Monday, December 22, 2014

“အသက်ရှည်စွာ အနာမဲ့ရေး”

          ကိုယ့်ထက် ဆယ်နှစ်ငယ်တဲ့ ညီတော်မောင်က သွေးတိုးရောဂါနဲ့ ကိုယ်တခြမ်းလေဖြန်းသွားတဲ့အခါ ကိုယ်တွေလည်း အသက်တွေမှ မနည်းတော့ပဲလေ လို့ သံဝေဂရမိပါတယ်။ ကိုယ်တို့အဖေလည်းကိုယ့်အသက်အရွယ်မှာ သွေးတိုးရောဂါနဲ့ ဦးနှောက်သွေးကြောပေါက်ပြီး ကွယ်လွန်သွားခဲ့တာမဟုတ်လား။ မျိုးရိုးရှိတာတော့ အမှန်ပါပဲ။ အဖွားနှစ်ယောက်စလုံးရော အဖေရော အမေပါ သွေးတိုးရောဂါကိုယ်စီနဲ့။ အမျိုးထဲ ရှိရှိသမျှ သက်ကြီးရွယ်အိုတွေ သွေးတိုးမရှိတဲ့သူရယ်လို့ ခပ်ရှားရှား။ အဖေမရှိတဲ့နောက် အဖွားကတော့ သူ့သွေးတိုးရောဂါကို တော်တော်ဂရုစိုက်ပါတယ်။ ညနေတိုင်းသွေးချိန်ပေးရတယ်။ သွေးချိန်ပြီးရင် ဆေးလည်းမှန်မှန် သောက်တယ်။ Reserpine တို့ Adelphaneတို့ ခေတ်ကတည်းက လိုတိုးပိုလျော့ ချိန်တတ်လာတဲ့အဖွားဟာ Nifedipine တွေ လှိုင်လှိုင်ပေါ်တဲ့အချိန်ထိမီလိုက်ပါသေးတယ်။ Propranolol တို့၊ Atenolol တို့ကျတော့  နှလုံးခုန်တာ နှေးမှာစိုးလို့မသောက်ဘူးတဲ့။ နှစ်ရှည်လများ စွဲသောက်ရတဲ့ဆေးတွေမို့ မလိုလားအပ်တဲ့ Side Effect တွေပါလာရင်ဘာတွေဖြစ်တတ်သလဲ သေသေချာချာ မေးလေ့ရှိသလို စာရွက်ထဲမှာ ရေးထားတဲ့ ဘေးထွက်ဆိုးကျိုးတွေကလည်းအနှေး နဲ့ အမြန်ဆိုသလို ကိုယ်တွေ့မျက်မြင် ခံစားလာရတာပါပဲ။
တတ်ကျွမ်းတဲ့သမားတော်များနဲ့တိုင်ပင်လို့ မြေးအဖွားနှစ်ယောက်
သွေးချိန်ဆေးသောက်မှန်ခဲ့လို့ သေသွားတဲ့အထိ သူ့ကို သွေးတိုးရောဂါကဒုက္ခပေးမသွားပါဘူး။ သူမရှိတဲ့နောက် Amlodipine တို့၊ Repace H တို့၊ Atovastin တို့ပေါ်လာတဲ့အခါ ကိုယ်လည်း ပုံမှန်ဆေးတိုက်ရမယ့် အဖွားမရှိတော့လို့ သိပ်အကျွမ်းတဝင် မရှိတော့ဘူး။ကိုယ့်ဘာသာကိုယ် လူနာကုတဲ့အခါမှာလည်း သည်လိုပဲ သူများပေးသလို လိုက်ပေးထားလိုက်တော့ ထူးထူးထွေထွေ ဖြစ်လေ့ဖြစ်ထရှိသော အခြင်းအရာများကို သိပ်အာရုံမထားမိဘူး။ ကိုယ့်ဦးလေးဆုံးကာနီးမှာတော့ Enalapril ဟာ ကျောက်ကပ်မကောင်းတဲ့သူတွေကို ပေးဖို့မသင့်ဘူး လို့ မှတ်လိုက်မိတယ်။အခု ကိုယ့်ညီတွေမှာ သွေးတိုးဖြစ်နေတယ်လို့ သိလိုက်ရတော့ သူတို့တတွေ ဘာဆေးတွေ သောက်နေသလဲဆိုတာ စိတ်ဝင်စားလာမိပါတယ်။ အံ့သြစရာပါပဲ။ ကားမောင်းရင်း ကိုယ်တစ်ခြမ်းလေးလာလို့ သွေးတိုးတယ်ထင်တော့မှကိုယ့်အမေသောက်တဲ့ ဆေးခြင်းထဲမှာ သွေးကျဆေး ဘယ်ဟာလဲ မေးပြီး သောက်သတဲ့။ သွေးလေးဘာလေးချိန်မကြည့်ဘူးလား လို့ မေးတော့ ညက ချိန်ကြည့်တာ ၂၀၀ / ၁၃၀ လို့ ပေါ်တယ်။ စက်က မှားနေတယ်ထင်လို့တဲ့။ သွေးကျဆေးဆိုတာ ဝမ်းနှုတ်ဆေးလို အိမ်သာမသွားတာကြာမှ သောက်ရတယ် ထင်နေသလားမသိပါဘူး။ အခုတော့ မနက်တစ်ကြိမ် ညတစ်ကြိမ် သွေးပေါင်ချိန်ပြီး ဆေးသောက်ရန် အမိန့်တော်မှတ်ထားလိုက်တယ်။

