Wednesday, December 24, 2014

နောက်ဆုံးအချိန်ထိ ကာတွန်းတွေဆက်ရေးနေမယ့်သူ

Zaw Naung Ling

သူ့နာမည်က ဦးအောင်ကိုကိုဇော်၊ ဒါပေမဲ့ ဦးအောင်ကိုကိုဇော်ဆိုတာကို သိသူအတော်ရှားပါတယ်။ ကာတွန်းလောကမှာတော့ ဖောင်းဖောင်းဆိုတဲ့ကလောင်နာမည်ကပဲ သူ့အတွက်အများသူငါခေါ်စရာ အမည်နာမတစ်ခုဖြစ်နေခဲ့တယ်။ ဒီကနေ့လူလတ်ပိုင်း နာမည်ကြီး ကာတွန်းဆရာတွေထဲမှာ ဖောင်းဖောင်းလည်း တစ်ယောက်အပါအ၀င်ဖြစ်ပါတယ်။
ဂျာနယ်နဲ့ နေ့စဉ်ထုတ်သတင်းစာတွေရဲ့ စာမျက်နှာတွေထက်မှာ ဖောင်းဖောင်းဟာ သူစိမ်းတစ်ယောက်မဟုတ်တော့တာ နှစ်နဲ့ချီ ရှိနေခဲ့ပြီလေ။

ကျောက်ဆည်မြို့မှာမွေးဖွားခဲ့တဲ့သူ့အတွက် ကာတွန်းဆရာတစ်ယောက်ဖြစ်ဖို့ ရေခံမြေခံတွေ အဆင်သင့်ရှိမနေတာတော့ အမှန်ပါ။ မျိုးရိုးထဲမှာလည်း ကာတွန်းဆရာဆိုတာ မရှိခဲ့ဘူး။ အဖေ့ဘက်က အဖိုးက ဇာတ်မင်းသား မြို့တော်ဦးသိန်းအောင်၊ အမေ့ဘက်က အဖိုးက ရုပ်ရှင်သရုပ်ဆောင် ဦးသန်းနွဲ့ ဆိုတော့ အနုပညာမျိုးရိုးရှိတယ်လို့တော့ ပြောလို့ရတယ်။ ဒါပေမဲ့ သူဝါသနာပါတဲ့အနုပညာက ကာတွန်းပညာဖြစ်နေခဲ့တယ်။

သူ ကိုးတန်းကျောင်းသားအရွယ် ၁၉၉၄ ခုနှစ်မှာ ကာတွန်းစဆွဲတယ်။ ရယ်စရာမဂ္ဂဇင်းရဲ့ ကာတွန်းပြိုင်ပွဲမှာ ၀င်ပြိုင်ရင်း ဆုတွေလည်းရခဲ့တယ်။ ပထမဆုံး ကာတွန်းဆရာတစ်ယောက်အဖြစ် စာမူခရယ်လို့ သတ်သတ်မှတ်မှတ်ရပြီး ဖော်ပြခံခဲ့ရတာက မှုခင်းစုံမဂ္ဂဇင်းမှာ။ ရခဲ့တဲ့စာမူခက ၂၀၀။ ဒီလိုဖော်ပြခံလိုက်ရတဲ့ အကျိုးကျေးဇူးကြောင့် မန္တလေးတက္ကသိုလ်နဲ့ ရတနာပုံတက္ကသိုလ်မှာ တက်ရောက်ခဲ့ပြီး ဓာတုဗေဒနဲ့ ဘွဲ့ရခဲ့တဲ့သူ့အတွက် ကာတွန်းဆရာတစ်ယောက်အဖြစ်ရပ်တည်စေမယ့် စိတ်ဓာတ်ခွန်အားတွေကို တကိုယ်လုံးမှာ စီးဝင်စေခဲ့တယ်။

