Saturday, December 6, 2014

မယားအတန်းအစားခွဲခြားမှုပပျောက်ရေး ဒို့မယားငယ်ဝါဒ


၂၀၁၅ ခုနှစ် မြန်မာနိုင်ငံတွင် မယားအတန်းအစားခွဲခြားမှုပပျောက်ရေးကွန်ယက် ၊ မယားကြီး မယားငယ် စည်းလုံးညီညွတ်ရေးသမဂ္ဂ (မငစသ) ၊ လစ်လပ်မယားများစောင့်ရှောက်ရေးအသင်းချုပ်(လမသ) စသည့် အဖွဲ့ကြီးများ ထူးဆန်းအံသြဖွယ်ပေါ်ထွက်လာလေသည် ။
နဂိုကတည်းကမှ ဟိုအဖွဲ့ ဒီအဖွဲ့တွေ သောက်သောက်လဲ ပေါများလှသော ဗြိတိသျှတို့ မြန်မာနိုင်ငံကြီးတွင် အနှီအဖွဲ့များ အဘယ့်ကြောင့် ထပ်တိုးလာပါသနည်း...။


အဖြေက ရှင်းပါသည် ။
မဟာဥာဏ်ကြီးရှင်တို့ဖြင့် ဖွဲ့စည်းထားသည့် မြန်မာ့လွှတ်တော်ကြီးက တစ်လင်တစ်မယားစနစ်ဥပဒေ ကို ပြဌာန်းလိုက်သောကြောင့်ဖြစ်ပေသည် ။ ထိုအသင်းများ မည်သို့ မည်ပုံ ပေါ်လာသနည်း။
မယားအတန်းအစားခွဲခြားမှုပပျောက်ရေးကွန်ယက် ကြီး ပေါ်ပေါက်လာပုံကတော့ အနှီ ဥပဒေပြဌာန်းပြီးပြီးချင်းမှာ ပင်ဖြစ်သည် ။
ဥပဒေကြီး ပြဌာန်းလိုက်သည့်အတွက် ရွှေကြာပင် မိငယ်လေးများ ဆတ်ဆတ်ခါအောင်နာကြတော့သည် ။
ဒီဥပဒေကြီးမပေါ်ခင်ကတော့ တရားရုံးများ ၊ ရပ်ကွက်ရုံးများတွင် မိငယ်လေးများက ငါတို့က မယားငယ်မဟုတ်ဘူး ၊ မယားပြိုင်ဟေ့ဆိုကာ လက်မထောင်နိုင်ခဲ့ကြသည် မဟုတ်လား..။
အခုတော့ မိငယ်လေးတို့ ရာထူးကျတော့မည် ။
ဒါကို မကျေနပ်သည့် မိငယ်လေးတို့ စပွန်ဆာအုပ်စုက မယားအတန်းအစားခွဲခြားမှုပပျောက်ရေးကွန်ယက်ကြီးကို စုစည်းထူထောင်လိုက်ကြခြင်းပင် ။
အနှီကွန်ယက်ကြီးကလည်း သြဇာအာဏာကြီးမားလှသည် ။ လှုပ်ရှားမှုကလည်း ပြင်းထန်သည် ။
ပထမဆုံး မိငယ်လေးတို့ ကွန်ယက်က အဆိုပါဥပဒေကို လက်ခံပြီး မိမိတို့ကို မယားငယ်စာရင်းသွင်းသော ပုရိသထုကြီးကို ဆန့်ကျင်ကြသည် ။
မြို့တော်ခန်းမရှေ့တွင် မိငယ်လေးတို့အုပ်စု စုဝေးကာ ဆန္ဒပြကြသည် ။
"အိမ်တံခါးတစ်ချက်ခေါက်လျှင် မီးဟုန်းဟုန်းတောက်စေရမယ်"
"ခြင်ထောင်တစ်ချက်လှန်လျှင် ခြေထောက်နှင့် စောင့်ကန်မည်" စသည် ကြွေးကျော်သံများကြွေးကျော်ကြသည် ။
မယားကြီးများကို ကြောက်ပြီး အဆိုပါဥပဒေကို လက်ခံကြသော မိမိတို့၏ ဆပွန်ဆာကြီးငယ်များကို ညစာအငတ်ထားပြီး သပိတ်မှောက်ကြသည် ။
ဒီတော့မှ အစက ယောရောင်ပေါရောင် သူတော်ကောင်းရောင်ဖြင့် ဥပဒေကြမ်းကို ထောက်ခံသယောင်လုပ်နေကြသော ယောင်ချာချာစပွန်ဆာကြီးများ အထိတ်တလန့်ဖြစ်ကုန်ကြသည် ။
