Monday, December 8, 2014

ဒေါသထိန်းနိုင်ခြင်း (အမီဒလာ)

 
 
 
Austin Phyo added 2 new photos.

စိတ်ထားကောင်းတိုင်း၊ ပညာထူးချွန်တိုင်း လူလေးစားမခံရပါဘူး။ တနည်းအားဖြင့် ခေါင်းဆောင်မဖြစ်နိုင်ပါဘူး။ စိတ်ထားကောင်း၊ ပညာတတ်တဲ့ ခေါင်းဆောင်တိုင်းရဲ့ ထူးခြားချက်ကတော့ ဒေါသထိန်းနိုင်ခြင်း ဖြစ်ပါတယ်။
ဒါပေမဲ့ ကိုယ်မနှစ်သက်သူကို ချက်ချင်းမတုံ့ပြန်ပဲ၊ ပိုင်ပြီဆိုမှ အပိုင်သုတ်သင်ပစ်ခြင်းမျိုးဟာ အာဏာရှင်များရဲ့ အကျင့်ဖြစ်ပါတယ်။

ခေါင်းဆောင်ကောင်းများတော့ ကိုယ့်ကိုသေကြောင်းကြံသူကိုတောင် ကိုယ်အသာရချိန်မှာ အပြုတ်မချေမှုန်းပါဘူး။ အခုရေးမဲ့ ဒေါသထိန်းကျောင်းခြင်းဟာ ခေါင်းဆောင်ကောင်းများရဲ့ ဘယ်လိုဒေါသထိန်းချုပ်သလဲ အနည်းအကျဉ်းပဲ ရေးလိုပါတယ်။
ကမ္ဘာပေါ်မှာ ဖြစ်ပျက်သမျှ သတ်ဖြတ်၊ရိုက်နှက် ရာဇဝတ်မှုများ၊ ယဉ်တိုက်မှုများ၊ လင်မယားကွဲခန်းများဟာ ဒေါသနဲ့လက်တုံ့ပြန်တဲ့ ပြောဆိုလုပ်ကိုင်ပုံများကနေ စတင်လေ့ရှိပါတယ်။
မြန်မာနိုင်ငံတဝှမ်း ကားတိုက်မှုပေါင်းတစ်နေ့သောင်းနဲ့ချီပြီးဖြစ်နေရင်း၊ နေ့စဉ်လူများစွာ သေကြေ၊ဒဏ်ရာရကြပါတယ်။ ဒရိုင်ဘာများရဲ့ ဒေါသကြောင့်၊ စိတ်မထိန်းနိုင်မှုကြောင့် ယာဉ်ကိုအရှိန်မြှင့်မောင်းရင်း ကားတိုက်၊ကားမှောက်မှုများ ဖြစ်ရပါတယ်။ ဘယ်ကားတိုက်မှုမှ တမင်ရည်ရွယ်တာ မရှိပါဘူး။ လျှက်တပြက်အချိန်အတွင်း မိမိနဲ့မိသားစုများကို စော်ကားတဲ့အပြောဆိုများကြောင့် ဒေါသထွက်လာပြီး
ထိုးကြိတ်၊ သတ်ဖြတ်မှုများစွာ ဖြစ်ရပါတယ်။ အုပ်စုလိုက်ရန်စ၊ ရိုက်နှက်ခြင်းများလည်း ထို့အတူပါပဲ။
ဘောလုံးကစားပွဲဆိုရင် အဆိုးဆုံးဖြစ်ပါတယ်။ ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံ ဘောလုံးအသင်းအုပ်ချုပ်သူများက မြန်မာဘောလုံးအသင်းကို အနိုင်ကစားတဲ့နည်းလမ်း သတင်းစာရှင်းလင်းပွဲတွေမှာ ဗြောင်ပဲဖွင့်ပြောပါတယ်။
မြန်မာဘောလုံးသမားများကို ဒေါသထွက်လာအောင် လုပ်လိုက်တာ၊ သူတို့အဖို့ အလွယ်လေးပါ။ အထူးသဖြင့် မြန်မာဘောလုံးအသင်း ရှုံးနေရင်၊ နိုင်ချင်ဇောကြီးလွန်းရင် ထိုင်း၊ စင်ကာပူ ဘောလုံးသမားများက မထိတထိ၊ ရိပြီးကစားပါတယ်။ တို့လိုက်၊ထိလိုက်နဲ့ ဒိုင်လူကြီးမမြင်အောင် လုပ်ရင် ဒေါသထွက်လာပြီး လက်သီးနဲ့လိုက်ထိုးချင်လောက်အောင် မြန်မာဘောလုံးသမားများ ဖြစ်လာပါတယ်။ လူချင်းပူးမိချိန်မှာတော့ အသားကုန်ပိတ်ကန်လိုက်တာ၊ တဖက်လူက သေလုမတတ် လူးလှိမ့်ခံစားရင်း အနီကဒ်ပြားနဲ့ ထုတ်ခံရတယ်။ မတရားဘူးဆိုပြီး တသင်းလုံး ဒေါသထွက်ရုံမကဘူး တလောက အိမ်ကွင်းမှာတောင် ဒေါသနဲ့ ပရိတ်သတ်အထိ အော်ဟစ်၊ ခုံရိုက်ချိုး လုပ်ကြပါတယ်။
တနည်းအားဖြင့် ဒေါသမထိန်းနိုင်ခြင်းဟာ အီမိုးရှင်း လို့ခေါ်တဲ့ အီးကြူ E.Q Emotion Quotation နည်းပါလို့ဖြစ်ရပါတယ်။ မြန်မာတွေ အိုင်ကြူ တော့ အရမ်းမြင့်ကြပါတယ်။
အီးကြူ နည်းပါးမှုကြောင့် ဒေါသတွေ၊ ဝမ်းသာဝမ်းနည်းမှု မထိန်းနိုင်ဖြစ်ရပါတယ်။
"ဒေါသ" ကိုလေ့လာဆန်းစစ်ခြင်း
လူ့ဦးနှောက်ပညာရှင်များက စဉ်းစားဆင်ခြင်တတ်တဲ့ ဦးနျောက် ဘယ်ခြမ်း၊ ညာခြမ်း၊ မှတ်ဥာဏ် စသဖြင့် နက်နဲစွာလေ့လာဆည်းပူးကြပါတယ်။
အဲဒီမှာ အမီဒလာ Amygdalaဆိုတဲ့ ပဲစေ့လောက်တောင် မရှိတဲ့အရာလေးက ဒေါသ နဲ့ အီမိုးရှင်းတွေ ထုတ်ပေးပါတယ်။ မြွေရုတ်တရက်တွေ့လိုက်တာနဲ့ ထခုန်၊ အမေလေး အော်ရခြင်းဟာ အဲဒီ အမီဒလာ ဆိုတဲ့ဟာကလေးကြောင့် ဖြစ်ပါတယ်။ အခက်ခဲတွေကို ခံနိုင်၊ ဖြေရှင်းနိုင်အောင် အမီဒလာ လေ့ကျင့်မှုလိုအပ်ပါတယ်။ လူကို သန်မာလာအောင် အားကစားသမားတွေ နှစ်ပေါင်းများစွာ ကြွက်သားတွေကို လေ့ကျင့်ပေးရပါတယ်။ လေ့ကျင့်ပေးဖို့က အမီဒလာ သန်မာအောင်လေ့ကျင့်မှုက ပိုပြီးလွယ်ပါတယ်။
.
