Monday, December 15, 2014

ဂရုဏာဒေါသမှ အကုသိုလ်တရားဆီသို့


ကျွန်မတို့ ပတ်ဝန်းကျင်၌ မြင်တွေ့နေရသော တစ်ချို့အဖြစ်ပျက်တို့သည် မိမိဖြစ်စေချင်သည့် အတိုင်း ဖြစ်တည်ဖို့ရာ လွန်စွာခက်ခဲတတ်ပါသည် ။ မည်မျှပင် စေတနာရှေ့က ကျောနေပါစေ မိမိစေတနာအား နားဝင်လက်ခံသူဖြစ်မှသာ အဆင်ပြေနိုင်မည်။ ဖြစ်စေချင်သော်လည်း ဖြစ်မလာနိုင်သည့် အကြောင်းအရာတစ်ခုအား အချိန်နှင့်အမျှ ပူပန်သောကရောက်နေပါလျှင် မိမိထားသောစေတနာ သည် ဝေဒနာ အသွင်သို့ ကူးပြောင်းသွားတတ်ပေသည် ။ 


လွန်ခဲ့သော လေး၊ ငါးလခန့်က ပြင်းစွာသော စိုးရိမ်ပူပန်ခြင်းတစ်ခုအား စာရေးသူ ရင်ဆိုင်ခဲ့လေသည် ။ စာရေးသူနှင့် ခင်မင်ရင်းနှီးသော မိတ်ဆွေတစ်ဦးသည် အိမ်ထောင်ရှိပါလျှက် ဖောက်ပြန်နေသော အမျိုးသမီးတစ်ဦးနှင့် ချစ်ကြိုက်နေခဲ့ကြသည် ။ စာရေးသူနှင့် ခင်မင်ရင်းနှီးသော မိတ်ဆွေမှာ ထိုအမျိုးသမီးနှင့် မပတ်သတ်ခင်အချိန်ထိ နာမည်ကောင်းဖြင့် စိတ်ကောင်းရှိသူတစ်ဦးပင် ။ စိတ်ရင်းကောင်းသည် ။ သူတစ်ပါးအား လွန်စွာကူညီဖော်ရွေတတ်သူတစ်ဦးပင်။ ထိုအရည်ချင်းများကြောင့် သူသည် အင်မတန်မှ လူချစ်လူခင် ပေါများသူတစ်ဦးဖြစ်ခဲ့ပါသည် ။ ထို အဖြူရောင် လူသားအား အရောင်ဆိုးပေးတတ်သူ အိမ်ထောင်ရှိအမျိုးသမီးနှင့် ချစ်ကြိုက်ကြပြီးသကာလ လူအများ၏ အထင်သေးခြင်း ၊ ကွယ်ရာ၌ နှာခေါင်းရှုံ့ခြင်း အစရှိသည်တို့ကို ရင်ဆိုင်ခဲ့ရပါတော့သည် ။ သူ၌ နဂိုမူလရှိနေခဲ့သော ကောင်းမြတ်သည့် အကြောင်းအရာအားလုံးသည်လည်း သူထံမှ ပျောက်ကွယ် ကုန်ပါတော့၏ ။ ထိုအဖြစ်အပျက် အကြောင်းအရာတို့အား စလယ်ဆုံး သေချာသိမြင်ကြားသိရနေရသော စာရေးသူမှာ ထိုအမျိုးသမီးနှင့် ဆုံလေတိုင်း လွန်စွာစိတ်ပျက်လက်ပျက်ဖြစ်ခဲ့ရသည် ။ ထိုအမျိုးသမီးနှင့် ဆုံတွေ့ချိန်တိုင်း *ဖြစ်မှဖြစ်ရလေ*ဟူသော ဂရုဏာဒေါသ ဖြစ်ရလေ့ရှိလေသည် ။ ၎င်းခံစားချက်များ ဖြစ်ပေါ်နေမှု့သည် အချိန်ကာလတစ်ခုတိုင်အောင် ရှည်ကြာလာခဲ့ပါသည် ။ တစ်နေ့ ထိုအမျိုးသမီးနှင့်ဆုံချိန်၌ စာရေးသူရင်ထဲ ဒေါသခပ်ပါးပါးလေးတစ်ခု ဖြတ်ပြေးသွားမိပြန်သည် ။ တစ်ချိန်တည်းမှာပင် တိုက်တိုက်ဆိုင်ဆိုင် စာရေးသူဖတ်ခဲ့ဘူးသော သုခ၏ ရာမာခရစ်ရှနာပုံပြင်များမှထုတ်နှုတ်ဖော်ပြထားချက်လေးကိုလည်း ပြန်လည်၍ အမှတ်ရလိုက်မိ၏ ။ အကြောင်းအရာလေးကို အချိန်မှီသတိရလိုက်ခြင်းသည် စာရေးသူအတွက် ကံကောင်းခြင်းတစ်ခုပင်ဖြစ်ခဲ့သည် ။ ထိုအကြောင်းအရာလေးမှာ -
