“ဘာငှက်ကလေးလဲ ပြောစမ်းပါမောင်”
Soe Min
“အေး .. ဟေး အို။ ကျုပ်သားကိုတဲ့စွန်ချီ။ ငှက်ပလီ ဘယ်ကိုကြွပါလိမ့်။ ငှက်ပလီ ဘယ်ဆီကြွပါလိမ့်။ ပြန်ချပါအုန်း ဟုန်းဟုန်း ဟုန်း ဟုန်း။”
“အောင်မယ် ငါ့များ ငှက်ပလီလေးဘာလေးနဲ့။ သူ ငိုကောင်းအောင်လည်း ဝင်ပို့ပေးရသေးတယ်။ ညကြေးမပေး ဘာမပေး။ တော်ပြီ။ မကဘူးဟယ်။”
“မလုပ်လိုက်ပါနဲ့။ မလုပ်လိုက်ပါနဲ့။သည်မှာ ငိုရတာ တန်းလန်းကြီး။ မခေါ်တော့ပါဘူး။ ငှက်ဖျားတကာ၊ ငှက်သူတော်ကောင်းလေး၊ အင်မတန်ချစ်စရာကောင်းတဲ့ငှက်ကလေး လို့ ခေါ်ပါ့မယ်။”
“ရွဲ့တာလား။ အဲ့ဒါ ရွဲ့တာလား။ဟင်။ ပုံမှန်ဆက်ဆံ။ တော်ပြီ။ မကဘူးဟယ်။”
“မရွဲ့ပါဘူး။ မရွဲ့ပါဘူး။ကပါ ကပါ။ ရွှေစွန်ညိုကလေး လို့ခေါ်ပါ့မယ်။”
“မကနိုင်ဘူး။ မကနိုင်ဘူး။လူကိုများ ညိုသလေး ဘာလေးနဲ့ စော်စော်ကားကား။ စွန်တောင်မှ သူ့ဆီမှာ အညိုရောင်ပဲ ဖြစ်ရဦးမတဲ့။”
“သြော် ငါ့နှယ်။ သည်ည ကဖြစ်ပါဦးမလားတောင်မသိ။ ကဲ ပြောစမ်းပါ ကြိုက်တဲ့အရောင်။ ဘာအရောင်ယူမတုန်း။ သည်မှာ ငိုရဖို့ အဓိက။”
“အေး အဲ့လို လုပ်ပါ။ ငါကစွန်စတော်ဗယ်ရီရောင်ကလေး လုပ်မယ်။ နင့်ဘာနင် ငိုချင်သလို ဆက်ငိုတော့။”
“ကျုပ်သားကိုတဲ့ စွန်ချီ၊ငှက်ပလီ အဲလေ ငှက်ဘုရားတကာစွန်စတော်ဗယ်ရီရောင် ဘယ်ကိုကြွပါလိမ့်။ ပြန်ချပါ အုန်း ဟုန်းဟုန်း ဟုန်း ဟုန်း။ အန်။ သေချင်းဆိုးကြီး။ နင်လုပ်တာနဲ့ ငါ့ငိုချင်း သူများတွေ ရယ်ကုန်ပြီ။”
ငယ်ငယ်တုန်းကတော့ လူပျက်တွေ အဲ့လို ပျက်လုံးထုတ်လိုက်ရင် ရယ်လိုက်ကြတာပတ်တုပ်လို့ မရအောင်ကိုပဲ။ ကိုယ်တောင် အလွတ်မှတ်မိနေတာသာ ကြည့်ပါတော့။ အခုတော့ သည်ပျက်လုံးကြီးနဲ့ငိုချင်းပြန်ချရမယ့်ကိန်း ဖြစ်နေပြီ။ သံကိုကြွက်စား သားကိုစွန်ချီဆိုတာ ဇာတ်တော်တွေထဲမှာတင်မဟုတ်ဘူး။ အပြင်မှာ တကယ်ဖြစ်နေပြီ။ ဟိုးတလောတုန်းက ရွှေတိဂုံစေတီတော်ကြီးရဲ့ ငှက်မြတ်နားဆီမယ်ဠင်းတကြီးတွေ ဝဲကာပျံကာနဲ့ ကြာလှန်ကြာမှောက် ဖောင်းရစ်တွေပေါ်မှာ နားကြတဲ့အခါ ကောင်းတဲ့အတိတ်နိမိတ်မဟုတ်မှန်းတော့ သိတယ်။ ဘာတွေမကောင်းတာလဲ ဘယ်လိုမကောင်းတာလဲတော့ မပြောတတ်ဘူး။ အခုတော့ရေးတေးတေး သဘောပေါက်လာပြီဗျ။ ဠင်းတဆိုတဲ့ ငှက်ဟာ အသေကောင်တွေရှိရာမှာသာ ဝဲကာပျံကာ ကျက်စားတဲ့ငှက်မျိုး။ အစာငတ်သေလုဆဲဆဲ ကလေးလေးအနားမှာ ကျက်သရေယုတ်စွာ ငုတ်တုတ်ကြီးထိုင်စောင့်နေတဲ့ဓါတ်ပုံတစ်ပုံတောင် ကမ္ဘာကျော်သွားသေးတယ် မဟုတ်လား။ ကိုယ်တို့ဆီမှာကျတော့မှ “ခွကြားပေါ်လဒနားသော် ငါ့သားအတော်သားပဲ” လို့ အတိတ်ကောက်ချင်လို့ ရမလား။ လဒတွေ (ဠင်းတတွေ)ဝဲတယ်ပျံတယ်ဆိုရင် လူသေကောင်တွေ ရှိလို့ပဲ ဖြစ်ရမယ်။ ဒီထိတော့ နင်ပြောမှလားဟယ်။ မထူးဆန်းတာပေါက်ဖော်လာလုပ်နေတယ်။ လူဆိုတာ သေမျိုးပဲဟာ။ လူမသေတဲ့တိုင်းပြည် ရှိလို့လား။ အဲ့သလိုတော့လည်းမဟုတ်ပြန်ဘူး။ လူသေမယ်ဆိုတဲ့ နိမိတ်ကို ပြောချင်တာ မဟုတ်။ ဠင်းတတို့ရဲ့သဘောဟာ ပုတ်ဟောင်နံစော်သောအသေကောင်ကိုမှ မြိန်ယှက်စားမြိုလေ့ရှိသတဲ့။ ကိုယ်တို့ အထွတ်အမြတ်ထားရာနေရာတွေမှာ အဲ့သလိုအနံ့မကင်း အဆင်းမလှ၊ စက်ဆုပ်ဖွယ်ရာ လူသေအလောင်းများကို မြိန်ရေယှက်ရေ ကိုယ်ကျိုးစီးပွားအတွက်အသုံးချမယ့်သူတွေ တော်တော်ပေါလာမယ် လို့ ပြောတာ ထင်ပါရဲ့။
နာဂစ်တုန်းက ရေတက်ရေကျမှာ အတုံးအရုံးမျောရှာတဲ့ လူသေကောင်များကိုအကြောင်းပြုပြီး သနားညှာတာစွာ ကူညီစောင်မတဲ့သူတွေပေါသလို ကိုယ်ကျိုးရှာခဲ့သူတွေလည်းရှိသတဲ့။ ကြားရတာ အော်ဂလီဆန်လွန်းလို့ မရေးချင်ပါဘူး။ နောက်ပိုင်းမှာတော့ အင်တာနက်သတင်းစာမျက်နှာတွေပေါ်မှာလူသေကောင်ရုပ်ပုံလွှာများဟာ ကာယကံရှင် ကြည်ဖြူတာရော မကြည်ဖြူတာရော၊ သတင်းကျင့်ဝတ် ချိုးဖောက်တာရောမချိုးဖောက်တာရော မမြင်ချင့်အဆုံး ပလူပျံနေတော့တာပဲ။ ကိုယ်ကတော့ ကိုယ့်စိတ်နဲ့ပဲ နှိုင်းတယ်။ကိုယ့်အိမ်မှာ နာရေးဖြစ်ရတဲ့အခါ ယူကျုံးမရဖြစ်ရလွန်းလို့ ရက်လည်တဲ့အထိ စားလည်းမဝင်ဘူး။အိပ်လည်းမပျော်ဘူး။ ရက်လည်ပြီးတဲ့နောက်လည်း တမြေ့မြေ့ဆွေးရတာ တော်ရုံနဲ့ နေသားမကျဘူး။အဲသည်ကာလနဲ့ ပတ်သက်လို့ ဖြစ်နိုင်ရင် ဘာအမှတ်တရမှလည်း မကျန်ချင်ဘူး။ ပြန်လည်းမတွေးချင်ဘူး။အသုဘချတဲ့နေ့က ဓါတ်ပုံအရိုက်ခံရတာ အရမ်းကသိကအောက်ဖြစ်တယ်။ နောက်ဘယ်တော့မှ ပြန်မကြည့်ချင်တဲ့ဓါတ်ပုံ။ ကိုယ်ချစ်တဲ့သူကို အသက်ကင်းမဲ့တဲ့ မသာကြီးအဖြစ် အသုဘမရှုလိုဘူး။ လူဆိုတာ သေမျိုးဆိုရင်အိမ်တိုင်းမှာ အသုဘဖြစ်ဖူးမှာပဲ။ ကိုယ့်မိဘ ကိုယ့်သွေးသား အနိစ္စရောက်ရတဲ့ရုပ်သွင်ကြီးကိုဘယ်သူကမှ အရသာခံကြည့် အမှတ်တရသိမ်းထားချင်လိမ့်မယ် လို့ မထင်ဘူး။
ဒါပေမယ့်အင်တာနက်ပေါ်မှာ၊ ပုံနှိပ်စာမျက်နှာတွေပေါ်မှာတော့ ကိုယ့်သွေးသားမဟုတ်တိုင်း မစာမနာ သူများတကာပိုးစိုးပက်စက် သေဆုံးရတဲ့ပုံတွေကို ထမီကလေး၊ ဖိနပ်ကလေးမှ မဖုံးမဖိနိုင် လူမြင်လို့မှမကောင်းအောင် တင်ကြရှဲကြ ကိုယ်လိုရာနှပ်ကြောင်းပေးကြတာ တော်တော်ကို ကိုယ်ချင်းမစာတဲ့လုပ်ရပ်ပဲ လို့ မြင်ပါတယ်။ အသေကောင်ကို အသည်းအူနှုတ်စားတဲ့ ဠင်းတကြီးတွေနဲ့ ဘာမှ မထူးဘူး။အခုဟာက ကားတိုက်လို့သေလည်း ဘယ်သူမှန်းမသိသေးဘူး။ ဓါတ်ပုံကြီး ဖေ့စ်ဘုတ်ပေါ်ရောက်နေပြီ။အကိုဝမ်းကွဲက လက်သီးနဲ့ထိုးလို့သေတယ်ဆိုတဲ့ မမလည်း ကုတင်ပေါ် အဝတ်လွှမ်းလျက် ပက်လက်ကြီးဓါတ်ပုံအရိုက်ခံထားရတာ။ ရေခဲတိုက်ထဲက အလောင်းတွေတောင် ကာယကံရှင်ခွင့်ပြုချက်မပါပဲ စာမျက်နှာပေါ်ရောက်လာတာတဆိတ်တော့ လွန်လွန်းပြီ ထင်ပါတယ်။ မသတီတဲ့သဘော စက်ဆုပ်တဲ့သဘော မဟုတ်ပဲ ကာယကံရှင် မိသားစုအဲသည်ပုံတွေ မြင်ရကြည့်ရရင် ဘယ်လိုခံစားရမလဲဆိုတဲ့ ကိုယ်ချင်းစာစိတ်ထားကလေးနဲ့ပဲ တွေးကြည့်စေချင်ပါတယ်။သတင်းဖော်ပြချင် အသက်ရှင်လျက်က ပုံတွေနဲ့လည်း ပြလို့ရသားပဲ။
သည့်ထက်ဆိုးတဲ့ပုံတွေကတော့ကျောက်နီမော်မှာ မသီတာထွေးကလေး သေတုန်းက အများပြည်သူကြည့်ရှုရန် မသင့်တော်တဲ့ ဓါတ်ပုံတွေကိုတစ်ရပ်လုံးတစ်ရွာလုံး နှံ့အောင်ဖြန့်လို့ သွေးဆူအောင် လှုံ့ဆော်ကြတာပဲ ဖြစ်ပါတယ်။ မခံမရပ်နိုင်ဖြစ်တာကတပိုင်း၊ကိုယ့်အမေကိုယ့်နှမ ကာကွယ်ရမှာကတပိုင်း၊ သူတို့လုပ်နေတာက “ဟောသည်နေရာကို ဟောသလို လုပ်သွားတာဗျ။ဒမှာကျန်း ဒမှာကျန်း။” ဆိုပြီး အခါခါ အရှက်ကွဲအောင် အရပ်တကာလှည့်ပြနေတာပါ။ သူတို့ကိုအဲသည်အခွင့်အရေး ဘယ်သူကပေးထားလို့တုန်း။ အသက်မရှိတော့တဲ့ ဒီကလေးမလေးရဲ့ အရှက်ကို သူတို့ပိုင်သလား။သေသူတစ်ယောက်ရဲ့ ရုပ်အလောင်းကို အကြောင်းပြုပြီး ကိုယ်လိုချင်တဲ့ နိုင်ငံရေး စီးပွားရေးလူမှုရေး အခြေအနေတစ်ရပ်ကို ဖန်တီးယူတာဟာလည်း ခွေးသေကောင် လဒနားတာနဲ့ ဘာမှမခြားဘူး။ သွေးရှိရင်ဓါးဆွဲပြီး အရပ်ထဲမှာ ထွက်ကာကွယ်။ သေတဲ့လူနဲ့တော့ မလုပ်ပါနဲ့။ မိသားစုကို သနားပါဦး။
အဲသည်နောက်မှာတော့မြန်မာပြည်ဆိုတာ သရဲကားရိုက်နေတဲ့တိုင်းပြည်လား လို့ ထင်ရလောက်အောင် အလောင်းပုံတွေနေရာမရွေး၊ အရွယ်မရွေး။ လူမျိုးဘာသာမရွေး ဓါတ်ပုံရိုက်တင်ကြတော့တာပါပဲ။ မိထ္ထီလာက အလောင်းပုံလား။မန္တလေးက အလောင်းပုံလား။ လူသေအလောင်းပဲလား။ ဘုန်းကြီးအလောင်းရော ကြည့်ချင်သလား။ လည်ပင်းကလေးလှီးထားတာ၊ ကျည်ဆန်မှန်လို့ ခေါင်းပွင့်နေတာ။ ဒါလေးကတော့ မြှုပ်ပြီးမှ ပြန်ဖော်တာမို့လို့နည်းနည်းတော့ ပုပ်နေပြီ။ တိုက်ပေါ်မှ ခုန်ချသူကလေး၏အလောင်း၊ ဆွဲကြိုးချသေသူကလေး၏အလောင်း၊ရေနစ်သူကလေး၊ ကားတိုက်သူကလေး၊ မီးလောင်သူကလေး။ ဘုရား ဘုရား။ သည်တိုင်းပြည်မှ ဠင်းတတွေမဝဲရင် ဘယ်နေရာမှ ဝဲစရာ ရှိမှာ မဟုတ်တော့ဘူး။ တို့ဘဝက သေရတော့လည်း ပိုးစိုးပက်စက် မရှုမလှ။သေပြီးတာတောင် စတေပုံလေး အရိုက်ခံပြီး သူများကို လုပ်ကျွေးရသေး။
ငယ်ငယ်ကအရပ်ထဲမှာ ဖဲဒိုင်ခံတဲ့အကောင်တွေ ရှိတတ်တယ်။ သူတို့က လူမမာရှိတဲ့အိမ် သတင်းလာမေးတယ်ဆိုအကောင်းမမှတ်နဲ့။ အခြေအနေမကောင်းရင် ဖဲဝိုင်းပြင်မလို့ အရိပ်အခြေ လာကြည့်တာ။ ဒါကြောင့်အိမ်ကလူနေမကောင်းခိုက် သူတို့လာတာမြင်ရင် “မသာကြီး။ ငါ့အိမ်မလာနဲ့။ ကျက်သရေမရှိဘူး။”လို့ ဝေးဝေးက နှင်တယ်။ အခုလည်း တချို့လူတွေဟာ လက်ပန်းတောင်းမှာ လူသေမလား။ မိချောင်းကန်မှာလူသေမလား။ လိုင်ဇာမှာ၊ ကော့ကရိတ်မှာ၊ သေချင်တဲ့နေရာသေ။ ကိုယ့်စားရိတ်ကိုယ်စားပြီး ဓါတ်ပုံတွေဝေဝေဆာဆာနဲ့ မသာစည်အောင် အကျိုးဆောင်ပေးဖို့ အသင့်ရှိတယ်။ အလောင်းကို ဂူမသွင်းမီ အာဇာနည်သူရဲကောင်းအဖြစ်အလေးပြုခြင်း၊ နိုင်ငံတော်သီချင်း သီဆိုခြင်း၊ အမိန့်ပြန်တမ်းဖတ်ကြားခြင်း၊ နိုင်ငံရေးပါတီအသီးသီးတို့မှလွမ်းသူ့ပန်းခွေချခြင်း အစီအစဉ်များနဲ့ သိုက်သိုက်မြိုက်မြိုက် ဝန်ဆောင်မှု ပေးနိုင်ပါသတဲ့။ငှက်ဘုရားတကာ စွန်စတော်ဗယ်ရီရောင် သူတော်ကောင်းကြီး ဖြစ်မှာပါလေ။
ပွဲကောင်းတုန်းအဆဲတောင်းမိပြီ။ ဒီတခါတော့ ဒီမိုတွေဆီကရော မျိုးချစ်တွေဆီကရော အုန်းအုန်းကြွက်ကြွက်အားပေးကြတော့မယ်။ လူသေကောင်တွေ အတောမသတ်အောင် ပေါများလာတာက အကြောင်းတစ်ခုသပ်သပ်၊ အဲသည်လူသေကောင်တွေကိုအမှီပြုပြီး ကိုယ်လိုချင်သလို အသုံးချတာက နောက်ခေါင်းစဉ်တစ်ခုသပ်သပ်။ သူတို့ခမျာ အသက်နဲ့ရင်းရရှာတယ်။ ကိုယ်နဲ့အတူတွဲပြီး တိုက်ပွဲဝင်သွားတဲ့ သူရဲကောင်း ရဲဘော်ရဲဘက်အဖြစ် ဂုဏ်ပြုချင်တာမှန်ရင်ပိုးစိုးပက်စက်ပုံကြီးတွေတော့ မတင်ပါနဲ့။ သူတို့ကို ဂုဏ်ပြုချင်တဲ့ စိတ်ဓါတ်ထက် အသုဘပွဲမှာပဏ္ဏာယူချင်တဲ့စိတ်ဓါတ်၊ ကိုယ့်ကို လူသိစေချင်တဲ့စိတ်ဓါတ် နည်းနည်းကလေး ပါနေတယ်ဆိုရင်တောင်ရှောင်လိုက်ပါ။ နောက်တစ်ပွဲမှာ ထပ်တွေ့ကြတာပေါ့။ ကိုယ့်အစွမ်းအစကို မသာအကူအညီမပါပဲပြရအောင်။
လက်ခုပ်ဟူသည်တစ်ဘက်တည်းမမြည်တဲ့။ အဲသလောက် လူသေအလောင်းဓါတ်ပုံတွေ ခေတ်စားတဲ့အခိုက်မှာ ဟိုဘက်ကရောဘာသားနဲ့ထုထားတာမို့လို့လဲ။ သူတို့လည်း သေသူကို ရှင်သူက တ ကြတာ ကြွက်ကြွက်ကို ညံလို့။တော်သေးတယ်။ သူတို့ကတော့ စည်းစံနစ်ရှိတဲ့ အသိုင်းအဝိုင်းမို့လို့ ပိုးစိုးပက်စက်ပုံတွေမတင်ဘူး။ ယူနီဖောင်းကလေးနဲ့ ငယ်တုန်းချောတုန်းက ပုံတွေရွေးတင်ပြီး ရည်းစားသက်စေ့ ငိုခိုင်းတယ်။ငါ့ညီရာ မင့်စိတ်ထား ဘယ်လောက်ဖြူစင်တာ။ မင့်မိဘ ဘယ်လောက် သနားဖို့ကောင်းတာ။ အိုင်ကလေးကျင်းကလေးယက်လို့ထနောင်းပင်ညီနောင်က လွမ်းအောင်ကူချွဲတယ်။ လွမ်းခန်းကိုရောက်ရင် လူသားတွေမျက်ရည်ဝဲမယ်လို့ ထင်ပေမယ့် တကယ်တမ်းကျတော့ စစ်သားတွေပဲ မျက်ရည်ဝဲရတာပါ။ ကိုယ်တွေဘက်က သူတို့ကိုလူရယ်လို့ တွေးမိရင် စာနာနိုင်ပေမယ့် စစ်သားရယ်လို့ တွေးမိရင် စိုထားတဲ့မျက်ရည် ပြန်ခြောက်သွားတယ်။