နေ့လည်စာ စားပြီး၊ မိတ်ဆွေတွေနဲ့ စကားပြောနေချိန် ဒေါသဖြစ်လာပြီး အသံကျယ်ကျယ်နဲ့ "ခင်ဗျား ကျုပ်ကို ဘာကောင်မှတ်နေသလဲ၊ ပြောပြီး " ဝုန်းဆို မတ်တတ်ထပစ်လိုက်ချိန် ရုတ်တရက် ဟန်းဖုန်းအသံလာတယ်။
ချက်ခြင်း အသံပြောင်းသွားတယ် "ဟုတ်၊ ဟုတ်ကဲ့ပါ ဆရာ၊ ကျွန်တော်လုပ်လိုက်ပါမယ်၊ နေ့လည်စာ စားလို့ ရုံးအပြင်ရောက်နေတာပါ၊ ရုံးပြန်ရောက်ရင် လုပ်လိုက်ပါမယ်" ..လို့ ပြောလိုက်ရတာမျိုး တွေ့ဖူးမှာပါ။ တွေ့ဖူးပါသလား... ။
ဧကန္တ ကိုယ်တိုင်ဖြစ်ဖူးတယ်ထင်ပါတယ်။ ဒီလို ပြောင်းလဲမှုမျိုးကို အမီဒလာ
ဆိုတဲ့ဟာလေးက လုပ်ပေးတာပါ။ အမီဒလာ မရင့်ကျက်သူများကတော့ ကိုယ့်ဆရာခေါ်တာတောင် ဒေါသနဲ့ ဖုန်းမကိုင်မိ၊ အသံမာမာ ပြန်ပြောမိပြီး ပြသနာပိုကြီးလာတတ်ပါတယ်။
.
.
အမီဒလာ ရင့်ကျက်လာအောင် ထိန်းသိမ်းနည်း အမျိုးမျိုးရှိပါတယ်။
အစိုးရစာသင်ကျောင်းများမှာတော့ စည်းကမ်းတွေ၊ စာရိတ္တပညာတွေ၊ ကဗျာ အလင်္ကာတွေ၊ သီချင်းတွေနဲ့ အမီဒလာ ကို ရင့်ကျက်လာစေပါတယ်။ ကျောင်းသားတွေအချင်းချင်း ညီညွတ်၊ စာနာ၊ ကူညီတတ်အောင် သင်ပေးပါတယ်။ ထိန်းကျောင်းပါတယ်။ အပြစ်ဒဏ်ပေးခြင်း၊ ဆုပေးခြင်းတွေကို လေ့ကျင့်ပေးပါတယ်။ တနည်းအားဖြင့် ပညာတတ်ခြင်းဟာ ဒေါသကို ထိန်းသိမ်းလာနိုင်ပါတယ်။ လူဆိုး ပညာတတ်ရင်တော့ နိုင်ငံခေါင်းဆောင်ဖြစ်လာပြီး တိုင်းပြည်ပျက်သွားနိုင်ပါတယ်။
ဗုဒ္ဓဘာသာ မြန်မာလူမျိုးများကတော့ သာသနာဘောင်နဲ့ လူတွေကို ယဉ်ကျေးသိမ်မွေ့အောင် ထိန်းကြောင်းပေးပါတယ်။ ကမ္ဘာမှာ ဗုဒ္ဓဘာသာ ကျင့်စဉ်များက၊ ယဉ်ကျေးသိမ်မွေ့မှု၊ တရားပြမှုတွေ အကောင်းဆုံးဖြစ်ပါတယ်။
တရားဟောရင် အသံသာယာစွာနဲ့ နားဝင်ချိုအောင် ပြောပါတယ်။ အော်ဟစ်၊ ဒေါသနဲ့ တရားဟောခြင်း၊ မရှိသလောက်ပါပဲ။ သိမ်မွေ့နူးညံ့လွန်းလို့ သာသနာ၊ ထွန်းကားသင့်သလောက် မထွန်းကားသလားတောင် မသိပါ။
တရားထိုင်ခြင်း၊ ဥပုဒ်စောင့်ခြင်းများဟာ ဦးနှောက်ထဲက အမီဒလာ ရင့်ကျင်လာစေတာတော့ အမှန်ပဲဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ ကျမ်းဂမ်များမှာလည်း ဒေါသထိန်းဖို့ ပုံပမာများစွာနဲ့ သင်ကြားပေးပါတယ်။
