Sunday, December 14, 2014

“အံဆုံးမပေါက်သေးသော အလှမယ်လေးအကြောင်း”

          ကိုယ်တို့တွေက အံဆုံးလို့ခေါ်တဲ့ နောက်ဆုံးပေါက်စရာ သွားလေးချောင်းကို အင်္ဂလိပ်တွေကတော့ “Wisdom Teeth” လို့ ခေါ်ပါတယ်။ သဘောကတော့ Wisdom လို့ခေါ်တဲ့ အသိအလိမ္မာတွေ ကြွယ်ဝလာတဲ့အခါမှ ထွက်လာသောသွားများပေါ့။ ဟုတ်ပေလိမ့်မယ်။ အဲသည်သွားတွေပေါက်တာ အသက်နှစ်ဆယ် အစိတ်လောက်ဆိုတော့ ဆယ်ကျော်သက်အရွယ်ကလို မိုက်ရူးရဲ မဟုတ်တော့ဘူး။ အသိဥာဏ်ကလေး အထိုက်အလျောက် ရှိလာပြီလို့ ပြောလို့ရတယ်။ လူတစ်ယောက်နဲ့တစ်ယောက်တော့ မတူဘူးပေါ့လေ။ ဆံဖြူသွားကျိုး သင်္ချိုံင်းကုန်းကို မျက်စောင်းထိုးတဲ့အရွယ်ထိအောင် သုံးစားလို့မရတဲ့ ဦးနှောက်နဲ့ မောင်ရင်ငတေ မိုက်ကန်းသည် လုပ်နေတဲ့သူတွေကို မပြောလိုပါဘူး။ လူတော်တော်များများကတော့ အဲသည် ၂၅-၃၀ အရွယ်လောက်ဆို အိမ်ယာထူထောင်ပြီး ကိုယ့်ဘဝကိုယ်စဖို့ ပြင်ဆင်ကြရတာမို့ သည်အရွယ်ဟာ စဉ်းစားဆင်ခြင်ဥာဏ် အရှိသင့်ဆုံး အရွယ်ပါပဲ။ နည်းနည်းပါးပါး စောကောင်းစောမယ်။ နောက်ကျကောင်း နောက်ကျမယ်။
ဒါပေမယ့် ယေဘုယျအားဖြင့် ပြောကြေးဆိုရင် သည်သွားလေးတွေ ပေါက်လာပြီဆိုရင် အဲသည်ခေါင်းကြီးထဲ ဦးနှောက် နဲ့ အပြည့် ရှိနေသင့်ပြီ။ မရှိရင် ဘာဖြစ်မလဲ။ မရှိရင် ဒုက္ခ နဲ့ လှလှ နဲ့ တွေ့ကြရတော့မယ် လို့သာ မှတ်လိုက်။ လောကကြီးဆိုတာ မာယာတွေ သိပ်များတယ်။ လှည့်ဖျားကောက်ကျစ်တတ်သူတွေနဲ့လည်း မလွဲမသွေ တွေ့ရဦးမှာပဲ။ ကိုယ့်ဘက်က လက်နက်သဖွယ် အားကိုးစရာဟာ စဉ်းစားဆင်ခြင်နိုင်တဲ့ ဦးနှောက်တစ်ခုသာ ရှိတယ်။ ကျဉ်းထဲကြပ်ထဲရောက်ရင် ကိုယ့်ကိုကယ်တင်မှာလည်း အဲသည်ဦးနှောက်တစ်ခုပဲ အားကိုးရလိမ့်မယ်။

