Thursday, December 4, 2014

ဘက်လိုက်ဥပဒေကြီး


ဂျော့အော်ဝဲလ်ရဲ့ "1984" က မျိုးဆက်သန့်စင်ရေး နိုင်ငံတော်ကြီးမှာလဲ ပါတီဝင်အမျိုးသားတွေဟာ အမျိုးသမီးတွေကို ဆွဲဆောင်ခြင်းကို မပြုလုပ်ရဘူးဆိုတဲ့ သံမဏိစည်းမျဉ်း ပါတယ်ဆိုပဲ။ ဒါ့ထက်တောင် ၄င်းနိုင်ငံတော်ကြီးတွင် အမျိုးသမီးတွေဟာ နိုင်ငံတော် မျိုးဆက်သန့်စင်စေရေး လူပ်ရှားရတာတွေကို အမျိုးသားတွေထက် များစွာ ပိုပြီး တက်ကြွကြတယ်လို့ ဆိုပါတယ်။
"ယောကျာင်္းတွေရဲ့ ဆွဲဆောင်ခြင်းကို မခံ၊ တသက်လုံး လိင်ကိစ္စမပြုလုပ် မပျော်ပါးတော့ပါ" လို့ ကျမ်းကျိန်တဲ့ " ဗြဟ္မစရိယ ကုမ္မာရီ အမျိုးသမီးအဖွဲ့ချုပ်" တွေဟာ မျိုးသန့် နိုင်ငံတော်ကြီးမှာ ပေါ်လာတယ်လို့ ဆိုပါတယ်။

ရုပ်ရှင်ကြည့်ဘူးရင် " နှစ်မိနစ် အမုန်းဖော်ထုတ်ပွဲ " က နိုင်ငံတော်ကို လုပ်ကြံနေတဲ့ နိုင်ငံခြားသားရန်သူတွေ နဲ့ ပြည်တွင်းပုဆိန်ရိုးတွေကို ဆဲဆိုအော်ဟစ်နေတဲ့ အပြာရောင်ပါတီဝတ်စုံဝတ် အမျိုးသမီးတော်တော်များများရဲ့ ခါးမှာ ခါးပန်းကြိုးနီနီကို ပတ်ထားတာကို တွေ့ရပါလိမ့်မယ်။ အဲဒါဟာ ဗြဟ္မစရိယ ကုမ္မာရီ အမျိုးသမီးအဖွဲ့ဝင် ဖြစ်ကြောင်း သရုပ်ဖော်ထားတာပါ။

သည်မှာ ပြောချင်တာက "ဆွဲဆောင်ခြင်း"ကို ထောင်ဒဏ်ချပြီး အပြစ်ပေးမယ်ဆိုတာဟာ အခြေခံ လူ့အခွင့်အရေး ဖြစ်တဲ့ လူအချင်းချင်း ကူးလူးဆက်သွယ်ပိုင်ခွင့် (human communication) ကို အပြင်းထန်ဆုံး ပိတ်ပင်မှု ဖြစ်တယ်။ ဒါဟာ ဆွဲဆောင်သူရဲ့ ပါးစပ်ကိုသာ မက ဆွဲဆောင်ခံရသူရဲ့ နားကိုပါ ပိတ်ပင်ခြင်း ဖြစ်တယ်။

စစ်အစိုးရက ကျင်းပတဲ့ ဗမာပြည် ရွေးကောက်ပွဲတွေမှာလဲ နောက်ဆုံး ရွေးကောက်ပွဲ တခုကလွဲလို့ ပါတီတွေဟာ ဆွဲဆောင်ခွင့် မရှိဘဲ – တပါတီကို ဆယ်မိနစ် နိုင်ငံတော်မူဝါဒ၊ အမျိုးသားယဉ်ကျေးမှုတွေကို မဆန့်ကျင်ဘဲ တီဗွီမှာ ပြောနိုင်တယ် – ဒါဟာလဲ “ဒီမိုကရေစီ" ရွေးကောက်ပွဲဆိုပြီး လုပ်တယ်လေ။