ခရစ်ယာန်ဘသာဝင်များအတွက်တော့ ကျမ်းစာအုပ်မှာ များစွာရေးထားပါတယ်။ ဒေါသထိန်းရာမှာ စံပြဖြစ်တဲ့ ဒါဝိပ်မင်း (King David) ဆာလံကျမ်း ၃၇ မှာရေးထားပါတယ်။ လူဆိုးတို့ကြောင့်စိတ်မပူနှင့်၊ မတရားသဖြင့်ပြုသောသူတို့ကို
မငြူ စူနှင့် ... နဲ့စတင်ပါတယ်။ အိမ်တော်၏ကြွယ်ဝခြင်း၊ ကိုယ်တော်၏ချမ်းသာမြစ်ရေသောက်ရခြင်း များနဲ့ အဆုံးသတ်ပါတယ်။ သူပြောသောစကားသည် အဓမ္မစကား၊ လှည့်စားသောစကားဖြစ်၏၊ "သူ၏ဆိုးယုတ်သောအကျင့်ကို ရွံ့ရှာခြင်းမရှိ။ အိုထာဝရဘုရား၊ ဂရုဏာတော်သည် ကောင်းကင်သို့လည်းကောင်း၊ သစ္စာတော်သည် မိုယ်းတိမ်သို့လည်းကောင်း၊ မှီပါသည်။ ဖြောင့်မတ်တော်မူခြင်းတရားသည် ကြီးမားစွာသော တောင်ရိုးနှင့် တူပါသည်။" .. စသဖြင့် ဘုရားကိုသာ စွဲမြဲစွာ ယုံကြည်အားကိုး၊ အောက်မေ့ခြင်းအားဖြင့်၊ ဒေါသကို ထိန်းနိုင်လာပါတယ်။
အီမိုးရှင်း၊ ဒီမိုးရှင်းများ နည်းလာပါတယ်။ သုတ္တံကျမ်း ၁၁ မှာလည်း " အကြံပေးနိုင်သော ဥာဏ်မရှိလျှင် ပြည်သားတို့သည် ရှုံးတတ်သည်၊ အကြံပေးနိုင်သောသူ အများရှိလျှင် မူကား၊ ဘေးလွတ်တတ်သည်." .လို့ ကျမ်းစာက ဆိုပါတယ်။
ဘာသာတိုင်းမှာ ဘုရားနဲ့အကျွမ်းဝင်သော ဘုန်းတော်ကြီး၊ ရင်းနှီးတဲ့မိတ်ဆွေ၊ သူငယ်ချင်းတို့ထံ အကြံတောင်းရပါမယ်။ ဘုရားနဲ့မွေ့လျော်သူဆီက ဒေါသထိန်းဖို့ အကြံကောင်းများ ရရှိပါတယ်။ လောကမိတ်ဆွေ၊ ဘုရားတရားမရှိသူများကို အကြံတောင်းပါက ". ချလိုက်ပါလား၊ မခံနဲ့၊ ပြန်ချ .".. စတဲ့ အကြံများသာ ရရှိပြီး ပြသနာလေးကနေ. .. ပြသနာကြီးဖြစ်သွားတတ်ပါတယ်။
ဘာသာမဲ့များနဲ့ လူမျိုးစုံတို့အတွက်ကတော့ အစိုးရကျောင်းများကပဲ အခြေခံပညာမှာ စာရိတ္တပညာသင်ပေးပြီး၊ ကျောင်းပြီးလို့ အပြင်အလုပ်ခွင်မှာတော့ ဆိုက်ကရေးတစ်၊ ဆိုက်ကိုလောဂျစ်၊ စတဲ့ စိတ်ပညာဆရာဝန်များ၊ စိတ်ပညာရှင်များက ထိမ်းကျောင်းပေးကြပါတယ်။ အခုခေတ်မှာတော့ နာမည်ကျော် စတီဗင်ကိုဗေး Steven Covey ရဲ့ အကျင့်တရား(၇)ပါး 7 habits သင်တန်းများ။ ဟိုး အနှစ်၅၀လောက်က ဒေးလ်ကာနယ်ဂျီ Dale Carnegie ရဲ့ မိတ္တဗလသင်တန်းများ။ အခုခေတ် ကုမ္ပဏီများက ကိုယ့်ဝန်ထမ်းများကို လေ့ကျင့်သင်ပေးနေတဲ့ အဖွဲ့အစည်းစိတ်ဓါတ် Team Building စတဲ့ သင်တန်းများစွာ ရှိပါတယ်။
'ဒါတွေကတော့ ဦးနှောက်ထဲက အမီဒလာ ထိန်းသိမ်းတဲ့နည်းလမ်းများ အကျဉ်းဖြစ်ပါတယ်။
.