          ဒါပေမယ့်လည်း တချို့ကလေးတွေမှာ ဘဝပေးအခြေအနေအရ ကိုယ်ပိုင်ဦးနှောက်တစ်ခုကို မရှိမဖြစ်လိုအပ်တဲ့အချိန်ဟာ အံဆုံးကလေးတွေ ပေါက်လာတဲ့ထိအောင်တောင် မစောင့်နိုင်ဘူး။ ရေကူးမတတ်ခင် ရေကန်ထဲကို ဗြုန်းကနဲကျသွားသလို ယက်ကန်ယက်ကန်နဲ့ ကူးရင်းခတ်ရင်း မုဆိုးစိုင်သင်သလို သင်ရတော့တယ်။ လောကရဲ့အလယ်မှာ တစ်ယောက်တည်း ဆုံးဖြတ်ချက်တွေကိုချပြီး အောင်မြင်မှု နဲ့ ကျရှုံးမှုအကြားမှာ ကြိုးတန်းလမ်းလျှောက်သလို လျှောက်ရတဲ့အခါ သူတို့ရဲ့ နုနုနယ်နယ် ဦးနှောက်ကလေးတွေက လမ်းအရွေးမှားသွားရင် သူတို့ဘဝတစ်ခုလုံးပါ ပန်းကောင်းအညွန့်ကျိုး ဖြစ်သွားတတ်တယ်။ ဥပမာပြရရင်တော့ တခြား ဘယ်ကိုမှ သွားမကြည့်ပါနဲ့။ ခုရက်ပိုင်း ဖေ့စ်ဘုတ်ပေါ်မှာ နံမယ်အကြီးဆုံး အလှမယ်ကလေးကိုပဲ ကြည့်လိုက်ပါ။ သူ့ရဲ့ဘဝဟာ အပ်ဖျားပေါ်မှာတင်ထားတဲ့ မုန်ညင်းစေ့ကလေးလို သည်းထိပ်ရင်ဖိုစရာကောင်းလှတယ်။ သူများတာလို့ လိုက်တာတဲ့သဘောမျိုး မရှိပေမယ့် သူ့အဖြစ်အပျက်ဟာ သင်ခန်းစာယူစရာတွေ တပုံတပင်ကြီးတွေ့လိုက်ရတာကြောင့် နောင်လာလတ္တံ့သော မောင်လူလှ၊ မမယ်လှကလေးတွေကို Lesson ပေးလိုက်ရပါတယ်။

          တချို့ကလေးလေးတွေဟာ ကလေးဘဝအရွယ်မှာကတည်းက အောင်မြင်မှုရဲ့အရသာကို ခံစားဖူးကြတယ်။ ဥပမာ မေသက်ထားဆွေလို ကလေးမျိုး၊ ဟိုးတုန်းကဆိုရင် အောင်ထွန်းလေး လို ကလေးမျိုး။ လူမမယ်အရွယ်မှာကတည်းက ခိုင်မာကြီးမားသော ဝင်ငွေတွေအပြင် လူထုပရိသတ်ရဲ့ မေတ္တာသက်ဝင် ချစ်ခင်ခြင်း၊ နံမယ်ဂုဏ်သတင်း ကျော်ဇောခြင်းတွေကို အံ့သြစရာ ကောင်းလောက်အောင် ရကြတယ်။ သူတို့လေးတွေရဲ့ အနုပညာပါရမီစွမ်းအားလို့ ပြောချင်ပြော၊ အတိတ်ဘဝက ပြုခဲ့ဖူးတဲ့ ကုသိုလ်အဟုန်လို့ ထင်ချင်ထင်။ အဲသည်အရွယ်ကလေးနဲ့တင် လျှမ်းလျှမ်းတောက် အောင်မြင်သွားကြတယ်။ ဒါပေမယ့် တကယ့်တကယ်ကျတော့ အရွယ်မတိုင်ခင် ရေထဲကန်ချခံရတဲ့ ကလေးများနဲ့ အလားသဏ္ဍန်တူတယ်။ ရှေ့ဆက်လျှောက်ရမယ့်လမ်းက အနုပညာတစ်ခုတည်းနဲ့ မပြီးဘူး။ စီးပွားရေး၊ အသက်မွေးမှုလုပ်ငန်းတွေ ဖြစ်နေတယ်။ အဲသည်လမ်းကို ဆက်လျှောက်ဖို့ကျတော့ သူတို့နဲ့အတူ စဉ်းစားဆင်ခြင်တတ်တဲ့ ဦးနှောက်ပါမလာရင် ခရီးမပေါက်တော့ဘူး။ သူတို့ကို အုပ်ထိမ်းတဲ့မိဘမှာသာ ရင့်ကျက်တဲ့ ဦးနှောက်မရှိရင်၊ နိုင်နိုင်နင်းနင်း ပဲ့ကိုင်စီမံနိုင်ခြင်းမရှိရင် ကလေးရထားတဲ့ အောင်မြင်မှုက ကောက်ရိုးမီးဖြစ်သွားလိမ့်မယ်။ (ဥပမာ မက်ကောလေး နဲ့ သူ့ဖေဖေ) ပိုက်ဆံရှာတဲ့ဦးနှောက်ချည့်ပဲရှိပြီး ကလေးရဲ့ အနုပညာကို နားမလည်ရင်လည်း မျောက်ဖိုးစိန်ပြစားတဲ့ မျောက်ဇာတ်ဆရာလိုနေမယ်။ (ဥပမာ ဘရစ်တနီစပီးယား နဲ့ သူ့မေမေ) တစ်အိမ်လုံးပေါင်းလို့မှ အံဆုံးတစ်ချောင်းမပေါက်တဲ့ မိသားစုဆိုရင်တော့ တစ်အိမ်သားလုံး ဆပ်ကပ်ထဲရောက်ဖို့သာပြင်။ လည်တဲ့သူက ခိုင်းစားသွားတော့မှာ။

          ဘဝမှာ အောင်မြင်တဲ့သူတွေကို ကြည့်လိုက်ရင် ရုပ်ချောလို့ အောင်မြင်တဲ့သူ၊ ပိုက်ဆံချမ်းသာလို့ အောင်မြင်တဲ့သူ၊ လူကြီးသားသမီးမို့ အောင်မြင်တဲ့သူ၊ အနုပညာပြောင်မြောက်လွန်းလို့ အောင်မြင်တဲ့သူ အမျိုးမျိုးအစားစား ရှိပေမယ့်လည်း ဦးနှောက်မရှိပဲ အောင်မြင်တဲ့သူဆိုတာတော့ တစ်ယောက်မှ မရှိခဲ့ဖူးဘူး။ ကြက်ကန်းဆန်အိုးတိုးတာဟာ တစ်နပ်စာအပြင် ပိုမစားနိုင်ဘူး။ ပြည်တော်ချစ် မင်းသားကြီး ကိုကိုစိုးသူကို ကြည့်ဗျာ။ သူက ရုပ်လည်းချောတယ်။ အသံလည်း ကောင်းတယ်။ သီချင်းဆိုလည်း ပိုင်တယ်။ သရုပ်ဆောင်လည်း တော်တယ်။ ပညာတတ်၊ ဂုဏ်သရေရှိ၊ အမျိုးကောင်းသားကြီး။ (ဂလု ဂလု။ ရေသောက်၍ ပြောသည်)  ဒါပေသိ အဲ့ဒီအရည်အချင်းတွေအားလုံးက သူ့လက်ထဲကိုင်ထားတဲ့ ဖဲချပ်ကလေး တစ်ချပ်စီလောက်ပဲ အသုံးဝင်တယ်။ တကယ့်သော့ချက်က သူအဲသည် ဖဲချပ်ကလေးတွေကို ကိုင်ပြီး ဘဝမှာ အောင်မြင်အောင် ဘယ်လိုကစားသွားသလဲဆိုတဲ့ ဦးနှောက်ကမှ အခရာ။ သူ့လိုပဲ သူနဲ့လယ်ဗယ်တန်းက