သူ့ရဲ့ကာတွန်းဆရာဘ၀မှာ ဖောင်းဖောင်းရယ်လို့ စာဖတ်သူတွေရော၊ ကာတွန်းဆရာ အသိုင်းအ၀ိုင်းမှာပါ မှတ်မှတ်ထင်ထင်ဖြစ်သွားစေတဲ့ကာတွန်းတစ်ကွက်ကို ၁၉၉၆ ခုနှစ်က မန္တလေးမြို့မှာ ပထမနှစ်ကျောင်းတက်နေတဲ့အချိန်  မန္တလေးနေ့စဉ်သတင်းစာမှာ ဖော်ပြခံခဲ့ရတယ်။

ကာတွန်းကတော့ရိုးရိုးလေးပါ။ အဲဒီအချိန်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ပြင်ဦးလွင်မှာလုပ်တဲ့ တပ်မတော်ဗိုလ်လောင်းသင်တန်းဆင်းပွဲကိုလာပြီဆိုရင် ကျောက်ဆည်မြို့ဟာ နေရာတိုင်းမှာ ထုံးတွေနဲ့ တဖွေးဖွေးပေါ့။ အဲဒီမြင်ကွင်းကို သူက သရုပ်ဖော်ခဲ့တာပါ။ ပုံထဲမှာ စည်ပင်ဝန်ထမ်းနှစ်ဦးက တစ်ယောက်က ထုံးတွေဖျော်ထားတဲ့ ပုံးကိုကိုင်ထားပြီး တစ်ယောက်က ထုံးသုတ်တဲ့ တံမျက်စည်းကိုကိုင်ထားတယ်။ သူတို့နှစ်ယောက်လုံးရဲ့ပုံရိပ်တွေဟာ ထုံးတွေကြားမှာ အရည်ပျော်ပျောက်ကွယ်လုနီးပါး ဖယောင်းရုပ်တွေလိုပါပဲ။ မျက်လုံး နှစ်လုံးသာ ပေါ်အောင် ခပ်ရေးရေးလေးပဲဆွဲထားတယ်။ သူတို့နှစ်ယောက်စကားပြောနေတဲ့ ဒိုင်ယာလော့ကတော့ ဒီလို။ “ ဆရာ..တစ်မြို့လုံးသုတ်ပြီးပါပြီ ” ဆိုတဲ့စကားပါပဲ။ အဲဒီစကားကို ဘေးမှာရပ်နေတဲ့ တိုက်ပုံနဲ့လူကို ပြောလိုက်တာပါ။

အဲဒီကာတွန်း မန္တလေးနေ့စဉ်သတင်းစာမှာပါလာပြီးတဲ့နောက် ပြသနာစတက်ခဲ့တယ်။ သူ့ကို စရဖ တွေက စုံစမ်းတယ်။ တိုင်းမှူးကလည်းဖြေရှင်းချက်တောင်းတယ်။ ဒီကာတွန်းကို ဘယ်လိုရည်ရွယ်ချက်နဲ့ ဆွဲတာလဲ၊ ဘယ်လိုရည်ရွယ်ချက်နဲ့ သတင်းစာကထည့်တာလဲဆိုတာ ကာတွန်းဆရာဖောင်းဖောင်းရော၊ မန္တလေးနေ့စဉ်သတင်းစာအယ်ဒီတာချုပ် နတ်မောက်ဦးထွန်းရှိန်ပါ ဖြေရှင်းချက်တွေပေးခဲ့ရတယ်။ ကာတွန်းဆရာရဲ့ ကလောင်အမည် ဖောင်းဖောင်း ကိုတောင် သေနတ်သံနဲ့တူတယ်လို့ယူဆပြီး အစိုးရကို တိုက်ခိုက်တယ်ဆိုပြီး ကလောင်ပြောင်းခိုင်းတဲ့အထိဖြစ်ခဲ့တယ်။ ဖောင်းဖောင်းကလည်း ကလောင်ကိုမပြောင်းပေးနိုင်ကြောင်း တင်းခံရင်း မန္တလေးမီဒီယာတွေမှာရေးဆွဲခွင့်ပိတ်ပင်မှုကို ခံယူလိုက်ရတယ်။ ဒါပေမဲ့ ဒီအဖြစ်အပျက်ကပဲ မန္တလေးကာတွန်းဆရာအသိုင်းအ၀ိုင်းမှာ သူ့ကို နာမည်လေးစရလာစေခဲ့တယ်။ အဲဒီအချိန်မှာ သူဟာ ကျောင်းသားတစ်ယောက်ဖြစ်နေတဲ့အတွက် ပြသနာက ဆက်ကြီးထွားမလာဘဲ သက်သာရာရသွားတယ်လို့ သူကတော့ယူဆခဲ့တယ်။

