ကျွမ်းကျင်လုပ်သား သို့မဟုတ် လုယက်လာရသော အရင်းအမြစ်
#b2bspecialreport
ရှားပါးအရင်းအမြစ်
ယနေ့အချိန်ကာလသည် မြန်မာနိုင်ငံအတွက် အထူးမျက် နှာပန်းပွင့်နေသည့်ကာလဖြစ်သည်။ ဦးသိန်းစိန်အစိုးရ၏နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုနှင့်အတူ မြန်မာနိုင်ငံသည် နိုင်ငံတကာတွင် ရင်းနှီးမြှုပ်နှံစရာ နောက်ဆုံးနယ်မြေသစ် (The Last Frontier) အဖြစ်ရေပန်းစားနေသည်။
ဆယ်စုနှစ်ပေါင်းများစွာ တံခါးပိတ်ခဲ့ပြီး အထီးကျန်စွာနေခဲ့သောယင်းနယ်မြေတွင် မထုတ်ယူ မသုံးစွဲရသေးသည့်သယံဇာတများ၊ အခွင့်အလမ်းများကလည်း အရပ် ရှစ်မျက်နှာမှ စီးပွားရေးသမားတို့ အတွက် အထူးမျက်စိကျစရာကောင်း နေသည်မှာမဆန်းပေ။ လွန်ခဲ့သည့်သုံးနှစ်အတွင်း ပြည်ပရင်းနှီး မြှုပ်နှံမှုအခြေအနေကိုပြန်ကြည့်လျှင် အမေရိကန်ဒေါ်လာခြောက် ဘီလီယံခန့်တိုးတက်လာသည်ကိုတွေ့ရသည်။ ထို့အတူ ပြည်တွင်း လုပ်ငန်းများဆိုလျှင်လည်း လျင်လျင်မြန်မြန်တိုးချဲ့လာနေကြသည်။
ယင်းသို့သောအခြေအနေတွင် စီးပွားရေးလုပ်ငန်းများ အတွက် အရေးအကြီးဆုံးလိုအပ်ချက်တစ်ခုဖြစ်သည့် လူ့စွမ်းအား အရင်းအမြစ်သည် စိန်ခေါ်မှုတစ်ခုဖြစ်လာသည်။ သတိပြုမိ သလောက် စီးပွားရေးလုပ်ငန်းများ၏စိန်ခေါ်မှုများအကြောင်း ဆွေး နွေးလျှင် “လူ့စွမ်းအားအရင်းအမြစ်” (HR) ပြဿနာက ထိပ်ဆုံးမှ အမြဲပါလာသည်။ ယခုနှစ်မေလအတွင်းထုတ်ပြန်ခဲ့သည့် OECD ၊ UNESCAP ၊ UMFCCI နှင့် Hanns Seidal Foundation တို့ပူးပေါင်းပြုလုပ်သည့် Survey တွင်လည်း မြန်မာနိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးမှုအတွက် အတားအဆီးပြဿနာရပ်များတွင် အကျင့်ပျက် ချစားမှု၊ နည်းပညာရှားပါးမှုတို့နှင့်အတူ ကျွမ်းကျင်လုပ်သားပြတ် လပ်မှုသည်လည်း ပါဝင်ကြောင်းဖော်ပြထားသည်။ ယင်း Survey အရ တုံ့ပြန်ဖြေဆိုသူများ၏ ၆၀ ရာခိုင်နှုန်းသည် ၎င်းင်းတို့အတွက် ကျွမ်းကျင်လုပ်သားလိုအပ်ချက်သည် အဓိကအတားအဆီးဖြစ် ကြောင်း ဖြေဆိုကြသည်ဟုဆိုသည်။
United Paints Group ၏မန်နေဂျင်းဒါရိုက်တာဦးအေး ဟန်က ““လက်ရှိမှာ ကျွန်တော်တို့ဘာကြုံတွေ့ရနေရသလဲဆိုရင် HR ကဏ္ဍမှာ လက်ရှိဝန်ထမ်းခေါ်ရတဲ့အခက်အခဲတွေပေါ့။ ကျွမ်းကျင်ဝန်ထမ်းခက်ခဲလာတာတွေ့ရပါတယ်”” ဟု ဇူလိုင်လထုတ် B2B မဂ္ဂဇင်းစကားဝိုင်းတွင်ဆွေးနွေးခဲ့သည်။ အဓိကအားဖြင့် ယခု နောက်ပိုင်းသိသိသာသာဖွံ့ဖြိုးလာသော ဟိုတယ်လုပ်ငန်းများ၊ စား သောက်ဆိုင်လုပ်ငန်းများ၊ လူသုံးကုန်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်း များ၊ အိုင်တီလုပ်ငန်းများနှင့် ဆောက်လုပ်ရေးလုပ်ငန်းများ၌ ကျွမ်းကျင် ၀န်ထမ်းရှားပါးသည့်ပြဿနာ တော်တော်လေးကြုံနေရသည်။ ထို့အတူခရီးသွားလုပ်ငန်းများနှင့် အထည်ချုပ်လိုလုပ်ငန်းများဆိုလျှင် လည်း ၀န်ထမ်းလိုအပ်ချက်က သိသိသာသာမြင့်တက်လာခဲ့သည်။ အထည်ချုပ်ကဏ္ဍတွင် လွန်ခဲ့သည့်သုံးနှစ်ကျော်က လုပ်သား တစ်သိန်းပင်မပြည့်ခဲ့သော်လည်း ယခုအခါ လုပ်သားပေါင်းနှစ်သိန်း ခန့်ကိုအလုပ်ခန့်ထားနိုင်ခဲ့ပြီဖြစ်သည်။
