Tuesday, December 16, 2014

မိတ်ဆွေကြီး ကိုမင်း ပဲ့ကိုင်တဲ့ Citizen Journal အတွက် မူလတန်း ပညာရေးဆိုင်ရာ အတွေးအခေါ် အယူအဆ (၁)

နိုင်ငံသားဖြစ်မှု
ကလေးဟာ ဒုက္ခိတပဲလား
ကျွန်တော်တို့ ဆီက ကလေးငယ်တွေအကြောင်း စဉ်းစားကြည့်ရအောင်ပါ ။ ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုထဲမှာ ကလေးတွေကို လေးစားတဲ့ စိတ်ဓါတ်တွေပျောက်နေတာကို တွေ့ရမယ်။ ကလေးတွေကို လေးစားတဲ့ စိတ် ပျောက်နေ တယ်ဆိုတာက ကလေးတွေဟာ ဘာမှ မလုပ် နိုင်ဘူးလို့ ထင်တာပဲ။ လူကြီးတွေ စကားဝိုင်းထဲမှာ ကလေးတွေကို လူရာ မသွင်းဘူး ။

တစ်ချို့လူကြီးများဆို မောင်းထုတ်တတ်ကြတယ်။ သေချာစဉ်းစားကြည့်ရင် လူကြီးတွေရဲ့ ကလေးတွေကို မြင်ပုံကြည့်ပုံထဲမှာ ကလေးဆိုတာ ဒုက္ခိတတစ်မျိုးပဲ လို့တောင် မြင်တတ်ကြတယ်။ ဆိုလိုချင်တာက ကလေးကို သူတို့က သာလျင် ပြုစုစောင့်ရှောက်ပေးနေရတယ်။ ကျွေးမွေး ပြုစုရတယ်။ ကလေးတွေက ဘာအသိဥာဏ်မှ မရှိဘူး ဆိုတဲ့ အတွေး မျိုးတွေ စိမ့်ဝင်ပြန့်နှံ့နေတယ်။ ကလေးတွေ ခမျာလည်း လူကြီးတွေကနေ သူတို့ကိုယ် ဘာမျှ မလုပ်နိုင်သူတွေ အဖြစ် မြင်တဲ့ အတိုင်းပဲ လက်ခံနေကြရတယ်။ လူကြီးတွေကတောင် သူတို့ကိုယ် အဲလို မြင်တော့ကာ သူတို့လဲ ဘာမှ မလုပ်တော့ဘူး၊ ဘာမှ မတွေးတော့ဘူး ၊ လူ့အဖွဲ့အစည်း နဲ့ကိုယ့်ရဲ့ လူမှု အသိုင်းအ၀ိုင်းထဲကို ဘာမျှ မထည့်ဝင်တော့ဘူး။
တကယ်တော့ဒါဟာ ကလေးငယ်တွေကို ဒုက္ခိတလို ၊ တရိစ္ဆာန်လေးတွေလိုထားတာပါပဲ ။ ပညာသင်ပေးမယ် ၊ ဗိုက်စာရင် အစားအစာကျွေးမယ်၊ လိုအပ်တာလေးတွေ ၀ယ်ပေးမယ်လို့ ကလေးငယ်တွေကို ထားတာဟာ ကလေးကို ဘာမျှမလုပ်နိုင်တဲ့ တစ်ခုခု ချို့ယွင်းနေသူအဖြစ်ထားတာပါပဲ ။ ဒီဘက်ခေတ် လူတွေကို လေးစားတန်ဖိုးထားလာပြီး မသန်စွမ်း ( မသန်ပေမယ့် စွမ်း တဲ့ သူ အဖြစ် ) မြင်ပေးတာမျိုး မဟုတ်ဘဲ ၊ ဘာမျှ စွမ်းဆောင်ရည်မရှိသေးတဲ့ ၊ အသိဥာဏ်မရှိသေးတဲ့ အရာ အဖြစ်ထားမြင်လိုက်ကြတာ ဖြစ်တယ်။