“ ကာတွန်းဆရာစစ်စစ်တစ်ယောက်ဖြစ်ရမယ်ဆိုတဲ့အတွေးဝင်သွားခဲ့တယ်လေ။ အရေးယူခံရရင်လည်း မကြောက်တော့ဘူး ” လို့ သူက ပြန်ပြောပြတယ်။

ဒါပေမဲ့  ရန်ကုန်ကိုဆင်းလာပြီး ကာတွန်းဆရာအဖြစ်ရပ်တည်မယ်ဆိုတဲ့ ၁၉၉၆ ခုနှစ်၊ ၁၉၉၇  ခုနှစ်လောက်ကတွေးခဲ့တဲ့ သူ့ရဲ့အတွေးတွေဟာ ၁၉၉၉ ခုနှစ်မှာ အိမ်ထောင်ကျခဲ့ပြီးတဲ့နောက်မှာတော့ တဖန်ပြန်ပြီး ငုပ်လျိုးသွားခဲ့ရပြန်ပါတယ်။

“ စာမူခနဲ့ ရပ်တည်လို့မရဘူးဆိုတာ သိလာတယ်လေ။ အဲဒီအချိန်က စာမူခက ၁၅၀၊ ၂၀၀ ရတာ။ အများဆုံးပေးတဲ့ ဇီဝက တို့၊ ဓန တို့က ၅၀၀။ အဲဒီတော့ ရပ်တည်ဖို့ ခက်ခဲ့လာတယ် ”လို့ သူကဆိုတယ်။

အဲဒီတော့ တခြားစီးပွားရေးလည်းလုပ်၊ ကာတွန်းလည်းရေး၊ ခြောက်လတစ်ကြိမ်လောက်မှ ရန်ကုန်ဆင်းပြီးစာမူခထုတ်။ ဒီလိုနဲ့ ဘ၀ကို ရပ်တည်ခဲ့ပြန်ရော။ ဒါတောင် ရန်ကုန်လာပြီးစာမူခထုတ်တဲ့ ပိုက်ဆံဟာ ကျောက်ဆည်ကိုပြန်ပါသွားဖို့မပြောနဲ့၊ ကျောက်ဆည်ကတောင် ရန်ကုန်လာဖို့ လမ်းစရိတ်ကို ပြန်ပြန်ယူခဲ့ရတဲ့အခြေအနေ။ သည်တော့ ကျောက်ဆည်ကိုပြန်ပါတဲ့ပစ္စည်းက ရန်ကုန်ရောက်အမှတ်တရပစ္စည်းလေးတွေသာ ဖြစ်နေခဲ့တယ်။

၂၀၀၆၊ ၂၀၀၇ခုနှစ် ၀န်းကျင်၊ သားသမီးတွေ ရလာတဲ့အချိန်မှာတော့ ကာတွန်းလောကဟာ ဖောင်းဖောင်းနဲ့ ခေတ္တအဆက်အသွယ်ပြတ်သွားတယ်။ ဒီနေ့ခေတ်လို အင်တာနက်ကလည်းမတွင်ကျယ်၊ စာတိုက်ကပို့လည်းနောက်ကျ၊ တရက်နောက်ကျပြီး ကျောက်ဆည်ကို ရောက်လာတဲ့ သတင်းစာ၊ ဂျာနယ်တွေဆီကလည်း လတ်ဆတ်တဲ့ အိုင်ဒီယာတွေမရ။ သည်တော့ ကာတွန်းရေးဖို့ကို သူ့စိတ်ဓာတ်တွေကျလာပြန်တယ်။ ကျောက်ဆည်မှာပဲ ထီရောင်း၊ အခွေဆိုင်ဖွင့်၊ လက်ဖက်ရည်ဆိုင်ထောင်နဲ့ ဘ၀ကိုဖြတ်သန်းခဲ့ပြန်တယ်။ ဒါပေမဲ့ အဲဒီအလုပ်တွေကလည်း ဟုတ်တိပတ်တိ စီးပွားမဖြစ်ထွန်းခဲ့ပါဘူး။