အောင်မြင်နေတဲ့ အနုပညာရှင်တွေအားလုံးဟာ ဦးနှောက်ကြီးကြီးရှိလို့ အဲသလို ရပ်တည်နေနိုင်တာ။  ဒါကြောင့်မို့လို့ အောင်မြင်ချင်တဲ့သူဟာ ဦးနှောက်တော့ မဖြစ်မနေ ရှိသင့်တယ်။ "ဘယ်မှာလဲ ပြော။ သွားဝယ်ပလိုက်မယ်။” ဆိုရင်တော့ လူဦးနှောက်ရမှာ မဟုတ်ဘူး။ ဆိတ်ဦးနှောက် ဝက်ဦးနှောက်ပဲ ရလိမ့်မယ်။ စဉ်းစားဆင်ခြင်ဥာဏ်ဆိုတာ ဘယ်ကျောင်းက အောင်လက်မှတ်နဲ့မှ မတိုင်းတာဘူး။ ကိုယ် နဲ့ ကိုယ့်ပတ်ဝန်းကျင်နဲ့ နေ့စဉ် နေထိုင်ဆက်ဆံရေးမှာ ကိုယ်က အရာရာကို ဘယ်လိုစဉ်းစားသလဲဆိုတဲ့အပေါ် မူတည်တယ်။

            အဲသလို စဉ်းစားသုံးသပ်ပြီး ဆုံးဖြတ်နိုင်ဖို့အတွက် ကိုယ်ကိုယ်တိုင် မြင်တွေ့ကြားသိသမျှ အချက်အလက်အားလုံးကို မှန်မှန်ကန်ကန် သုံးသပ်နိုင်ရတယ်။ သင်္ချာတွက်သလိုပဲ။ ပေးထားချက်မှန်မှ အဖြေမှန်ထုတ်လို့ရမယ်လေ။  ဒါပေမယ့် လောကကြီးက မာယာတွေ အပြည့်နဲ့ပါဆိုမှ။ ကိုယ်ရထားတဲ့ အချက်အလက်တိုင်းဟာ အမှန်ချည့်ပဲလို့ ဘယ်တော့မှ ယုံလို့မရဘူး။ မြင်မြင်သမျှ အမှားချည့်ပဲလို့လည်း တွက်လို့မရဘူး။ ဘယ်ဟာကအမှန် ဘယ်ဟာက အမှားဆိုတာ ကိုယ့်ဘာသာကိုယ် သဲသဲကွဲကွဲ ကြည့်တတ်ဖို့လိုတယ်။ လူတွေနဲ့ ပေါင်းတဲ့အခါမှာလည်း အတူတူပဲပေါ့။ ဘယ်သူက ယုံလို့ရတယ်။ ဘယ်သူက ယုံလို့မရဘူး။ ဘယ်သူ့ကို ဘယ်လောက်အထိ ယုံမှာလဲ ဆိုတာသိရင် ကိုယ့်ကိုယ်ကိုယ် အံဆုံးပေါက်ပြီ လို့ မှတ်လိုက်။

            သည်အခါမှာ ကိုယ့်ကို သူများတွေက မမှန်မကန် လှည့်ဖျားပြီး လိမ်တာညာတာကို မကြိုက်ဘူးဆိုလို့ရှိရင် ကိုယ်ကိုယ်တိုင်ကလည်း ဘယ်သူ့ကိုမှ မလိမ်မညာ မလှည့်ဖျားပဲ ရိုးသားမှုရှိရှိ ဆက်ဆံဖို့ လိုလိမ့်မယ်။ ကိုယ်မပေးနိုင်တဲ့အရာကို သူများတွေဆီက မျှော်လင့်နေတာ အဓိပ္ပါယ်မှ မရှိပဲ။ သူကမှ မမှန်တာ။ ကိုယ်ကချည့် အမှန်ပြောလို့ ရမလား လို့ မတွက်ပါနဲ့။ အမှန်တရားဆိုတာ သူ့ပါးစပ်ထဲမှာရော၊ ကိုယ့်ပါးစပ်ထဲမှာရော မရှိဘူး။ သူ့ဟာသူနေတယ်။  ကိုယ်ကသာ အဲသည်အမှန်အတိုင်းဖြစ်အောင် လိုက်ပြောရတာ။ တကယ်လို့များ သူကလိမ်တယ်။ ကိုယ်က အလိမ်ခံရတယ်။ နစ်နာဆုံးရှုံးမှု အထိုက်အလျောက် ရှိသွားတယ်။ ဒါ ဝမ်းနည်းစရာ မလိုဘူး။ ကိုယ်မှန်တယ်လေ။ စိတ်ဓါတ်အင်အား မဆုံးရှုံးဘူး။ ကိုယ်ကသာ ပြန်လိမ်လိုက်မယ် လို့ စိတ်မကူးနဲ့။ နှစ်မှားပေါင်းရင် တစ်မှန် မဖြစ်ဘူး။ သူများဆီက လိမ်ညာလှည့်ဖြားပြီး အကျိုးစီးပွား အမြတ်ထုတ်တာဟာ အနိုင်မဟုတ်ဘူး။ ရှုံးတာ။ မယုံဘူးလား။ သက်သေပြမယ်။

             တကယ်လို့များ မေမြတ်နိုးဆိုတဲ့ကလေးမဟာ သူကရိုးလျက်သားနဲ့ ကိုရီးယားကို မဟုတ်မမှန် လိမ်ညာလှည့်ဖြားတဲ့ ကတိကဝတ်စာချုပ်တွေနဲ့ ခေါ်သွားခံရပြီး ဟိုရောက်တော့မှ အတင်းအကြပ် အနိုင်ကျင့်ခိုင်းစေတယ်ဆိုပါစို့။ နောက်ဆုံးမှာ ရပ်သိရွာသိတောင် မဟုတ်ဘူး။ ကမ္ဘာသိ မီဒီယာတွေပေါ်မှာ နှစ်ပြားမှမတန်အောင် သိက္ခာချ အရှက်ရစေတယ် ဆိုပါစို့။ (ဆိုပါစို့နော်။ ဆိုပါစို့။) သူ့ဘက်က ကယ်တင်နိုင်စရာက အဲသည် ရိုးသားမှုဆိုတာကို သက်သေပြဖို့မှတပါး တခြား ဘာနဲ့မှ သိက္ခာဆယ်လို့ မရတော့ဘူး။ သူက တမျိုးပြောနေတယ်။ ဟိုဘက်က ကန်ထွီမန်နေဂျာဆိုတဲ့ မိန်းမကြီးနဲ့ သူ့အားပုဂျိက တမျိုး လေပုတ်ထုတ်ဆေးဖော်နေတယ်။ ဘယ်သူကမှားတယ် ဘယ်သူကမှန်တယ်ဆိုတာ သူတို့မှတပါး ဘယ်သူမှ မသိကြဘူး။ ဒီအခါမှာ အရင်ဆုံး ချိန်ထိုးကြည့်တာက ဘယ်သူက ယုံရလောက်တဲ့လူလဲ။ ဘယ်သူက ကူလီကူမာများသလဲဆိုတာပေါ့။ သူ့မတိုင်ခင်က မယ်သုံးယောက်လည်း အဲသည်အဖွဲ့ဒဏ်မခံနိုင်လို့ ဒါမျိုးဖြစ်ပေါင်းများပြီ ဆိုတဲ့ သတင်းသာမှန်ရင် အဲသည်ဘက်က အနှုတ်လက္ခဏာပေါ့။ သည်ကောင်မလေးရော သူ့အမေရော ကလိမ်ကကျစ်တွေပါ။ ဘလာစီယာဝယ်စရာ ပိုက်ဆံမပါလို့ တို့ချေးပေးလိုက်ရတာ၊ ဘယ်သူ နဲ့တုန်းက ဘယ်သို့ဘယ်ချမ်းသာ ဆိုတဲ့ သတင်းတွေသာမှန်ရင် ကောင်မလေးဘက်က အနှုတ်လက္ခဏာ။ အခုဖြစ်ရပ်က ဖန်ခွက်နှစ်ခွက် ကိုင်ရိုက်လိုက်သလိုပဲ။ ခွမ်းကနဲ မြည်သွားပြီ။ ဘယ်ဟာအစစ်လဲ။ မစစ်တဲ့ခွက်ကွဲမှာ။ နှစ်ခွက်လုံးမမှန်ရင် နှစ်ခွက်လုံး ကွဲမှာ။

             အခုပြောချင်တာက သူတို့နစ်ယောက်စလုံး ဘယ်သူမှန် ဘယ်သူမှား မဟုတ်ဘူးနော်။ ဘယ်ဘက်ကမှန်မှန် ဘယ်ဘက်ကမှားမှား ကိုယ်နဲ့မှ မပတ်သက်တာ။ ကိုယ်က ကြားထဲက သင်ခန်းစာယူနိုင်တာ တစ်ခုပဲ ရှိတယ်။ တကယ်လို့များ ကောင်မလေးဘက်က မလိမ်မညာ အရိုးခံစိတ်သဘောထားနဲ့ ဘယ်သူ့ကိုမှ မလှည့်ဖျားပဲ ကိုယ်ကျင့်သိက္ခာ မှတ်ကျောက်တင်ထားနိုင်တဲ့ နောက်ကြောင်းရှိရင် သူများလွှင့်တဲ့ ကောလာဟလက မှုလောက်စရာ မရှိဘူး။ ဒါကြောင့် သူ့ရဲ့ ရိုးသားမှုကသာ သူ့ကို ကယ်တင်နိင်မယ်လို့ ပြောတာ။ ကိုယ့်ထက် အင်အားကြီးတဲ့ အတိုက်အခံကို ရင်ဆိုင်နိုင်ဖို့ဆိုတာ သတ္တိလိုတယ်။ သတ္တိရှိချင်ရင် ကိုယ့်ဘက်က မှန်ရတယ်။ ကိုယ့်ဘက်က မှန်ချင်ရင် ရိုးသားရတယ်။ ရိုးသားမှုဆိုတာ ရိုးချင်ယောင်ဆောင်တာ မဟုတ်တဲ့အတွက် အလိမ်ပေါ်ကို နောက်ထပ်အလိမ်မဆင့်ဖို့က အရေးကြီးဆုံးပဲ။ အနိုင်ယူချင်ဇော၊ အရှုံးမပေးချင်ဇောနဲ့ ပိပိရိရိ ဆက်လိမ်တာမျိုးဆိုရင် တကယ်လို့ အခုကိစ္စမှာ အနိုင်ရခဲ့ရင်တောင် နောင်တစ်သက်လုံး လိပ်ပြာမလုံတော့ဘူး။ ရှေ့ဆက်ဖို့အတွက် အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် ဆက်လိမ်ရတော့မယ်။ အဲ့ဒါကြီးက တော်တော်ဆိုးတာ။ သူ့ထက်ဆိုးတာက “လိမ်လို့ရတယ်။ လူတွေက ယုံကြသားပဲ” လို့ တွေးလိုက်တဲ့အတွက် သူ့ဘဝတလျှောက်လုံး မုသားတွေနဲ့ စခန်းသွားရတော့မယ်။ အဲ့ဒါ အညွန့်ကျိုးတာပဲ။ ဖန်စီကျောက်ကပ် ကရောင်းလေးတစ်ခုက ၁၉ နှစ်သမီးလေးကို ကူလီကူမာမကြီးအဖြစ် ပြောင်းသွားစေမယ်ဆိုရင် ဘယ်သူက