Monday, December 15, 2014

“ပျော်တာပေါ့ အမေရယ်”

            ထူးအိမ်သင်က သူ့သမီးကလေးကို “မိကွန်းထော” လို့ ချစ်စရာ မွန်နံမည်ကလေး ပေးခဲ့ပေမယ့် တို့ကတော့ တို့သမီးကလေးကို “ထူးအိမ်သင်” လို့ပဲ နံမည်ပေးရမလား မသိပါဘူး။ သူက ကျူ ရှင်သင်တဲ့အခါ ဆရာတွေရှိတဲ့ဆီ လိုက်မသင်ပဲ အိမ်ကို ဆရာတွေခေါ်ခေါ်သင်တတ်လို့လေ။ အထူးအိမ်မှာသင်တဲ့ သမီးလေးပေါ့။ ကောင်းတာတော့ ကောင်းပါတယ်။ သူငယ်ချင်းတွေတောင် မပါပဲ တစ်ယောက်တည်းကို သင်ရတော့ သူလိုက်နိုင်ရင် လိုက်နိုင်သလို ရှေ့ဆက်သွားလို့ရပြီး နားမလည်တဲ့နေရာရောက်တော့လည်း သေသေချာချာ ရှင်းပြဖြစ်တာပေါ့။ ကိုယ်လည်း ကိုးတန်းတုန်းက အဲ့သလိုမျိုး သင်ခဲ့ဖူးပါတယ်။ အင်္ဂလိပ်စာသင်တဲ့ဆရာကြီးဟာ သူ့တပည့်လိုက်နိုင်မှန်းသိလို့ စာတွေဖိသင်၊ အိမ်စာတွေ တွန်းပေး၊ သူ့တပည့်ကလည်း ခပ်ရွဲ့ရွဲ့နဲ့ နင်းကန်အခန်းတွေတက်သွားတာ သီတင်းကျွတ်လောက်လည်းရောက်ရော ကိုးတန်းအင်္ဂလိပ်စာ ဖတ်စာအုပ်ကြီးလည်း ကုန်သွားရော။ ဂရမ်မာတွေရော ဂါဒီးယန်းသတင်းစာ အချပ်ပိုထဲက လေ့ကျင့်ခန်းတွေပါ အကုန်ပြီးကုန်တယ်။ အဲ့ဒါနဲ့ ဆရာကလည်း ဆယ်တန်းစာ ဆက်သင်မလားဆို သင်လိုက်တာ ကိုးတန်းလည်းအောင်ရော ဆယ်တန်း အင်္ဂလိပ်စာပါ ကျွတ်ပြီး ဆယ်တန်းမှာ အင်္ဂလိပ်စာ ကျူ ရှင် မယူတော့ဘူး။ ပြတ်ကရော။


            ခြောက်တန်းတုန်းကလည်း ကိုယ်အဲ့ဒါမျိုး ဖြစ်ဖူးတယ်။ သမိုင်းသင်တဲ့ဆရာက အတန်းထဲမှာ စာအုပ်ပေးပြီး စာခေါ်ခိုင်းထားတာ။ ကိုယ်က လက်ရေးမြန်မြန်နဲ့ အစောကြီးပြီးအောင် တွန်းခေါ်ပလိုက်တော့ အတန်းထဲက သူငယ်ချင်းတွေ လိုက်မမီလို့ မေတ္တာ ဝိုင်းပို့ကြရော။ ကိုယ့်စိတ်ထင် ဒါကြီး မြန်မြန်ပြီးသွားရင် ဆရာလည်း မလာရတော့ဘူး။ ကိုယ်တို့လည်း လိုက်မရေးရတော့ဘူး။ သမိုင်းချိန်ဆို တစ်တန်းလုံး မုန့်စားဆင်းသလို ဆော့ရတော့မယ်။ ပျော်စရာကြီး။ အဲသလိုမှတ်တာ။ ဒါပေမယ့် ကလေးအတွေးတွေကို လူကြီးတွေက လိုက်လုပ်စရာလား။ သမိုင်းစာအုပ်ကြီးတစ်အုပ်လုံး အစောကြီး စာခေါ်လို့ပြီးသွားတယ်ဆိုတော့ ဆရာလည်း