၂၀၁၃ ခုနှစ်မှာ နေ့စဉ်ထုတ်သတင်းစာတွေ အပြိုင်အဆိုင်ထွက်လာကြတော့ သူ့အတွက် မျှော်လင့်ချက်ရောင်ခြည်တွေပြန်သမ်းလာပြန်တယ်။ ရန်ကုန်ကိုတစ်လလောက်ဆင်းဖို့ ဇနီးနဲ့တိုင်ပင်တယ်။ ဇနီးဖြစ်သူက အစိုးရ၀န်ထမ်းတစ်ဦးလည်းဖြစ်၊ ယောက်က္ခမနဲ့အတူနေသူလည်းဖြစ်ဆိုတော့ နောက်ကြောင်းတော့ အတော်လေးအေးခဲ့ရတယ်လေ။

နောက်တော့ ၂၀၁၃ ခုနှစ် ဇွန်လမှာ ရန်ကုန်ကိုရောက်လာခဲ့တယ်။ ရွှေတိဂုံဘုရားနားက ဖွားခက်ဘုန်းတော်ကြီးကျောင်း၊ ကျောက်ဆည်ဓမ္မာရုံ၊ ယုဇနဥယျာဉ်မြို့တော်က ညီမတစ်ယောက်အိမ်၊ မြို့ထဲက အဒေါ်အိမ်၊ အဲဒီနေရာတွေက သူ့အတွက်နေရေးကို ကြုံသလိုဖြေရှင်းပေးနိုင်ခဲ့တယ်။ ရောက်ရောက်ချင်းမှာ ဂျာနယ်တိုက်တွေကိုကာတွန်းတွေလိုက်ပို့ရင်း ကားမှားစီးတဲ့ဒုက္ခ၊ မျက်စေ့လည်လမ်းမှားတဲ့ဒုက္ခတွေကတော့ သူ့အတွက် စာဖွဲ့စရာတောင် မဟုတ်တော့သလိုပါပဲ။ ပင်တိုင်ရေးတဲ့ကာတွန်းဆရာရှိပါတယ်ဆိုပြီး ပယ်လွှတ်တဲ့ဂျာနယ်တိုက်လည်းကြုံရတယ်။ ကာတွန်းကိုကြည့်ပြီးလိုသေးတယ်လို့ပြောတဲ့ တိုက်မျိုးလည်းကြုံရတယ်။ ဒါပေမဲ့ သူအားမလျော့ဘဲ စာပိုဖတ်၊ ဦးနှောက်ကပိုတွေး၊ ကာတွန်းများများရေးရင်း ကြိုးစားခဲ့တယ်။

“ မှတ်မှတ်ရရဗျာ။ ကာတွန်းတွေလိုက်ပို့ရင်း မပါ မပါ နဲ့ ပိုက်ဆံက ၂၀၀ ပဲကျန်တော့တယ်။ စားစရာကမရှိတော့ဘူး။ ၂၀၀ နဲ့ ငါဘာစားလို့ရမလဲ လိုက်ရှာတယ်။ အဲဒီမှာ မုန့်လုံးရေပေါ်သည် သွားတွေ့တာပဲ။ ဟာ.. ဒါတော့ ငါဗိုက်ပြည့်လောက်ပါတယ်လေဆိုပြီး ၂၀၀ ဖိုးဝယ်စား၊ ရေအ၀သောက်ပြီး အိပ်ပေါ့ဗျာ။ အဲလိုနဲ့ စခဲ့ရတယ်” လို့ သူကပြောပြတယ်။

ကံကောင်းတယ်ဆိုရမလားပဲ။ နောက်နေ့ကစပြီး ဂျာနယ်တွေ၊ သတင်းစာတွေမှာ သူ့ကာတွန်းတွေ တစ်ခုစ၊ နှစ်ခုစ ပါလာတယ်။ သည်လိုနဲ့ပဲ ဖောင်းဖောင်းရဲ့ ရန်ကုန်လက်ကျန်နေ့ရက်တွေကို အသက်ဆက်နိုင်ခဲ့တယ်။