ဗွက်ထနေသည့် အိမ်ကွင်းကြီးများထက် စိမ်းစိမ်းစိုစိုအပြင်ကွင်းလေးများတွင် ကန်လိုကြသည်က Player တိုင်း၏ အိပ်မက်ပင်မဟုတ်လား ။
အခုတော့ သူတို့ကို အပြင်ကွင်းလေးများက ပါမစ်ပိတ်လိုက်ကြပြီ..။
ဒီတော့ အပြင်ကွင်းလေးများရှိရာသို့ အသန်းအသည်လိုက်သွားကြသည် ။
တစ်ချို့ကလည်း အိမ်က မေမေကြီးများကို ကွာပြီး မေမေလေးတို့ရင်ခွင်တွင်သာ တသက်စာခိုလှုံတော့မည်ဟု ဆိုလာသည် ။
တစ်ချို့ကလည်း မိငယ်လေးများအသင်းကို တိတ်တဆိတ်ပံ့ပိုးပေးပါ့မည် ။ ကွင်းစိမ်းလေးကိုတော့ ပိတ်မပစ်ကြပါနဲ့ဟု ဆိုလာသည် ။
ဒီလိုနှင့် မယားအတန်းအစားခွဲခြားမှုပပျောက်ရေးကွန်ယက်ကြီးက ဆပွန်ဆာအင်အားဖြင့် တောင့်တင်းလာခြင်းပင် ။
နောက်ထပ် မယားကြီး မယားငယ်စည်းလုံးညီညွတ်ရေးသမဂ္ဂ ကတော့ အိမ်ဦးနတ်များအပေါ် သဘောထားကြီးမားလှစွာသော မေမေကြီးများက ဦးဆောင်ခဲ့ခြင်းဖြစ်သည် ။
မေမေကြီးများသည် တစ်ချိန်က စကေးကောင်းကောင်းဖြင့် ကစားခဲ့ကြသည့် ကစားသမားဟောင်းကြီးများဖြစ်ခဲ့ကြသည်။
အခုတော့ အသက်အရွယ်ကလည်းကြီးပြီ ။ ဆေးဝါးအကူအညီများဖြင့် ကစားလာကြသော မိမိတို့ ကစားဖော် အိမ်ဦးနတ်ကြီးများနှင့် ယှဉ်မကစားနိုင်တော့ ။
ဒီတော့ မိမိတို့ ကွင်းဟောင်းကြီးများကို အိမ်ကလူကြီးတွေပစ်ပြီး ကွင်းသစ်လေးတွေဆီ အပြီးအပိုင်ထွက်ခွာသွားမှာစိုးရိမ်ကြသည် ။
ဘာပဲဖြစ်ဖြစ်. အခြေအနေနှင့်အချိန်အခါအရ .မုန့်ရော ဘာရော အကုန်ဝေစားမှ ဖြစ်တော့မည်ဟု တွက်မိပုံရသည် ။
ဒီတော့သူတို့ကလည်း ဒီဥပဒေကို ဆန့်ကျင်ပြီး မယားကြီးနှင့် မယားငယ်တို့ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူဝါဒ (၈)ချက်ကို ချမှတ်ပြီး မယားကြီး မယားငယ်စည်းလုံးညီညွတ်ရေးသမဂ္ဂ ဆိုတာကြီးကို ထူထောင်လိုက်ကြပြန်သည် ။
သဘောထားပျော့ပြောင်းသော လစ်ဘရယ် မိငယ်လေးများကလည်း မိမိတို့၏ အစ်မကြီးများနှင့်အတူ ပူးပေါင်းကြသည် ။
အိမ်ဦးနတ်ကြီး အများစုကလည်း မယားကြီးနှင့် မယားငယ်တို့ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူဝါဒ (၈)ချက် ကို ထောက်ခံကြသည် ။
နောက်ဆုံးပေါ်လာသည့် လစ်လပ်မယားများစောင့်ရှောက်ရေးအသင်းချုပ်ကို ထူထောင်သူကတော့ စာရေးသူ ဗြိတိသျှကိုကိုမောင် ကိုယ်တိုင်ပင် ။
အနှီဥပဒေ ပေါ်လာတော့ အမျိုးဘာသာ သာသာနာအတွက် ဗြိတိသျှတော်တော်စိုး၇ိမ်သွားရသည် ။
အဘယ့်ကြောင့်နည်း ။
မကြာသေးမီက ကောက်ခဲ့သော သန်းခေါင်စာရင်းအရ အမျိုးသမီးနှစ်သန်းအပိုထွက်နေသည် ။
ဆေးရုံးဆေးခန်းများတွင် ကလေးမွေးဖွားမှုကိန်းဂဏန်းအရဆိုလျှုင်လည်း ယောင်္ကျားလေးတစ်ယောက်လျှင် မိန်းကလေးသုံးယောက်နှုန်းမွေးနေကြသည် ။
ဒီတော့ ဗြိတိသျှတို့ မြန်မာပြည်ကြီး၏ အနာဂတ်တွင် တစ်လင်တစ်မယားစနစ်သာကျင့်သုံးပါက မြန်မာအမျိုးကောင်းသမီးလေး နှစ်ယောက်တို့မှာ လစ်လပ်လျက်ရှိကြပေတော့မည် ။
ကုလား တရုတ် တိုင်းတစ်ပါးသားတို့၏ လက်တွင်းကျဆင်းသွားနိုင်ချေရှိသည် ။
ဒီကိစ္စကို ဗြိတိသျှသူငယ်ချင်း စာတိုပေစဆရာ ကိုခက်ဇော် နှင့်တိုင်ပင်ကြည့်သည် ။
သူက ဒေါက်တာသန်းထွန်းလေသံဖြင့် သမိုင်းအချက်အလက်များစွာကိုးကားပြီး ရှင်းပြသွားသည် ။
ခေတ်အဆက်ဆက် အမျိုးသား အမျိုးသမီး လူဦးရေကွာခြားမှုကြောင့် လူမျိုးခြားလက်သို့ ကညာငယ်လေးများ မပါသွားရေးကို အုပ်ချုပ်သူပဒေသရာဇ်တို့က အနစ်နာခံထမ်းရွက်ခဲ့ကြသည်တဲ့ ။
ကျန်စစ်မင်းသည့် ရောက်လေရာအရပ်တွင် မင်္ဂလာဆောင်သည် ။ ဒုတိယမြန်မာနိုင်ငံတော်ကြီးတည်ထောင်သူ ဘုရင်နောင်ကြီးသည် မိဖုရားပေါင်း ရာနှင့်ချီရှိသည် ။ မြန်မာမလေးများသာမက အခြား ယိုးဒယားတို့ လောတို့က မိဖုရားတွေပင် ပါလိုက်သေးသည်။
ဟော့ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ လည်း အတူတူပင် ။ ရှင်ဘုရင်မဖြစ်ခင်ကတည်းက မိဘုရားကြီး ခင်ယွန်းစံအပြင် စစ်ကိုင်းတွင် ဆပွန်ဆာမလေးထားလိုက်သေးသည်ကို သမိုင်းအထောက်အထားကရှိနေသည် ။
ဒီတော့ နိုင်ငံတော်ထူထောင်သူတို့ကိုယ်တိုင်က ဒီတာဝန်ကို ယူခဲ့ကြသည်တဲ့ ။
နောက်ထပ် ဆြာခက်ဇော်က ဆိုလာသေးသည် ။
ုမြန်မာပြည် ကျွန်ဖြစ်သည့် ကိစ္စတွင် တစ်လင်တစ်မယားစနစ် သည် တစ်ထောင့်တစ်နေရာမှ ပါဝင်နေပြန်သည်တဲ့..။
သီပေါဘုရင်လက်ထက်တွင် မိဖုရားစုဖုရားလတ်က ရှင်ဘုရင်အပါအ၀င် နန်းတွင်သူ နန်းတွင်းသားရော တိုင်းသူပြည်သားတွေကိုပါ တစ်လင်တစ်မယားစနစ်ကိုပဲကျင့်သုံးစေခဲ့သည် ။
ဒီတော့... နန်းတွင်းသူအပျိုတော်များအတွက် မိဖုရားငယ်ဖြစ်မည့်အရေး ၊ ကတော်ဖြစ်မည့်အရေး မျှော်လင့်ချက်တို့ ဝေးခဲ့ကြသည် ။