မျက်လုံးကြီးပြူးသွားတယ်။ အဲ့ဒါနဲ့ သူ့အတတ်နဲ့သူစူးပြီး စာခေါ်တဲ့အလုပ်မလုပ်တော့ပဲ သမိုင်းပုံပြင်တွေကို ရယ်စရာမောစရာ ထိုင်ထိုင်ပြောကြမေးကြလုပ်တော့ စာသင်တာထက် အများကြီး စိတ်ဝင်စားဖို့ကောင်းတာ ကို သွားတွေ့တယ်။ ခါတိုင်းက အလွတ်ကျက်ဖို့ စာတွေခေါ်ပေးနေတာလေ။ ဆရာ့စာအုပ်ထဲကနေ ကိုယ်တို့စာအုပ်ထဲကိုရောက်၊ အဲ့ဒါကြီးကို ခေါင်းထဲအလွတ်ရအောင်ထည့်၊ စာမေးပွဲကျ မှတ်မိသလောက် ပြန်ရေး။ ဒါပဲ။ အခုတော့ သူပြောပြမှပဲ ကိုယ်သင်နေတဲ့သမိုင်းတွေက စိတ်ဝင်စားစရာ လူတွေအကြောင်း ရေးထားတာပဲလို့ သဘောပေါက်စပြုလာတယ်။ နောက်တော့ လူပါးဝလာတယ်။ သမိုင်းသင်ရင် စာမေးပွဲဖြေဖို့ပေးတဲ့ မှတ်စုတွေကို စိတ်မဝင်စားတော့ဘူး။ မှတ်စုမခေါ်ခင် ဆရာတွေပြောပြတဲ့ ပုံပြင်ကလေးတွေကိုပဲ လိုက်နားထောင်တော့တယ်။ ဘာကွာသလဲဆိုတော့ Essay နဲ့ Story ကွာသလိုကွာတယ်။ မှတ်စုက သမိုင်းအဖြစ်အပျက်ကိုမှီပြီး သူတို့ကိုယ့်ခေါင်းထဲရိုက်ထည့်ချင်တဲ့ အယူအဆတစ်ခုခုကို နှပ်ကြောင်းပေးပြီး ရေးထားတာ။ ဆရာတွေ ပြောပြတဲ့ ပုံပြင်မှာတော့ ရသလေးတွေပါတယ်။ ပါးစပ်ရာဇဝင်ကလေးတွေ နှောတယ်။ သမိုင်းဆရာ အပြောကောင်းရင် ကောင်းသလို ဇာတ်လမ်းထဲမှာ မြောပါသွားရော။ ဒေါက်တာ မတင်ဝင်းကြီး ဖတ်ရသလိုပေါ့။ ဒါပေသိ စာမေးပွဲမှာတော့ အဲ့ဒါကြီးတွေ ဖြေလို့မရဘူး။ သူတို့လိုချင်တဲ့ ပေါ်လစီနဲ့ ကိုက်အောင် ဖြေမှရတာ။ အဲ့ဒါကြောင့် ကိုယ်လိုအကောင်ဟာ သမိုင်းမှာ ကချလာပါ။ ဖြေခဲ့သမျှ ဘာသာတွေထဲမှာ သမိုင်းကအမှတ်အနည်းဆုံးပဲ။ (ဒါနဲ့များ သမိုင်းမှတ်စုတွေ  လျှောက်လျှောက်ရေးနေတာ အဟုတ်မှတ်တဲ့သူက မှတ်လို့။)

            သမီးနှင့် သူ၏ဆရာများ သင်ကြားရေးကို အကဲခတ်ကြည့်မိသလောက်တော့ ကိုယ်ငယ်ငယ်က အင်္ဂလိပ်စာကျူ ရှင် သင်နေတဲ့ပုံမျိုး၊ သမိုင်းတွေ ပြီးသလောက် တွန်းခေါ်တဲ့ ပုံမျိုးကို သတိရမိတာပါပဲ။ သမီးက ပညာသင်ကြားရေးကို အလုပ်တာဝန်တစ်ခု ထမ်းဆောင်သလို သူ့ဘက်က ချွတ်ယွင်းချက်မရှိ ပြီးစီးတတ်မြောက်ချင်တဲ့စိတ်နဲ့ သင်တယ်။ ဆရာက သူ့ကျောင်းသားကလေး