Saturday, December 27, 2014

လူရည်ချွန်ကဗျာ

လူရည်ချွန် (၁၉၆၄-၈၈) နှစ် (၅ဝ) ပြည့် ရွှေရတုသဘင်ကား ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက် တနင်္ဂနွေနေ့တွင် ကျင်းပတော့မည် ဖြစ်ပါသည်။ဘာလိုလိုနှင့် နှစ် (၅ဝ) ပြည့်ခဲ့ပါပြီကော။ ၁၉၆၅ ခုနှစ်က လူရည်ချွန်များသည် ယခုအခါ အသက် ၆ဝ ကျော်အရွယ်သို့ ချဉ်းနင်းဝင်ရောက်ခဲ့ပေပြီ။ သို့သော် လူရည်ချွန်ဆိုသည်နှင့် နုပျိုနေကြဆဲ။ တစ်ဦးနှင့် တစ်ဦး တွေ့ကြဆုံကြသည်နှင့် နတ်ရေကန်ထဲ ပစ်ချလိုက်သလို ပြန်လည်နုပျို သွားကြဆဲ။ အသက် ၁၅၊ ၁၆၊ ၁၇၊ ၁၈ အရွယ်သို့တိုင် ပြန်လည်နုပျို သွားကြဆဲ။ ရုပ်ပျိုဆေး မစားရဘဲနှင့် ရုပ်ပျိုကိုယ်နု ကျန်းမာသွားဆဲ။ 

