Wednesday, December 17, 2014

အက်စ်ပရက်စ်ဆို တစ်ခွက် နှင့် စကားပြောခြင်း


ကော်ဖီ အချိုးအစားပါဝင်မှု အားပြင်းပြီး အလွန်တရာ ထူထဲသိပ်သည်းကာ ခါးသက် ပြင်းရှသော၊ ကော်ဖီ ခွက်များထဲတွင်အရွယ်အစား အသေးငယ်ဆုံးသော ခွက်ဖြင့်ထည့်ရသော၊ ကော်ဖီ တစ်ခွက်လျှင် ကော်ဖီ ရည်တစ်အောင်စ ပါဝင်ကာ Solo (သို့မဟုတ်) Single Shot အမည်ရသော၊ ကော်ဖီ တစ်ခွက်လျှင်ကော်ဖီရည် နှစ်အောင်စ ပါဝင်ကာ Doppio (သို့မဟုတ်) Double Shot အမည်ရသော၊
အခြား ကော်ဖီအမျိုးအစားများဖြစ်ကြသော ကဖေးလာတေး၊ ကက်ပူချီနို၊ မိုခါး၊ အမေရီကာနို အစရှိသည်တို့အတွက် အဓိကအကျဆုံး အခြေခံ လိုအပ်ချက်ဖြစ်သော၊ ကော်ဖီ အမျိုးအစားအားလုံးထဲတွင် ကဖိန်းဓါတ် ပါဝင်မှုနှုန်း အမြင့်ဆုံးနှင့် အများဆုံး ဖြစ်ပြီး အဆီပါဝင်မှု နှင့် ကိုလက်စထရောပါဝင်မှုမှာမူ သုည ရာခိုင်နှုန်းသာရှိသော၊ ထိုကော်ဖီကို အက်စ်ပရက်စ်ဆို ဟုခေါ်ပါသည်။



ကော်ဖီ တစ်မျိုးတည်းကို အဓိကထား ရောင်းသော ဆိုင်တစ်ဆိုင်တွင် အက်စ်ပရက်စ်ဆို တစ်ခွက်ကို သင် မှာယူမည်ဆိုပါစို့။ ကော်ဖီမှာယူချိန်တွင် တစ်ခါတည်း ငွေရှင်းရသော ကောင်တာရှေ့တွင် တန်းစီရပ်တန့်ပါ။ သင့်အလှည့်ကျလာပါက ကောင်တာနောက်မှ အရောင်းစာရေးကို အက်စ်ပရက်စ်ဆိုတစ်ခွက် ရနိုင်မလား ဟု မေးလိုက်နိုင်ပါသည်။ ဤနေရာတွင် အရောင်းစာရေးဟူသည် တစ်ခါတစ်ရံ ဖြူဖြူပိန်ပိန် အမျိုးသား ခပ်ငယ်ငယ်တစ်ယောက် ဖြစ်နိုင်ပြီး တစ်ခါတစ်ရံတွင် အိုင်းလိုင်နာ ထူထူခြယ်ထားသော အသားညိုညို အမျိုးသမီး တစ်ဦးလည်း ဖြစ်နေနိုင်ပါသည်။ မည်သို့ပင်ဖြစ်စေ ကောင်တာနောက်မှ အရောင်းစာရေးက သင့်အား Single လား Double လား ဟုမေးပါလိမ့်မည်။ တစ်ခါတစ်ရံတွင်မူ Solo လား Doppio လား ဟုလည်း မေးကောင်းမေးနိုင်ပါသည်။ သင် သို့မဟုတ် သင့်ခန္ဗာကိုယ်က အက်စ်ပရက်စ်ဆို တစ်အောင်စ သာအလိုရှိလျှင် Single သို့မဟုတ် Solo ဟု မှာကြားနိုင်ပြီး သင့်ခန္ဗာကိုယ်က အက်စ်ပရက်စ်ဆို နှစ်အောင်စကို တောင့်တမိပါက Double သို့မဟုတ် Doppio ဟု သက်တောင့်သက်သာ ဖြေဆိုလိုက်ပါ။ ထိုအခါ အရောင်းစာရေးက ဒီမှာ သောက်မှာလား… အပြင်ကိုသယ်ဆောင်သွားမှာလား… ဟု ခပ်တိုးတိုး မေးပါလိမ့်မည်။ သင် လိုအပ်ချက်အတိုင်း ဆိုင်မှာထိုင်သောက်ရန် သို့မဟုတ် အပြင်ကို သယ်ဆောင်သွားရန် တစ်ခုခု ဖြေကြားပေးလိုက်ပါ။ ထို့နောက် ကျသင့်ငွေကို ပေးချေပြီးလျှင် မိနစ်အနည်းငယ်အတွင်း  စွဲမက်ဖွယ်အတိပြီးသော အက်စ်ပရက်စ်ဆို ကော်ဖီ ခွက်ငယ်ကလေးတစ်ခွက် သင့်ရှေ့မှောက်ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာမည် ဖြစ်ပါသည်။



