ဦးထုပ်
၁။
နေပူတဲ့ အခါမျိုးမှာဖြစ်ဖြစ်၊ ဆံပင်ကို သေသေချာချာ မဖြီးနိုင်တဲ့ အချိန်မျိုးမှ ဖြစ်ဖြစ်ပေါ့။ နောက်ဆုံး နှာစေးနေတဲ့ အချိန်မျိုးမှာ ဦးထုပ်တစ်လုံးဟာ ရှိသင့်တယ် လို့ ကျနော် ယေဘုယျဆန်ဆန် ယူဆထားဖြစ်ခဲ့တယ်။ ကျနော့် ဦးထုပ်ဟာ အရောင်အဆင်းတဖြည်းဖြည်း ပြေလျော့လာတဲ့ ခပ်စုတ်စုတ် ဦးထုပ်လေး တစ်လုံးပါပဲ။
တစ်ခါတလေ ဦးထုပ်ကလေးက ပြောတယ်။ “ခင်ဗျား ဆံပင်မွှေးကြမ်းကြမ်းကြီးတွေပေါ် ကျုပ်တက်ထိုင်ရတာ သိပ်ဆိုးရွာတယ်ဆိုတာ ခင်ဗျား မသိဘူးလား” တဲ့။ ကျနော်ကလည်း ကျနော်ပါ။ ဦးထုပ်နဲ့ လူသားရဲ့ မတူညီတဲ့ ဘာသာစကားတွေကို နားမှ မလည်ခဲ့ဘဲလေ။ အချိန်အတော်ကြာကြီး ကျနော့် ဦးထုပ်လေးကို ပစ်ထားခဲ့တယ်။ ကျနော် အ၀တ်တွေ ထည့်ထားတဲ့ သေတ္တာတစ်လုံးထဲမှာ ဦးထုပ်ဟာ အချုပ်ကျသလို ကျနေခဲ့ပါတယ်။
တစ်ရက်ပေါ့။ ကျနော် နှာတွေ စေးလာတယ်။ ရာသီဥတုကလည်း နေတွေ ပူလာတယ်။ ပြီးတော့ ကျနော် ဆံပင်ဖြီးသပ်ဖို့လည်း စိတ်မပါလာတဲ့ တစ်ရက်ပေါ့။ ကျနော်ဟာ ကျနော့် ဦးထုပ်ကလေးကို သတိရသွားတယ်။ ဒီလိုနဲ့ ကျနော့် သေတ္တာလေးကိုဖွင့်။ မလိုအပ်တော့တဲ့ ဖိုင်တွဲတွေ၊ အိမ်ငှား စာချုပ်တွေ၊ အင်္ကျီတွေကြားမှာ ဦးထုပ်ကလေးကို ကျနော် ပြန်ရှာတွေ့သွားတယ်။
ခုဆို ကျနော်ဟာ အဲဒီ ဦးထုပ်ကလေးကို ခေါင်းပေါ် စောင်းလို့ ထွက်လာခဲ့ပြီပေါ့။
၂။
အဆင်ပြေမှု တစ်ခုကို လူသားဆန်ဆန် တည်ဆောက်ကြည့်တိုင်းမှာ အဲဒီ အဆင်ပြေမှုနဲ့ မတန်တဲ့ စွန့်လွတ်လိုက်ရမှုတွေကို ကျနော်ဟာ နှမြှောနေတတ်ပြန်တယ်။ နေရာဟောင်လေးတစ်ခုမှာပဲ နေမြဲအတိုင်း နေလိုက်တယ်။ ဘ၀က ဘာများ ရေရာမှုတွေ ရှိနေလို့လဲလို့ ကိုယ့်ကိုယ်ကို သရော်ပစ်တယ်။ သွားနေကျ နေရာတွေကို ထပ်ခါထပ်ခါ ရောက်တယ်။ လက်တွဲဖြုတ်သွားတဲ့ လူတစ်ဦးအကြောင်းကို ထပ်ခါထပ်ခါတွေးမိနေတဲ့ စိတ်ကလေးကိုလည်း ခဏတိုင်း သတ်သတ်ပစ်ခဲ့တယ်။
အရှိတရားနဲ့ အသိတရားတို့ကြားမှာ ကျနော် လူပီသနေတယ်။ ဒါမှ မဟုတ် လူမပီသတော့ဘူး။ လုပ်စရာရှိတာ မလုပ်ဘဲလည်း မလိုအပ်တာတွေ လုပ်ချင် လုပ်မိနေခဲ့တယ်။ ဘာဖြစ်လဲလေ။ ကျနော့် အရှိတရားဟာ အဖြစ်အပျက်တွေအပေါ်မှာ ဆာလောင်နေသူမှ မဟုတ်ဘဲ။