စီးပွားရေးလုပ်ငန်းများပြားလာခြင်း၊ လုပ်သားလိုအပ်ချက် များပြားလာခြင်းကြောင့်ပင် အလုပ်ရှင်များ၏ရွေးချယ်ခွင့်၊ ၀န်ထမ်း များ၏ရွေးချယ်ခွင့်များက ယခင်ကာလများနှင့်ပြောင်းပြန်ဖြစ်လာခဲ့ သည်။ Device Services အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီမှ ဗျငျအညေအ Assistant Recruitment Manager မရတနာက လွန်ခဲ့သည့် ငါးနှစ်ခြောက်နှစ်ခန့်က အလုပ်ရှာသူများက အင်တာဗျူးဝင်ချင်လွန်း သဖြင့် အင်တာဗျူးစီစဉ်ပေးရသည်မှာ လွယ်ကူခဲ့သော်လည်း ယနေ့ ကာလတွင်တော့ အင်တာဗျူးအတွက်ဆက်သွယ်ပြီးလျှင်ပင် ပုဂ္ဂိုလ်ရေးကိစ္စတစ်ခုခုကြောင့်ဖြစ်စေ၊ အခြားအလုပ်တစ်ခုက လက်ဦး၍ဖြစ်စေ အလုပ်ရှာသူများအနေဖြင့် အင်တာဗျူးပင် ၀င်ချင်မှဝင်ကြောင်းပြောသည်။ အလုပ်လစ်လပ်နေရာ များပြားလာ ခြင်းနှင့်အတူ အလုပ်ရှာသူများအတွက် ရွေးချယ်ခွင့်ပိုရလာခြင်း ဖြစ်ပါသည်။ ၀န်ထမ်းပေါင်းတစ်ရာနှင့်လည်ပတ်နေသည့် ဖြန့်ချိရေး ကုမ္ပဏီတစ်ခုဖြစ်သော DKSH မှ HR မန်နေဂျာမစန္ဒာကတော့ ““ဒီနေ့ခေတ်မှာတော့ အကန့်အသတ်ရှိနေတဲ့ကျွမ်းကျင်လုပ်သားကို ၀ိုင်းပြီးလုနေရတဲ့အခြေအနေပါ”” ဟု ကျွမ်းကျင်လုပ်သားလိုအပ် ချက်မြင့်မားလာမှုနှင့်ပတ်သက်ပြီးပြောသည်။
ထို့အတူ ကုမ္ပဏီတစ်ခုမှ အခြားကုမ္ပဏီတစ်ခုသို့ခုန်ကူး သည့်ဝန်ထမ်းများလည်း များလာသည်။ ထို့ကြောင့်ပင် ကုမ္ပဏီများ၌ ၀န်ထမ်းများကိုထိန်းသိမ်းရသည်မှာ ယခင်ကလိုမလွယ်ကူတော့သလို သင်တန်းပေးပြီးလျှင် အလုပ်ပြောင်းသွားတတ်သောကြောင့် သင်တန်းပင်ပေးရမှာကြောက်လာကြောင်း ဆိုသူတို့ကဆိုသည်။ လုပ်ငန်းရှင်အချို့ကတော့ ၀န်ထမ်းများ လေ့ကျင့်သင်ကြားပြီးလျှင် ထွက်ထွက်သွားတတ်သောကြောင့် သူတို့၏အလုပ်များမှာ သင်တန်းကျောင်းများနှင့်တူနေကြောင်းညည်းသည်။ တကယ်တော့ မြန်မာဝန်ထမ်းများသည် အလုပ်နှင့်အလုပ်ရှင်အပေါ် ခင်တွယ် သူများ၊ အလုပ်မြဲသူများဟု သတ်မှတ်ခံရသူများဖြစ်ပါသည်။
အလုပ်အကိုင်အခွင့်အလမ်းများပြားလာမှုနှင့်အတူ လုပ်ခ လစာများလည်း ယခင်ကထက်မြင့်လာခဲ့သည်။ အချို့သော စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ခလစာနှင့်ပတ်သက်၍ ဆန္ဒပြမှုအချို့ ရှိနေ သေးသည့်တိုင် လုပ်ငန်းတော်တော်များများတွင် လစာနှုန်းထားများ မြှင့်ပေးလာသည်။ ယခင်စီးပွားရေးမဖွင့်ခင်ကအချိန်နှင့် နှိုင်းယှဉ် လျှင် အချို့ဝန်ထမ်းများ၏လစာမှာ သုံးလေးဆခန့်မြင့်တက်သွား သည်ဟု ဆိုသည်။ HR အတွေ့အကြုံကိုးနှစ်ရှိသော မစန္ဒာကတော့ ““အကန့်အသတ်ဖြစ်နေတဲ့ လူနည်းစုကလေးကို နိုင်ငံခြားက အသစ်ဝင်လာတဲ့ကုမ္ပဏီတွေရော၊ ပြည်တွင်းက လုပ်ငန်းရှင် တွေပါ အလုအယက်ခေါ်နေကြတော့ အလုပ်သမားဈေးကွက်မှာ အရင်ကမကြားဖူးတဲ့လစာနှုန်းထားတွေဖြစ်လာတာကို တွေ့ရပါတယ်”” ဟုပြောသည်။ လက်ရှိပြည်ပတယ်လီကွန်းမ် ကုမ္ပဏီများတွင် အငယ်တန်းအင်ဂျင်နီယာတစ်ယောက်၏ လစာသည်ပင် ဒေါ်လာနှစ်ရာသုံးရာရှိနေသည်။ လစာနှုန်း ထားမြင့်တက်လာခြင်းနှင့်ပတ်သက်၍ Device Business Management Academy ၏ ကျောင်းအုပ်ကြီးဦးတင်ဇံ ကျော်က ““အခုလောလောဆယ်ဘာဖြစ်နေလဲဆိုတော့ သုံး သိန်းတန်တွေကို တချို့ကုမ္ပဏီကြီးတွေက ခုနစ်သိန်း၊ ကိုးသိန်းနဲ့ခေါ်တယ်။ ဒီဟာကြီးကလည်း Labour Market ကို ဖျက်ဆီးလိုက်သလိုဖြစ်သွားတယ်။ သူတစ်ယောက်ပဲပေး နိုင်တယ်။ ကျန်တဲ့သူမပေးနိုင်ဘူး”” ဟု မှတ်ချက်ပြုသည်။
သို့သော်လည်း သတိပြုစရာတစ်ချက်က လစာနှုန်းထား မြင့်နေသည်မှာ လတ်တလောအရေးတကြီးလိုအပ်နေသောရာထူး နေရာများအတွက်သာ အများစုဖြစ်နေပြီး အောက်ခြေအဆင့်ရာထူး အများစုကတော့ ယခင်နှင့်မတိမ်းမယိမ်းသာရှိနေသေးသည်။
ပညာရေးစနစ်သည်တရားခံလော
အထက်တွင်ဆိုခဲ့သည့်အတိုင်း လက်ရှိအချိန် မြန်မာပြည် ၌ ၀န်ထမ်းရှာဖွေရခက်သည်ဆိုသည်မှာလည်း အရည်အသွေး ပြည့်ဝသူဝန်ထမ်းများကို ခေါ်ယူရခက်ခြင်းသာဖြစ်သည်။ အလုပ်ပေးလိုသည့်သူများ များပြားနေသလို အလုပ်လျှောက် နေသူများလည်း တစ်ပုံတစ်ပင်ရှိသည်။ ဆိုရလျှင် မြန်မာ ပြည်၌လည်း အလုပ်လက်မဲ့နှုန်းက မြင့်မားနေဆဲဖြစ်သည်။ မြန်မာလူငယ်များအစည်းအရုံးက ပြုလုပ်ထားသည့်စစ်တမ်း တစ်ခုတွင်တော့ ၂၀၁၂ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း မြန်မာ နိုင်ငံအတွင်း ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတိုင်းဒေသကြီး နှစ်ခုရှိ အသက် ၁၆ နှစ်မှ ၃၅ နှစ်အတွင်း လူငယ် နှစ်ထောင်ကျော်ကို စစ်တမ်းကောက်ယူရာတွင် လက်ရှိ မြန်မာနိုင်ငံ၌ လူငယ်ဆယ်ဦးတွင် ခြောက်ဦးမှာ အလုပ် လက်မဲ့ပြဿနာနှင့် ရင်ဆိုင်နေရကြောင်းဆိုသည်။ လူ့စွမ်း အားရင်းမြစ်ရေးရာကျွမ်းကျင်သူများ၏အဆိုအရလည်း မြန်မာနိုင်ငံ၏လက်ရှိကာလ၌ အရည်အချင်းပြည့်မီသော ကျွမ်းကျင်ဝန်ထမ်းသာ ရှားပါးနေခြင်းဖြစ်ပြီး အလုပ်လုပ်လိုသည့် သူများကတော့ များစွာရှိနေသည်။
မကြာခင်ကထုတ်ပြန်ထားသော New Crossroads Asia (NCRA) ၏အစီရင်ခံစာအရတော့ မြန်မာပြည်၌အလုပ် လုပ်နိုင်သောလုပ်သားအင်အားစုမှာ ၃၂ သန်းကျော်ရှိသော်လည်း ၂၄ သန်းကျော်သောအလုပ်လုပ်နေကြောင်း ဖော်ပြထားသည်။ အလုပ်အကိုင် ခန့်ထားမှုနှင့်ပတ်သက်၍ စိုက်ပျိုးရေးတွင် ၅၆.၄ ရာခိုင်နှုန်း၊ ဟိုတယ်ခရီးအပါအ၀င် ကုန်သွယ်မှုကဏ္ဍတွင် ၁၅.၈ ရာခိုင်နှုန်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ၁၁.၄ ရာခိုင်နှုန်း၊ အစိုးရ ၀န်ဆောင်မှုတွင် ၇.၇ ရာခိုင်နှုန်း၊ ဆောက်လုပ်ရေးလုပ်ငန်းတွင် ၂.၇ ရာခိုင်နှုန်းရှိသည်ဟု ၎င်းင်းအစီရင်ခံစာတွင်ဖော်ပြထားသည်။
ကျွမ်းကျင်လုပ်သားရှားပါးရသည့်အကြောင်းရင်းကို ဖော်ပြ ပါဆိုလျှင်တော့ အများပြောပြောနေသည့်ပညာရေးစနစ်တည်း ဟူ သောဓာတ်ပြားဟောင်းကြီးကိုသာပြန်ဖွင့်ရပေမည်။ နိုင်ငံတကာ၌ ကျောင်းသားဗဟိုပြုစနစ်ကိုကျင့်သုံးခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း မြန်မာပြည်၌မူ ဟောင်းနွမ်းနေသောဆရာဗဟိုပြုသင်ကြားရေးစနစ် ကိုသာတောက်လျှောက်ကျင့်သုံးခဲ့ကြသည်။