          သူ့အောက်က အငယ်ဆုံးညီမှာလည်း သွေးတိုးရှိတာပဲတဲ့။ သူ့သွေးပေါင်ချိန်တွေလည်းတိုးလိုက်တာ အပေါ်သွေးက ၂၀၀ ပတ်ချာလည်မှာ လို့ဆိုတော့ သူ့ကိုလည်း သည်အတိုင်းလွှတ်ထားလို့မဖြစ်ပြန်ချေဘူး။ ဒါပေမယ့် သူက ဆရာဝန်အပေါင်းအသင်းတွေနဲ့ မှန်မှန်ပြပြီး ဆေးသောက်မှန်တယ်ဆိုလို့တော်သေး တာပေါ့။ သူ့အလုပ်က သင်္ဘောသားဆိုတော့ သင်္ဘောပြန်တက်မယ် လုပ်တဲ့အခါ ဆေးဝါး အလုံအလောက်အိမ်ကလိုက်ဝယ်ပေးကြသတဲ့။ သေသေချာချာ မှတ်မှတ်သားသား ရေးပေးလိုက်ချင်လို့ အိမ်ကကိုယ့်ကိုခေါ်တဲ့အခါ ဆေးထုပ်ကြီးကြည့်ပြီး မျက်လုံးပြူးသွားပါတယ်။ ကြွတ်ကြွတ်အိပ်ကြီးနဲ့ တစ်လုံးအပြည့်ရှိတယ်။ဆေးဖိုးတင် နှစ်သိန်းကျော်သတဲ့။ ဘုရား ဘုရား။ ကိုယ်သာ အဲသည်ဆေးတွေ ကုန်အောင် သောက်ရရင်သေများသွားမလား မသိပါဘူး။ တသက်နဲ့တကိုယ် ဘယ်ဆေးကိုမှ ဆယ်ရက်ပြည့်အောင် မသောက်ဖူးဘူး။ရောဂါပျောက်ချင်ပျောက် မပျောက်ချင်နေ၊ ဝေဒနာသက်သာတဲ့နေ့ဟာ ဆေးသောက်ဖို့ မေ့သွားတဲ့နေ့ပဲ။ကျိတ်မှိတ်ပြီး ဆက်သောက်နေသေးတယ်ဆိုရင် နေမကောင်းသေးလို့ပဲ။ ထားပါလေ။ ကိုယ်မသောက်နိုင်လည်းသူသောက်နိုင်လို့သောက်တာ သောက်ပစေပေါ့။ ဖြစ်လာမှတော့ မသောက်လို့ရမလား။

           ဘယ်လိုသောက်နေသလဲလို့ မေးတော့ နောက်တစ်ခါ ဘုရားတရပြန်ရော။ သူ့ဆရာဝန်ကို မစော်ကားပါဘူး။ ကိုယ်ကုနေတဲ့လူနာမှ မဟုတ်ပဲ။ သူကုနေတဲ့လူနာ သူပဲ သိလိမ့်မပေါ့။ ဒါပေမယ့် ကိုယ်သာဆိုရင် ကိုယ့်လူနာအဲ့သလောက် ဆေးတွေ မပေးရဲဘူး။ သေချာအောင် ဘယ်သူနဲ့ပြပြီး ဘယ်သူသောက်ခိုင်းတာလဲ လို့ပြန်မေးရပါတယ်။ လူနာက အာမခံပါတယ်။ သူ့သွေးပေါင်ချိန်က သည်ဆေးတွေနဲ့မှ တိုးတယ်။ သူများပေးနေကျမီလီဂရမ်နဲ့ မဖြုံဘူးတဲ့။ ကိုယ်နဲ့ ၁၂ နှစ်ကွာတဲ့ ညီအငယ်ဆုံးဟာ သွေးပေါင်ချိန် ၁၆၀/ ၁၀၀ အောက်ကို ဘယ်တုန်းကမှ မဆင်းပါဘူးတဲ့။ သည်လိုဆိုရင် သူ့တစ်သက်မှာ အဲသည်ဆေးတွေကိုနောက်ထပ် နှစ်ပေါင်း ၃၀ ကျော်လောက် သောက်ရဦးမှာပဲ။ ဆေးတစ်ခုရဲ့ သက်တမ်းဆိုတာ ဘယ်လောက်မှခံတာ မဟုတ်ဘူး။ အဖွားသောက်ခဲ့တဲ့ ဆေးတွေဟာ သူ့ခေတ်သူ့အခါက အကောင်းဆုံးလို့ ပြောကြပေမယ့်ဆယ်စုနှစ်တစ်ခုလောက်ကြာတဲ့အခါ သောက်သုံးရန်မသင့်သော လို့ ပြောရမလောက် အပြစ်တွေ တွေ့လာပြီ။အခု သူသောက်နေတဲ့ ဆေးတွေဟာလည်း အခုလို ဟစ်ဖြစ်နေတဲ့အချိန်မှာ မဟာသြသဓနတ်ဆေးလောက် ကြော်ငြာပြီး ရောင်းနေပေမယ်
့နောက်အသစ်တွေပေါ်လာတော့ ခွေးချေးလောက်မှ မကောင်းတဲ့ဆေး ဖြစ်ရဦးမှာ ဓမ္မတာပဲ။ သူသောက်နေတဲ့ဆေးတွေရဲ့ကောင်းကျိုးဆိုးပြစ်တွေကို သူကိုယ်တိုင် ကိုယ်ထိလက်ရောက် ခံစားရမှာ အသေအချာပဲ။ သွေးတိုးလူနာတိုင်းကိုကိုယ်ပြောနေကျစကားရှိတယ်။ “အမြစ်ပြတ်ပျောက်ဖို့ ဆရာလည် မရှာနဲ့။ အိမ်ကဟာကြီးနဲ့သာ ကွဲချင်ကွဲမယ်။သွေးတိုးနဲ့ကိုယ်နဲ့ကတော့ မသေမချင်း ဘယ်တော့မှ မကွဲတော့ဘူး။ တည့်အောင်ပေါင်းဖို့ပဲကြိုးစား။ တက်နေတဲ့သွေးပေါင်ချိန် ကိုယ့်ကို အန္တရာယ်မပေးအောင် ဘယ်လိုချော့ပေါင်းမလဲပဲစဉ်းစား။ မျက်ခြေမပြတ်အောင်လည်း ဂရုစိုက်။” လို့ မှာလေ့ရှိတယ်။ သက်ဆုံးတိုင် သောက်ရမယ့်ဆေးဆိုတော့အဲသည်မယားစားရိတ် မှန်မှန်ပေးနိုင်အောင်လည်း ဘတ်ဂျက်ထဲ ထည့်ဆွဲဖို့လိုမယ်။ သည်ကနေ့ပေါက်ဈေးနဲ့တင်ခြောက်လစာ နှစ်သိန်းစွန်းစွန်း ပေးနေရပြီ။ ဆရာဝန်ပြခတွေ မပါသေးဘူး။