ကော်ဖီခွက် သေးသေးလေး ထဲတွင် တစ်အောင်စ သို့မဟုတ် နှစ်အောင်စ မျှသာ ပါဝင်သော အညိုရင့်ရောင် အက်စ်ပရက်စ်ဆို ကော်ဖီအရည်ကလေးသည် သင် မျှော်လင့်ထားသည်ထက် အဆပေါင်းများစွာ ပိုမို ခါးသက် ပြီး သင် ထင်ထားသည်ထက် ပြင်းရှ ကောင်း ပြင်းရှ နေပါလိမ့်မည်။ သို့သော် သူကပေးသော စွဲမက်ခြင်းများနှင့် သူ၏ အာနိသင်များကိုမူ သင် စိုးစဉ်းမျှ ခါးသက် ပြင်းရှလိမ့်မည် မဟုတ်ဟု ခိုင်မာစွာ အာမခံဝံ့ပါသည်။

အမြင်အာရုံကို ငြိတွယ်စေသော ညိုရင့်ရင့် အဆင်း၊ နှာခေါင်းဝတွင် လာရောက်ရိုက်ခတ်သော မွှေးမြရှတ သင်းရနံ့၊လျှာဖျားတွင် စွဲမြဲရစ်သော၊ နှုတ်ခမ်းဖျားတွင် ထင်ကျန်ရစ်သော ခါးသက်သက် အရသာတို့က အက်စ်ပရက်စ်ဆိုကော်ဖီ၏ ထူးခြားသော ဂုဏ်အင်္ဂါများဖြစ်ကြပြီး နောက်ထပ် တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်… ကြိမ်ဖန်များစွာ ထပ်ခါတလဲလဲ သောက်ချင်လာအောင် သင့်အား လှလှပပ ညှို့ယူ ခေါ်ငင် ဆွဲဆောင်ပါလိမ့်မည်။

တိတ်ဆိတ်ငြိမ်သက်သော ကော်ဖီဆိုင်တစ်ဆိုင်၏ အတွင်းဖက် ထောင့်တစ်နေရာ၊ လေအေးပေးစက်မှ အအေးဓါတ် အနည်းငယ်၊ မလင်းလွန်းမမှောင်လွန်းသော ၀ါကျင့်ကျင့် မီးပွင့်အောက်မှ စားပွဲဝိုင်းငယ်တစ်လုံးသည် အက်စ်ပရက်စ်ဆို ကော်ဖီတစ်ခွက်နှင့် တရင်းတနှီး မိတ်ဆွေဖွဲ့ရန် အလွန်သင့်တော်သော အနေအထား ဖြစ်ပါသည်။ ပြောရလျှင် အက်စ်ပရက်စ်ဆိုကော်ဖီက ပေးသော စွဲမက်ဖွယ်ရာများသည် မိတ်ဆွေကောင်းတစ်ယောက်နှင့် စကားလက်ဆုံကျရသည်နှင့် ဆင်ဆင်တူပါသည်။ သင့်ဘဝတွင် ဝါသနာတူ၊ စိတ်ကူးတူ၊ အတွေးတူ၊ ရင်ခုန်သံ ဘာသာစကားချင်းလည်း တူညီသော မိတ်ဆွေတစ်ယောက်နှင့် အချိန် တစ်နာရီခန့် သို့မဟုတ် တစ်နာရီထက် ပို၍ စကားပြောဖူးပါသလား။ သင်သည် နေ့စဉ်နှင့်အမျှ  အလုပ်တာဝန်များ၊ လူမှုရေး တာဝန်များ၊ အထွေထွေလိုအပ်ချက်များတို့ဖြင့် အချိန်အား ရှာမရ ဖြစ်ကောင်း ဖြစ်နေနိုင်ပါလိမ့်မည်။ သို့သော် လေးနက်စွာ တိုက်တွန်းလိုပါသည်။ အချိန်အား အနည်းငယ်ကို မဖြစ်မနေ ကြိုးစားရှာဖွေ၍ မိတ်ဆွေတစ်ယောက်နှင့် စကားပြောကြည့်ပါ။



