆု
အခန်းအများဆုံး သရုပ်ဆောင်နိုင်သည့် ဖြတ်လျှောက်ဆု
မျက်ရည်တုအထည့်နိုင်ဆုံး မင်းသမီးဆု
ဒိုင်ယာလော့ခ်အများဆုံးပြောနိုင်သည့် သရုပ်ဆောင်ဆု
စသည်ဖြင့်ပေါ့။ ဒါဆို တနှစ် တနှစ် အကယ်ဒမီဆုရှင်တွေ အများကြီး ပေါ်ထွက်လာနိုင်သည်။ တချို့များဆို တနှစ်တည်းနှင့်ပင် အကယ်ဒမီ လေးဆယ့်ကိုးထပ်ကွမ်းလောက် သိမ်းကြုံးရသွားနိုင်၏။ မောင်ဝါဝါ့ စိတ်ကူးကလေး မသင်းပေဘူးလား။ သို့သော်.. ဆက်ပြော၍ မဖြစ်တော့။ တော်ကြာ ကိုယ့်ကို ဇာတ်ညွှန်းပုံမှန် အပ်နေကျ ဒါရိုက်တာ တယောက် နှစ်ယောက်ပင် မောင်ဝါဝါ့အား ငပွကြီး စာရင်းသွင်းကာ ဇာတ်ညွှန်းမအပ်တော့လျှင် ငတ်ရချေသေး။
ဒါ့ကြောင့်ပြောတာ။ မောင်ဝါဝါ ဘယ်မှမသွား၊ ဘာမှမလုပ်ဘဲ အိပ်နေတာပါလို့။ ခုနက ရေးတာတွေလည်း ပြန်ရုပ်သိမ်းသည်။ မရေးခဲ့ဘူးဟု သဘောထားလိုက်၏။ သင်တို့လည်း မတော်တဆ ဖတ်မိလျှင်တောင် မဖတ်မိဟု သဘောထားပေးကြစေလိုသည်။ ဘယ်သူ့မှလည်း ပြန်မပြောကြပါနှင့်။ မောင်ဝါဝါ ဘာ ဘာ ဘာမှမသိပါ။ အိမ်တွင်သာ ငြိမ်ငြိမ်လေး အိပ်နေခြင်း ဖြစ်ပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...