            ကျန်းမာခြင်းသည်လာဘ်တစ်ပါးဆိုတာ နေမကောင်းတော့မှ သိရတာမျိုးပါ။ ကိုယ်လည်းပဲ ကိုယ့်ညီတွေ အဲသလောက်ထိဆေးကောင်းဝါးကောင်း ဆရာကောင်းသမားကောင်းတွေ လက်စွဲထားမှီဝဲနေရမှန်း သိတဲ့အခါကျမှ “ဟယ်ကျန်းကျန်း။ တော်ပါသေးရဲ့။ ငါတော့ အဲ့သလို ဆေးတွေ သောက်မနေရသေးတာ အံ့သြစရာပဲ။” လို့သတိဝင်လာပါတယ်။ တစ်မိတည်းဖွားသော်ငြားလည်း ခုချိန်ထိ သွေးတိုးမရှိတာ ဂျမခါနာမှာ ကလေးချင်းမှားလာလို့လား မသိပါဘူး။ လွန်ခဲ့တဲ့ ၃ လ လောက်က သွေးလှူတဲ့အချိန်အထိ ၁၂၀ / ၈၀ လောက်မှာပဲရှိသေးတယ်။ တစ်ခါမှ အဲသည်ထက် မပိုဖူးဘူး။ ဆေးနဲ့ဝါးနဲ့ ပတ်သက်လာရင် ထိုးဖို့မပြောနဲ့သောက်ရမှာကို အင်မတန် ဝန်လေးတယ်။ သည်အသက်သည်အရွယ်အထိ ဆေးရုံတက်ရတယ်ဆိုတာ တစ်ခါမှ မရှိသေးဘူး။ခွဲစိတ်ကုသမှုဆိုတာလည်း သူများကိုသာ လုပ်ဖူးတယ်။ ကိုယ့်ဘာကိုယ်တော့ ခြေသည်းတောင် မခွာဖူးဘူး။ခြေဆုံးခေါင်းဆုံး အော်ရီဂျင်နယ်။ အကျိုးပေးသန်လွန်းလို့ လက်ချည့်ပဲ ငါးခါကျိုးဖူးတာပဲပြောစရာရှိတယ်။ ကိုယ့်ကိုယ်ကိုယ် အဲ့လောက်ကျန်းမာနေမှန်း တစ်ခါမှ မတွေးမိပေါင်။ ကိုယ်တိုင်ကဆရာဝန်ဆိုတော့ ကိုယ့်ကျန်းမာရေးကိုယ် ဂရုစိုက်တတ်တာကိုး လို့ လာမပြောနဲ့။ ဝါးကနဲ ရယ်ပလိုက်မယ်။ပေလွန်းတေလွန်းလို့ ကိုယ်နဲ့ အတူနေဖူးတဲ့သူတိုင်း ကိုယ့်ကို ဆူဖူးကြတာချည့်ပဲ။ လူမိုက်ကံကောင်းပြောအားရှိနေတာတော့ မဟုတ်ပါဘူး။ ဘယ်အကျိုးတရားမဆို အကြောင်းတရားမပါပဲ ဖြစ်ကိုမဖြစ်ဘူး။အကြောင်းကတော့ ရှိကိုရှိတယ်။

