လူသေဂီတ
လိုင်းကားတစ်စင်းပေါ် ပြေးတက်လိုက်ပြီး ယိုင်ထိုးမသွားအောင် တွေ့ရာ တန်း တစ်ခုကို ပြေးကိုင်လိုက်ရသလိုမျိုး။
လေးကြောင်းမျဉ်း ဗလာစာအုပ် အလွတ်ထဲ ခန္ဓာကိုယ်နဲ့ စိတ်ကို ခဏထည့်ပြီး ဘ၀လှအောင် ကျင့်ရဦးမယ်
အဲဒီ သူရဲကောင်းကြီးပေါ့ ....
မြှားကို ဓါးအိမ်ထဲ ထည့်ပြီး သစ်ပင်တွေ ရှိတဲ့ဘက် 1 Mbs အလျင်နဲ့ ထွက်သွားလိုက်တာ
ကမ္ဘာကြီးက ခရမ်းရောင်ကြီးပဲ မခင်နှင်းဆီ … ကျနော့် ကိုယ်ရေးအကျဉ်းလေး ခင်ဗျား တံခါးဝမှာ ထားခဲ့ပါပြီ။
သေတ္တာလေးထဲမှာ နာရီလေးတစ်လုံးထည့်ထားတယ် နာရီလေးထဲမှာ အားမရှိတဲ့ ဓာတ်ခဲတစ်လုံး ထည့်ထားတယ်။
ဘ၀က ဆားပေါက်နေပါပြီ မခင်နှင်းဆီရယ်။
ရေမွှေး ဆွတ်တယ် ရေချိုးတယ် ပြီးတော့မှ ဆပ်ပြာတိုက်ပြီး ခင်ဗျား ကို ကျနော် “တူးပြီ” လို့ တူတူပုန်းနေမယ်။
စီးကရက်ကို ပါးစပ်မှာ တေ့ပြီး မှ ဆေးလိပ်ဖြတ်ထားတာပဲလို့ ပြန်တွေးပြီးချိန်မှာ ကျနော်ဟာ မီးညှိပြီးသွားပြီ။
ခင်ဗျားကို ကျနော် မချစ်ဘူး မခင်နှင်းဆီ။
ဒါမှမဟုတ်။ ကျနော့်ကိုယ် ကျနော် မချစ်ဘူး မခင်နှင်းဆီ။
လှေထဲမှာ ရေ အပြည့်ထည့်ပြီး ပင်လယ်ပေါ်ကနေ ငါးထိုင်မျှားမယ် ကမ္ဘာရဲ့ နေ၀င်တဲ့ တစ်ဖက်မှာပေါ့
အိပ်မက်ထဲမှာ ည မိုးချုပ်နေတယ်။ ညမိုးချုပ်နေလို့ ကျနော် အိပ်မလို့တဲ့ အိပ်မက်ထဲမှာ
ခင်ဗျားချန်ထားတဲ့ ပန်းနုရောင် အိပ်ယာခင်းပေါ်မှာ ကျနော် ဆန့်ဆန့်ကြီး သေဆုံးနေတာ ဘယ်သူမှ မသိလိုက်ကြပါလား။
အလေအလွင့် ရက်စွဲတွေပဲ။ လက်ထဲက စုပ်ကိုင်ထားတဲ့ ငွေနှစ်ရာက ချွေးတွေနဲ့ စိုနေတယ်
ဟိုဟိုဒီဒီသွားဖို့ ငွေ နှစ်ရာရှိရင် တစ်နေရာရာတော့ ရောက်နိုင်တယ်ဆိုတဲ့ အသိမျိုးနဲ့
ဘာကားမှန်း မသိဘဲ ဘက်စ်ကားတစ်စင်းပေါ် တက်စီးတယ် ကျနော် တစ်နေရာရာတော့ ရောက်မှာပါ မခင်နှင်းဆီ။
ခင်ဗျားကို လွမ်းတယ်လို့ ရိုက်ပြီးမှ ကျနော့် ကီးဘုတ်မှာ Enter ခလုတ် ပျောက်နေတယ်
အဲဒါနဲ့ ငုံထားတဲ့ ကွမ်းတံတွေးတွေကို ပြောင်နေတဲ့ ကတ္တရာ လမ်းမဆီ ပစ်ခနဲ ထွေးပစ်လိုက်တယ်
ဘာဖြစ်လဲ ဒီနိုင်ငံမှာ နေရင် ဒီလိုပဲ နိုင်ငံသေးသား ပီသရမှာပေါ့။
