Monday, December 8, 2014

ရွှေရင်ဖုံကို ဆိုင်ကယ်စုံနင်းခံထိတဲ့ ကြက်ဖကလေး


ခြေနှစ်ချောင်းနဲ့ ခေါင်းတစ်လုံးပါတာချင်းအတူတူ ကြက်ဆိုတဲ့ကောင်တွေဟာ အတော်သနားစရာ ကောင်းတယ်။ ပါတဲ့ခြေနှစ်ချောင်းက တစ်နပ်စာတစ်နပ် ယက်ပြုပြီး ကောက်စား၊ ရှာစားဖို့ကလွဲရင် ဘာမှ မလုပ်တတ်၊ ခေါင်းကလည်း အီဗော်လူးရှန်းတို့၊ ရီဗော်လူးရှန်းတို့ တွေးတတ်ဖို့ အသာထား၊ သူတို့ရဲ့ ကျန်းမာရေးကိစ္စ၊ အသက်အန္တရာယ်ကိစ္စတောင် စနစ်တကျ တွေးခေါ်နိုင်ကြတာ မဟုတ်ဘူး။

ဆိုတော့... ပြီးခဲ့တဲ့နှစ် နွေရာသီမှာ ကျွန်တော်တို့ဆီမှာ ကြက်နာကပ်ဆိုက်တော့ ရွာထဲက ရှိသမျှကြက်တွေ မျိုးပြုတ်ပါလေရော။ ဗိုင်းရပ်စ် ပျံ့လာတာနဲ့ တစ်ကောင် နာမကျန်းဖြစ်တာ တစ်ကောင်ထိုင်ကြည့်ရုံကလွဲလို့ ဘာမှ မလုပ်တတ်၊ မကိုင်တတ်၊ ဒီလိုနဲ့ နောက်တစ်ကောင်အလှည့် ရောက်လာ၊ ပြီး အကုန်သေကုန်ကြတာနေမှာပေါ့။ အခု ကျွန်တော်ရောက်သွားတဲ့အချိန် တစ်ရွာလုံးမှာ ကြက်ဆိုလို့ တစ်ကောင်တစ်မြီးမှ တွန်သံ၊ ကတော်သံ မကြားရတော့ဘူး။
ဒီအကြောင်းတွေ တွေးမိတော့ ကြက်တွေအတွက် ၀မ်းနည်းပက်လက် ဖြစ်မိတယ်။ ရွာကလူတွေကိုလည်း ကြက်တွေ နာနေတာကို ဒီအတိုင်း ပစ်ထားရသလားဆိုပြီး အပြစ်တင်မိတယ်။ အဲဒီလို ကြက်တွေကို နှမြောတသစွာ စုပ်တသပ်သပ် ဖြစ်နေရင်းကပဲ တစ်နေ့တော့ ၀မ်းနည်းစရာအဖြစ်အပျက်တစ်ခု ထပ်ပြီး ကြုံရပါလေရော။ ကျွန်တော်ရယ်၊ ကျွန်တော့်ဘော်ဒါရယ် မြို့ပေါ်က ဆိုင်ကယ်နဲ့ ပြန်အလာမှာ လမ်းပေါ်ကရွာတစ်ရွာက ကြက်ဖတစ်ကောင်ကို မတော်တဆ ဆိုင်ကယ်နဲ့ ၀င်တိုက်မိတဲ့ကိစ္စပါ။
ဆိုင်ကယ်နဲ့ တိုက်တယ်ဆိုပေမယ့် တကယ်တော့ ကျွန်တော်တို့က ၀င်တိုက်တာ မဟုတ်ဘူး။ ကြက်ကကို ကျွန်တော်တို့ဆိုင်ကယ်ကို ၀င်တိုက်တာ။ ကျွန်တော်တို့ အဲဒီ့ရွာထိပ်အရောက် (အဲဒီ့ရွာမှာက နွေရာသီတုန်းကလည်း ကြက်တွေ ကျန်းမာရေးကောင်းခဲ့ကြပုံ ပေါ်တယ်၊ ရွာအပြင်ဘက်ထွက်ပြီး အစာကောက်နေတဲ့ ကြက်အုပ်တွေ ပေါမှပေါ။) ကြက်တွေ အုပ်လိုက်ကြီး ကတော်ကတောအော်ရင်း ဆိုင်ကယ်ရှေ့ ဖြတ်ပြေးကြတယ်။