             မုန်းပါတယ်မောင့်ကိုထဲက ဝင်းဦးကြီးလို မိုးပေါက်ကလေးမှန် ဟပ်ချိုး ဟပ်ချိုးချေ၊ ဆရာဝန်ဆီပြေး၊ အနွေးထည်လေးဝတ်ထားဆိုတာမျိုး ကျန်းမာရေးကို ဂရုမစိုက်သော်ငြားလည်း ကိုယ့်ရုပ်ကိုယ် အရိပ်တကြည့်ကြည့်ဂရုစိုက်တဲ့နေရာကျတော့ ပိုကိုပိုတာပါ။ ငယ်ငယ်ကတည်းက လှချင်တဲ့စိတ်က ငယ်ထိပ်တက်ကပ်နေတာ။ဆေးကျောင်းတက်ဖို့ လမ်းမတော်မှာ ဆေးစစ်ရတဲ့အခါ ကိုယ်အလေးချိန်က ၈၄ ပေါင်၊ အရပ်က ၅ ပေ၂ လက်မ။ ကိုယ့်အနောက်က ကျောင်းသူတစ်ယောက်က “ပေါင် ၉၀ တောင် မပြည့်ဘူးတော့” ဆို ဟားတာခံရသေး။အထက်တန်းကျောင်းတလျှောက်လုံး ညှက်စိ လို့ အခေါ်ခံရတဲ့ ကိုယ်ဟာ ကောလိပ်တက်တဲ့အချိန်ကျတော့အရပ်ရှည်မှ ဖြစ်မယ် ထင်လို့ ၁၄ ရက်အတွင်း အရပ်ရှည်နည်း စာအုပ် ဝယ်ဖတ်ပါတယ်။ ကိုယ်နဲ့အရွယ်ချင်းမကွာတဲ့ အခင်ဆုံးသူငယ်ချင်းက အတင်းရေကူးသင်ခိုင်းတယ်ဗျ။ မနက်ဆို လေးနာရီခွဲ၊ငါးနာရီလောက် အိမ်မှာလာနှိုးရော။ လိုင်းကားနဲ့ သထုံလမ်းက တက္ကသိုလ် ရေကူးကန်ကို ၆ နာရီအရောက်သွားပြီး ၈ နာရီထိုးတဲ့အထိ နေ့တိုင်း ရေကူးတာ။ တကယ်တော့ ကိုယ်က အားကစားဆို ဘာတစ်ခုမှဝါသနာ မပါပါဘူး။ ပန်းချီလေးဆွဲ၊ သီချင်းလေး နားထောင် သာသာယာယာ နေချင်တာ။ သူ့ဟာက မနက်အစောကြီးလည်းထရသေး။ ဆံပင်တွေ အသားအရေတွေလည်း ဆလုံရောင် ဖြစ်ရသေး။ ကူးကာစကဆို မောလည်းမောသေးတာ။ ဒါပေမယ့်အရပ်ကလေး သိသိသာသာ ရှည်ထွက်လာတော့ ကူးရကျိုးနပ်သားလေ ဆို အားကြိုးမာန်တက်တော့ ကူးဖြစ်တယ်။

            အရပ်ထွက်လာတော့ အလုံးအထည်က လိုချင်လာပြန်ရော။ နောက်သူငယ်ချင်းတစ်ယောက်က ညနေဘက် ဂျူဒိုကစားဖို့ခေါ်ပြန်တယ်။ဝင်ကစားကြည့်ပါသေးတယ်။ ခဏခဏ ကိုင်အပေါက်ခံရတာရယ်။ ရင်ဘတ်တွေ ပွန်းတာရယ် နဲ့ ဆက်မကစားတော့ဘူး။ ဝရင်ပြီးရောပေါ့ဆို အစားအသောက်ဘက်ကို
အာရုံစိုက်လိုက်တယ်။ အင်မတန်အစားချေးများတဲ့ ကိုယ်ဟာ အသီးအရွက်ဆိုရင်
ဘာအသီးအရွက်မှ မစားပါဘူး။ ဝက်သားဆိုရင် အဆီမစားတတ်ဘူး။ဟိုဟာမစားဘူး သည်ဟာမစားဘူးတွေ စုံနေအောင် ရှောင်တယ်။ ဒါပေမယ့် ဝချင်တယ်ဆိုတဲ့စိတ်နဲ့မကြိုက်တဲ့အစာတွေကို ကျိတ်မှိတ်ပြီး အကျင့်ရလာတဲ့အထိ စားတယ်။ လက်ဘက်ရည်ဆိုင်ထိုင်ရင်အာဟာရတို့၊ နို့ကြက်ဥတို့ကို ကြိုက်လည်းမကြိုက်ပဲနဲ့ အဆီအသားတက်ချင်လို့ မှာတယ်။ အိပ်ယာဝင်ကာနီးရင်စားစရာ တစ်ခုခု ရှာပြီး ဗိုက်တင်းအောင် စားတယ်။ ဒါပေသိ ဝလားဆိုတော့ မဝဘူး။ ဘာစားစားမဝတာ။ အဖွားကတော့ ပြောတယ်။ အဆီစား အသားမဖြစ်တာတဲ့။ ဒါပေမယ့် တကယ်တမ်း ဝလာတဲ့အချိန်ကျတော့ကိုယ်ပေါ်က အဆီတစ်အောင်စကျဖို့ နဖူးကချွေး ခြေမကျအောင် ပြန်လျှော့ယူရတယ်။ မစားစား စားစားကိုဝနေတော့တာ။ ဝချင်လို့ စားရတာလည်း တစ်ဒုက္ခပဲ။ ပိန်ချင်လို့ အစားလျော့ရတာလည်း တစ်ဒုက္ခပဲ။အဲသည်ဒုက္ခ နှစ်ခုစလုံး ကိုယ့်ကို နှိပ်စက်ဖူးတယ်။

