Sunday, December 7, 2014

ကျနော့် တဝက် ၂၆ နှစ်ပြည့်ပြီ


သူဟာကျနော်ရဲ့ကိုယ်အလေးချိန်ထက် တဝက်သာရှိတယ်။ အရင်ကလည်း ပိန်ပိန် အခုလည်း ပိန်ပိန်။ ပိန်ပိန်သော်ငြား အရိုးကအား ရှိတယ်ဆိုရမလား မသိ။
ပင်ပန်းလို့ ငြီးငူသံ ကြားရခဲ လှတယ်။သူရဲ့ နှစ်ဆ ဝ သော ကျနော်ဆီမှသာ ငြီးသံ ငူသံကြားရတယ်။
ကျနော် ဆေးရုံ တက်နေချိန် ၂ လကာလမှာ သူအတော်ပင်ပန်းလှတယ်။ နံနက်ဆို နံနက်စာ လာပို့ပြီး ရုံးသွား ညနေကြတော့ ညစာဝယ်ပြီးသူအိမ်ကို ပြန်တယ်။ အိမ် နဲ့ ရုံး ကြား ဆေးရုံထားပြီး ကျနော့်အတွက် မအားမလပ်တဲ့ကြားကစောင့်ရှောက်ခဲ့တယ်။

ပိန်ပါးတဲ့ခန္ဓာကိုယ်က ဘယ်ကဘယ်လို အားတွေ ရလာသလဲ မသိ။ ကျနော်ကို နဘန်ကျင်းလိုက် ရိုက်လိုက် ထုလိုက်မယ်ဆိုရင်အတော်နာလှတယ် အတော်အားပါတယ်။ ဖျားတာ နာတာ ရှားတယ်။ အပူအစပ်ကြိုက်တဲ့ လျာနဲ့ ရောင်တတ်တဲ့အူကြားပဋိပက္ခများ နေသူလည်း ဖြစ်တယ်။

ပါင်ချိန်၁၀၀ မပြည့်ပေမဲ့ ၄ လ တစ်ကြိမ် ပုံမှန်သွေးလှူနေရမှ ကျေနပ်မယ့်သူဖြစ်တယ်။ ၄ လ ကျော်သွေးလှူချိန်ရောက်လာတိုင်း သွေးပေါင်ချိန် မပြည့်မှာ သွေးလှူခွင့်မရမှာ စိုးကြောက်နေသူလည်းဖြစ်တယ်။

လမ်းသွားရင်းလာရင်းသနားစရာ သက်ကြီးရွယ်အိုများ နွမ်းပါးသူများတွေရင် အိတ်တဲ့က ပိုက်ဆံ၊ လက်ထဲက မုန့်၊ကိုင်ထားတဲ့ အထုတ်တွေအပြင် ဝတ်ထားတဲ့ အနွေးထည်ပါ ချွတ်ကာလှူပြီး ကာလဒါန ပြုသူလည်းဖြစ်တယ်။

ထူးအိမ်သင်သီချင်းတွေကိုအရူးအမူးကြိုက်သူ ရှေးဂန္နဝင်သီချင်းတွေ ကို အသံမှန်မှန်နဲ့ ဆိုနိုင်သူ ပြည်လှဖေ ကိုစောညိန်းရွှေတိုင်ညွန် နန်းတော်ရှေ့ဆရာတင်တို့ ရဲ့ သီချင်းတွေကို နှုတ်တွင် ငုံနိုင်သူ။ အမေရိကန်တောင်ပိုင်းဝတ္တုဇာတ်လမ်းတွေနဲ့ စတားလက်အိုဟာရာကို ကြိုက်သူ၊ ကြည်အေးကြိုက်သူ၊ မင်းလူ ကြိုက်သူ………………………………………

တစ်လတစ်အုပ်ကြိုက်တဲ့စာအုပ် အပြန်အလှန်ဝယ်ပေးပြီး ကျနော့် နှလုံးသားကို သင်ကြားမဲ့ ရသစာပေများများဖတ်ဖြစ်အောင် အားပေးသူလည်းဖြစ်တယ်။ ကျနော်ကို စာလုံးပေါင်းမှန်အောင် ကူညီသူလည်း ဖြစ်တယ်။

ကျနော်ရဲ့ရှုပ်ရှုပ်ထွေးထွေး အတွေးတွေ အမြင်တွေကို ရှင်းလင်းစေသူ။ ကျနော် မပြတ်မသား တွေဝေတဲ့အခါပြတ်ပြတ်သားသား လမ်းပြတတ်သူ။ အရာရာကို ရိုးရိုးရှင်းရှင်း ပြတ်ပြတ်သားသား ရှုမြင်နိုင်သူဖြစ်တယ်။

ရွာရိုးကိုးပေါက်လျောက်ပြီးအစားပြီးအစား နားပြီးစား ဆက်ကာ ဆက်ကာ စား နိုင်သူလည်းဖြစ်တယ်။ ဒီလိုစားပြီး သူကမဝပဲကျနော်က ဝလာတယ်။

အခုဆိုကျနော်က သူရဲ့ နှစ်ဆ ဝ လာပြီ။ သူက ကျနော်ရဲ့ တဝက်။

အရင်ကတော့ သူကလည်း သူ ကျနော်ကလည်းကျနော်

အခုတော့ သူက ကျနော့် တဝက် သူမရှိရင်

ကျနော်က အပြည့်မရှိတော့ သူရှိမှ ကျနော် အပြည့်ရှိနေမယ်။

သူမရှိတော့ ကျနော် တဝက်လိုနေတယ်။

ဒါပေမယ့် သူက အနား အမြဲရှိနေတယ်။ သူက ကျနော့် တဝက်။

သူနဲ့ ကျနော်နဲ့ အတူအမြဲရှိနေတော့ ကျနော်က ကျနော်အပြည့်ပေါ့။

အခုသူ၂၆ နှစ်ပြည့်လို့ ၂၇ နှစ်ထဲ ဝင်ပြီ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...