ကျနော် ရှေ့မှာ ဆိုခဲ့သလို စစ်တပ်က ပေးသနားတဲ့ ဒီမိုကရေစီ ဆိုတာဟာ လုံးဝ မရှိဘူး။ သည်လိုပဲ ဆရာတော်ဘုရားကြီးများ ပေးသနားတဲ့ ဒီမိုကရေစီဆိုတာ “လုံးဝ" မရှိဘူး။
_____________________________________
Aung Kyaw Moe

မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အတွက် ထူးထူးရှယ်လက်ထပ်ထိမ်းမြားခြင်း ဥပဒေ မူကြမ်း ထွက်ပေါ်လာလေပြီ။

နည်းနည်းဖတ်ကြည့်တဲ့အခါ သဘောပေါက်မိတာက =
မြန်မာဗုဒ္ဓဘာသာဝင်မိန်မများ အနေနဲ့ ဘာသာခြား နဲ့ ချစ်သူဖြစ်ရင် လွတ်လပ်သူတွေ ဖြစ်ကြရင် မှတ်ပုံတင်အရာရှိကို ရေနည်းနည်းလောင်းပြီး လက်ထပ်လို့ ရတယ် လို့ပဲ နားလည်မိပါတယ်။ ဒီအထိကတော့ မဆိုးလှသေးပါဘူး။

ဘာသာခြား ယောကျာ်းဖက် က လိုက်နာရမှာတွေ ကတော့==
မြန်မာဗုဒ္ဓဘာသာဝင်မိန်းမ ကို အိမ်မှာ ဘုရားစင် နဲ့ ကိုးကွယ်ခွင့်ပြုရမယ်။
ဘယ်နည်းနဲ့ မှ ဘာသာရေး ကို စွန့်အောင် မဆွဲဆောင်ရ။ ဒါတွေ ကို ခွင့်မပြု ရင် ထောင် ၆ လ ကျခံစေ။
ဗုဒ္ဓဘာသာ သင်္ကေတတွေ ကို မထီမဲ့မြင် မဖွယ်မရာ မပြု ရ။ ဒီလိုလုပ်ခဲ့ရင် ထောင် ၃ နှစ် ကျခံစေ။ ဆိုတဲ့ အချက်တွေ လောက်ပါပဲ။

ဘာသာရေးကဲလွန်းတဲ့ ဥပဒေ ဖြစ်နေပါတယ်။ လင်ဝတ္တရား ကျင့်ဝတ်နဲ့ ညီ မညီ ဆိုတာတွေ စိုးစဉ်းမျှတောင် မပါ တော့ ဒါတွေက ဘုန်ကြီးတွေ မသိနိုးနား ဂိုက်လိုင်းပေး ရေးထားတာဆိုတာ ထင်ရှားနေပါတယ်။

တစ်ချိန်မှာ မိန်းမ က လင်ဖြစ်သူရဲ့ ဘာသာကို ပြောင်းချင်ရင်တောင် ((ဘယ်နည်းနဲ့ မှ ဘာသာရေး ကို စွန့်အောင် မဆွဲဆောင်ရ။)) ဆိုတာကြီး က နောက်ဥပဒေ တစ်ခု ဖြစ်တဲ့ ကိုးကွယ်ဘာသာကူးပြောင်းခွင့် ဥပဒေ နဲ့ ဆန့်ကျင်လို့နေပြန်တယ်။

ဟုတ်ပါပြီ။ အထက် ကအချက်တွေ ကို ဖေါက်ဖျက်ခဲ့တယ်ဆိုရင် မိန်းမ က ကွာရှင်းခွင့်တောင်းနိုင်သတဲ့။

အိမ်မှာ ဘုရား ရှိမခိုးရလို့ ကွာရှင်းခွင့်ပေးပါ ဆိုတဲ့ မိန်းမမျိုး တွေ ရှိပါမလား တွေးမိတယ်။ ဘာသာရေးကို အစတည်းက ရှေ့တန်းတင် တန်ဖိုးထားတဲ့ မိန်းမမျိုး ဟာ ဒီလို မဖြစ်နိုင်လို့ပါပဲ။