နစ်နာတာလဲ စဉ်းစားပါ။ ပြီးခဲ့ပြီးတဲ့ ကိစ္စတွေမှာ မှန်တယ်လည်း မဝေဖန်ဘူး။ မှားတယ်လည်း မဝေဖန်ဘူး။ ရှေ့ဆက်မယ့် မာယာထောင်ချောက်တွေမှာ အကွက်ရွှေ့မမှားအောင် သတိပေးတာ သက်သက်ပဲ။ မုသားကို မုသားချင်း အနိုင်ယူလို့မရဘူး။ မုသားကို သစ္စာနဲ့သာ အောင်နိုင်ရာတယ်။ ဘယ်ဘုရားသခင်မဆို သည်အတိုင်းပဲ ဟောတယ်။ ကရောင်းကိစ္စက နောက်နှစ်လလောက်ဆို ဘယ်သူကမှ စကားထဲထည့်ပြောမှာ မဟုတ်တော့ဘူး။ ကိုယ်ပြောတဲ့ဆိုလိုရင်းအဓိပ္ပါယ်ကို သဘောပေါက်နိုင်မယ်ဆိုရင် သူ့ဦးနှောက်ကလေး ပျောက်မသွားသေးဘူးလို့ ယူဆရမှာပဲ။

            နောက်အကြောင်းအရာတစ်ခုကတော့ ကိုယ်ကသမီးရှင်ပီပီ သားသမီးချင်း၊ နှမသားချင်း စာနာမိတာပါပဲ။ ကိုယ့်သမီး ၁၆ နှစ်မ ဟာ ဘယ်နေရာကိုမှ သူ့ဘာသူ တစ်ယောက်တည်း မသွားဖူးဘူး။ နောက် နှစ်နှစ်လောက်နေရင် နိုင်ငံရပ်ခြားမှာ သမီးဘာသမီး တော်သလိုသာ နေခဲ့ပေတော့လို့ သူစိမ်းတွေလက်ထဲထားပစ်ခဲ့ဖို့ ကိုယ့်အတွက်တော့ မဖြစ်နိုင်သေးဘူး။ ဒါပေမယ့် တစ်သက်လုံး မျက်စိအောက်မှာ ရင်အုပ်မကွာထားဖို့ရာကျတော့လည်း သိပ်အတ္တကြီးလွန်းရာ ကျတယ်။ ကွေးသောလက် မဆန့်မီ ဆန့်သောလက် မကွေးမီတွေနဲ့ ရေကန်ထဲများ ပြုတ်ကျသွားရင် အခက်။ အဲသည်ပြသနာအတွက် အဖြေကတော့ သမီးခေါင်းထဲကို ဦးနှောက်တစ်ခု အမြန်ဆုံးရောက်အောင် ထည့်ပေးဖို့နည်းပဲ ရှိတယ်။ အရာရာကို သူ့ဘာသာ ဆုံးဖြတ်ရတော့မယ်။ အဲ့ဒီလို ဆုံးဖြတ်တာမှန်ဖို့ လေ့ကျင့်ပေးရမယ်။ ကိုယ်ကဝင်ဝင်ဆုံးဖြတ်နေရင် သူဘယ်တတ်ပါ့မလဲ။ တကယ်လို့များ သမီးက ဆယ်တန်းတွေ ဘာတွေအောင်လို့ နိုင်ငံခြားမှာ ကျောင်းသွားတက်ချင်တယ်လို့ ဆိုလာခဲ့ရင် အခုသည်မှာ ရှိနေတဲ့ တစ်မိသားစုလုံး သမီးနောက်ကို ကောက်ကောက်ပါအောင် လိုက်မလာနိုင်ဘူးဆိုတာ သဘောပေါက်လိမ့်မယ် ထင်ပါရဲ့။ အဲ့ဒါဆိုရင် ဘယ်လိုလုပ်ကြမလဲ။ နေရေးထိုင်ရေး၊ စားရေးသောက်ရေး၊ သွားရေးလာရေး၊ ပေါင်းသင်းဆက်ဆံရေး၊ အဲ့ဒါတွေ အားလုံး ကိုယ့်အားကိုယ်ကိုး နှစ်ကျပ်ဖိုးဘဝမျိုးကို သမီးကိုယ်တိုင် စဉ်းစားထားဖို့တော့ လိုပြီထင်ပါတယ်။