            အသက်၃၇၊ လောက်ကိုင်ကို ရောက်ကာစမှာ သိပ်မဝသေးဘူး။ ဒါပေမယ့် ဗိုက်ကလေး နည်းနည်းပူတယ် အပြောခံရတာနဲ့အသီးအရွက်တွေချည့် လှိမ့်တွယ်လေ့ရှိတယ်။ တရုတ်ဆိုင်တွေက အရောင်းချတဲ့အခါတိုင်း ဘောင်းဘီတွေအောက်ဈေးနဲ့ လိုက်ဝယ်စုတော့ ခါးနံပတ်က ၃၀ တွေချည့်ပဲ။ ဆေးကျောင်းတုန်းကနဲ့စာရင် နံပတ်နှစ်ခုတက်လာပြီ။ အတူတူနေတဲ့ သွားဆရာဝန်ကလေးက အားကစားသမားမို့ မနက်တိုင်း အစောကြီးထပြီး ပြေးတဲ့အခါအဖော်ရအောင် အတင်းလိုက်ပြေးခိုင်းတာနဲ့ ကိုယ်လည်းပဲ အိပ်ယာက မထချင်သော်ငြား ချမ်းချမ်းစီးစီးလိုက်ပြေးဖြစ်တယ်။ သူက ကင်းဗတ်ဖိနပ်တစ်ရံဝယ်ပေးမယ် လို့ ဆွယ်တာကိုး။ လုပ်မယ့်လုပ်မှတော့ဘာလုပ်လုပ် ကိုယ်က ကျန်ရစ်ခဲ့တယ်လို့တော့ အဖြစ်မခံနိုင်ပါဘူး။ နွားပျိုသန်လှ နွားအိုပေါင်ကျိုးပေါ့။သည်အသက်နဲ့ သည်အသက် ကျန်ခဲ့စရာလား။ မနက်ပြေးတဲ့ဆီကပြန်လာရင် တို့ဟူးနွေးပူပူကလေးမှာပဲရွက်စိမ်းစိမ်းကလေးနဲ့ စားရတာ ချိုနေတာပဲ။ အီကြာကွေးပွပွကြီးတွေ ပဲနို့နဲ့ စိမ်သောက်လည်းကောင်းတယ်။ အေဇက်ဂျီက ဆရာဝန်မကလေးရယ်၊ စီအောရွာက ရှမ်းမချောချောလေးရယ်လည်း ပါတော့ ပျင်းစရာမကောင်းတော့ဘူး။ အားကစားကို ဝါသနာမပါဘူးဆိုပေမယ့် အဖော်ကောင်းလို့ အဆွယ်ကောင်းလို့ရှိရင်အားနာပါးနာ လိုက်လုပ်ရင်းကနေ မခံချင်စိတ်နဲ့ ဆက်လုပ်ဖြစ်တဲ့အကျင့်ကတော့ ရှိတယ်။ ကလေးဘဝကတည်းကကိုယ့်အဖေက သိုင်းသင်တန်းတွေပို့ရင် စိတ်ထဲက တစက်မှမပါလည်း သူကြေနပ်အောင် လိုက်လုပ်ရတာအသားသေနေလို့ နေမှာပေါ့။

             လောက်ကိုင်မှာသိပ်မဝသေးတာ ဘူတန်ကိုရောက်တော့ နှစ်လအတွင်း ပေါင် ၂၀ လောက် ကျသွားတယ်။ အစားအသောက် ပုံစံချင်းမတူတာရယ်အစစအရာရာ ရှားပါးလွန်းတာရယ်ကြောင့်ပါ။ လောက်ကိုင်က ဝယ်လာတဲ့ဘောင်းဘီတွေ ချောင်ချောင်ကျလာလို့ခါးပတ်မပါပဲ ဝတ်လို့မရတော့ဘူး။ ဘူတန်မှာ နှစ်နှစ်နေလိုက်တာ အစားအသောက်နဲ့ ပတ်သက်တဲ့အာသာတွေ ပြတ်သွားသလား အောင့်မေ့ရတယ်။ မနက်အိပ်ယာထရင် ကော်ဖီတစ်ခွက်၊ ပေါင်မုန့်နှစ်ချပ်၊နေ့ခင်း ထမင်းတစ်ပန်းကန်၊ ည ခေါက်ဆွဲပြုတ်တစ်ပွဲ၊ ကြားထဲမှာ ဘာမုန့်ပဲသွားရည်စာမှ ခံမထားဘူး။စားချင်သပဆို စမူဆာ နဲ့ ဘီစကစ်ပဲ ရှိမယ်။ ရှိတာ စားမယ်။ မရှိရင် မစားပဲ နေမယ်။ ဟိုဟာစားချင်လိုက်တာ သည်ဟာ စားချင်လိုက်တာ သိပ်မရှိတော့ဘူး။ ညနေတိုင်း ဈေးဘက်ကို လမ်းလျှောက်ဖြစ်တယ်။တောင်အတက်အဆင်းလမ်းတွေပေါ့။ စားချင်လျက်နဲ့ အငတ်ခံနေတာ မဟုတ်ဘူး။ စားချင်စိတ်ကို သိပ်မရှိတာ။စားနေကျအစာ၊ စားနေကျပမာဏ၊ စားနေကျအချိန် မှန်နေရင် ရပြီ။

             အမ်းကိုရောက်တဲ့အခါကျတော့ဝိတ်က ထိန်းလို့တောင် မရတော့ဘူး။ ရခိုင်စာ ရခိုင်ဟင်း ပင်လယ်စာ တောစာတွေက အသစ်အဆန်းဆိုတော့အစားအသောက်မှန်တယ်။ အသက်အရွယ်က ဝတဲ့အရွယ်မို့ ကြောင်စာလောက် စားတာတောင် ဝချင်နေပြီ။အလုပ်ရယ်၊ လည်တာပတ်တာရယ်၊ စာရေးတာရယ်နဲ့ ကိုယ်လက်လှုပ်ရှားမှုလည်း သိပ်မလုပ်နိုင်တော့ဘူး။အိမ်မှာ ရေချိုးပြီးခေါင်းဖြီးတဲ့ ဆံပင်ဖြူနှုတ်တဲ့ မှန်သေးသေးတစ်ချပ်ပဲ ရှိတာမို့ ကိုယ့်ဘာသာဝလို့ဝနေမှန်းလည်း သတိမထားမိဘူး။ အမ်းကပြန်ပြောင်းကာနီး ဆရာမတွေက ဘောင်းဘီရှည်လက်ဆောင်ပေးချင်လို့ခါးနံပတ်မေးတဲ့အခါ ခါတိုင်းလို ၃၀ လို့ ပြောလိုက်တာ ဝတ်ကြည့်တော့ မတော်တော့ဘူး။ ၃၁ဖြစ်သွားပြီ။ အဲသည်တော့မှ မဝတ်တာကြာတဲ့ဘောင်းဘီတွေ အကုန်ပြန်ဝတ်ကြည့်တော့ ကြပ်စည်းထားသလိုအစ်တစ်တစ်ဖြစ်နေပြီ။ နှမြောလိုက်တာ။ ငါတော့ ဝိတ်ချမှ ဖြစ်တော့မယ် လို့ စိတ္တဇဝင်သွားတယ်။