အရင်ကဆို မင်းတြားကြီး မူးမူးနဲ့ တွေ့ကရာ ခြေတော်တင်ခံရလျှင်ပင် ကိုယ်လုပ်တော်အဆင့်မှ မိဖုရားအဆင့်သို့ ရာထူးတိုးနိုင်သေးသည် မဟုတ်လား..။
ဒီလိုနှင့် မျှော်လင့်ချက်မဲ့ကုန်သော အပျိုတော်လေးတို့သည် နန်းတွင်တွင် ၀င်ထွက်နေသော ပြင်သစ် ၊ အီတလီ ၊ အင်္ဂလိပ်သံတမန် ကုန်သည်တို့နှင့် ငြိစွန်းကြတော့သည် ။
နန်းတွင် အပျိုတော်တစ်ဦးသည် သူ့ကို ပစ်ခွာသွားသော ပြင်သစ်အင်ဂျင်နီယာ ဗွန်ဗီလိန်း ကို စိတ်နာသဖြင့် ပြင်သစ်နှင့်မြန်မာလျှို့ဝှက်ချုပ်ဆိုထားသော စာချုပ်ပါ အချက်အလက်များကို ခိုးကာ အင်္ဂလိပ်တို့ထံ ပေးခဲ့သည် ။
ထိုစာချုပ်ကို ရသွားသော အင်္ဂလိပ်တို့က မြန်မာပြည်ကို မဖြစ်မနေစစ်တိုက်မှဖြစ်မည်ဟု ဆုံးဖြတ်ချက်ချကာ တိုက်သဖြင့် ကျွန်ဖြစ်ခဲ့ရသည်ဟု ဗြိတိသျှ၏ မိတ်ဆွေကြီး ဆြာခက်ဇော်က ဆိုလာသည် ။
ဆြာခက်ဇော် စကားကြားမှ ဗြိတိသျှလည်း တော်တော်ကို လန့်သွားသည် ။
အမျိုးဘာသာ သာသနာအတွင်းမှ သမီးငယ်လေးများအတွက် ရင်လေးစရာပင်....။
ဒီတော့ လစ်လပ်အမျိုးသမီးငယ်လေးများ ၊ လစ်လပ်သွားသော မယားငယ်လေးများအတွက် စောင့်ရှောက်ကူညီပေးရေး ပရဟတိ တစ်ခုကို ဗြိတိသျှ ဦးဆောင်ပြီး အရေးပေါ်ထူထောင်လိုက်သည် ။
ဒိုနာအတွက်တော့ တိတ်တိတ်ပုန်းအဝေးကွင်းကန်နေသော ဗြိတိသျှတို့ သံချောင်းပါတီမှ သူဌေးကြီးများကို အကူအညီတောင်းလိုက်ရသည် ။
အခြား အဖွဲ့နှစ်ခုဖြစ်သည့် မယားအတန်းအစားခွဲခြားမှုပပျောက်ရေးကွန်ယက် ၊ မယားကြီး မယားငယ် စည်းလုံးညီညွတ်ရေးသမဂ္ဂ (မငစသ) တို့နှင့်ပူးပေါင်းပြီး မဟာမိတ်ဖွဲ့လိုက်သည် ။
မယားကြီးမယားငယ် ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေး ဆွေးနွေးပွဲများကျင်းပကြမည် ။
နိုင်ငံလုံးကျွတ် မယားငယ်ဖိုရမ်များ ပြုလုပ်မည် ။
အင်အားကြီးလာလျှင် အဖွဲ့အစည်းကို ဖျက်ပြီး ပါတီထူထောင်မည် ။
ပြီးတော့ ရွေးကောက်ပွဲဝင်မည်...........။
လွှတ်တော်ထဲ သွားမည် ။
အစိုးရဖွဲ့မည် ။
မယားငယ်နှိပ်ကွပ်ရေး ဥပဒေ မှန်သမျှကို ဖျက်သိမ်းပစ်မည် ။..............။
မယားအဆင့်အတန်းခွဲခြားမှုမှန်သမျှ ကို တိုက်ဖျက်ပစ်မည် ။.............။
အမျိုးဘာသာသာသနာမှ သမီးငယ်လေးများ အခြားလူမျိုးခြားလက်မပါရေးအတွက် အနစ်နာခံကြမည် ။
ဗြိတိသျှ ကိုကိုမောင်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...