ငယ်ငယ်က ဗိသုကာ အင်ဂျင်နီယာ တစ်ယောက် ဖြစ်ချင်ခဲ့တယ် အဲဒါ ရည်မှန်းချက်တော့ မဟုတ်ဘူး
ဆန္ဒတွေက လိင်ဆက်ဆံတိုင်း မျှော်လင့်ချက်တွေ မွေးတယ် ဒါပေမယ့် မွေးလာတဲ့ မျှော်လင့်ချက်တွေက အသေလေးတွေ။
တစ်ခါတလေလည်း ဘက်စ်ကားပေါ်မှာ အိပ်ပျော်သွားပြီး အိမ်တစ်လုံး ပိုင်ပြီလို့ အခြေခံလူတန်းစား အိပ်မက်တွေ ပြန်မက်ဖြစ်တယ်။
အင်တာဗျူး ဖြေတယ် မအောင်ဘူး။ စာမေးပွဲ / စာမွေးပွဲ ကျတယ်။ လူတွေ့စစ်ဆေးတယ်။ ကျနော် နှလုံးသား အရပ်ပုနေတယ်။
အမေကတော့ ကျနော့်ကို ပြောပါတယ် Facebook ပေါ်မှာ လျှောက်လျှောက် မဆဲပါနဲ့
ကျနော် ယဉ်ကျေးမှုက ရေခဲမှတ်အောက် Minus Thirty လောက် ပြနေတယ်
မကျေလည်သေးတဲ့ မြို့ပြကြီးထဲမှာ မချမ်းလည်း အနွေးထည်ကြီး ၀တ်ပြီး နေပူထဲမှာ မီးလှုံနေရတာပဲ
ကျန်းမာရေးအရ ကျနော် အရက်ဖြတ် ဆေးလိပ်ဖြတ်မယ် ခဏတိုင်း တွေးတယ်။
ပျော်မလားလို့ လက်သည်းအရှည်ကြီးထားပြီး လက်သည်းနီ အနက်ရောင်တွေ ဆိုးကြည့်တယ်။
ကမ္ဘာကြီးက တစ်နေ့တခြား ကျဉ်းလာတယ်သာ ပြောတယ် ခုထိလည်း ကျနော်က အမြင်မကျယ်သေးပါဘူး
လိပ်စာကဒ်ထဲမှာတော့ ရာထူးက ကျနော် ဒါရိုက်တာတဲ့ (မသိပါဘူး)
အဖေကလည်း မေးပါတယ်ကျနော့်ကို နေပါဦးတဲ့ မင်းက စာရေးဆရာလား၊ ဒါရိုက်တာလား၊ အရက်သမားလားတဲ့။
အဖျားသွေး ၁၀၃နဲ့ လူနာကုတင်ပေါ်က ဒဏ်ရာအစအနတွေက လိုက်ကောက်လို့ မပြီးသေးဘူး။
လူ့ယဉ်ကျေးမှု ဂီတတွေထဲက ရုန်းထွက်ပြီး ဒိုရေမီဖာ ကြည့်တယ် ကျနော်ဟာ လူသေဂီတတစ်ခု ဖြစ်လာတယ်။
ကြိုးတွေ တုန်ခါနေတဲ့ ဂစ်တာတစ်လက်ပေါ် အိပ်မက်တွေ မီးခိုးကြွက်လျှောက် ဖြတ်ပြေးနေတယ်
ကိုယ့်လိပ်ပြာကိုယ် မလုံတော့ဘူးဆိုမှတော့ ခင်ဗျားကို ဒီတစ်သက် မချစ်တော့ဘူး မခင်နှင်းဆီ
မြစ်တစ်ဖက်ကမ်းမှာ ကျနော် ခင်ဗျားဆီ ပြန်လာနိုင်တဲ့ လှေလေးကို လက်နှစ်ဖက်နဲ့ တယုတယကိုင်ပြီး မီးရှို့လိုက်ပြီ။
တိမ်တွေ ပြိုနေတဲ့ဖက် ထွက်သွားနှင့်တဲ့ သူရဲကောင်းကြီးက ကျနော့် ။ ငယ်အိပ်မက်ဆိုတာလည်း မေ့ထားလိုက်ပြီလေ။
ပြန်တွေ့ရင် ခင်ဗျားအတွက် အလှမွေးငါးလေးတစ်ကောင် လက်ဆောင်ပေးမယ်။
အရာအားလုံးအတွက် ကျေးဇူးတင်တယ်။
= ရင်နင့်အောင် =

0 comments:
Post a Comment