အလွတ်ကျက်ပညာရေး စနစ်ကြောင့် ကျောင်းသူကျောင်းသားများ၏စဉ်းစားတွေးခေါ်နိုင်စွမ်း နိမ့်ကျခဲ့သလို မအောင်မနေပညာရေးစနစ်ကလည်း အရည်အချင်း ထက် အရေအတွက်တို့ကိုသာမွေးပေးခဲ့သည်။ ဗဟိုချုပ်ကိုင်မှုများ သောစနစ်အောက်တွင် သက်ဆိုင်ရာကျောင်းသားတက္ကသိုလ်အသီး သီးက လွတ်လွတ်လပ်လပ်စီမံခွင့်မရခဲ့သလို ဆရာဆရာမများ လောကတွင်လည်း “မလုပ်၊ မရှုပ်၊ မပြုတ်” ယဉ်ကျေးမှုက ကြီးထွား လာခဲ့သည်။ တက္ကသိုလ်များတွင် သုတေသနလုပ်ငန်းများက တကယ့် လက်တွေ့နှင့်မနီးစပ်ဘဲ ဟန်ပြသက်သက်၊ တာဝန်ကျေရုံသက်သက် လောက်သာရှိခဲ့သည်။ ဘတ်ဂျက်အားလုံး၏ ၅ ရာခိုင်နှုန်းကို ပညာရေးအသုံးစရိတ်အဖြစ်သုံးခဲ့သည်ကိုကြည့်လျှင်ပင် မြန်မာ အစိုးရ၏ပညာရေးအပေါ် မည်မျှအာရုံစိုက်ခဲ့ကြောင်းသိသာ ပါသည်။
နိုင်ငံစီးပွားရေးနိမ့်ကျခြင်းကလည်း ပညာရေချိန်ကို သက် ရောက်မှုများစွာရှိနေသည်။ ဆင်းရဲမွဲတေမှုကြောင့် အိမ်ထောင်စု ပေါင်းများစွာမှကလေးတို့သည် ပညာရေးကို ကောင်းစွာသင်ယူခွင့် မရှိကြပေ။ NCRA ၏အစီရင်ခံစာတွင် မြန်မာနိုင်ငံရှိလုပ်သား အင်အားစု၏ ၄၃ ရာခိုင်နှုန်း (လူဦးရေ ၁၀.၈ သန်း) သည် မူလတန်းပညာရေးအလွန်တွင် မည်သည့်ပညာရေးမှမရှိသဖြင့် လုပ်ငန်းနေရာတိုင်းတွင် ကျွမ်းကျင်လုပ်သားရှားပါးမှုနှင့်ကြုံတွေ့နေ ရကြောင်းဖော်ပြထားသည်။ ထို့ပြင် မြန်မာ့လုပ်သား အင်အားစု၏ ၁၇ ရာခိုင်နှုန်းသာ တက္ကသိုလ်နှင့်ဘွဲ့ရအတတ်ပညာရေးရှိကြသည် ဟုလည်း ၎င်းင်းအစီရင်ခံစာအရသိရသည်။
ပညာသင်ကြားနိုင်ခွင့်နည်းပါးမှုအပြင် ပညာရေးစနစ် ကလည်း လက်တွေ့လုပ်ငန်းခွင်နှင့်ကင်းကွာလွန်းသောကြောင့် ဘွဲ့ရ သူများသည်ပင်လျှင် လုပ်ငန်းခွင်နှင့်အံဝင်ခွင်ကျမဖြစ်မှုနှင့် များစွာ ကြုံနေကြရသည်။ လူငယ်အများစုသည် အလုပ်လျှောက်သည့်အခါ မိမိဘာလုပ်ချင်သည်ကိုပင်မသိဘဲ CV Form တွင် ‘Suitable Post’ ဟုဖြည့်နေကြသည်။ ယင်းနှင့်ပတ်သက်၍ ဦးတင်ဇံကျော်က “Education နဲ့ Work သီးခြားစီဖြစ်နေတာ” ဟုဝေဖန်သည်။ အစိုးရပညာရေးက ချို့ယွင်းမှုများစွာရှိနေသေးသလို လွန်ခဲ့သည့် လေးငါးခြောက်နှစ်အတွင်း အလျှိုလျှိုပေါ်ထွက်လာသည့်ပုဂ္ဂလိက ကျောင်းများ၊ သင်တန်းများအများစုကလည်း ကောင်းစွာသင်ကြား ပေးနိုင်ခြင်းမရှိချေ။ ၂၁ ရာစု၌ လူလားမြောက်လာသည့်မြို့ပြနေ မြန်မာလူငယ်အများစုမှာ ဘွဲ့၊ ဒီပလိုမာ၊ သင်တန်းဆင်းအောင် လက်မှတ်များနောက်သို့ တကောက်ကောက်လိုက်နေကြသည့်တိုင် ကျွမ်းကျင်တတ်မြောက်မှုအားနည်းကြောင်း သုံးသပ်ကြသည်။ တယ်လီကွန်းမ်ကုမ္ပဏီကြီးဖြစ်သော MTC မှ HR ဌာနအကြီးအကဲ ဒေါ်ကေခိုင်အောင်က ““အင်တာဗျူးမှာတော့ Personal Selling အရမ်းကောင်းတယ်။ တကယ်တမ်းအလုပ်မှာကျတော့ ပါဖောမန့် မပြည့်တာတွေလည်းတွေ့ရပါတယ်။ အဲဒီလိုမျိုးဆိုရင်တော့ ကုမ္ပဏီ ဘက်ကအချိန်ပိုပေးရတာပေါ့”” ဟုဝေဖန်သည်။