            မရပါဘူး။ရန်ကုန်မှာ ပိုဝလာတယ်။ အမေ့အိမ်ရော၊ ယောက္ခမအိမ်ရော၊ မိန်းမရော၊ စောင်းသင်တဲ့အန်တီ့အိမ်ရောလူမြင်တာနဲ့ ထမင်းပြင်ကျွေးတော့တာပဲ။ ဆေးရုံမှာလည်း လူနာတွေကကျွေး၊ ဆေးကုမ္ပဏီတွေကကျွေး၊ကျောင်းသားတွေကကျွေး၊ စားလို့ချည့်နေရတယ်။ ဒင်နာတွေ လန့်ခ်ျတွေဆိုတာလည်း မကြာခဏ။ ကြာတော့စားကောင်းသောက်ဖွယ်တွေကို မမြင်ချင်တော့ဘူး။ ဟင်းမကောင်းတဲ့အိမ်ကိုပဲ ဦးစားပေးစားချင်တော့တယ်။ဒါမှ နည်းနည်းပဲ စားမှာလေ။ ရှိတာလေးနဲ့ပဲ ဖြစ်သလို စားလိုက်ပါတော့နော် ဆို သိပ်ဝမ်းသာတာပဲ။အလုပ်များလို့ မနက်စာ ညစာပေါင်းစားလိုက်ရရင် ဂိမ်းကစားရင်း ဘောနပ်စ်ရသလို ပျော်တယ်။မရင်းနှီးပဲ ရာထူးအရဖိတ်တဲ့ စားပွဲသောက်ပွဲတွေဆို သွားကိုမသွားတော့ဘူး။ ဘီယာဆိုင် နဲ့တရုတ်ဆိုင်ကို သတိကြီးစွာ ဆက်ဆံတယ်။ ဒါပေမယ့် လောက်ကိုင်မှာ ဝယ်ထားတဲ့ ဘောင်းဘီကလေးတွေဘီရိုထဲမှာ မြင်ရင် စိတ်မကောင်းဘူး။ ခါးက ၃၂ ဖြစ်ချင်နေပြီ။

            သူတော်ကောင်းလေးစိတ်မချမ်းမသာ ဖြစ်နေတာ မိုးနတ်မင်းကြီး သိသွားလို့ထင်တယ်။ လောက်ကိုင်ပြန် သွားဆရာဝန်ကလေးကိုလွှတ်ပေးလိုက်တယ်။ သူလည်း ဝနေလို့ ဂျင်ကစားနေတယ်။ လာဆော့ပါလားတဲ့။ အေးလေ။ စမ်းကြည့်တာပေါ့။ငွေကုန်ကြေးကျလည်းမများ၊ ကိုယ့်မှာလည်း အချိန်တွေ လမ်းပေါ်ကုန်နေတာပဲ။ အဲသည်ဘက် နည်းနည်းမျှလိုက်တာပေါ့။ဒါပေမယ့်လည်း အကျင့်ကပါနေတော့ စထားမိတဲ့အလုပ် တော်ရိလျော်ရိနဲ့ တပ်မဆုတ်ချင်ဘူး။ သူများတွေဗိုက်ကလေးရှပ်ရှပ် ကြွက်သားအမြောင်းလိုက်ကလေး မြင်ရင် “ငါလည်း ငယ်ငယ်က အဲ့လိုဗိုက်ချပ်ကလေးပဲ။ဘာလို့ ပြန်မရရမှာလဲ” ဆို ခါးအနာခံ၊ ကိုယ်လက်အကိုက်ခံပြီး ချွေးပြိုက်ပြိုက်ကျအောင်လိုက်ဆော့ရပြန်ရော။ ပင်ပန်းခဲ့သမျှဟာ “ပိန်သွားတယ်နော်။” ဆိုတဲ့ စကားလေးတစ်ခွန်း ကြားလိုက်ရင်ပိန်းကြာဖက်ပေါ် ရေမတင်သလိုပဲ။ ကိုယ့်ခါးကလေးကိုယ် ပြန်မြင်ရလာတော့ ဒီ့ထက်များ နည်းနည်းပိုကြိုးစားလိုက်ရင်ဟိုသူငယ်လေးတွေလောက်တော့ ဖြစ်နိုင်ပါသေးတယ် လို့ အားသစ်တွေလောင်းမိတယ်။ ဘောင်းဘီအဟောင်းလေးတွေပြန်ဝတ်လို့ရတာဟာ
ဘောင်းဘီအသစ်ဝယ်ဝတ်တာထက် စိတ်ချမ်းသာစရာ ကောင်းပါလား။