ဒီလို ဘာကြောင့် မြင်ရသလဲ
ကလေးတွေကို ဒီလိုမြင်ကြရတဲ့ အထဲမှာ ကျွန်တော်တို့ရဲ့ လူ့အဖွဲ့အစည်းဟာ ကလေးကလည်း နိုင်ငံသား တစ်ယောက်ပဲ ဆိုတဲ့ အမြင် မရှိတဲ့ အတွက်ကြောင့် ဖြစ်တယ်။ ကလေးကို ဒုက္ခိတ လိုမြင်တော့ကာ ကလေးဟာ နိုင်ငံသား တစ်ယောက်လို ကိုယ့်လူမှုအသိုင်းအ၀ိုင်းအတွက် တာဝန်ယူမှုတွေလုပ်နိုင်တယ် ဆိုတာမျိုး မမြင်နိုင်ဘူး ။ ဒီမိုကရေစီ လူ့အဖွဲ့အစည်းကြီးထဲမှာ ဒီမိုကရေစီပညာရေးကို ဖော်ဆောင်နိုင်ဖို့ အရေးအကြီးဆုံးပါပဲ တဲ့ ပညာရှင်တွေက ဆိုကြတာပါ။ အေမီဂတ်မန်းတို့လို ပညာရှင်တွေကတော့ ဒီမိုကရေစီ ပညာရေးကိုဖော်ဆောင်တော့မယ် ဆိုရင် မူလတန်းပညာရေးက အရေးအကြီးဆုံးပါပဲတဲ့ ။ အဲဒီ မူလတန်း ပညာရေးမှာ ကလေးတွေကို နိုင်ငံသား စိတ် ဓါတ်တွေပေါ်လာအောင် အလုပ်လုပ် ပေးရမယ်တဲ့ ။ ကျွန်တော်တို့ ဆီမှာကလေးတွေကို နိုင်ငံသား စိတ်ဓါတ် ဖြစ်လာအောင် လုပ်ပေးဖို့ ဝေးစွ၊ သူတို့ရဲ့ အတွေးအခေါ်နဲ့ ကိုယ်ကိုယ်ကိုယ် လေးစားမှု မှန်သမျှကို ပုံစံ အမျိုးမျိုး နဲ့ ရိုက်ချိုးနေကြတာကိုတွေ့ရမယ်။