ဘယ်လောက်လိုက်နိုင်သလဲ။ သူသင်ပြရှင်းပြတာ သဘောပေါက်ရဲ့လား၊ မှတ်မိရဲ့လား။ သူ့ဘက်က တာဝန်ကျေအောင် ဌာန်ကုန်အောင် သင်ပေးပါတယ်။ မိဘ ဆရာ ကျောင်းသား သုံးဦးစလုံးရဲ့ တူညီသော ပန်းတိုင်ကို တက်ညီလက်ညီ ချီတက်နေကြတယ်။ အချိန်တန်ရင် စာမေးပွဲအောင်ရမယ်ပေါ့။ ဖအေတစ်ယောက်အနေနဲ့ဆို အားရစရာကြီး။ ကြေနပ်စရာကြီးပေါ့နော်။ ဒါပေမယ့် ကိုယ့်သမီးကိုယ် သနားမိပါတယ်။ သူ့ကျူ ရှင်တွေက စာတော့တတ်မှာပါ။ ဒါပေသိ ပျော်စရာလည်း မကောင်းဘူး။ စာတော်ရုံနဲ့လည်း မပြီးသေးဘူး။ ကျောင်းနေပျော်ဖို့ကလည်း လိုသေးတာကိုး။ သူ့အဖေ အဲသည်အရွယ်တုန်းက ကျူရှင်တွေတက်ခဲ့တာ အရမ်းပျော်စရာကောင်းတာပဲ လို့ သမီးကို ပြန်ပြောပြချင်လာပါတယ်။

            ကျူ ရှင်တွေ စတက်ဖြစ်တော့ ရှစ်တန်းနှစ်မှာ အင်္ဂလိပ်စာ နဲ့ သင်္ချာကို တက်တာပါ။ သူများတွေ မြို့နယ် ဆင်ခြေဖုံးက မြို့ထဲမှာ တရုံးရုံးကျူ ရှင်လာတက်နေချိန်မှာ ကိုယ်ကတော့ မြို့ထဲနေပြီး ဆင်ခြေဖုံးက ကျူ ရှင်တွေကို လိုက်တက်ရတယ်။ ကိုယ့်အမဝမ်းကွဲတွေက ကျောက်မြောင်းမှာနေတယ်လေ။ ကိုယ်က ဘယ်ကျူ ရှင် ဘယ်မှာကောင်းကြောင်း သိတာမဟုတ်ဘူး။ အမတွေတက်တဲ့ဆီဆို ပြီးရော။ အပ်တော့လည်း သူတို့ပဲ အပ်ပေးရတာ။ မကောင်းပဲတော့ မရှိပါဘူး။ ကျောင်းသားပရိသတ်များစွာနဲ့ ကျူ ရှင်ဖွင့်စားနေတယ်ဆိုမှတော့ အထိုက်အလျောက်တော့ အသင်အပြကောင်းပြီးသား။ ကျူ ရှင်သွားတက်ရင်း ကျွဲကူးရေပါ ကျွမ်းကျင်သွားတာကတော့ ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်း ဘတ်စကားစီးပြီး သွားတတ်ပြန်တတ်သွားတာပါပဲ။ အိမ်ကလူကြီးမပါပဲ ဟိုဟိုသည်သည် ရဲရဲတင်းတင်း သွားကျင့်ရလာတယ်။ အိမ်ကပေးတဲ့မုန့်ဖိုးကို ကားခနဲ့ တွက်ချက်ပြီး တိုင်းတတ်ထွာတတ်လာတယ်။ မနက်အိပ်ယာထတော့လည်း နာရီနဲ့ တိုင်းထွာပြီး ထတတ်လာတာပါပဲ။ မနက်ပိုင်းတက်တဲ့ကျူ ရှင်က ၇ နာရီ မှာဆို ၆ နာရီခွဲမှ လူးလဲထ၊ မျက်နှာသစ်၊ သွားတိုက်၊ မုန့်စား၊ ကားစီး၊ အီအီးပါတာပါမကျန်၊ ဘယ်ဟာက ဘယ်နှစ်မိနစ်ကြာမယ် အတိအကျတွက်ပြီး မနှုတ်လောက်တော့ တစ်ခုခုကို အလှည့်ကျော်ပလိုက်ရတာပေါ့။