*ရှေးအခါက တရားဓမ္မကိုကျင့်ကြံအားထုတ်နေသော သူတော်ကောင်းတစ်ယောက်သည်
ကျောင်းသင်္ခမ်းသွားရာ လမ်းအနီးက ပြည့်တန်ဆာမ၏ အိမ်တစ်အိမ်ကို သတိပြုမိလေသည်။ ထိုအိမ်သို့ယောက်ျားများအစဉ်သဖြင့် စုပေါင်း၍သော်လည်းကောင်း၊ တစ်ယောက်ချင်းသော်လည်းကောင်း၊ ဥဒဟိုဝင်ထွက်သွားလာနေသည်ကို တွေ့ရဖန်များသောအခါ ပြည့်တန်ဆာမကိုခေါ်၍ဟယ် ပြည့်တန်ဆာမ သင်သည် ကာမနှင့်ပတ်သတ်၍ အလွန်ယုတ်မာသောအပြစ်ကြီးများကို ကျူးလွန်နေသူဖြစ်သည်။ နေ့စဉ်ညစဉ်
သင်ပြုနေသော အကုသိုလ်ကြောင့် နောင်ဘ၀တွင် သင်ဒုက္ခအကြီးအကျယ်ရောက်လတ္တံ့ဟု
ဆိုဆုံးမလေသည်။ပြည့်တန်ဆာမကလည်း သူတော်ကောင်း၏ပြစ်တင်ဆုံးမသော စကားကိုကြားသောအခါ
စိတ်နှလုံးထိခိုက်သွားလေ၏။သို့ရာတွင် ပြည့်တန်ဆာမ၏အလုပ်မှာသူ၏အသက်မွေးဝမ်းကျောင်းအတွက်
တစ်ခုတည်းသောလုပ်တတ်သည့်အလုပ်ဖြစ်လေသည်။ သူမမှာအပြစ်မကင်းသော အခြားသော အလုပ်ကို လွယ်ကူစွာမလုပ်နိုင်။ မကိုင်တတ်ဖြစ်နေရကား မိမိအိမ်သို့ အဆက်မပြတ်ဝင်ထွက်သွားလာနေသော ယောက်ျားများ၏ အလိုသို့လိုက်ကာ ကိုယ်နှင့်ရင်းနှီး၍ စီးပွားရှာမြဲရှာနေရလေ၏။ဟဲ့ ပြည့်တန်ဆာမ နင့်ကိုငါဆုံးမသည်ကိုမနာခံလေရော့သလား၊ နင့်အဖို့ ငရဲမှလွတ်လမ်းမရှိတော့ပြီဟု ခေါ်၍ပြောပြန်
ရာ တပည့်တော်မ အရှင်ဘုရား၏ဆုံးမသည်များကို နာခံလိုပါသည်ဘုရား။ဒါပေမဲ့ ထမင်းတစ်လုပ်အတွက်
အခြားသောပရိယေသနကိုလုပ်ကိုင်နိုင်စွမ်းမရှိ၍ ဇွတ်လုပ်နေခြင်းဖြစ်ပါသည်။ ဘုရားရှင်အားနေ့စဉ်ရှိခိုး၍
ဆုတောင်းနေလျက်ပါဘုရားဟုပြန်လျှောက်၏။နင် လုပ်ချင်ရာလုပ်ပြီး ဘုရားရှိခိုးနေလို့ ဘုရားက အပြစ်လွှတ်မည်တဲ့လား။ သူတော်ကောင်းသည် သူ့ဆုံးမစကား အကျိုးမရှိသည်ကို မြင်သောအခါဤမိန်းမထံသို့ ယောက်ျားဘယ်နှစ်ယောက်လာသနည်းဟုစဉ်းစားတွေးခေါ်၍ ပြည့်တန်ဆာမအိမ်သို့ လူတစ်ယောက်လာတိုင်း ကျောက်ခဲတစ်လုံးစီအမှတ်ပြုကာဧည့်သည်အ၀င်အထွက်ကို ရေတွက်မှတ်သားထားလေသည်။ ဤသို့ဖြင့် နေ့ရက်မကြာမီကျောက်ခဲပုံကြီးဖြစ်လာတော့သတည်း။ တစ်နေ့သ၌ သူတော်ကောင်းသည် သူမှတ်သားထားသော ကျောက်ခဲပုံကြီးကို ညွှန်ပြ၍ ဟယ်မိန်းမ၊ ဤကျောက်ခဲပုံကို ကြည့်လော့။ သင့်ကိုငါဆုံးမသည့်နေ့ကစ၍ သင်အပြစ်လုပ်ခဲ့သမျှ အကြိမ်ပေါင်းသည် ဤကျောက်ခဲပုံနှင့်အညီအမျှရှိပေပြီ။ အခုတစ်ကြိမ်ထပ်မံ၍အပြစ်မပွားရန် ငါသတိပေး၏ ဟုပြောလေ၏။ထိုစကားကိုကြားခြင်းကြောင့် ဒုက္ခိတမိန်းမချောသည် သူ၏မကောင်းမှုအစုအပုံကြီးကို ကြည့်၍ထိတ်လန့်ကြောက်ရွှံ့လှစွာ မျက်ရည်အသွယ်သွယ် ယိုစီးလျက် သူပြုခဲ့ဖူးသောအခြားသော ကောင်းမှုများကိုတွေးတောရင်းဖြင့် ကွယ်လွန်လေသည်။တိုက်ဆိုင်လှစွာ သူတော်ကောင်းသည်လည်း ထိုနေ့၌ပင် ကွယ်လွန်လေသည်။ ထိုသူနှစ်ဦးကွယ်လွန်ကြသောအခါ ပြည့်တန်ဆာမသည် နတ်ပြည်သုဂတိသို့လားရောက်ရ၍ သူတော်ကောင်းကြီးသည် သူတစ်ပါးအား ကဲ့ရဲ့ပြောဆိုတတ်သော အပြစ်ကြောင့်ငရဲပြည်သို့ လားရောက်ရလေ၏။အထက်ပါယာမာခရစ်ရှနားပုံပြင်ကိုက သူတစ်ပါးအပြစ်ကိုကြည့်ရှု၍ ကဲ့ရဲ့လိုသော စိတ်ထားကို ဖော်ပြထားခြင်းဖြစ်သည်။ ဤသဘောတရားမျိုးကို ရှောင်ကြဉ်ရန် ဗုဒ္ဓသည်ရဟန်းများအား ဤသို့ဆုံးမသြ၀ါဒပေးလေ့ရှိသည်။ ချစ်သားတို့၊ သူတစ်ပါး၏အပြစ်ကိုရှု့လေ့ရှိသော အမြဲအားဖြင့် သူတစ်ပါး၏အပြစ်ကိုကဲ့ရဲ့လေ့ရှိထသော အကြင်ပုဂ္ဂိုလ်အား အာသဝေါတရားတို့သည် တိုးပွားကုန်၏။ ထိုပုဂ္ဂိုလ်သည်အာသဝေါတရားတို့၏ ကုန်ရာကုန်ကြောင်းဖြစ်သော နိဗ္ဗာန်မှ အဝေးကြီးဝေး၏။ ထိုမှတစ်ပါး ဓမ္မပဒ၌လည်း သူတစ်ပါးတို့၏မလျော်သောအပြစ်အနာဆာ ကို မကြည့်ရှုရာ၊ သူတစ်ပါးတို့ကောင်းမှု မကောင်းမှုကို မကြည့်ရှုရာ၊ မိမိ၏ကောင်းမှုမကောင်းမှု ပြုမပြုသာလျှင်ကြည့်ရှုရာ၏ဟု
ဟောတော်မူခဲ့သည်။ *
( သုခ၏ ရာမာခရစ်ရှနာပုံပြင်များမှထုတ်နှုတ်ဖော်ပြထားချက်ကို ကူးယူဖော်ပြပါသည် ။ )
ထိုအကြောင်းအရာလေးကို စာရေးသူပြန်မှတ်မိလိုက်ချိန်မှာ လက်ရှိဖြစ်ပျက် တွေးတောနေသော အဖြစ်ပျက်များနှင့် များစွာတိုက်ဆိုင်လွန်းနေခြင်းကြောင့် လွန်စွာထိတ်လန့်သွားမိပါသည် ။သတိဝင်လာခဲ့သည် ဆိုလျှင် ပိုမှန်ပါလိမ့်မည် ။ စေတနာထား၍ ပြောပြခဲ့သည် ။ သို့သော်လိုက်နာ နားထောင်ခြင်း မရှိခဲ့ပေ ။ ဘယ်လို ပြောပြောနားမထောင်သူအတွက် ငါအဘယ်ကြောင့် ငါ့ကိုယ်ငါ အကုသိုလ်အဖြစ်ခံနေပါသနည်းဆိုတဲ့ အတွေးနှင့် အတူ ကိုယ့်ကိုယ်ကို အကြိမ်ကြိမ်ဆုံးမဆင်ခြင်လိုက်မိပါသည် ။ တခါတရံ စာရေးသူတို့ လူသားတွေ သတိမမူတတ်ကြတာလေးတွေပေါ့ ။