           ကိုယ့်မိဘမှ အပဖြစ်သော တစိမ်းတွေရဲ့အလယ်မှာ အမှားအမှန် ဝေဖန်ပိုင်းခြားပြီး ကိုယ်ကိုယ်တိုင် ဆုံးဖြတ်နိုင်ဖို့အတွက်ကတော့ အခုပြောတဲ့ အံဆုံးမပေါက်သေးသော အလှမယ်ကလေး ပုံပြင်ဟာ သင်ခန်းစာတွေ အများကြီး ရနိုင်လိမ့်မယ် ထင်ပါတယ်။ လူကြီးတွေက မိန်းကလေးတွေကို ဗိုင်းကောင်းကျောက်ဖိ၊ အနေအထိုင် ပိပိပြားပြား၊ စည်းကမ်းကလေးနဲ့ နေဖို့ ဘာ့ကြောင့် တစာစာ သွန်သင်ရသလဲ သိပြီလား။ နို့မို့ ကိုယ့်ပစ္စည်းနဲ့ကိုယ်၊ မျက်လုံးကျွတ်ထွက်အောင် အကြည့်ခံရပြီးမှ “ဟိုဟာလေးကို ဟိုလိုလုပ်လိုက်ပါလား။ သည်ဟာလေးကို သည်လိုလုပ်လိုက်ပါလား” နဲ့ မြှောက်ပေးတုန်းက မြှောက်ပေး၊ မတည့်တဲ့အခါကျတော့ “အော်မဟုတ်ဘူး။ ဘော်ဒီရုံကဆင်းလာတာ” လို့ ရပ်သိရွာသိ လိုက်အော်တာ မြင်တယ်ဟုတ်။ အရပ်ထဲ မသာအိမ်က အကောက်ကောက်တဲ့မိန်းမကြီးလို “နင်ဖော်လို့ရသမျှ ငါနဲ့လည်းဆိုင်တယ်” လို့ စာချုပ်ကြီးနဲ့ ဟိန်းလားဟောက်လားလုပ်တဲ့ မိန်းမကြီးတွေရော တွေ့ဖူးပြီလား။ “ရုပ်ကလေးသနရုပ်ပနဲ့ ယောင်းမမြင်းစီးထွက်ရုံတင်မဟုတ်ဘူး။ ကရောင်းကြီးပါ သုတ်ပြေးပါပေါ့။” လို့ ရပ်ကျော်ရွာကျော် သူခိုးဟစ်ခံရတဲ့အခါ ကိုယ့်ဘက်က ကယ်တင်နိုင်မယ့် ခုခံအားဟာ ဘဘဗိုလ်ချုပ်ကြီး နဲ့ အမျိုးသမီးရေးရာတွေလည်း မဟုတ်ဘူး။ ဂျာနယ်၊ မီဒီယာများနဲ့ မျိုးချစ်ပုဂ္ဂိုလ် ကိုကိုမမများလည်း မဟုတ်ဘူး။ ကိုယ်တစ်သက်လုံး ထိန်းသိမ်းလာခဲ့တဲ့ ရိုးဂုဏ်တစ်ခုကသာ ကိုးကွယ်ရာ သစ္စာ ဖြစ်တယ်လို့ သေသေချာချာ မှတ်မိအောင် သွန်သင်ချင်ပါတယ်လေ။

Soe Min

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...