             နောက်ထပ် အကျိုးအမြတ်တစ်ခုကတော့ ကျောင်းရဲ့ ပြင်ပမှာ သက်တူရွယ်တူ သူငယ်ချင်းတွေရလာတယ်။ ကိုယ်နေတဲ့ စိန်ပေါကျောင်းက ယောင်္ကျားလေးကျောင်းဆိုတော့ ကိုယ့်မှာ မိန်းကလေးသူငယ်ချင်းဆိုတာ အဲသည်ကျူ ရှင်တွေတက်တော့မှပဲ စကားပြောဖူးတော့တယ်။ လွယ်တယ်တော့မမှတ်နဲ့။ ဘုန်းကြီးလူထွက်ကလေးလိုပဲ။ မာတုဂါမတွေနဲ့ ဘယ်လိုအဆင်ပြေအောင် ပြောရဆိုမှန်း သိတာ မဟုတ်ဘူး။ ခွတီးခွကျရယ်။ ကိုယ်တက်နေတဲ့ အတန်းထဲက ဘယ်မိန်းကလေးက လှတယ်၊ ဘယ်မိန်းကလေးက မလှဘူးလည်း အလိုလိုနေရင်း အကဲခတ်တတ်လာတယ်။ (ကလေးတုန်းကတော့ ကိုယ့်အမေတွေ အဒေါ်တွေကလွဲရင် သူများမိန်းကလေး လှတယ်လို့ကို မထင်ဘူး) သူတို့နဲ့စကားပြောရတာ ကိုယ့်ကျောင်းက သူငယ်ချင်းတွေနဲ့ ပြောရသလို မဟုတ်ဘူး။ ရှက်ကိုးရှက်ကန်းနဲ့။ ငါက ကောင်လေး။ သူက ကောင်မလေး။ သူများတွေ မြင်ရင် တစ်မျိုးထင်ကုန်တော့မှာပဲ။ ဘယ်သူများ မြင်ကုန်ပြီလဲ။ ဘယ်သူမှလည်း မမြင်သေးပါလား။ မြင်အောင် လုပ်လိုက်ဦးမှ။ ဟော မြင်သွားပြီ။ ဖျားဖျား။ ငါ့ ဘာများ ပြောကြမှာပါလိမ့်။ အဲသလိုမျိုး ယောက်ယက်ကိုခတ်နေတာနဲ့ ကွကိုယ် ဘာတွေ ပြောမိမှန်းတောင် မသိတော့ဘူး။

              ဆယ်တန်းနှစ်ကျတော့ ကိုယ့်ပညာရေးဟာ နိုင်ငံကျော် ကျူ ရှင်ဆရာကြီးများရဲ့ လက်တွင်းကို ဝကွက်အပ်ပလိုက်တာပါပဲ။ အပ်ချင်လွန်းလို့တော့ မဟုတ်ပါဘူး။ ဖိုးရွှေအလေးက ကျောင်းမှန်မှန်တက် စာမခက်ဆိုပြီး တနေ့တနေ့ ကျောင်းချည့်သွားနေတာ။ သူများတွေ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်လို့လည်း ကိုယ့်အရှိန်ကလေးနဲ့ကိုယ် သဘောက မပေါက်ပါဘူး။ တစ်ယောက်တည်း ကျောင်းလာလာထိုင်တဲ့ကိုယ့်ကို ဆရာမက “နင် ဘာလာလာ လုပ်တာလဲ။ စာမကျက်ဘူးလား။” လို့ မေးတော့ “စာက ညတိုင်းကျက်တယ်လေ။ အခု ကျောင်းလာတက်တာ။ သူများတွေ ဘာလို့မလာတာလဲ။ ကျောင်းလည်း မပိတ်ပဲနဲ့။”  ဆိုတော့မှ ပရိုဗိတ်စတာဒီပေးထားမှန်းသိရတယ်။ စာတွေလည်းပြီးအောင် မသင်ရသေးဘူး။ ကျူ ရှင်က