ပြည်တွင်းက ၀န်ထမ်းများ၏အရည်အချင်းနိမ့်ကျမှု ကျွမ်းကျင်ဝန်ထမ်းမလုံလောက်မှုတို့ကြောင့်ပင် နိုင်ငံခြားကုမ္ပဏီ များနှင့် ပြည်တွင်းကုမ္ပဏီကြီးများအချို့တွင် နိုင်ငံခြားသားဝန်ထမ်း များကို အရေးတယူခန့်လာကြသည်။ အထူးသဖြင့် CEO ၊ COO လိုရာထူးကြီးနေရာများတွင် နိုင်ငံခြားသားများကိုနေရာပေးခန့်ထား ကြသလို နည်းပညာပိုင်းဆိုင်ရာ၊ တီထွင်ဖန်တီးမှုဆိုင်ရာတာဝန် များတွင် ပြည်ပ၀န်ထမ်းများ တာဝန်ယူထားသည်ကိုတွေ့ရသည်။ ဥပမာအားဖြင့် ပြည်တွင်းကြော်ငြာဝန်ဆောင်မှုကုမ္ပဏီတစ်ခုဖြစ် သော Mango Marketing Services ၏ Creative Section ၌ ၀န်ထမ်း ၃၅ ဦးရှိရာ နိုင်ငံခြားသားက ငါးဦးအထိပါဝင်နေသည်။ ယခု တိုင် နိုင်ငံခြားကုမ္ပဏီကြီးများတွင် ထိပ်ပိုင်းရာထူးများ၌ မြန်မာ ၀န်ထမ်းတို့နေရာရဖို့က စိန်ခေါ်မှုကြီးမားနေသေးသည်။ အမှတ်ရ စရာတစ်ခုက ထိုရှားရှားပါးပါးအခြေအနေတွင် ယခုနှစ်ဆန်းပိုင်းက ကြယ်ငါးပွင့်အဆင့်ရှိ ထိုင်းနိုင်ငံသားပိုင် Chatrium ဟိုတယ်တွင် General Manager ရာထူးကို မြန်မာလူမျိုးတစ်ဦးဖြစ်သော ဒေါ်မေမြတ်မွန်ဝင်းကိုပေးအပ်ခဲ့သည်။
ဆေးမီးတိုကုထုံး
ရင်းနှီးမြှုပ်နှံမှုများကို အသည်းအသန်ဖိတ်ခေါ်နေသော မြန်မာပြည်အနေဖြင့် ပြတ်လပ်နေသောကျွမ်းကျင်လုပ်သားအရင်း အမြစ်ကို လုံလုံလောက်လောက်မွေးထုတ်ပေးနိုင်ဖို့လိုပေမည်။ သမ္မတ ဦးသိန်းစိန်ကတော့ သူ၏သမ္မတသက်တမ်းအတွင်း ဤကိစ္စကို အလေးထားအာရုံစိုက်လာကြောင်းတွေ့ရသည်။ သူ၏လစဉ်မိန့်ခွန်း များ၌ “လူ့စွမ်းအားအရင်းအမြစ်” ဟူသောစကားလုံးကို မကြာခဏ ထည့်သွင်းပြောကြားလေ့ရှိသလို နှစ်ပေါင်းများစွာပြတ်တောက်ခဲ့ သောကင်းထောက်လူငယ်များ၏အခန်းကဏ္ဍကို ပြန်လည်ဖော်ပေး ခဲ့သည်။ အားနည်းချက်များစွာရှိနေသောပညာရေးစနစ်ကိုပြောင်းလဲ နိုင်ဖို့လည်း အကြံပေးအဖွဲ့များဖွဲ့ကာဆောင်ရွက်ခဲ့သည်။ လက်ရှိ အခြေအနေ၌ အမျိုးသားပညာရေးဥပဒေကြမ်းကိုရေးဆွဲပြီးဖြစ်သည်။ တစ်ဆက်တည်းမှာပဲ အခမဲ့မူလတန်းပညာရေးစနစ်ကို ၂၀၁၁ က စတင်မြှင့်တင်ဆောင်ရွက်ခဲ့သလို အခမဲ့အလယ်တန်းပညာရေး စနစ်ကို အကောင်အထည်ဖော်ဖို့လည်းကြိုးစားနေသည်။ ပညာရေး အသုံးစရိတ်ကိုလည်း ယခင်ထက်သုံးလေးဆတိုးပေးခဲ့သည်။ သူ့လက် ထက်၌ ရန်ကုန်တက္ကသိုလ်၏အခန်းကဏ္ဍကို ပြန်လည်မြှင့်တင်ပေးခဲ့ သလို တက္ကသိုလ်အချို့၊ အချို့ပြည်ပ တက္ကသိုလ်ကြီးများနှင့်ချိတ် ဆက်ပူးပေါင်းမှုများရှိလာခဲ့သည်။ သို့သော်လည်း လက်ရှိပညာရေး ဥပဒေကြမ်းသည် ဗဟိုချုပ်ကိုင်မှုများနေသေးသည်ဟုဆိုကာ တက္ကသိုလ်ကျောင်းသားများ၏ဆန္ဒပြကန့်ကွက်မှုကိုခံနေရသည်။
နောက်တစ်ချက်က နိုင်ငံ၏လူ့စွမ်းအားအရင်းအမြစ် တိုး တက်ရေးဖော်ဆောင်နေသောအစိုးရအဖွဲ့ကိုယ်တိုင်၏ လက်ရှိလူ့ စွမ်းအားအရင်းအမြစ်အခြေအနေဖြစ်သည်။ ယခင်စစ်အစိုးရ လက်ထက်က လူမှန်နေရာမှန်မရှိခဲ့၍ ပညာရေးချွတ်ခြုံကျခဲ့သည်ကို ယခုအစိုးရ သတိပြုဖို့လိုသည်။ လက်ရှိအစိုးရအဖွဲ့၌လည်း ၀န်ကြီး ဒုဝန်ကြီးလိုထိပ်ပိုင်းရာထူးများ၌ ယခင်စစ်ဗိုလ်ချုပ်ဟောင်းများသာ အများစုရှိနေသေးပြီး