နောက် ကွာရှင်းပြန်ရင်လည်း ဘာသာခြားလင် က သူ့ရသင့်တာ အကုန်စွန့်ရမတဲ့။ သားသမီးတွေ ကိုလဲ မိန်းမကိုပေးရမတဲ့။ ကလေးစားရိတ်လဲ ထောက်ရမတဲ့။ အတော်ကောင်းပုံရတဲ့ ဥပဒေ ပါပဲ။ ရသင့်တာ ဘာလဲ ဆိုတာကို အတိအကျ သတ်မှတ်ထားတာ မရှိတဲ့အတွက် သနားသလောက် ပေးစာကမ်းစာပဲ ရမဲ့ သဘောမျိုး ဖြစ်လို့နေပါတယ်။ ဒီလို အခြေအနေမှာ နောက်ယူမဲ့သူ မရှိရင်တော့ ဒီ မိန်းမ ရုန်းပေဦးတော့ ဆိုတဲ့ သဘော ပဲလား။ ဒါမှမဟုတ် မျိုးချစ်တွေ ကပဲ လှည်းကျိုး ထမ်းကြမှာလား။ ဘာမှ သိပ်မရေရာလှပါဘူး။

ထားလိုက်ပါတော့။ ဒါက ဗုဒ္ဓဘာသာဝင် လူဦးရေ ကို မကျဆင်းအောင် လုပ်လိုတဲ့သဘော လို့ပဲ ဆိုချင်ဆိုနိုင်တယ်။ ဒီလို အနေအထား မှာ ဖြစ်နိုင်တာ ကတော့ တစ်ခုတည်းပဲ ရှိပါတယ်။

ဘာသာခြားနဲ့ ချစ်မိကြိုက်မိတဲ့ မိန်းကလေးဟာ အနှီယောကျာ်း ကို လက်ထပ်ချင်ရင်တော့ အကောင်းဆုံးက ဗုဒ္ဓဘာသာကို စွန့်ပစ်ပြီး လက်ထပ် မှပဲ ဖြစ်နိုင်လိမ့်မယ်။ ကိုယ့်ဖက် ကလက်ထပ်ချင်နေရင် လက်ထပ်ဖို့လည်း လိုရပ်နေခဲ့ရင်ပေါ့။ မိမိ ဟာ မြန်မာဗုဒ္ဓဘာသာဝင်မိန်းမ ဖြစ်နေတဲ့ အတွက် ကို အားနည်းချက် ဖြစ်နေရပါတယ်။

ဘာကြောင့်လည်း ဆိုတော့ သိပ်ပြီး အကျောပေးခံထားရလွန်းခြင်းကလည်း မိမိအတွက် အားနည်းချက်ဖြစ်စေတယ်။ ဆူးကြား က ဗူးခါး ကို ဘယ်သူက လိုချင်ပါ့မလဲ။

ဒါတွေကို ကြိုတင်မြင်နေမိပါတယ်။ ဘာသာရေးတွေ လွန်ဆွဲတဲ့ကြားက ဗမာမ တွေ ဟိုမရောက် ဒီမရောက် ဖြစ်ရမဲ့ အရေး တွေးပူမိပြန်တယ်။ ဥပဒေဆိုတာ ကလည်း ငွေကြေး နဲ့ အာဏာ နဲ့ လွမ်းမိုးလို ရနေတဲ့ အရာ ဖြစ်နေလို့ပါပဲ။

နောက်ပြီး ဗုဒ္ဓဘာသာဝင်ယောကျာ်းတွေ နဲ့ အိမ်ထောင်ကျမဲ့ ဘာသာခြား မိန်းမတွေ အတွက် ဥပဒေအကာအကွယ် အကြောင်း နဲ့ ဗုဒ္ဓဘာသာဝင်ယောကျာ်းတွေ က ဘာသာခြား အပေါ် ကျင့်သုံးရမဲ့ ၀တ္တရားတွေ မပါရှိတဲ့ အတွက် တစ်ဖက်သပ်ပြဋ္ဌာန်းတဲ့ ဘက်လိုက်ဥပဒေကြီး ဖြစ်နေတာကိုပဲ သုံးသပ်တွေ့ရှိရပါတယ် ဗျာ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...