စကားလုံးများတွင် ရင်းနှီးမှုအချိုးအစား အားပြင်းပြီး အလွန်တရာ ထူထဲသိပ်သည်းသော နားလည်မှုများ ပါဝင်လိမ့်မည်။ စကားလုံးများတွင် ခါးသက်ပြင်းရှပြီး မွှေးပျံ့စွာ နှစ်သက်ဖွယ် ကောင်းသော စွဲမက်တမ်းတမှုများ ပါဝင်လိမ့်မည်။ စကားလုံးများတွင် နှလုံးသားဖြင့်သာ ခံစားနားထောင်နိုင်သော အတွေးစိတ်ကူးသစ်များ ပါဝင်လိမ့်မည်။ စကားလုံးများတွင် သာမန်မျက်စေ့ဖြင့် မတွေ့ မမြင်နိုင်သော စိမ်းစိုလတ်ဆတ်သည့် အဖြူရောင် ကြိုးမျှင်များပါဝင်လိမ့်မည်။ စကားလုံးများထဲတွင် အမြင့်တစ်နေရာမှ ပြောင်းပြန် ထိုးဆင်းသွားသော ရိုလာကိုစတာတစ်စီးကဲ့သို့ စိတ်လှုပ်ရှားစရာများလည်း ပါဝင်ကောင်း ပါဝင်နေလိမ့်မည်။

စကားလုံးများတွင် မျက်စိတဆုံး ပြေပြစ် ကျယ်ပြောသောစိမ်းလဲ့ မြက်ခင်းပြင်နှင့်အတူ စိမ်းညို့ညို့ သစ်ရွက်များ ပြည့်နှက်နေသော တောအုပ်ထူထူတစ်ခု ပါဝင်နေလိမ့်မည်။ စကားလုံးများတွင် အေးမြလန်းဆန်းသော လေနုအေးများနှင့် ပြာလဲ့နေသော အဆုံးအစမဲ့ ကောင်းကင်ပြင်ကြီး ပါဝင်နေလိမ့်မည်။ စကားလုံးများတွင် ဖွေးဆွတ် ဖြူစင်နေသော ရွှေ့ပြောင်း တိမ်စိုင် တိမ်လိပ်များလည်း ပါဝင်ကောင်း ပါဝင်နေပါလိမ့်မည်။



သေချာသည်ကတော့ စွဲလမ်း မူးယစ်စေတတ်သော ပစ္စည်းတစ်ခုကဲ့သို့ အကြိမ်ကြိမ် အခါခါ ထပ်မံအသုံးပြုလိုသော ဆန္ဒတစ်စုံကို မလွဲမသွေ ပိုင်ဆိုင်ရမည်ဖြစ်ပါသည်။ ထို့ကြောင့် အချိန်အနည်းငယ်ကို ကြိုးစားရှာဖွေပါ။ အက်စ်ပရက်စို တစ်ခွက် ၀ယ်ယူပါ။ မိတ်ဆွေကောင်းတစ်ယောက်နှင့် စကားပြောကြည့်ပါဟု ထပ်မံ တိုက်တွန်းလိုပါသည်။ 