အရပ်သားစစ်စစ်ပညာရှင်များမှာ နည်းပါး သော ၀န်ကြီး၊ ဒုဝန်ကြီးနေရာအချို့နှင့် သမ္မတ၏အကြံပေးတာဝန် အချို့တွင်သာရှိသည်။ ကုမ္ပဏီများတွင် အကြံပေးလုပ်နေသျေွာံ ရေးရာကျွမ်းကျင်သူတစ်ဦးကတော့ ““အရေးကြီးဆုံးကတော့ လုပ်မယ့် လူတွေကတော်ဖို့လိုမယ်။... နောက်တစ်ခုက ဦးစီးဦးဆောင်လုပ် နေတဲ့သူတွေက နည်းနည်းလေးတော့ လူမှန်နေရာမှန်လေးပြန်ချ ပေးဖို့တော့လိုမယ်”” ဟု သုံးသပ်သည်။
ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများအနေဖြင့် အရည်အသွေး နိမ့်ကျနေသောလူ့စွမ်းအားအရင်းအမြစ်ကို ကုစားနိုင်ရန်အတွက် ၀န်ထမ်းများကို ရုံးတွင်းသင်တန်းများ၊ ရက်တိုသင်တန်းများ တက် ရောက်စေသည့်နည်းဖြင့်ဖြေရှင်းနေရသည်။ ACE Data Company ၏ဥက္ကဋ္ဌဦးသိန်းဦးက ““တက္ကသိုလ်ကထွက်တဲ့ အိုင်တီ ပရော်ဖက်ရှင်နယ်တွေကို အချိန်ကုန်ခံ၊ ငွေကြေးအကုန်အကျခံပြီး On Job Training (OJT) တွေ အားစိုက်လုပ်နေရတယ်။ နှစ်နဲ့ ချီပြီး OJT တွေလုပ်ပေးနေရတယ်။ တကယ်ဆို သုံးလလောက် OJT လုပ်ပြီး တကယ်သုံးလို့ရတဲ့အိုင်တီအင်ဂျင်နီယာတွေရလာ မယ်ဆိုရင် အင်မတန်ကြီးမားတဲ့အခွင့်အလမ်းကိုရယူနိုင်မယ်ထင် တယ်”” ဟု B2B မဂ္ဂဇင်းနှင့်အင်တာဗျူးတွင်ပြောခဲ့ဖူးသည်။
ကုမ္ပဏီများ၊ အဖွဲ့အစည်းများအနေဖြင့် ထိုသို့မဖြစ်မနေ သင်တန်းများပေးနေသည်ဆိုသော်လည်း အမှန်တကယ်ပြည့်ပြည့်၀၀ ပေးနိုင်ခြင်းတော့မရှိချေ။ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များ အသင်း၏အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်ကတော့ အထည်ချုပ်အသင်းအသင်းအနေဖြင့် အထည်ချုပ်လုပ်သားများ အတွက် သင်တန်းကျောင်းဖွင့်ပေးနေသည်ဆိုသော်လည်း သုံးလေး ငါးလသင်ကြားလေ့ကျင့်ပေးရမည့်သင်တန်းကို ဆယ်ရက်တည်းသာ သင်ကြားပေးနိုင်ကြောင်းပြောသည်။ အချို့လုပ်ငန်းရှင်များ ကလည်း မိမိဝန်ထမ်းများအား ရက်တိုသင်တန်းပေးရမည်ကိုပင် စိတ်မပါ ကြချေ။ သူတို့က ၀န်ထမ်းများအား မိမိက သင်တန်းပေးလိုက် သော်လည်း သင်တန်းပြီးသောအခါ အခြားကုမ္ပဏီတစ်ခုသို့ အလုပ် ပြောင်းသွားပါက မိမိတို့အတွက်အချည်းအနှီးသာဖြစ်သည်ဟု ယူဆ ကြသောကြောင့်ဖြစ်သည်။
ဆက်လက်အမျှင်တန်းနေဦးမည့်ပြဿနာ
မြန်မာပြည်၏စီးပွားရေးက ယခုမှစဖွင့်ခြင်းဖြစ်ပြီး အနာဂတ်၌ ဆက်လက်တိုးတက်သွားဖို့အလားအလာရှိသည်။ လာ မည့်နှစ်များအတွင်း တစ်နှစ်ကို GDP ၇.၅ ရာခိုင်နှုန်းတိုးတက်ဖို့ ADB ကခန့်မှန်းထားသည်။ Coca-Cola ၊ GE ၊ Telenor ၊ Ooredoo တို့လိုကုမ္ပဏီကြီးများဝင်လာပြီးဖြစ်သလို သီလ၀ါအထူး စီးပွားရေးဇုန်၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်တို့လည်း ခြေလှမ်းစ နေပြီဖြစ်သည်။ စက်တင်ဘာလအတွင်းကလည်း နိုင်ငံခြားဘဏ် ကိုးခုကို ရင်းနှီးမြှုပ်နှံခွင့်ပြုလိုက်ပြီဖြစ်သည်။