စဉ်းစားနေမယ်။ တွေးတောနေမယ်။ လက်ခံသင့်၊ လက်မခံသင့်ဆိုတာမျိုး မဟုတ်ဘဲ တစ်ခါတလေ အကုန်လက်ခံပစ်လိုက်ပြီး တစ်ခါတလေကျတော့လည်း ဘာကိုမှ လက်မခံလိုက်တာမျိုး ငြင်းဆိုမှုတွေနဲ့ပေါ့။ ကျနော့် ဦးထုပ်လေးကတော့ အရောင်တွေမှိန်သွားပြီ။ အသစ်တုန်းကလို မသစ်လွင်တော့ဘူး။ ဟောင်းနွမ်းနေခဲ့ပြီ။ ကြေမွှနေခဲ့ပြီ။
အချိန်အကြာကြီး ချောင်ထိုးခံလိုက်ရတဲ့ အရာဝတ္ထုများ
ဒါမှမဟုတ်လည်း
အချိန်အကြာကြီး အသုံးမပြုဘဲ ပစ်ထားခံလိုက်ရတဲ့ အရာဝတ္ထုများဟာ ဂုဏ်သတ္တိတွေ နည်းလာတယ်လို့ ဆိုရမလား။ ကျနော်နဲ့ ဦးထုပ်လေးကြားမှာ အရင်လို အဆင်ပြေမှုတွေ မရှိတော့ဘူး။ သူ စိတ်ဆိုးနေမလားလို့ တွေးမိသေးပေမယ့် ဦးထုပ်ဆိုတဲ့ အရာဝတ္ထုမှာ စိတ်ဆိုးဖို့ ပျော်ရွှင်ဖို့နှလုံးသား လက္ခဏာတွေ ရှိမှာ မဟုတ်ပါဘူးလေ။
၃။
ဦးထုပ်တစ်လုံးကို စောင်းလိုက်တာနဲ့ လူဟာ နှာစေးပျောက်သွားမှာမို့လားဆိုတော့ မပျောက်ပါဘူး။ အမှန်က နှာမစေးခင်ကသာ ကာကွယ်နိုင်တဲ့ အရာဝတ္ထု တစ်ခုလောက်သာ မဟုတ်လား။ ဘာမှလည်း မဟုတ်ပါဘူး။ လူဟာ ဦးထုပ်စောင်းလိုက်တယ်။ ဦးထုပ်ဟာ လူသားတစ်ယောက်ရဲ့ ခေါင်းပေါ်မှာ အံဝင်ဂွင်ကျ ရှိနေမယ်။ လေအနည်းငယ်တိုက်ရုံလောက်နဲ့ ကျွတ်မကျသွားတဲ့ ဦးထုပ်တစ်လုံးဖြစ်ရင် ရပြီလေ။
ခုတော့ ကျနော်ဟာ အသုံးပြုနေကျ မဟုတ်တော့တဲ့ အတွက် စိတ်တွေ အိုက်လာတယ်။ ခေါင်းတွေ ပူလာတယ်။ ဆံပင်ကြားက ချွေးအနည်းငယ် ထွက်လာတယ်။ ကျနော် မလွတ်လပ်တော့ဘူး။ ကျနော် အရင်လို မလွတ်လပ်တော့ဘူး။ ဦးထုပ်ကလေးကို သေတ္တာထဲ ထိုးထည့်ခဲ့တုန်းကရော သူလွတ်လပ်ပါ့မလား။ သူ စိတ်တွေ အိုက်နေမလား။ ကျနော့်လိုပဲ မလွတ်မလပ်နဲ့ စိတ်ညစ်နေခဲ့မလား။
တကယ်ဆို ကျနော် ဘာတွေ စဉ်းစားနေတာလဲ။
ဦးထုပ်ကို စောင်းချင်တဲ့ စိတ်တစ်ခုနဲ့ သူ့ဘ၀ကို ပြန်လည်း အသက်သွင်းခဲ့ပြီးမှ ခုတစ်ခါ ကျနော် စိတ်ကို ကျနော် မလုံတော့ပြန်ဘူး။ သူ့ကို ချွတ်ပစ်ပြီး အရင်လို ချောင်ထိုးထားရမလား။ ဒါမှ မဟုတ် လမ်းဘေးတစ်နေရာကို အပြီးအပိုင် စွန့်ပစ်လိုက်ရမလား။ ဒါမှမဟုတ် လိုချင်တဲ့သူ တစ်ယောက်ကို သွားပေးလိုက်ရမလား။ ကျနော် မသေချာဘူး။ အဲဒီလို မဟုတ်ဘဲ ဦးထုပ်ကို ချွတ်ပြီး ကျနော် လက်က ကိုင်လာရမလား။