၂၀၁၃ နှစ်ကုန်ပိုင်းလောက်ကစပြီး ကာတွန်းလောကမှာ ဖောင်းဖောင်း ဆိုတဲ့ကလောင်ဟာ လူလားမြောက်လာခဲ့တယ်ဆိုရမယ်။ စာပေစိစစ်ရေးမရှိတော့တဲ့နောက် တွေးသမျှ၊ ရေးသမျှ ကာတွန်းတွေနီးပါးကို ဖော်ပြခွင့်ရလာဖြင်းဟာ သူ့အတွက် ကြိုးစားသမျှကို အရာထင်လာခဲ့တယ်လေ။ နေ့စဉ်အဖြစ်အပျက်တွေကို Up Tp Date ဖြစ်အောင် ကာတွန်းတွေရေးရင်း ဖောင်းဖောင်းဟာ ဖေဇော်ဂျီဆိုတဲ့ ကလောင်ခွဲတစ်ခုကို မွေးဖွားနိုင်ခဲ့တဲ့အထိ အောင်မြင်လာခဲ့တယ်။

“ ဖေ့ဘုတ်က အောင်မြင်မှုလည်းပါတယ်။ ရေးခဲ့တဲ့ ကာတွန်းတွေကို ဖေ့ဘုတ်မှာတင်တဲ့အခါ လူကြိုက်များလာတယ်။ ဖေ့ဘုတ်ကနေပဲ ပရိသတ်အတော်များများရလာခဲ့တယ်။ တခြားပေ့တွေကလည်း ကူးယူဖော်ပြမှုတွေလုပ်လာတယ်” လို့ သူကဆိုတယ်။

နာမည်ရလာတာနဲ့အမျှ သူပိုကြိုးစားခဲ့တယ်။ သတင်းစာဖတ်၊ တီဗီကြည့်၊ ရေဒီယိုနားထောင်၊ အွန်လိုင်းမှာမျက်ခြည်မပြတ်စောင့်ကြည့်၊ ရသမျှအိုင်ဒီယာကို စာရွက်ပေါ်ချရေး။ ကြုံတဲ့နေရာမှာ ကာတွန်းရေးရင်း ရပ်တည်လာခဲ့တယ်။ နေရာမရွေးကာတွန်းရေးတာကြောင့်ရော၊ ကာတွန်းရေးတဲ့အခါမှာ ခဲကြမ်းမဆွဲဘဲ တန်းရေးတာကြောင့်ရော ဝေဖန်မှုတွေတော့ရှိခဲ့တယ်။ ဒါပေမဲ့ သူ့ခံယူချက်ကတော့ ပြတ်သားခဲ့တယ်။

“ ဒီနေ့ခေတ်က ကြုံသလိုရေးတတ်တဲ့အရည်အချင်းလိုတယ်လေ။ အချိန်ဆွဲလို့မရဘူး။ဘောလုံးစကားနဲ့ပြောရရင် တိုက်စစ်မှူးက ကြုံသလိုဂိုးသွင်းတတ်ဖို့လိုတယ်။ နေရာရွေးနေလို့မရဘူး” လို့ ဖောင်းဖောင်းကဆိုတယ်။

ဒါပေမဲ့သူ့အနေနဲ့ သူ့ရဲ့လက်ရာတွေပိုပြီးကောင်းမွန်ဖို့တော့ လေ့လာသင်ယူမှုတွေ အခုထိပြုလုပ်နေဆဲပါ။ ကျောက်ဆည်မှာနေတုန်းက ကာတွန်းဦးလှဖေ၊ ကာတွန်းပေတလူတို့ဟာ နည်းပြလမ်းညွှန်ဆရာတွေဖြစ်ခဲ့သလို အခုအချိန်မှာလည်း အမေရိကားမှာရောက်နေတဲ့ ဆရာဦးဝင်းထွန်းဆီကနေ ကာတွန်းပညာကို သင်ယူနေပါတယ်။ သူ့ကိုယ်တိုင်လည်း လက်ရှိသူ့ရဲ့လက်ရာတွေအပေါ် မကျေနပ်ဘူးလို့ဆိုပါတယ်။