ဆက်သင်ရမှာတဲ့။ အို ဘာပူစရာ ရှိသလဲ။ မီရာအချစ်နဲ့ လိုက်ခဲ့မှာပေါ့။ ပထဝီ နဲ့ သမိုင်းကို ဦးထွန်းနွယ် နဲ့ ဦးလှချစ်ဆီမှာ အပ်လိုက်တယ်။ ၅ လပြတ် နဲ့။ ဘောဂဗေဒက ဦးသက်ဝင်းဆီမှာ ၃ လ ပြတ်။ မြန်မာစာကို ဂုဏ်ထူးဦးသိန်းနိုင်ဆီက လေးလပြတ်။ ဓါတု / ရူပ နဲ့ သင်္ချာက ရှစ်တန်းကတည်းက တက်လက်စ ဆရာတွေဆီမှာ။ ကျောင်းသွားစရာ မလိုတော့ဘူးဆိုရင် တစ်နေကုန် အချိန်တွေ တက်ပါလေ့။ အဲ့တော့မှပဲ ရန်ကုန်မြို့တွင်းကို ကြမ်းပိုးကျတောင် ကျူ ရှင်တွေ တက်ကာဆင်းကာ နှံ့နှံ့တက်နေအောင် လည်ရပတ်ရပါတော့တယ်။

             ကိုယ်တို့ကျူရှင်ဆရာကြီးများဟာလေ စာတင်နားလည်အောင် တတ်အောင် သင်တတ်တာ မဟုတ်ဘူး။ ရယ်စရာ ဟာသလေးတွေ အပြောကောင်းတဲ့နေရာမှာလည်း ဇာဂနာ မေတ္တာလောက်တော့ သနားတယ်။ ကိုယ် သည်ကနေ့ တို့ကာပင့်ကာ ရယ်ရွှန်းပတ်ရွှန်း ရေးသားနေတဲ့ ရယ်စရာ ဟာသဥာဏ်များဟာ ကိုယ့်ဆရာကြီးများ ပေးလိုက်တဲ့ အမွေပဲ။ ခွန်းတုံ့မခံ ပြန်ပက်တတ်တဲ့ ဘောက်လုံးများဟာလည်း သူတို့ဆီက အတုခိုးခဲ့ရတာ။ ဦးဘုန်း(ဓါတု)ကြီး နိုင်ငံကျော်နေတာ နားထောင်ဖူးရင် ၊ ကိုငြိမ်းမင်းကြီးရဲ့ အနုပညာလက်ရာတွေကို ခံစားဖူးရင် ကျူ ရှင်ဆရာများရဲ့ ဝမ်းစာကို သဘောပေါက်ကြပါလိမ့်မယ်။ သူတို့ကို သူများတွေ ပြောသလို ပိုက်ဆံရှာနေတယ်။ ဝက်ခုတ်နေကြတယ် လို့ မမြင်ပါဘူး။ ခေတ် စံနစ် ရဲ့ လိုအပ်ချက်အရ ပညာရေး ကွက်လပ်ကြီးတွေကို သူတို့နည်းသူတို့ဟန်နဲ့ ဝင်ဖြည့်ပေးနေတာ လို့ပဲ မြင်ပါတယ်။ ဘာပဲပြောပြော၊ သူတို့ဆီတက်ရတာ စာလည်းအထိုက်အလျောက်ရတယ်။ ပါးစပ်မပိတ်နိုင်အောင် ရယ်ရတယ်။ ပျော်စရာလည်းကောင်းတယ်။ ဈေးလည်း သက်သာတယ်ခင်ဗျ။ ဆယ်တန်းနှစ်မှာ ကျူ ရှင် အများဆုံးယူနေတဲ့လမှာ အဖွားဆီက စံချိန်တင်အောင် တောင်းဖူးတာ တစ်လ ၆၅ ကျပ် ပါ။ ကျူ ရှင်တွေ အားလုံးက တစ်ဘာသာ ၁၀၊ နှစ်ဘာသာပေါင်းထားရင် ၁၅ ကျပ်ကိုး။ နယ်ကကျောင်းသားတွေဆိုရင် သည်ဆရာကြီးတွေရဲ့ သင်ရိုးကုန်တို့၊ အထူးထုတ်တို့၊ ခန့်မှန်း မေးခွန်းစုံ အဖြေစုံတို့ကို တကူးတက ဝယ်ဖတ်နေရတဲ့အချိန်မှာ ကိုယ်ကတော့ အရှင်လတ်လတ်ကြီး အသင်ခံရတာ နည်းတဲ့ကုသိုလ်လား။