ဒေါသဆိုတာ ဆွပေးမှ ထွက်ပါတယ်။ တခါက အသက်ကြီးသူတစ်ဦးက လူငယ်တွေပဲဒေါသထွက်တာ၊ သူကတော့ လူကြီးဖြစ်လို့ ဒေါသမရှိဘူး၊ ထိန်းနိုင်တယ်လို့ပြောတော့... ရှိတယ်ဗျာ၊ မရှိဘူး၊ ရှိကိုရှိတယ်ဗျာ...
မရှိဘူးကွ လူငယ်က တမင်ဆွပေးပြီး ငြင်းခုန်ပြတယ်။ မကြာခင်မှာပဲ အသက်ကြီးတဲ့လူကြီး ဒေါသတွေ အရမ်းထွက်လာလို့... ဟော.. ဦးလေးကြီး၊ ဒေါသထွက်လာပြီး၊ ကဲ အသက်ကြီးလဲဒေါသရှိတယ်ဆိုတာ လက်ခံပြီလား
လူငယ်ကပြောတယ်။ လူကြီးက ရှက်ရမ်းရမ်းပြီး၊ မင်းက ဒါလောက်တောင်ဆွပေးတော့ ဒေါသထွက်လာတာပေါ.. လို့ဝန်ခံရပါတယ်။
ဒေါသထွက်အောင် လူလူချင်းပဲ လုပ်ကြပါတယ်။ အထူးသဖြင့် ဒေါသအများစု ၇၀% ဟာ ကိုယ်နဲ့အနီးကပ်ဆုံးလူတွေဆီမှာ ပေါက်ကွဲတတ်တယ်လို့ ဆိုပါတယ်။ အပြင်မှာ ဒေါသထိန်းလာခဲ့သမျှ အိမ်ကျမှ၊
ကိုယ့်တပည့်ရင်းကျမှ၊ ကိုယ့်ကိုချစ်တဲ့လူကျမှ ဒေါသပေါက်ကွဲပစ်လေ့ရှိပါတယ်။ ဒါကြောင့် သိပ်ရင်းနှီးပြီး၊ ပြောမနာ၊ ဆိုမနာ ဖြစ်နေသူများဆီကနေ ရုတ်တရက်ဒေါသထွက်တတ်ပါတယ်။ သူဌေးအနား၊ ခေါင်းဆောင်အနား
နေရတာ မလွယ်ပါဘူး။ သူများအပြင်မှာတော့ သူဌေးလူယုံ၊ ခေါင်းဆောင်ရဲ့ လူယုံ ဆိုပြီး အထင်ကြီးခံရပေမဲ့ သူဌေး၊ ခေါင်းဆောင်၊ ဘုန်းကြီးရဲ့ အနွံ့အတာ၊ ဒေါသကို မနည်းခံရပါတယ်။
ဒေါသထိန်းချုပ်နည်းများ (ရန်ငြိမ်းစေနည်းများ)
* အလွယ်ကူဆုံးနည်းလမ်းကတော့ ဒေါသဖြစ်လာရင်၊ ဘယ်သူ့ကိုမှ စေ့စေ့မကြည့်မိဖို့ဖြစ်ပါတယ်။ တစ်ပူကနေ နှစ်ပူဖြစ်သွားနိုင်ပါတယ်။
* ပါးစပ်ကို ပိတ်ထားလိုက်ခြင်းအားဖြင့် ဒေါသစိတ်ကို ထိမ်းနိုင်ပါတယ်။ ဒေါသဖြစ်ရင် သူပြော၊ ကိုယ်ပြော.. တကယ်တော့ ပညာတတ်သူပဲ လျှော့ပေးပြီး၊ ပါးစပ်ပိတ်နေလိုက်တာ ရန်ငြိမ်းစေပါတယ်။