စစ်သားလည်းလူပါပဲဆိုတာ သူနဲ့ကိုယ်နဲ့ နှစ်ယောက်ချင်းပေါင်းတဲ့အခါမှာသာ မှန်တယ်။ သူက သူ့တပ်ပြန်ရောက်သွားပြီးကိုယ်က ကိုယ့်အရပ်ပြန်ရောက်သွားတဲ့အခါ သူ့အထက်က အာဏာပိုင်တွေကိုက သူတို့နဲ့ ကိုယ်တို့နဲ့တန်းတူသဘောမထားတဲ့အတွက် အုံနဲ့ကျင်းနဲ့ အသိုင်းအဝိုင်းနဲ့ စဉ်းစားရင် သူတို့နဲ့ ကိုယ်တို့နဲ့မတူဘူး။ သူ့အထက်ကလူတွေဆိုးတာ သူနဲ့ဘာမှမဆိုင်ဘူး။ ဒါပေမယ့် ကိုယ်တို့ခံစားနေရတဲ့ ဖိနှိပ်မှုတွေကကိုယ့်အပေါ်မှာလည်း ရှိတယ်။ အဲသည်ဖိနှိပ်တဲ့ အဖွဲ့အစည်းကြီးထဲမှာ သူလည်းပါတယ်။ ဒါကြောင့်ကိုယ်ဟာစစ်သားတိုင်းကို ခင်ခင်မင်မင် ရင်းရင်းနှီးနှီး ပေါင်းနိုင်တယ်။ တပ်မတော်ကြီးကို အင်အားရှိဖို့တော့မကူညီနိုင်ဘူး။ ဆန့်ကျင်ရလိမ့်မယ်။ အဲ့ဒါ သူတို့ကို ဆန့်ကျင်တာ မဟုတ်ဘူး။ ဖိနှိပ်ချုပ်ခြယ်တဲ့အာဏာကို မစွန့်လွှတ်ချင်လို့ လူထုအသက်ကို ဖက်ရွက်ကလေးလောက်မှ တန်ဖိုးမထားတဲ့ စစ်အစိုးရကိုဆန့်ကျင်တာ။ ဖြစ်နိုင်ရင် သူတို့ကိုလည်း အဲသည်စံနစ်ကြီးကို ဆန့်ကျင်သင့်တယ်လို့ စည်းရုံးချင်တယ်။(မဖြစ်နိုင်မှန်းလည်း သိပါတယ်)
တကယ်တော့လက်ပန်းတောင်းတောင်ကိစ္စဟာ လက်ရှိအစိုးရအတွက် ခါးပိုက်ထဲ ပိုက်မိထားတဲ့ မြွေပွေးအကြီးစားကြီးပါပဲ။ဒေါ်စုကို ဆွဲထည့်ထားလည်း သူတို့ရှင်းလို့မရဘူး။ အဲ့ဒါလည်း သူတို့အတွက် ကာလဝိဘက် နောက်ပိုးတက်တာလေ။လက်ပန်းတောင်းကလူတွေဟာ ဆရာစံသူပုန်ထတုန်းကလို မခံမရပ်နိုင်၍ အုံကြွလာသော အရိုးခံတောင်သူလယ်သမားကြီးများလို့ ပြောဖို့ခက်တယ်။ ကွန်မြူနစ်မှိုင်းမိနေတာလို့ ပြောတာ မယုံသလို သူတို့အပေါ်မှာ ဘယ်ပြည်တွင်းပြည်ပအဖွဲ့အစည်းကမှကျောထောက်နောက်ခံ မရှိဘူးဆိုတာလည်း မယုံဘူး။ မုံရွာကို