             ဆေးကျောင်းရောက်ချင်တယ်၊ အင်ဂျင်နီယာဖြစ်ချင်တယ်ဆိုတဲ့ ကျောင်းသားတွေ အတွက်ဆိုရင် ကိုယ်တက်နေတဲ့ကျူ ရှင်တွေက တန်းမဝင်၊ စံမကိုက်ပါဘူး။ သူတို့က အရမ်းနံမယ်ကျော်တော့ နှစ်တိုင်းနှစ်တိုင်း စာမေးပွဲနီးလာရင် (မေးခွန်းထုတ်ပြီး သွားလောက်ရင်) ခန့််မှန်းမေးခွန်း စာအုပ်တွေ ထွက်လာပါတယ်။ မနှစ်ကထွက်တဲ့စာအုပ်ထဲမှာ မနှစ်ကမေးခွန်းရဲ့ ဘယ်နှစ်ရာခိုင်နှုန်းထိအောင် ကွက်တိပါတယ် လို့တောင် အတိအလင်း စိန်ခေါ်ကြော်ငြာပြီး ရောင်းကြတယ်။ အဲသလို ကြော်ငြာမှလည်း ဝက်ဝက်ကွဲ ရောင်းရတယ်။ မသိရင် မေးခွန်းထုတ်တဲ့သူနဲ့ပဲ လက်ဝါးချင်းရိုက်ထားသလိုလို။ သူတို့က စီးပွားရေးအတွက် အဲသလို ခုတုံးလုပ်တော့ ကိုယ်တို့ ပညာရေးဌာနက လူတွေကလည်း အမှတ်ပေးစည်းမျဉ်း နဲ့ တင်းတင်းကြပ်ကြပ် ပြန်ကိုင်တွယ်ရတယ်။ အဖြေလွှာပေါင်း ရာထောင်ချီပြီး အမှတ်ခြစ်နေရတဲ့သူဆိုတော့ ဖတ်ကြည့်လိုက်ရင်ကို ဘယ်ကျူ ရှင်ကစာမှန်း တန်းသိနိုင်တယ်။ ကိုယ်တို့ ကြက်တူရွေးများကလည်း ၏သည်မလွဲ ကျက်ဖြေကြတာ မဟုတ်လား။ အဲသည်တော့ ကျူ ရှင်စော်နံတဲ့ အဖြေလွှာများဟာ အမှတ်ကောင်း မရကြတော့ဘူး။ အမှတ်ပေးစည်းမျဉ်း ဆိုတာကြီးကလည်း ဘယ်တော့မှ ကျူ ရှင်နဲ့ ဟာမိုနီဖြစ်အောင် မထုတ်တော့ဘူး။ ကျူ ရှင်နုတ်စ်ကြီးနဲ့ အပုဒ်စေ့ဖြေထားလည်းပဲ အဲသည်ကျောင်းသားကို ဂုဏ်ထူးပေးဖို့ကျတော့ စာစီစာကုံးအလွတ်ကျက် ရေးထားတဲ့သူလိုပဲ ပေးရမှာ မသထာဘူး။

              အဲသည်အမှတ်ပေးစည်းမျဉ်းတို့၊ မေးခွန်းထုတ်တာ၊ အမှတ်ခြစ်တာတို့က ဘယ်သူတွေ လုပ်နေတာတုန်းဆိုတော့ ရန်ကုန်တက္ကသိုလ်က သက်ဆိုင်ရာ ဘာသာရပ်ပါမောက္ခများ၊ ဆရာ/ ဆရာမများက လုပ်နေတာဗျ။ တကယ်လို့များ အဲသည် ဆရာ/ဆရာမများကသာ ကျူ ရှင်ထွက်သင်သည် ရှိသော် ဘာလိုသေးလဲ အချစ်ရယ် ဖြစ်သွားမှာပေါ့။ မလိုပါဘူး။ သင်ပါတယ်။ တစ်ခုပဲ။ သူတို့ကတော့ ဟိုဆရာကြီးတွေလို နိုင်ငံကျော် မင်းသားထွက်လုပ်လို့ ဘယ်ဖြစ်မလဲ။ တိုးတိုးတိတ်တိတ် သင်ရတာပေါ့။ အဲသည်မှာ ဝိုင်းကျူ ရှင် လို့ခေါ်တဲ့ တိုးတိုးတိတ်တိတ် အိမ်မှာစုပြီး ဆရာခေါ်သင်တဲ့ ထူးအိမ်သင်တီးဝိုင်းကလေးတွေ ခေတ်စားလာတာပေါ့ဗျာ။ ဈေးကြီးတယ်ဗျ။ သားတော့ မတက်နိုင်ဘူး။ သူတို့ကလည်း လူမသိအောင် ကျိတ်သင်ရတာဆိုတော့ အတန်းသားချင်း၊ သူငယ်ချင်းချင်းတောင် ပေးမသိဘူး။ ကိုယ်လို ငအကလည်း ကိုယ့်အာရုံနဲ့ကိုယ်ဆိုတော့ သိကိုမသိဘူး။ စာမေးပွဲနီးမှ မြွေကိုက်တာက ပထဝီမှာ မြေပုံ မဆွဲတတ်ဘူး။ ဘယ်လိုဆွဲရသလဲ ကျောင်းကလည်း သင်မပေးဘူး။ ကျူ ရှင်ကလည်း သင်မပေးဘူး။ မြေပုံမပါရင် အမှတ်မရမှန်းလည်း မသိဘူး။ ကိုယ့်လိုအူကြောင်ကျားကို သနားတဲ့ သူငယ်ချင်းကလေးက သူ့အိမ်ကဝိုင်းမှာ သင်ပေးတဲ့အတိုင်း ရောင်စုံဆော့ပင်ကလေးတွေနဲ့ အပ်ချမတ်ချ သင်ပေးတော့မှ အဆင်ပြေသွားတော့တယ်။ သူသာသင်မပေးလို့ကတော့ သည်အတိုင်း စာချည့်ပဲ ဖြေပလိုက်မှာ။ အမယ် သမိုင်းဖြေတော့လည်း အတူတူပဲလေ။ စာမေးပွဲနောက်ဆုံးနေ့ဆိုတော့ လူက မူးဝေနေပြီ။ စာလည်း ထပ်မကျက်နိုင်တော့ဘူး။ ခုနှစ်သက္ကရာဇ်တွေမှတ်ရတာ ရောထွေးကုန်ပြီ။ ဒါကြောင့် ဘာခုနှစ်မှ မပါပဲ ထို့နောက်၊ ထိုစဉ်၊ သောအခါ တွေနဲ့ချည့် ဖြေလွှတ်လိုက်တာ။ ၄၇ မှတ်တောင် ရတယ်။ (ကိုယ်လိုရွဲ့တဲ့ဆရ့ာနဲ့တွေ့ရင် ကျဦးမှာ)

            ကိုယ့်ရှေ့မှာ ရှေ့ဆောင်နွားလားလုပ်ခဲ့ကြတဲ့ အမတွေကိုယ်တိုင်က ဆယ်တန်းကို မကျွတ်သေးဘူး။ သည်တော့ ကိုယ်လည်းပဲ ဆယ်တန်းကို သည်တစ်နှစ်နဲ့ ကျွတ်လိမ့်မယ်လို့ မထင်ထားဘူး။ ကျက်တော့ ကျက်နေတာပဲပေါ့။ ဘာတွေဘယ်လိုကျက်ရမှန်း မသိပဲ ကိုယ့်ဘာသာကိုယ် ထင်သလိုကျက်နေတယ်။ ဘယ်စာကိုရပြီးသား ဘယ်ဘာသာက အားနည်းတယ်။ လိုအပ်တယ်လို့ ကိုယ့်ကိုယ်ကိုယ် မသိဘူး။ တကယ်တမ်းပြန်စဉ်းစားကြည့်တော့ နေ့စဉ်မှန်မှန် အပတ်စဉ်မှန်မှန် အိမ်စာလုပ်ခိုင်း၊ လေ့ကျင့်ခန်းလုပ်ခိုင်းတဲ့ ဘာသာတွေမှာ အမှတ်တွေ အများကြီးရတယ်။ အပတ်တကုပ် ကျက်မှတ်နေရတာတွေက ဖြေသာဖြေရတယ်။ အလကားပဲ။ ဂါဒီးယန်းသတင်းစာ အချပ်ပိုတွေမှာ လုပ်ခဲ့ရတဲ့ သင်ခန်းစာတွေက အင်္ဂလိပ်စာကို