“ အိုင်ဒီယာကိုဦးစားပေးပြီး အရုပ်ကိုဦးစားမပေးဖြစ်တော့ အားနည်းသွားတာပေါ့ဗျာ” လို့ သူက၀န်ခံတယ်။
ဘာပဲပြောပြော လက်ရှိမှာတော့ သူဘ၀ကို သူဝါသနာပါတဲ့ကာတွန်းဆရာတစ်ယောက်အဖြစ် ရပ်တည်လို့ရသွားပါပြီ။ တစ်ရက်ကို ၃ ပုံလောက်ပျမ်းမျှဖော်ပြခံနေရတဲ့သူ့အတွက် အခုဆိုရင် ကျောက်ဆည်အပြန်လက်ဆောင်ဟာ ရန်ကုန်ရောက်အမှတ်တရပစ္စည်းလေးတွေ မဟုတ်တော့ပါဘူး။ အပတ်စဉ်တိုင်း ငွေပြန်ပို့နိုင်သလို အိမ်ပြန်ရင်လည်း မျက်နှာပန်းလှခဲ့ပါပြီ။

“ မိန်းမက အမြဲတမ်းဒဏ်ခံရှာတယ်ဗျ။ ပေးသလောက်ယူရှာတယ်။ လက်ဖက်ရည်ဆိုင်ဖွင့်လို့ ရှုံးခဲ့တာလည်း မငြိုငြင်ခဲ့ဘူး။ ဈေးဖိုးကအစပေးသလောက်ယူခဲ့တာ ”လို့ သူကချီးကျူးတယ်။

အခုတော့ အသက် ၃၇ နှစ်အရွယ် ကာတွန်းဆရာဖောင်းဖောင်းမှာ ကျောက်ဆည်က မိသားစုကိုခေါ်ပြီး ရန်ကုန်မှာအခြေချနိုင်ဖို့ ခွန်အားတွေရှိလာပါပြီ။ သားနှစ်ယောက်အထဲက ပန်းချီဝါသနာပါတဲ့ သား အကြီးဖြစ်သူကိုလည်း အနုပညာတက္ကသိုလ်မှာထားဖို့ ရည်ရွယ်ချက်တွေရှိလာပါပြီ။ ကာတွန်းဝါသနာပါတဲ့လူငယ်တွေကို ပညာသင်ပေးဖို့လည်း ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေရှိလာပါပြီ။

“ အခုအချိန်က အခါအခွင့်သင့်တဲ့အချိန်ပါ။ ကျွန်တော်တို့ခေတ်တုန်းကလို အခွင့်အလမ်းရှားပါးတဲ့ခေတ်မဟုတ်တော့ဘူး။ ဒါပေမဲ့ အခုခေတ်မှာ ခေတ်ကောင်းလို့ ဒုန်းဆိုဝင်လာတဲ့သူတွေလည်း အများကြီး။ တချို့ကာတွန်းဆရာတွေ အရုပ်မရေးတတ်သေးဘူး။ အဲဒီအတွက်တော့ စိတ်မကောင်းဘူး” လို့ ဒီနေ့ခေတ်ကာတွန်းလောက အခြေအနေ တစ်စိတ်တစ်ပိုင်းကို သူကပြောပြတယ်။

ဘာပဲဖြစ်ဖြစ် ကျောက်ဆည်သား ကာတွန်းဆရာဖောင်းဖောင်းကတော့ ခေတ်ရေစီးကြောင်းထဲမှာ မျက်ခြည်မပြတ်စီးမျောရင်း ၀ါသနာပါရာကာတွန်းပညာကို နိုင်ငံရေးအခြေအနေ၊ ကျန်းမာရေးအခြေအနေ ကအစ ရေးခွင့်ရတဲ့နောက်ဆုံးအချိန်အထိ ဆက်လက်ရေးသားသွားမယ်လို့ အခိုင်အမာဆိုနေပါလေရဲ့။

ဇော်နောင်လင်း

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...