ရောက်ခဲ့ဖူးတယ်။ ကိုဟန်ဝင်းအောင်ရော၊တံမဏိမယ် တွဲ့တွဲ့ဝင်းဆိုတာကိုရော လူကိုယ်တိုင် တွေ့ခဲ့ဖူးတယ်။ ခေသောသူတွေမဟုတ်။ ဦးသာအေးတို့ဦးအောင်မင်းတို့ကို ရေပက်မဝင် ခွန်းတုန့်မခံ သူတို့ပြောချင်တာတွေချည့်ပဲ လူပုံအလယ်မှာမကြောက်မရွံ့ ထပြောရဲတယ်။ ဒါပေမယ့် သူတို့စကားတွေက သူတို့ ပါးစပ်ဖျားကသာလာတယ်။ ဦးနှောက်ကမလာဘူး။နှလုံးသားကမလာဘူး။ ပုဂ္ဂိုလ်တစ်ဦးဦးက ဓါတ်စီးပြောသလို ပြောတာ။ စေ့စပ်ဆွေးနွေးလို့မရဘူး။ ဒါလိုချင်တယ်။ ဒါဖြစ်ချင်တယ်။ အမေမှာတဲ့ ဆန်တစ်ခွဲ သုံးစိတ်နဲ့လည်း မလဲဘူး။ဒေါ်ခင်ဝင်းရဲ့အလောင်းပုံ ကိုဟန်ဝင်းအောင်ရဲ့စာမျက်နှာပေါ်မှာ တက်လာချိန်ဟာ လက်နဲ့ကိုင်ကြည့်ရင်တောင်ပူပူနွေးနွေးကြီးပဲ ရှိနေဦးမယ့်အချိန်။ ဦးသာအေးဆီတောင် သတင်းမရောက်လောက်သေး။ သိပ်ကိုတော်လွန်းထက်လွန်း သတ္တိကောင်းလွန်းတဲ့ လူစွမ်းကောင်းကြီးတွေ ဦးဆောင်နေတာတောင်မှ သည်စီမံကိန်းကြီးကရပ်တန်းကရပ်မသွားသေးဘူးဆိုတာ စစ်အစိုးရက ခေါင်းမာလွန်းအားကြီးလို့ မဟုတ်ပါဘူး။ အမှန်တကယ်ဦးဆောင်သူက ရှေ့ထွက်မလာပဲ ကိုယ်စားလှယ်တော်တွေချည့် လွှတ်နေလို့ ပွဲမပြတ်တာ ထင်ပါတယ်။ကိုယ်ကတော့ အခုကိစ္စမှာ မှားချင်မှား မှန်ချင်မှန်၊ ဒေသခံတွေဘက်ကပဲ အားပေးပါတယ်။ နိုင်ငံရဲ့အကျိုးစီးပွားဆိုတာ သူတို့စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်ပြီးမှ ရမှာဆိုလည်း မလိုချင်တော့ပါဘူး။ကိုယ့်အကျိုးစီးပွားလည်း ပါမှာမှ မဟုတ်တာ။ ပေါက်ဖော်ကြီးက လျော်ကြေးတောင်းချင်သပဆိုလည်းသူ ရေလောင်းခဲ့ရတဲ့သူတွေဆီ လိုက်တောင်းလေ။ ဘယ်သူ့ဘယ်လောက် လောင်းခဲ့ရသလဲ သူ့ဘာသူတော့မှတ်မှတ်သားသား ရှိမှာပေါ့။ ဒီနေရာမှာ အလောင်းယောင်ဆောင်ပြီးတော့လည်း ပါဖောမန့်စ်တွေနဲ့သိုက်မတူးစေချင်ဘူး။ အလောင်းအစစ်တွေကို ဘူဒိုဇာအောက်ကလည်း သယ်မထုတ်စေချင်ဘူး။ ဠင်းတကြီးတွေကဖြင့်မင့်ခေါင်းပေါ်မှာ မောင့်ခေါင်းပေါ်မှာပါ ခင်ရယ်။ မဟုတ်ဘူးလား။
0 comments:
Post a Comment