နိုင်ငံသားပညာရေး
နိုင်ငံသားပညာရေးတဲ့ ။ သင်ရိုးညွန်းတမ်းတွေ အများကြီးပါ ။ နိုင်ငံသားဖြစ်မှုအတွက် မူလတန်းကလေးတွေ အတွက်ရည်ရွယ်ထားတဲ့ စာအုပ်တွေ ၊ အ လယ်တန်းသင်ရိုးအတွက် ရည်ရွယ်ထားတဲ့ စာအုပ်တွေ အများအပြားရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဆီမှာလဲ ဒီလို စာအုပ်တွေနဲ့ မကြာခင် သင်ကြရတော့မှာပါ ။ ဒါပေမယ့် ကလေးတွေကို တကယ်တမ်း နိုင်ငံသား စိတ်ဓါတ်သွင်းပေးနိုင်ဖို့ ဆိုတာ မလွယ်ပါဘူး ။ ကျွန်တော်တို့ရဲ့ ပညာရေးက အလွတ်ကျတ်မှတ် ခိုင်းမယ်၊ ရိုက်သွင်းမယ် ၊ စာသိတွေ ဒလဟော ပေးပြီး လက်တွေ့ နည်းပါးနေတဲ့ ပညာရေးပဲ ။ ကလေးတွေအတွက် နိုင်ငံသား စိတ်ဓါတ် ဆိုတာ စာအုပ်ထဲမှာသာရှိပြီး ကလေးရဲ့ တကယ့်နှလုံးသားထဲကို ရောက်ဖို့ အလွန်ဝေးပါတယ်။
နိုင်ငံသား စိတ်ဓါတ်ကလေးတွေ နှလုံးသားထဲရောက်ဖို့ ….
ကလေးငယ်တွေကို နိုင်ငံသားစိတ်ဓါတ် သွင်းပေးဖို့ အဓိက ကြတဲ့ အချက်တွေအများကြီးရှိမှာပါ။ ဒါပေမယ့် ကျွန်တော်တို့ လူ့အဖွဲ့အစည်းကြီးရဲ့ အဆက်အစပ်နဲ့ ပြောရရင်တော့ ကလေးငယ်တွေရဲ့ နှလုံးသားထဲကို နိုင်ငံသား စိတ်ဓါတ် ရောက်လာဖို့ အဓိက အချက်ကတော့ “ ကလေးငယ်တွေကို လူကြီးတွေက လေးစားကြပါ ၊ နောက် လူကြီးတွေက ကလေးငယ်တွေ သူတို့ကိုယ်သူတို့ လေးစားလာအောင် လမ်းပြပေးကြပါ ” လို့ပဲ ဆိုချင်ပါတယ်။ ဒါဟာ နောင် မူလတန်းပညာရေးမှာ ကလေးငယ်တွေကို နိုင်ငံသားဖြစ်မှုနဲ့ ပတ်သတ်လာရင် သင်ကြားပေးရမယ့် အချက်ပါပဲ ။ ကလေးငယ်တွေကို လူကြီးတွေက လေးစားမှသာလျင် ကလေးငယ်တွေဟာ ငါတို့ဟာ ငါတို့ရဲ့ လူမှု အသိုင်းဝိုင်းအတွင်း နေရာတစ်နေရာရှိနေတယ်ဆိုတာ သိလာမယ် ။အဲဒီလိုသိခြင်းနဲ့ အတူ တာဝန်ယူမှုတွေ ရှိလာလိမ့်မယ်။ အဲဒီနောက်မှာ မှာ ကလေးငယ်တွေ သူတို့ကိုယ်သူတို့ လေးစားလာအောင် လမ်းပြကြရမယ်။ အပြန်အလှန်အနေနဲ့ ကလေးငယ်တွေ သူတို့ကိုယ်သူတို့ လေးစား လာမှသာလျင် ကလေးငယ်တွေကို လူမှုအသိုင်းအ၀ိုင်းနဲ့ ပတ်သတ်ပြီး သူတို့ရဲ့ ကိုယ်တိုင် အားထုတ်မှုနဲ့ ထည့်ဝင်တတ်လာမှာ ဖြစ်တယ်။
ကိုယ်လူမှု အသိုင်းအ၀ိုင်းအပေါ် ကလေးတွေကို တာဝန်ယူခိုင်းပါ….
မူလတန်းပညာရေးက ကလေးတွေရဲ့ နှလုံးသားထဲကို နိုင်ငံသား စိတ်ဓါတ်သွင်းချင်တယ်ဆိုရင်တော့ ကလေးငယ်တွေကို ကိုယ့်ရဲ့ လူမှု အသိုင်းအ၀ိုင်းအတွက် တာဝန်ယူခိုင်းရပါမယ်။ တာဝန်ယူခိုင်းတဲ့ နည်းတွေအများကြီး ရှိပါတယ်။ လူမှုရေး ကူညီမှုလုပ်ငန်းတွေ ၊ ရံပုံငွေအလှုတန်းတွေအတွက်ကလေးတွေကို ငွေရှာခိုင်းတာတွေလည်း ပါပါတယ်။ ကလေးတွေကို ပန်းချီဆွဲခိုင်းတာ ၊ Recycle ပစ္စည်းတွေနဲ့ အရုပ်တွေ ၊ အနုပညာပစ္စည်းတွေ ဖန်တီးပြီး ပြခန်း တွေနဲ့ ကလေးလက်မှုပညာ ၊ အနုပညာ ၊ တခြားသောစွမ်းဆောင်ရည် သရုပ်ပြမှုတွေနဲ့ ၀င်ငွေရှာတာ ၊ ရလာတဲ့ ကလေးတွေရဲ့ ၀င်ငွေတွေနဲ့ ကျန်မားရေး ၊ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးနဲ့ တခြားလူမှုရေး လုပ်ငန်းတွေကို ကလေးတွေရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေနဲ့ ပြန်လှုပေးတာ၊ အလှုအတန်းမှာ သူတို့ကိုယ်တိုင်ပါဝင် ဦးစီးစေတာတွေပါပဲ။ ဒီလို လုပ်ခြင်းအားဖြင့် ကလေးတွေဟာ ကိုယ့်ရဲ့ လူမှု အသိုင်းအ၀ိုင်းအပေါ် တာဝန်ယူမှု တိုးပွားလာမယ် ၊ သူတို့ကိုယ် တိုင်ကလည်း သူတို့ကိုယ် သူတို့ လေးစားလာမယ်၊ ရှေးရိုးစွဲ လူကြီးတွေမှာ အမြစ်တွယ်နေတဲ့ ကလေးဆိုတာ ဘာမှ လူမှု အဖွဲ့အစည်းအတွက် ဘာမှ အသုံးမ၀င်တဲ့ အရာ ဆိုတဲ့ အမြင်တွေလည်း ပျောက်သွားမှာ ဖြစ်တယ်။ လုပ်ရမယ့် ဗျူဟာတွေအရ ပြောရင် ကလေးတွေကို စုပေါင်း ဆောင်ရွက်စေတာ ၊ ပြဿနာတွေကို ဖြေရှင်း ခိုင်းတာတွေ ၊ ဆွေးနွေးငြင်းခုံလုပ်ရတာမျိုးရှိပါတယ်။ ဆရာတွေအနေနဲ့ ကမ္ဘာလောကကြီးကို ရှုမြင်တတ်အောင် ၊ ဖြစ်နေတဲ့ ပြဿနာရပ် အချို့ကို ဖြေရှင်းနိုင်အောင် လုပ်ပေးရပါတယ်။ဒါပေမယ့် အချုပ် ဆိုရရင်တော့ လူကြီးတွေက ကလေးတွေကို လေးစားရေးနဲ့ ကလေးတွေကိုယ့်ကိုယ်လေးစားလာရေး ဟာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့ မူလတန်းမှာ ကလေးတွေကို နိုင်ငံသားစိတ်ဓါတ်သွပ်သွင်းပေးနိုင်ရေးအတွက် အလွန်အရေးကြီးတဲ့ အချင်းအရာ တစ်ခုပါပဲ။ 


( မင်းခက်ရဲ )

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...