ယင်းသို့ စီးပွားရေးဖွံ့ဖြိုးမှုနှင့်အတူ လုပ်သားလိုအပ်ချက် ကလည်း အလိုက်သင့်မြင့်တက်လာမည်သာဖြစ်သည်။ သို့ဆိုရာ ယခုကတည်းက ကျွမ်းကျင်လုပ်သားလိုအပ်ချက်မြင့်မားနေသော မြန်မာနိုင်ငံတွင် ရှေ့လျှောက် လုပ်ငန်းများမည်သို့အောင်အောင် မြင်မြင်လည်ပတ်မည်လဲဆိုသည်က စိတ်ဝင်စားဖွယ်ဖြစ်သည်။ တက္ကသိုလ်၊ ကောလိပ်ပေါင်း ၇၀ ခန့်က ဘွဲ့ရကျောင်းသားများ အပါအ၀င် လုပ်သားအင်အားက တစ်နှစ်ပြီးတစ်နှစ်တိုးနေမည်ဖြစ် သည့်တိုင် ယင်းလုပ်သားတို့ ကျွမ်းကျင်ဝန်ထမ်းဖြစ်ဖို့က မလွယ် ကူပေ။
အစိုးရ၏ပညာရေးပြုပြင်ပြောင်းလဲမှုလမ်းကြောင်းမှန် ပေါ်ရောက်မည်ဆိုလျှင်ပင် ယင်းရလဒ်က အနည်းဆုံးဆယ်စုနှစ် တစ်ခုကျော်အချိန်ပေးရဦးမည်ဖြစ်သည်။ ထို့ကြောင့်လည်း ယင်း ကာလမတိုင်မီဖြေရှင်းနိုင်ဖို့က နည်းလမ်းနှစ်သွယ်သာရှိသည်။ ပထမနည်းလမ်းက အချိန်တိုလေ့ကျင့်သင်ကြားမှုများ ထိထိရောက် ရောက်လုပ်ခြင်းဖြစ်သည်။ HR ရေးရာဆောင်းပါးများ ပင်တိုင် ရေးသားနေသောစာရေးဆရာရဲမြင့် (စွန့်ဦးတီထွင်) ကတော့ "Crash Programme အနေနဲ့ကတော့ ဆရာမြင်တာက အခုရှိနေတဲ့ လူငယ်ပိုင်းထဲက တကယ့်ကို ထူးချွန်တဲ့လူတွေ ရွေးထုတ် ပြီးတော့ ချက်ချင်း Intensive Course တွေ ပေးပြီးတော့ နိုင်ငံခြား Intensive Training သဘောမျိုးကို သုံးလေးလ လောက် လွှတ်ပြီးတော့ ပြန်လွှတ်၊ အဲဒီလိုလုပ်ရင် တော့လည်း ရလိမ့်မယ်လို့ ထင်တယ်”” ဟုအကြံပြု သည်။ လွန်ခဲ့သည့် လေးငါး ခြောက်နှစ်မှစ၍ စီးပွားရေး နှင့်စီမံခန့်ခွဲရေးဆိုင်ရာ ဟောပြောပွဲများ၊ အလုပ်ရုံ ဆွေးနွေးပွဲများ တွင်ကျယ်လာ သလို သင်တန်းများ၊ ကျောင်းများလည်း အထိုက်အလျောက်တိုး တက်လာပါသည်။ သို့သော်လည်း သင်တန်းစရိတ်ကြီးမြင့်မှုက ငွေကြေးချို့တဲ့သူမိသားစုအများစုအတွက် အခက်အခဲတစ်ခုအဖြစ် ရှိနေသေးသည်။
ဒုတိယနည်းလမ်းကတော့ ပြည်တွင်းကျွမ်းကျင်လုပ်သား လိုအပ်ချက်အတွက် ပြည်ပမှကျွမ်းကျင်ဝန်ထမ်းများ၊ ပညာရှင် များကိုဖိတ်ခေါ်ခြင်းဖြစ်သည်။ ဖိတ်ခေါ်ရာ၌လည်း နိုင်ငံခြားသား ကျွမ်းကျင်သူနှင့် ပြည်ပရောက်နိုင်ငံသားကျွမ်းကျင်သူများဆိုပြီးရှိ သည်။ နိုင်ငံခြားသားကတော့ လက်ရှိအခြေအနေတွင်ပင် နိုင်ငံခြား ကုမ္ပဏီများသာမက ပြည်တွင်းကုမ္ပဏီအချို့ပါ ခန့်လာကြပြီဖြစ် သည်။ သတိပြုစရာတစ်ချက်က ပြည်တွင်းကုမ္ပဏီများအနေဖြင့် နိုင်ငံခြားသားခန့်ထားရာတွင် ရေတိုဖြေရှင်းနိုင်ဖို့ထက် ရေရှည်ဖွံ့ဖြိုး မှုကိုကူညီပေးနိုင်အောင် စီမံခန့်ခွဲဖို့လိုအပ်ပေမည်။ ယင်းနှင့် ပတ်သက်၍ မြန်မာ့ရှေ့ဆောင်ဘဏ်မှ Deputy Managing Director ဦးကျော်စိုးမင်းက ““နိုင်ငံခြားသားပညာရှင်ဆိုတာကလည်း အလုပ်လုပ်ဖို့မဟုတ်ဘဲနဲ့ ကိုယ့်မှာရှိတဲ့ဝန်ထမ်းတွေကို Technology Shareလုပ်ပေးနိုင်တဲ့အဲဒီလိုပုံစံမျိုးအတိုင်းအတာတစ်ခုထိတော့ ကြားထဲမှာ တံတားထိုးထားပြီးသွားရမယ့်အနေအထားရှိတယ်” ဟု သုံးသပ်သည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေအရ ပြည်ပကုမ္ပဏီများ အနေဖြင့်လည်း ရင်းနှီးမြှုပ်နှံသည့်ပထမနှစ်နှစ်အတွင်း မြန်မာ လုပ်သား အနည်းဆုံး၂၅ ရာခိုင်နှုန်း၊ ဒုတိယနှစ်တွင် အနည်းဆုံး ၅၀ ရာခိုင်နှုန်းနှင့် တတိယနှစ်တွင် အနည်းဆုံး ၇၅ ရာခိုင်နှုန်း ခန့်ရမည်ဟုပါရှိသည်။ သို့သော်လည်း ယင်း ၇၅ ရာခိုင်နှုန်းတွင် ပါဝင်သူအားလုံး အောက်ခြေ Level တွင်ချည်းရှိမနေဖို့တော့လို သည်။ ဆိုလိုသည်မှာ အားလုံးမျှော်မှန်းထားသည့်အတိုင်း အလယ် အလတ်နှင့် ထိပ်ပိုင်းအဆင့်ရာထူးများတွင်လည်း ပြည်တွင်းဝန်ထမ်း များ တဖြည်းဖြည်းလက်လွှဲယူနိုင်ဖို့လိုသည်။ ဤနေရာ၌ လုပ်ငန်းရှင် များ၊ အထက်ပိုင်းအရာရှိများအနေဖြင့်လည်း ပြည်တွင်းဝန်ထမ်း များကို ယုံယုံကြည်ကြည်တာဝန်ပေးဖို့လိုပေမည်။ လတ်တလော အခြေအနေအရတော့ ပြည်တွင်းလုပ်ငန်းရှင်အချို့တွင် ““နိုင်ငံခြား သားအထင်ကြီးသည့်ရောဂါလက္ခဏာ”” ကိုတွေ့နေရသည်။
ပြည်ပရောက်မြန်မာနိုင်ငံသားကျွမ်းကျင်ပညာရှင်များ ပြန် ၀င်လာခြင်း (Brain Gain) ကလည်း ဖွံ့ဖြိုးစနိုင်ငံအတွက် မျှော်လင့် ချက်တစ်ခုဖြစ်သည်။ နိုင်ငံတော်သမ္မတအပါအ၀င် နိုင်ငံ့ခေါင်းဆောင် များကလည်း အခွင့်ကြုံလျှင်ကြုံသလို ၎င်းင်းတို့ကိုဖိတ်ခေါ်နေကြောင်း တွေ့ရသည်။ တံခါးဖွင့်ခါစ နိုင်ငံ၏အခြေအနေအရ အချို့လည်း ပြန်ဝင်လာကြသလို အချို့လည်းစောင့်ကြည့်နေဆဲဖြစ်သည်။ HR အတွေ့အကြုံနှစ် ၂၀ ကျော်ရှိသည့် ဒေါ်ကေခိုင်အောင်က ““ရှေ့က တယ်လီကွန်းမ်ကုမ္ပဏီမှာလုပ်တုန်းကဆို တော်တော်များများ သူတို့ ပြန်လာတာကိုတွေ့တယ်။ လစာအခြေအနေက နိုင်ငံခြားကုမ္ပဏီ တွေ Offering လုပ်တာနဲ့ ဟိုမှာ Offering လုပ်တာအရမ်း မဟဘူး။ အဲဒီအတွက်ကြောင့် ကိုယ့်တိုင်းပြည်မှာ ကိုယ် Save ဖြစ် တယ်။ ပြန်လာကြတာများတယ်လို့ယူတယ်”” ဟုပြောသည်။ ၎င်းကပဲ Finance ပိုင်းဆိုင်ရာကျွမ်းကျင်သူများနှင့် အင်ဂျင်နီယာတို့လို ၀န်ထမ်းများ တော်တော်များများပြန်ဝင်လာတာကိုတွေ့ရသော်လည်း လစာကွာဟချက်ကြီးမားနေသေးသော အိုင်တီပညာရှင်များကတော့ ပြန်လာတာနည်းသေးသည်ဟုယူဆကြောင်းပြောပါသည်။ တကယ် တော့ ၎င်းတို့ပြန်လာစေဖို့အတွက် ပါးစပ်ကချည်းဖိတ်ခေါ်နေရုံနှင့် မပြီး။ ၎င်းတို့နှင့်ထိုက်တန်သည့်အခွင့်အရေး၊ နေရာ၊ လစာပေးဖို့ လိုပါသည်။ ဦးရဲမြင့်ကလည်း ““တကယ်လို့ Brain Gain ဖြစ်ချင် ရင်တော့ ထိုက်ထိုက်တန်တန်ပေးဖို့တော့လိုမယ်။ နေရာယူထားတဲ့ လူတွေရှိတယ်။ မတန်ဘဲယူထားတဲ့လူတွေ အဲဒီနေရာတွေအစားထိုးပေးရမယ်”” ဟု မှတ်ချက်ပြုသည်။
မြန်မာပြည်၏စီးပွားရေးတံခါးစဖွင့်နေပေပြီ။ ထို့အတူ ယင်းအဆောက်အအုံအတွက်လိုအပ်သော ကျွမ်းကျင်လုပ်သား လိုအပ်ချက်ကလည်း ရှိနေသည့်အကန့်အသတ်ကိုဝိုင်းလုနေရသည့် အခြေအနေဖြစ်နေသည်။ အစိုးရအနေဖြင့် ပညာရေးစနစ်ကို ပြောင်း လဲဖို့ကြိုးစားနေသည့်တိုင် ယင်း၏ထိထိရောက်ရောက်သက်ရောက် မှုကိုရှေ့ဆယ်စုနှစ်တစ်ခုလောက်အတွင်း မျှော်လင့်၍မရရာ လူ့ စွမ်းအားအရင်းအမြစ်ပြဿနာသည် ဆေးမီးတိုနှင့်ပဲ ဆက်လက် ကုသရဦးမည့်သဘောရှိသည်။ ယင်းအကူးအပြောင်းကာလတွင် နိုင်ငံ၏စီးပွား
ရေးသူ-ဟိန်းဇော် #heinzaw

0 comments:
Post a Comment