             ကိုယ့်ဟာကိုယ်ပိန်တယ် ဝတယ်ထဲ အာရုံရောက်နေတာ အခု ညီတော်မောင် ပမာဒ လေခတော့မှပဲ ငါ့မှာကျ ဘာလို့ သွေးတိုးမရှိသေးပါလိမ့်လို့ဆင်ခြင်မိတယ်။ တအူတုံဆင်း မောင်နှမခြောက်ယောက်ထဲမှာလည်း ကိုယ်က အပိန်ဆုံး ဖြစ်နေတာသွားတွေ့တယ်။ သည်အရွယ်ကြီးရောက်မှ လှချင်လို့ မစားနိုင်မသောက်နိုင် ဝိတ်လျှော့နေတယ်လို့ ထင်ချင်တဲ့သူလည်း ထင်မှာပေါ့။ မလှချင်နေပစီ အငတ်တော့ မခံနိုင်ပေါင်။ စားမှာပဲစားမှာပဲ ငါ့ကိုလာမတားနဲ့ ဆိုသူတွေလည်း ရှိပါလိမ့်မယ်။ ဒါပေမယ့် ကိုယ်သတိထားမိသွားတာကကိုယ်လုပ်နေမိတဲ့ အမူအကျင့်တွေဟာ ကျန်းမာရေးအတွက် ကောင်းသားပဲ လို့ ဆင်ခြင်မိတယ်။ ကိုယ်နဲ့ရွယ်တူ သူငယ်ချင်းတွေ သွားလေရာ ဆေးအိပ်ဆောင်နေရပြီ။ အူအတက်ကလေး ရောင်လို့တောင်မှ လာလေ။ခုံပေါ်တက် ခွဲရအောင် လုပ်လို့မရတော့ဘူး။ သွေးတိုး၊ ဆီးချို၊ နှလုံး၊ အသည်း၊ ရောဂါကင်းတယ်လို့မရှိ။
ဖြစ်လိုက်ရင် သေကောင်ပေါင်းလဲ။ ကုလိုက်ရရင် မျက်ကလဲဆန်ပြာ၊ ကုန်လိုက်ရတာ သောက်သောက်လဲ။အဲ့ဒီရောဂါတွေ မဖြစ်ခင် ကြိုတင်ကာကွယ်ထားလို့ မရဘူးလား။ ရတာပေါ့။ ဗက်ဆင်းထိုးတာတော့မဟုတ်ဘူးလေ။ ကိုယ်နေသလို လိုက်နေကြည့်ပါလား။ အဲ့ဒါ Life Style Changes လို့ ခေါ်တယ်။

             ကိုယ့်ရဲ့အသက်အရွယ်အလိုက် ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ အစားအသောက် အချိုးအစား ပမာဏကို ကိုယ့်ဘာသာချင့်ချိန်တတ်ရတယ်။ စိတ်ရှိတိုင်း သဘောကျ စားသောက်နေရင် “You are what you eat.” ပဲဖြစ်လိမ့်မယ်။ စားချင်တာတွေချည့်ပဲ စားချင်တိုင်း မစားနဲ့။ သင့်တော်မယ်ထင်ရင် မစားချင်တာတွေကိုလည်းပဲအကျင့်ရအောင် စားယူရလိမ့်မယ်။ အစာလည်းဆေး ဆေးလည်းအစာ တဲ့။ ဝါသနာ ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ၊ကိုယ်လက်လှုပ်ရှား အားကစားကလေးကတော့ မှန်မှန်လုပ်ပေးသင့်တယ်။ ကျန်းမာရေးထိခိုက်စေမယ့်အရာများကျတော့ ယတိပြတ် မရှောင်နိုင်တောင် ကြိမ်ရေနည်းလေကောင်းလေပါပဲ။ အရက်၊ ဘီယာ၊ ဆေးလိပ်ဆိုတာအဲသည်ညီငယ်တွေ လူလားမမြောက်ခင်ကတည်းက ကိုယ်က ကျင့်သားရလာတာပါ။ အခုထက်ထိလည်း မလုပ်တော့တာတစ်ခုမှ မရှိပါဘူး။ လုပ်ချင်တာကို လုပ်ချင်တဲ့အချိန် ကောက်လုပ်တုန်းပဲ။ ဒါပေမယ့် အမြဲလုပ်နေတာ၊ခဏခဏလုပ်နေတာ၊ မလုပ်ရရင် မနေနိုင်တာတော့ ဘာတစ်ခုမှ မရှိဘူး။ သိပ်ကိုလှချင်လွန်းတဲ့ကိုယ်ဟာသည်ရုပ်ကြီး ဂျုံးဂျုံးကျသွားမယ့် အလုပ်တွေကိုတော့ တတ်နိုင်သမျှ ရှောင်တာပေါ့။