* အော်ပြောတဲ့အကျင့်ကို အသံဆွဲပြီး၊ အော်ပြောခြင်းက ပိုပြီးခံရသက်သာပါတယ်။ အော်ပြောမိပေမဲ့ စေတနာစိတ်နဲ့၊ မေတ္တာစိတ်နဲ့ အော်ရင်လည်း တဖက်သူ ခံရသက်သာပါတယ်။ စေတနာနဲ့ပြောပေမဲ့ မကျေမနပ်ဖြစ်သွားနိုင်ပါတယ်။ မေတ္တာနဲ့ပြောရင်တော့ အော်ပြောလဲ ခံရသက်သာပါတယ်။
* ဂျပန်နိုင်ငံမှာ ကျွန်းတစ်ခုမှာ ကြိုက်သလို အော်ဟစ်ပြီး၊ ထိုးကြိတ်၊ ရိုက်နှက်လို့ရတဲ့ အရုပ်ကြီးတွေ ရှိတယ်။ ပိုက်ဆံပေးပြီး ထိုးကြိတ်အော်ဟစ်ပစ်၊ ပေါက်ကွဲပစ်လိုက်တော့ စိတ်သက်သာသွားတယ်လို့ ဆိုပါတယ်။
ဘုရားကိုအော်ဟစ်ဆုတောင်း၊ ရှိခိုးတတ်သူများလည်း ထို့အတူဖြစ်ပါတယ်။ အော်လိုက်ရတော့ အလုံးကျသွာတယ် လို့ပြောနိုင်ပါတယ်။ ဒေါသကို ထွက်ပေါက်ပေးခြင်းဖြစ်ပါတယ်။
* ညအိပ်ယာဝင်ချိန်မှာ ပျော်စရာ၊ တရားရစရာများ ဖတ်ရှုဆွေးနွေး၊ ဘုရားရှိခိုးအိပ်ခြင်း။
* မေတ္တာသုတ်၊ မေတ္တာအကြောင်း ကျမ်းပိုဒ်တွေ ပရိတ်ရွတ်သလို ရွတ်ဖတ်နေခြင်းကလည်း ဒေါသကိုနည်းပါးစေပါတယ်။
* ကိုယ်ကိုဒေါသထွက်အောင်လုပ်တဲ့လူကို သူ့ကောင်းမြတ်ကြောင်းတွေ ပြန်စဉ်းစားနိုင်ခြင်းဟာ၊ စာရွက်ပေါ်ချရေးနိုင်ခြင်းဟာ ဒေါသဖြေဖို့ သိပ်ကောင်းပါတယ်။ ဇနီး၊သားသမီးများကို ဒီနည်းနဲ့ကျင့်နိုင်ပေမဲ့ အကြောင်းမသိသေးတဲ့လူများ ဥပမာ.. မိမိရဲ့အထက်အရာရှိ၊ မိမိရဲ့ပစ္စည်းဝယ်သူ၊ မိမိကိုစစ်ဆေးသူ..စတဲ့လူများရဲ့ ကောင်းမြက်မှုကို ရှာလို့မရဖြစ်တတ်ပါတယ်။
* ဂျာမန်စစ်တပ်မှာ ဒီကနေ့ အထက်အရာရှိကို ဒေါသထွက်လာရင် နောက်တနေ့မှ ပြောရမယ်ဆိုတဲ့ စည်းကမ်းရှိပါတယ်။ တစ်ညအိပ်လိုက်တော့ နောက်တစ်နေ့ မပြောဖြစ်တော့ပါဘူး။