ပြောနေရင်းမှာ မေ့လျော့ကျန်လုဆဲဆဲဖြစ်နေသော အချက်တစ်ခု ရှိပါသေးသည်။ ထိုအချက်မှာ အက်ပရက်စ်ဆိုကော်ဖီတစ်ခွက်ကို စနစ်တကျ သုံးဆောင်ရန် နည်းလမ်းပင် ဖြစ်ပါသည်။ အက်ပရက်စ်ဆို Single Shotဆိုလျှင် ခွက်ကလေးတွင် ပါဝင်သမျှကို တစ်ချက်တည်း အကုန် မော့ချလိုက်ရန်ဖြစ်ပြီး Double Shot ဖြစ်ပါမူ နှစ်ကြိမ်ခွဲ၍ သောက်သုံးရန် ဖြစ်ပါသည်။ ထိုသို့ နည်းလမ်းတကျ သောက်သုံးရန် လိုအပ်သော အက်ပရက်စ်ဆိုကို တစ်စက်ချင်း နှစ်စက်ချင်း ဖြေးညှင်းစွာ သောက်နေမိခြင်းက မှားယွင်းမှုများ အားလုံး၏ အစပင် ဖြစ်နေပါသည်။ ထိုသို့ မှားယွင်းပြီးသောအခါတွင် အရာရာကို အစ မှ ပြန်လည် စတင်လိုက်ပါ။

- - -
- - -
- - -
အချိန်အား အနည်းငယ်ကို ရှာပါ။ မိတ်ဆွေကောင်းတစ်ယောက်ကို ရှာပါ။ အက်စ်ပရက်ဆို တစ်ခွက် ဝယ်ပါ။

- - -
- - -
- - -

ကော်ဖီ အချိုးအစားပါဝင်မှု  အားပြင်းပြီး အလွန်တရာ ထူထဲသိပ်သည်းကာ ခါးသက် ပြင်းရှသော၊ ကော်ဖီခွက်များထဲတွင် အရွယ်အစား အသေးငယ်ဆုံးသော ခွက်ဖြင့်ထည့်ရသော၊ ကော်ဖီ တစ်ခွက်လျှင် ကော်ဖီရည် တစ်အောင်စ ပါဝင်ကာ Solo (သို့မဟုတ်) Single Shot အမည်ရသော၊ ကော်ဖီတစ်ခွက်လျှင် ကော်ဖီရည် နှစ်အောင်စ ပါဝင်ကာ Doppio (သို့မဟုတ်) Double Shotအမည်ရသော၊ အခြား ကော်ဖီ အမျိုးအစားများဖြစ်ကြသော ကဖေးလာတေး၊ ကက်ပူချီနို၊ မိုခါး၊အမေရီကာနို အစရှိသည်တို့၏ အခြေခံ လိုအပ်ချက်ဖြစ်သော၊ ကော်ဖီအမျိုးအစားအားလုံးထဲတွင် ကဖိန်းဓါတ် ပါဝင်မှုနှုန်း အမြင့်ဆုံးနှင့် အများဆုံးဖြစ်ပြီး အဆီပါဝင်မှု နှင့် ကိုလက်စထရော ပါဝင်မှုမှာမူ သုည ရာခိုင်နှုန်းသာရှိသော၊ ထိုကော်ဖီကို အက်စ်ပရက်စ်ဆို ဟု ခေါ်ပါသည်။

- - -
- - -
- - -

သို့သော် အက်ပရက်စ်ဆိုကော်ဖီတစ်ခွက်ကို စနစ်တကျ သုံးဆောင်ရန် နည်းလမ်းရှိသေးသည်ကိုလည်း သတိချပ်စေချင်ပါသည်။ Single Shot ဆိုလျှင် တစ်ချက်တည်း အကုန် မော့ချလိုက်ရန်ဖြစ်ပြီး Double Shot ဖြစ်ပါမူ နှစ်ကြိမ်ခွဲ၍ သောက်ရန် ဖြစ်ပါသည်။ ထိုသို့ နည်းလမ်းတကျ သောက်ရန် လိုအပ်သော အက်ပရက်စ်ဆိုကို တစ်စက်ချင်း နှစ်စက်ချင်းဖြေးညှင်းစွာ သောက်နေမိခြင်းက မှားယွင်းမှုများ အားလုံး၏ အစပင် ဖြစ်နေပါသည်။ ထိုသို့ မှားယွင်းပြီးသောအခါတွင် အရာရာကို အစ မှ ပြန်လည် စတင်လိုက်ပါ။ အရာရာကို အစ မှ ပြန်လည် စတင်လိုက်ပါ။

သက်ဝေ
(၁၇ ဒီဇင်ဘာ ၂၀၁၄)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...