၁၉-၁၂-၂ဝ၁၄ သောကြာနေ့က ရွှေရတုရုံးခန်းကို ဆေးတက္ကသိုလ်(၁) လိပ်ခုံးတွင် စတင်ဖွင့်လှစ်သည့်အခါ ပြည်တွင်းပြည်ပမှ ၁၉၆၄-၈၈ က လူရည်ချွန်များလာကြသည်။ ညစာစားပွဲလက်မှတ်များ လာဝယ်ကြသည်။ ရွှေရတုအထိမ်းအမှတ် ပစ္စည်းများ လာဝယ် ကြသည်။ ရင်ထိုးတံဆိပ်၊ မဂ္ဂဇင်း၊ ထီး၊ မှတ်စုစာအုပ်၊ မှတ်တမ်းစာအုပ်၊ ဘောပင်၊ တီရှပ်တို့အား ဝယ်ရင်း စကားလက်ဆုံကျ ကြသည်။ ရှေးဟောင်းနှောင်းဖြစ်များ ပြောကြသည်။
လူရည်ချွန်ကဗျာများရွတ်ရင်း အတိတ်ကို ဆောင်ကြသည်။
တစ်ဦးက “တောင်ခြေမှာ၊ ညောင်ရွှေ ကမြခဲ” ဟု ဆိုတော့ တစ်ဦးက “လူရည်ချွန် ပြာလဲ့ဝင်း၊ အင်းရေကပုလဲ” ဟု ဆိုသည်။ ဆရာဇော်ဂျီ လက်တန်းရေးစပ်သီကုံးပြီး ၈-၅-၆၅ နေ့ထုတ် လူရည်ချွန်သတင်းလွှာ အမှတ်စဉ် ၃၅ တွင် ပါသည့် မြနှင့်ပုလဲ ကဗျာ။ ရွတ်ဆိုရသည်မှာ အရသာရှိလှပါဘိ။
တစ်ဖန်
“တောင်ခြေမှာ
ညောင်ရွှေနှင့် အင်းလေး” ဟု
အစ်ကိုကြီးတစ်ဦးက ရွတ်ဆိုလိုက်ရာ အစ်မကြီးတစ်ဦးကလည်း အားကျမခံ
“ခေါင်တိုင်ရပ်မှာလ
အမြတ်ကယ်အမှန်နှင့်
လူရည်ချွန် အပင်မျိုးကို
ပျိုးကြပြီလေး။ ။”
ဟု ရွတ်ဆိုသည်။
ထိုကဗျာသည် ၂၇-၄-၆၅ နေ့ထုတ် လူရည်ချွန်နေ့စဉ်သတင်းလွှာ အမှတ်စဉ် ၂၉ ပါ ဆရာဇော်ဂျီ၏ “ခေါင်တိုင်လူရည်ချွန်စခန်း” ကဗျာဖြစ်ပါသည်။ အားလုံးအလွတ် ရနေကြသည်။ သတိရနေကြသည်။ နှစ် ၅ဝ ကျော်ကအတိတ်ကို ပြန်ရောက်သွားကြသည်။ ထိုအချိန်က ပျိုးခဲ့သော လူရည်ချွန်အပင်မျိုးသည် ယခုအခါ နှစ် ၅ဝ ရှိ အပင်ကြီးဖြစ် နေပေပြီ။ သီးပွင့်ဝေဆာစွာဖြင့် သီးပွင့်ရုံတင်မက မျိုးဆက်သစ်များကိုလည်း မွေးထုတ်ပေးနေပေပြီ။ အရွက်များ ခြွေချကြွေကျ၍ မြေဆီ မြေဩဇာ ထက်သန်စေနေပေသည်။
ထိုစဉ်မှာပင်
“ပင်လယ်ထက်ဗွေ
မုတ်သုံလေ
ဆော်လေ တဖြူးဖြူး။
အုန်းလက်စိမ်းစိမ်း
မြရည်လိမ်း
ဟိုယိမ်းသည်တိမ်းမြူး။ ။”
ဟု ရွတ်ဆို၍ ၁၉၆၅ ငပလီလူရည်ချွန် တင်ဝင်း(သရက်) ဝင်လာရာ အားလုံးက မက်တတ်ထရပ် လက်ခုတ်ဩဘာတီး၍ ဝမ်းပန်းတသာ ဂုဏ်ပြုကြိုဆိုကြသည်။
ထိုကဗျာသည်လည်း ၁၂-၄-၆၅ နေ့ထုတ် လူရည်ချွန်သတင်းလွှာ အမှတ်စဉ် ၁၇ တွင်ပါ တင်ဝင်း(သရက်)၏ “ကမ်းစပ်အုန်း” ကဗျာပင်ဖြစ်သည်။ ကဗျာစာဆိုရှင်သည် ထိုစဉ်က ရှစ်တန်းလူရည်ချွန်။ ယခုတော့ ၆ဝ ကျော် ၇ဝ တွင်း ချင်းနင်းဝင်ရောက်လာ နေပြီဖြစ်သည့် ဆရာဝန်ကြီး။ အရွယ်အိုသော်လည်း ကဗျာက နုပျိုဆဲ။ မိတ်ဆွေအပေါင်း အသင်း လူရည်ချွန်ရောင်းရင်း များသည်လည်း နုပျိုဆဲ။ ထိုကဗျာသည် ငပလီရနံ့များ သင်းပျံ့ဆဲ။ ငပလီကို မြင်လာသည်။ လွမ်းလာသည်။
နှစ် ၅ဝ ပြည့် ရွှေရတုတွင် ၁၉၆၄-၈၈ လူရည်ချွန်များ ဆုံတွေ့ကြပေမည်။ ပြည်ပရောက်နေသူများကလည်း လာကြရန် အားခဲနေကြပေသည်။ ပြည်တွင်းရှိ လူရည်ချွန်ညီ အစ်ကိုမောင်နှမများကလည်း တွေ့ချင်နေကြပေသည်။ ဆုံချင်နေကြပေသည်။
လူရည်ချွန်အစ်ကိုကြီး လယ်တွင်းသား စောချစ် “ထိုစဉ်က ၁၉၆၅၊ မြန်မာစာပထမနှစ် လူရည်ချွန်၊ လူရည်ချွန် တံခွန်စိုက်ဆုရ၊ ကဗျာကဝိတင်လှိုင်(မန္တလေး) အင်းလေးတပ် ခွဲ(၁)” က ဤသို့ ဆုတောင်းထားပါသည်။
“ငါ၏ညီမ၊ ရှုမဝနှင့်
ငါ၏ညီငယ်၊ ချစ်စဖွယ်တို့
စခန်းမှခွာ၊ မွေးရပ်ရွာသို့
ပြန်ရာလမ်း၌၊အေးချမ်းသာယာကြပါစေ။
မိဘရင်ခွင်၊ ခိုလှုံဝင်၍
ရေစင်ကြာနှယ် လန်းပါစေ။
ပညာတံခွန်၊ လူရည်ချွန်၍
မွန်သည့်သူများ ဖြစ်ပါစေ။
တိုင်းကျိုးပြည်ကျိုး၊ သယ်ကာပိုးသည့်
မျိုးချစ်သူများ ဖြစ်ပါစေ။
အစ်ကို့ဆုတောင်း၊ ဆုအပေါင်းကို
ကောင်းစွာ ပိုင်ဆိုင်ကြစေသတည်း။
အစ်ကို့ဆုတောင်း၊ ဆုအပေါင်းသည်
ကောင်းသည်ချည်းသာ
ဖြစ်စေသတည်း။”
ထိုကဗျာသည် ၂၁-၄-၆၅ နေ့ထုတ် လူရည်ချွန်သတင်းလွှာ အမှတ်စဉ် ၂၆ ပါ “ဆုတောင်း” ကဗျာဖြစ်ပါသည်။ ထိုကဗျာသည်လည်း ဂန္ထဝင်လူရည်ချွန်ကဗျာ ဖြစ်သွားပေပြီ။
ပြည်ပရောက်လူရည်ချွန်မောင်မယ်များ
“မိဘရင်ခွင်၊ ခိုလှုံဝင်၍၊
ရေစင်ကြာနှယ်လန်းပါစေ”ဟု
ဆုမွန်ကောင်း တောင်းပေးနေသည်။ ပန်းဆိုးတန်းလမ်းရှိ မြန်မာနိုင်ငံစာရေးဆရာ အသင်းဥက္ကဋ္ဌ ရုံးထိုင်ရာ (၇) လွှာမှ ဆုတောင်းပေးနေပေသည်။
နှစ် ၅ဝ ရွှေရတုပွဲသို့ လာရောက်တက်ကြမည့် လူရည်ချွန်(၁၉၆၄-၈၈)များကလည်း
“အနာဂတ်ရဲ့ ကြယ်ပွင့်ကလေးများ၊
ရှေ့ဆောင်လမ်းပြ တို့တစ်တွေမယ်”ဟု
ခံယူ ကြွေးကြော်ကြရင်း လူ့ဘောင်သစ်ကို ဆောက်တည်ကြမယ့် လုပ်သားပြည်သူတွင် တို့လူငယ်တွေအားအင် အထိကရ တိကျစွာ ပါဝင်စေရန် မျိုးဆက်သစ်လူငယ်များအား စံနမူနာကောင်းများ ပေးကြရင်းက လူရည်ချွန် (၁၉၆၄-၈၈) နှစ် ၅ဝ ပြည့် ရွှေရတုသဘင်ပွဲအား ပျော်ရွှင်စွာ ဆင်နွှဲကြပါစို့။
(၁၉၈၀ ပြည့်နှစ်က လူရည်ချွန်များ မြစ်ကြီးနား သင်္ဘောသစ်ကြီးပေါ်တွင် အမှတ်တရ ရိုက်ကူးထားသော ဓာတ်ပုံ)

(ဆောင်းပါးရှင် - ထိန်လင်း (မန်းတက္ကသိုလ်))

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...