ဂုဏ်ထူးမှတ်ရအောင် ပေးခဲ့တယ်။ အဖြူတွေနဲ့တွေ့ရင် Yes / No / Go to Jail လောက်တောင် မပြောနိုင်ပေမယ့် စာရွက်ပေါ်မှာ Exercise ပုံစံမေးထားရင် မှန်အောင်တော့ ဖြေတတ်တယ်။ အင်္ဂလိပ်သတင်းစာ မဖတ်နိုင်ဘူး။ မြန်မာသဒ္ဒါလေ့ကျင့်ခန်းတွေနဲ့ အပတ်စဉ်စာစီစာကုံး အိမ်စာပေးပြီး မငြီးမငြူ အမှတ်ခြစ်ပေးတဲ့ ဆရာ/ဆရာမတွေ ကျေးဇူးကြောင့် ကြောင်ခြစ်တဲ့လက်ရေးနဲ့အကောင်က အမှတ်တွေ အများကြီးရခဲ့တယ်။ ကိုယ့်ဘာသာကိုယ်တောင် မယုံဘူး။  လက်စလက်နကတော့ အဲသည်ကတည်းက ပေါ်တယ်ဗျ။ ပထမအစမ်းဖြေတော့ အင်္ဂလိပ်စာနေ့မှာ မြန်မာစာဆရာမက လာပြီး ဗိုက်ခေါက်ဆွဲလိမ်တယ်။ “ကျွင်္နပ်တို့၏စာသင်ကျောင်း”ကိုရေးတာ “ရွာ့ကျက်သရေ” ကို အားကျလွန်းလို့ ကိုယ့်ကျောင်းရဲ့ မဟုတ်ကဟုတ်ကတွေကို တို့ကာဆိတ်ကာ ရေးမိလို့။

             ပြန်စဉ်းစားကြည့်လိုက်တော့ ကိုယ်အခုဖြစ်နေတဲ့ပုံဟာ အဲသည်အချိန်တုန်းက ပုံစံချပေးလိုက်တဲ့ မိုအတိုင်း ကြီးထွားလာတာပဲ။ အခုအချိန်မှာ ပထဝီ၊ သင်္ချာ၊ မြန်မာစာ၊ သမိုင်းတွေလည်း ခေါင်းထဲ မရှိတော့ပါဘူး။ ကိုးတန်း ဆယ်တန်းကျောင်းသားဘ၀မှာ ထိတွေ့ကြီးပြင်းခဲ့တဲ့ ကျောင်းပတ်ဝန်းကျင်ကလေးက ပြုပြင်ပေးလိုက်တဲ့အတိုင်း ဘဝကို ဒေါင်ကျကျ ပြားကျကျ၊ ကိုယ်လုပ်ချင်တာတွေလည်းလုပ်ရင်း၊ မသိသေး မတတ်သေးတဲ့အရာတွေကို ဆက်လက်သင်ယူရင်း၊ သူငယ်ချင်းများစွာနဲ့ (စိုင်းစိုင်းလိုပဲ အသက်အရွယ်ကိုမှ မငဲ့မညှာ ဆက်ပေါရင်း) ခင်ရာမင်ကြောင်း ပျော်အောင်ပေါင်းလို့ လမ်းမပျောက်အောင် ဆက်လျှောက်နေတုန်းပါပဲ။ သမီးလေးကျရင်ကော။ သည်အတိုင်းသာ ထူးအိမ်သင်ဆက်လုပ်နေရင် ဘယ်ပတ်ဝန်းကျင်နဲ့ ကြီးပြင်းမှာလဲ။ ဘယ်အသိုင်းအဝိုင်းကို ပြန်တမ်းတမှာလဲ။ ပညာရေးစံနစ်ကြီးကလည်း ပြောင်းတော့မှာတဲ့။ စာပုလွေကို မောင်းမှာပိုက်ပြီး ကျောင်းတော်ကိုတဲ့ လိုက်မယ်ပြင်သလား။ ဘယ်စာကို ဘယ်နှစ်ဝါသင်သင် အရေးမကြီးပါဘူး။ ဗောဓိရွှေကျောင်းကြီးပေါ် ပျော်အောင်သာ နေခဲ့စမ်းပါလေ။

Soe Min

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...