             ဆိုလိုတာကအခု စလင်းဘော်ဒီ နဲ့ အရမ်းကို နုပျို လှပနေတယ်ပေါ့နော် လို့ ကြော်ငြာဝင်တာ မဟုတ်ပါဘူး။ဆေးလွတ်ဝါးလွတ်၊ ကျန်းကျန်းမာမာ၊ ကိုယ်လက်စိတ်ဝမ်း ပေါ့ပေါ့ပါးပါး နေရတာ သိပ်အရသာ ရှိတယ်။ဆေးဆိုတာ ဘယ်လောက်ကောင်းတယ်ပဲ ပြောပြော၊ ရာသက်ပန် သောက်သုံးရတော့မယ်ဆို ဘေးထွက်ဆိုးကျိုးကရှောင်မရဘူး။ အသက်ကလေးရလာတော့ သဘာဝကပေးတဲ့ စွမ်းအင်တွေ လျော့ပါးပြီး ဆေးကူ လူတွဲနေရတဲ့ဘဝမျိုးကို မလိုလားရင် ဆင်ခြင်စရာလေးတွေ ဆင်ခြင်နိုင်ဖို့ နည်းလမ်းကောင်းကလေး တစ်ခုကိုဝေမျှတာပါ။ ရောဂါကို ဖြစ်ပြီးမှ လိုက်ကုရတာဟာ လက်ထဲက လွတ်ထွက်သွားတဲ့ ငါးရှဉ့်ကို နောက်ကအမြီးလိုက်ဆွဲရသလိုပဲ။ ရှာဖွေစုဆောင်းထားသမျှလည်း ဖြူကာပြာကာ ကျသွားနိုင်တယ်။ ဘဝရဲ့အရသာတွေကိုလည်း မခံစားနိုင်တော့ဘူး။ ကျန်းမာခြင်းသည် လာဘ်တစ်ပါးဆိုတာ ဘုရားက အလကားဟောထားတာမဟုတ်ဘူး။ ဆရာဝန်တွေကလည်း အလကား ကုမှာတော့ မဟုတ်ဘူး။ ဆေးထိုးကြမ်းပါတယ်ဆိုနေ။ မကြောက်ဘူးလား။

             ဒါထက်စကားမစပ် ဆေးထိုးခံရမှာ ကြောက်တဲ့ ဒေါ်ယဉ်နွယ်ကြီးဟာ သည်အသက်အရွယ်မှာ သူ့ခြေမနဲ့ နင်းထားတဲ့ခဲမူးစေ့ကောက်ချင်ရင် ဒူးမကွေးပဲ ကြမ်းပြင်ပေါ် လက်ဖဝါးနဲ့ ထောက်လို့ ကုန်းကောက်နိုင်တယ်နော်။ကျန်းမာရေးနဲ့ ပတ်သက်လို့ နလပိန်းတုံးတော့ မဟုတ်ဘူး။ သူပြောတဲ့ ထွိန်နင်မရှိတဲ့ ဆရာဝန်တွေအလကားနေ ဆေးထိုးလို့ သေရတယ်ဆိုတာ သူ့အတွေ့အကြုံအရပြောတာ။ သူကUNICEF Representative အနေနဲ့တရုတ်ပြည်မှာ နှစ်ပေါင်းများစွာ သိုက်ပျောင်မကြီး လုပ်ခဲ့ဖူးတယ်။ အဲသည်က တရုတ်ထုတ်ထုတ်ထားတဲ့ဆရာဝန်တွေဟာ သူပြောသလိုပဲ ဆေးထိုးဖို့ကလွဲလို့ ဘာမှ မသိကြဘူး။ ဆေးခန်းထဲဝင်ဝင်၊ ဆေးရုံပေါ်ရောက်ရောက်ပုလင်းတွေ အတင်းချိတ်ကြတယ်။ သူတို့ချိတ်တဲ့ပုလင်းထဲ ဘာတွေပါတယ်တောင် သူတို့ဘာသူတို့သေချာသိတာ မဟုတ်ဘူး။ ဒါဖြစ် ဒါချိတ် ကုထုံးပဲ သူတို့နားလည်တယ်။ လောက်ကိုင်မှာ အဲသည်တရုတ်ဆေးရုံဆေးခန်းတွေ များစွာတွေ့ဖူးတယ်။ သေလိုက်ကြတာ သောက်သောက်လဲ။ ပြဿနာ မရှိပါဘူး။သူတို့အစိုးရက လူဦးရေထိန်းချုပ်ဖို့ တမင်မွေးထုတ်ထားသလားမှ မသိတာ။ အခု သည်ဘွားတော်ကြီးအဲသည်စကားပြောတာဟာ ကိုယ်တို့အစိုးရက လုပ်နေကျအတိုင်း တရုတ်အတုခိုးမစိုးလို့ ပြောတာလို့ထင်တယ်။ (ပြည်တွင်း၌သာ သုံးစွဲရန်ဆိုပြီး အထူးကုတွေ တရုတ်ထုတ်ထုတ်မလို့ ကြံတဲ့လူက ကြံနေတယ်။) ဆေး ၁၊ ဆေး ၂၊ ဆေး/မန်း၊ ဆေး/ကွေး၊ စစ်/ဆေး ပြီးတော့ အခု ဆေး/တောင် ဖွင့်တော့မှာ မဟုတ်လား။ကျောင်းသားအရေအတွက်ကို ဦးစားပေး၊ ဆရာအလုံအလောက်၊ သင်/ထောက်ကူ အလုံအလောက်၊ အလုပ်ခန့်စရာနေရာအလုံအလောက်မရှိပဲ အခုအတိုင်းဆက်သွားရင်တော့ သူပြောသလို တကယ်ဖြစ်လာမှာ မလွဲဘူး။ ဆေးတွေကလည်းစိတ်ချရတာ မဟုတ်။ ဆရာဝန်တွေကလည်း စိတ်ချရတာ မဟုတ်။ အစိုးရဆေးရုံမှာကျတော့ ခြေချစရာနေရာမရှိ။ အပြင်ဆေးရုံမှာကျတော့ အရေးဆို ရောင်းစရာချစရာ အထုပ်အထည် မရှိရင် အနားမကပ်နဲ့။ ကိုယ့်ဟာကိုယ် အနေအထိုင် ဆင်ခြင်ပြီး ရောဂါမဖြစ်အောင် နေတာသာ အကောင်းဆုံးပါဗျာ။ မယုံမရှိပါနဲ့။

Soe Min

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...