ကိုယ်ကတော့ ကောင်းစေချင်သည့် စေတနာစိတ်မှ ဖြစ်တည်လာသော ဂရုဏာဒေါသဟု ထင်မှတ်မိသော်လည်း ၊ ဂရုဏာဒေါသမှ အကုသိုလ်တရားဆီသို့ ကူးပြောင်းသွားခြင်းအား သတိမထားမိပဲ ဖြစ်ခဲ့ရပါသည် ။ သူမကိုမြင်သည့်အခါတိုင်း ဒီလိုမကောင်းသည့် လုပ်ရပ်များအား ဘာကြောင့်လုပ်ဆောင်နေရသနည်းဆိုသော ဂရုဏာဒေါသများ ဖြစ်မိရာမှ ကာယ၊၀စီ၊မနော ကံ အကုသိုလ်ဆီသို့ ကူးပြောင်းသွားခဲ့ရသည် ။ ကောင်းတဲ့စိတ်နဲ့ မကောင်းတဲ့စိတ် နှစ်ခုသည် မထင်မှတ်ပဲ လွန်ဆွဲပွဲဖြစ်သွားခဲ့ရသည် ။ မိမိစေတနာကို နားမလည်သူအား အမုန်းခံ၍လည်းပြောခဲ့ပြီးပေပြီ ။ စေတနာကို နားမလည်သူတစ်ယောက်အတွက် မိမိပါရောနှော၍ အကုသိုလ်အဖြစ်ခံမည့်အစား အေးဆေးစွာ ဥပက္ခာပြုလိုက်ခြင်းသည် အကောင်းဆုံးဖြစ်ပေသည် ။
လူတစ်ယောက်သည် အမှားလုပ်ဆောင်ချက်များဖြင့် ရပ်တည်နေပြီဆိုလျှင် ဦးစွာပထမ စေတနာရှေ့ထား၍ သူအမှားအား ပြောဆိုပြပါ ။ မိမိပြောဆိုပြသည်ကို နားမထောင်လျှင် ဒုတိယအကြိမ် ထပ်မံ၍ နားဝင်အောင် ပြောကြည့်ပါ ။ ဒုတိယအကြိမ်၌လည်း နားမထောင်ခဲ့ဘူးဆိုလျှင် နောက်တစ်ကြိမ် ထပ်ပြောဖို့ မကြိုးစားသင့်တော့ပေ ။သူအမှားအား သင်ခန်းစာယူ၍ သူလိုအမှားမျိုး ကိုယ့်မမှားရလေအောင် ကောင်းမွန်စွာ နေထိုင်ဖို့ ကြိုးစားရမည် ။ မည်သည့်အကြောင်းရာကိစ္စကိုမဆို ကောင်းမွန်သည့် စိတ်စေတနာဖြင့် ပြောပြသည်ဆိုသော်လည်း မိမိစိတ်အား ဉာဏ်ပညာဖြင့် အသုံးချ၍ မိမိလုပ်နေသော အလုပ်တိုင်း၌ အကုသိုလ်မဖြစ်သွားအောင် ကြိုးစားရပေတော့မည်ဟု စာရေးသူ ဆုံးဖြတ်ချက်ချလိုက်ပါတော့သည် ။ ထိုနေ့မှစ၍ စာရေးသူ၏ မိတ်ဆွေ နှင့် သူ့အမျိုးသမီးအား လုံးဝစိတ်ဝင်စားခြင်းမရှိတော့ပေ ။ တစ်ကြိမ်တစ်ခါမှ သိရှိခဲ့ခြင်း မရှိသူတစ်ဦးအဖြစ် သတ်မှတ်ကာ အကုသိုလ်ကင်းအောင် နေထိုင်လိုက်ပါတော့၏ ။

ရေးသားသူ = ခိုင်လေး ( ရွှေတောင် )

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...