* သမ္မတလင်ကွန်းက ဒေါသနဲ့ရေးတဲ့စာများ (ယခုခေတ် ဘလောက်ကာ၊ အီးမေးများလို) ဒီနေ့ရေးပြီး နောက်နေ့မှပို့မယ် သိမ်းထားလိုက်ပါတယ်။ သမ္မတကြီးရဲ့ မှတ်စုစာအုပ်များမှာ မပို့ဖြစ်တဲ့ စာပေါင်းအလွန်များပြားစွာ ရှိနေပါတယ်။ ဒေါသနဲ့ဒီကနေ့ရေးပြီး၊ နောက်တနေ့ ပြန်ဖတ်လိုက်တော့ မပို့ဖြစ်တော့ပါ။ ဒီလိုနည်းနဲ့ ဒေါသကိုထိန်းနိုင်ပြီး၊ အမေရိကန်နိုင်ငံကို အုပ်ချုပ်ခဲ့ပါတယ်။
* ကျနော်လည်း ကိုယ့်ကို အမြဲအတူနေလာတဲ့၊ ဇနီးသည်၊ သားသမီးများကို ဒေါသနဲ့ ခပ်နာနာ ပြောမိတတ်ပါတယ်။ စကားနာ ဆိုတာ ဘယ်တော့မှ မပျောက်တော့ပါဘူး။ သစ်သားကို သံနဲ့ရိုက်ပြီး၊ သံကိုပြန်ထုတ်လိုက်ပေမဲ့ ဒဏ်ရာကတော့ ဘယ်တော့မှ မပျောက်နိုင်သလိုပါပဲ။ စကားဒေါသ အဆိုးဆုံးဖြစ်ပါတယ်။
ဒေါသနဲ့ ဆန့်ကျင့်ဖက်ကတော့ မေတ္တာပဲ ဖြစ်ပါတယ်။ ချစ်ခြင်းမေတ္တာ ဆိုတာ မြန်မာစကားမှာတော့ ၅၂၈ မောင်နှမချစ်နဲ့ ၁၅၀၀ လင်မယားအချစ် နှစ်မျိုးရှိပါတယ်။ တကယ့်မေတ္တာစစ်၊ မေတ္တာမှန်ကို အင်္ဂလိပ်လို Agape (အဂပေ) လို့ ခေါ်ပါတယ်။ အောက်က စာပိုဒ်ကို အလွတ်ကျက်ပြီး၊ ရွတ်ဖတ်နိုင်ရင် ဒေါသနည်းပါးသွားမှာ သေချာပါတယ်။
* မေတ္တာသည် စိတ်ရှည်တတ်၏။ ကျေးဇူးပြုတတ်၏။ မေတ္တာသည် ဂုဏ်ပြိုင်ခြင်းမရှိ၊ ဝါကြွားခြင်း မရှိ၊ မာန်မာနမရှိ။ လျောက်ပတ်စွာမကျင့်တတ်၊ ကိုယ်အကျိုးကို မရှာတတ်၊ ဒေါသအမျက်မထွက်တတ်၊
အပြစ်ရှိသည်ဟု မထင်တတ်၊ မတရားသောအမှု၌ ဝမ်းမြောက်ခြင်းမရှိတတ်၊ သမ္မာတရား၌ဝမ်းမြောက်တတ်၏။ ခပ်သိမ်း သောအရာကို ဖုံးအုပ်တတ်၏။ ခပ်သိမ်းသောအရာကို ယုံတတ်၏။
ခပ်သိမ်းသောအရာကို မျှော်လင့်တတ်၏။ ခပ်သိမ်းသောအရာကို သည်းခံတတ်၏။ မေတ္တာသည် ဖောက်ပြန်ခြင်းသဘောနှင့် အစဉ်ကင်းလွတ်၏။
(Credits to M. Zaw Aung)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...