ကျနော် စဉ်းစားနေတယ်။
အ၀တ်အစားတွေ မ၀တ်ဘဲ လက်က ကိုင်လာရင် အဆင်မပြေသလိုမျိုး ဦးထုပ်ကို မစောင်းဘဲ လက်က ကိုင်လာတာ အဆင်ပြေမှု တစ်ခု မဟုတ်နိုင်ဘူးလို့ ကျနော်ယူဆတယ်။ ဦးထုပ်တစ်လုံးကို မစောင်းချင် အိမ်မှာထားခဲ့ရုံသာ။ သံချောင်း၊ ဒါမှ မဟုတ် ချိတ်တစ်ခုမှာ ချိတ်ခဲ့ရုံသာ မဟုတ်လား။
၎။
အဲလိုနဲ့ပေါ့ ကျနော် ဦးထုပ်ကို မချွတ်တော့ဘဲ ဆက်လက် အသုံးပြုဖြစ်ခဲ့တယ်။ လူတောထဲကို ကျနော် တိုးဝင်တယ်။ ဘက်စ်ကားတွေပေါ် ကျနော် တက်စီးတယ်။ ကုန်းကျော်တံတားများ၊ လမ်းဘေးပလက်ဖောင်းများပေါ်ဝယ် ကျနော်ဟာ ဦးထုပ်တစ်လုံး စောင်းပြီး လျှောက်သွားဖြစ်ခဲ့တယ်။
အသုံးပြုနေကျ မဟုတ်ပေမယ့် အသုံးပြုလိုက်တော့လည်း အသုံးပြုနေကျလို ပြန်ဖြစ်သွားတာဟာ ကျနော့် ဘ၀အတွက် ရယ်စရာ ကောင်းတဲ့ အဖြစ်အပျက်ကြီးတစ်ခုလိုပါပဲ။ တကယ်ဆို ဦးထုပ်ကို သည်းခံသလို လူတချို့နဲ့ ဆက်ဆံရေးမှာ ကျနော် သည်းခံလိုက်လို့ ရတာပဲ။
ဘာလို့လဲ။ ဦးထုပ်ဟာ သက်မဲ့ မလို့လား။
ဦးထုပ်ဟာ ကျနော် လုပ်သမျှ ငြိမ်ခံနေလို့ ကျနော်က အားနာနေတာမျိုးလား။
သေချာတာကတော့ ကျနော် ခေါင်းပူမှာ စိုးလို့ ဦးထုပ်ကို စောင်းထားပြီးမှ ဦးထုပ်စောင်းထားလို့ လေမရဘဲ ခေါင်းထဲမှာ ပိုပူလာသလို ခံစားရလာတာပဲ။ ပိုဆိုးတာက တဖြည်းဖြည်း စောင်းပါးများတော့ မသိသာတော့တာပဲ။ တချို့ နာကျင်မှုတွေဟာ ခံရပါများရင် မသိသာကြတော့ဘူး။
ဘ၀ဆိုတာကြီးကလည်း အဲဒီအတိုင်း ပါပဲ။
ကိုယ်နှာစေးနေချိန်မှာ ကိုယ့်ခေါင်းကို နေရောင်ခြည်အပူနဲ့ တိုက်ရိုက်မထိတွေ့အောင် အကာကွယ်ပေးနေတဲ့ ဦးထုပ်တစ်လုံးကြောင့် ကျနော် စိတ်တွေ အိုက်ရပြန်တယ်။
နေမကောင်းတာတွေ ပျောက်ဖို့အတွက်တောင် ဆေးထိုးအပ်ထိပ်ဖျားလေး တင်ပါးထဲ ၀င်သွားတဲ့ နာကျင်မှုကို ပြန်စတေးရတာပဲ မဟုတ်လား။ လူ့လောကကြီးဟာ နာကျင်မှုတစ်ခုကို ပျောက်ဖို့ တခြားနာကျင်မှုတစ်ခုနဲ့ လဲလှယ်နေရတာပါ။ ကျနော် ဦးထုပ်စောင်းရင်း၊ လမ်းလျှောက်ရင်း ဘ၀ရဲ့ နာကျင်မှုတစ်ခုကို တခြား ဘယ်လို နာကျင်မှုတွေနဲ့ ငါစတေးရရင် ကောင်းမလဲ စဉ်းစားရင်းနဲ့ ဟက်ဟက်ပက်ပက် ရယ်မောနေဖြစ်ခဲ့ပါတယ်။
ရင်နင့်အောင်

0 comments:
Post a Comment