အဲဒီအထဲ ကြက်ဖပေါက်စတစ်ကောင်က လမ်းဟိုဘက်ရောက်ပြီးမှ ဘာစိတ်ကူးပေါက်သွားတယ်မသိ၊ အရှိန်နဲ့ မောင်းလာတဲ့ ဆိုင်ကယ်ရှေ့တည့်တည့် ဖြတ်ပြေးဝင်လာပါလေရော။ ကျွန်တော်လည်း ဆိုင်ကယ်ကို ကွေ့တယ်၊ ရှောင်တယ်၊ ၀ိုက်တယ်။ ဒါပေမဲ့ (မင်းခိုက်စိုးစန်လေသံနဲ့ ပြောရရင်) နတ်ဆိုးတစ်ကောင်ရဲ့ ပေါ့ဆမှုကြောင့်ပဲလား... ကြက်ဖရဲ့ ခါးလည်တည့်တည့်မှ ဖြတ်နင်းမိပါလေရော။ အဲဒီနောက် (တာရာမင်းဝေလေသံနဲ့ ပြောရရင်) ကြက်ဖတစ်ကောင် လမ်းပေါ်မှာ အထီးကျန်ဆန်စွာ တဗြတ်ဗြတ် အတောင်ခတ်လို့ နေတော့တယ်။
ကျွန်တော်လည်း အသိဖြတ်ခနဲဝင်လာပြီး ဆိုင်ကယ်ကို မလှမ်းမကမ်းမှာ ထိုးရပ်လိုက်တယ်။ ကျွန်တော့်ဘော်ဒါကတော့ မျက်ကလူးဆန်ပြာနဲ့ နီးစပ်ရာအိမ်တွေကို ဟိုကြည့်ဒီကြည့်လုပ်တယ်၊ ကြက်ပိုင်ရှင်ကို ရှာပြီး ကြက်ဖကို အပ်ပြီး တောင်းပန်မလို့ ထင်ပါတယ်။
အဲဒီမှာတင် ကျွန်တော်လည်း ဘော်ဒါကို ရှင်းပြတယ်၊ တကယ်တော့ သတ္တ၀ါတစ်ကောင်က သတ္တ၀ါတစ်ကောင်ကို ပိုင်တယ်ဆိုတာ မရှိဘူး။ လူလည်း ခြေနှစ်ချောင်း၊ ကြက်လည်း ခြေနှစ်ချောင်း ဖြစ်တည်မှုကိုယ်စီနဲ့ ရှင်သန်နေကြတာ။ အခုအချိန်မျိုးမှာ ကြက်ပိုင်ရှင် ဘယ်သူဘယ်ဝါဆိုတာ ရှာဖို့ထက် ဒီကြက်ရဲ့ အသက်တစ်ချောင်း ကယ်ဖို့က ပိုအရေးကြီးတယ်။ အဲတော့... ငါတို့ပဲ ဒီကြက်ကို ယူသွားပြီး တတ်သလို မှတ်သလို ဆေးကုပေးကြမယ်...လို့။
အဲလိုပြောပြီး ဒီကောင်ပြန်ပြောတာ နားထောင်မနေတော့ပဲ ကျွန်တော်ကပဲ တဗြတ်ဗြတ် ဖြစ်နေတဲ့ ကြက်ဖကလေးကို ကပြာကယာ သွားပွေ့လိုက်တယ်။ ပြီး ဟိုဟိုဒီဒီ တစ်ချက်ကြည့်ပြီး ဆိုက်ကယ်တူးဘောက်ဇ်ထဲ ထို့ထည့်ပြီး ပြန်ပိတ်။ ပြီး အဲဒီ့ရွာထိပ်ကနေ တစ်ချိုးတည်း မောင်းလာခဲ့တယ်။
ရွာရောက်လို့ တူးလ်ဘောက်ဇ် ဖွင့်ကြည့်လိုက်တော့ ထင်ထားတဲ့အတိုင်းပဲ၊ အဲလေ... ၀မ်းနည်းစရာကောင်းစွာ အဲဒီ့ကြက်ဖကလေးဟာ မလှုပ်ရှာတော့ဘူး။ ပိုပြီးသေချာအောင် ကျွန်တော် သူ့ခန္ဓာကိုယ်ကို စမ်းကြည့်တယ်။ အေးစက်နေပြီ။ လည်တိုင်ကို စမ်းကြည့်တော့လည်း သွေးမတိုးတော့ဘူး။
အဲဒီမှာ ကျွန်တော်လည်း ၀မ်းပမ်းတနည်းနဲ့ ကျွန်တော့်ဘော်ဒါကို ပြောရတယ်။
ကြက်ကတော့ သေသွားပြီ။ ကျန်ရစ်တဲ့ဥတုဇရုပ်ကလာပ်ကြီးကတော့ ဒီအတိုင်းထားလို့လည်း ထတွန်နိုင်တော့မှာ မဟုတ်တော့ဘူး။ မြေမြှုပ်ပစ်ရအောင်ကလည်း တွင်းတူးရဘာရနဲ့ ဒုက္ခများတယ်။ အဲတော့ အမွေးသာ နှုတ်ပေတော့။ ဆေးခြောက်ရွက်နည်းနည်း ခပ်၊ ကာလသားဟင်း ချက်ပြီး ညနေ မြို့ကပါလာတဲ့ ဘီယာနဲ့ မြည်းကျတာပေါ့လို့။
ညနေစောင်းတော့ ဘော်ဒါတွေစုပြီး ကြက်သား ကာလသားချက်အိုးကို အလယ်မှာ ချပြီး ဘီယာနဲ့ မြည်းရင်း၊ စကားစမြည် ပြောကြတယ်။ ကြက်ဆိုတဲ့သတ္တ၀ါတွေဟာ အလွန်သနားစရာ ကောင်းကြောင်း၊ သူတို့ရဲ့ ကျန်းမာရေးကိစ္စ၊ အသက်အန္တရာယ်ကိစ္စမျိုးကိုတောင် စနစ်တကျ တွေးနိုင်ခေါ်နိုင်ကြတာ မဟုတ်ကြောင်း၊ ဒါကြောင့် နောက်ဆို ကြက်တွေကို ဂရုတစိုက် လုပ်ဖို့အကြောင်း... စသဖြင့် သနားစဖွယ်ဖြစ်အောင် ကျွန်တော်က ဒီကောင်တွေကို ရှင်းပြတယ်။
ဘော်ဒါတွေကလည်း ကျွန်တော် ပြောတာကို ကရုဏာအရိပ်အငွေ့တွေနဲ့ နားထောင်ကြတယ်။ ခြေထောက်တွေ၊ ခေါင်းတွေ၊ တောင်ပံရိုးတွေ တပြွတ်ပြွတ် စုပ်ကြရင်း ဟင်းတစ်အိုးလုံး ပြောင်တဲ့အထိ ကျွန်တော် ပြောသမျှကို တအင်းအင်းနဲ့ သနားစဖွယ်အမူအရာနဲ့ ထောက်ခံကြတယ်။
အမှန်အတိုင်း ပြောရရင်... အဲဒီနေ့က ကြက်ဖကလေးဟာ သနားဖို့လည်း ကောင်းတယ်၊ စားလို့လည်း ကောင်းတယ်။ ။
(Based on False Story)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...