Monday, December 8, 2014

မပြီးဆုံးသေးတဲ့ သီချင်းတစ်ပုဒ် အပိုင်း (၁)



၁၉၈၀ ဒီဇင်ဘာ ၈ ရက် နေ့၊ နယူးယောက်မြို့ရဲ့ ကျောချမ်းစရာကောင်းလှတဲ့ ဒါကိုတာတိုက်ခန်းအိုကြီး အပြင်ဘက်မှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်က စိတ်ကူးယဉ်ပြဇာတ်တစ်ပုဒ်လိုပါပဲ။ ကြောက်ရွံ့ထိတ်လန့်စရာ။ ကမ္ဘာအကျော်ကြားဆုံးရောခ့်စတားလို့ ပြောနိုင်တဲ့ ဂျွန်လင်နွန်ဟာ သတိမရတစ်ချက် ရတစ်ချက်နဲ့ လဲလျောင်းခဲ့ရပါပြီ။ ထိပ်တုံးကျည်တောင့် ၄တောင့်က ကျောဘက်ကနေဖောက်ဝင်ခဲ့ပြီ။
ဇနီးသည် ယိုကိုအိုနိုက လင်နွန်ရဲ့ ဦးခေါင်းကို သူမရဲ့လက်တွေနဲ့ထွေးပွေ့ထားရင်းနဲ့ပဲ စူးစူးဝါးဝါးအော်ဟစ်နေခဲ့တယ်။
(သူမရဲ့ အစောပိုင်းကထွက်ရှိခဲ့တဲ့ အယ်လ်ဘမ်ထဲက လိုပဲ)

ကိုက်အနည်းငယ်ကွာတဲ့နေရာမှာ ၀၀ဖိုင့်ဖိုင့်လူရွယ်တစ်ဦး ရပ်နေခဲ့တယ်။ မျက်လုံးတွေကလည်း အဖုံးပျော့စာအုပ်တစ်အုပ်ကို အနီးကပ်စူးစိုက်ကြည့်နေပါတယ်။ အဲဒီမတိုင်ခင်တုန်းက ခြေထောက်အစုံကို ခပ်ကျဲကျဲခွဲရပ်ကာ လက်နှစ်ဘက်က သူ့ရဲ့ ၃၈ခြောက်လုံးပြူးသေနတ်ကို မြဲမြံစွာကိုင်လို့ သူ့ရဲ့ပစ်မှတ်ကို အတိအကျ ချိန်ရွယ်ပြစ်ခဲ့တာပဲ။ အကောင်းဆုံးဘီတဲလ်တစ်ယောက်တော့ ကြွေလွင့်ခဲ့ပါပြီ။ အခု သူက ၀တ္ထုစာအုပ်ရဲ့ အရှိန်အမြင့်ဆုံးဇာတ်ဝင်ခန်းနေရာက စာရွက်တွေကို ပျင်းရိလေးတွဲ့စွာလှန်နေခဲ့သေးတယ်။ J.D Salinger ရဲ့ Catcher in the Rye ၀တ္ထုထဲက အခန်း၉ကို အသေအချာဖတ်နေမှာပဲပေါ့။ (အဲဒီဝတ္ထုကော်ပီကို အမေရိကန်မင်းသမီး ရေဘက်ကာရှဲဖာကို လုပ်ကြံခဲ့တဲ့ ရောဘတ်ဂျွန်ဘာဒို နဲ့ အမေရိကန်သမ္မတဟောင်းရော်နယ်ရေဂင်ကို လုပ်ကြံဖို့ ကြိုးစားခဲ့တဲ့ ဂျွန်ဟင်ကလေဂျူနီယာ တို့ဆီမှာလည်း တွေ့ရှိခဲ့ရဖူးတယ် လို့ နာမည်ကြီးခဲ့ပါတယ်။)



ဒါကိုတာတိုက်ခန်းတံခါးစောင့်အမျိုးသားက သေနတ်သမား မာ့ခ်ဒေးဗစ်ချပ်မန်းကို ဟစ်အော်ပြောလိုက်ပါတယ်။

“မင်းဘာလုပ်ခဲ့သလဲ ဆိုတာ သိရဲ့လား၊ ဟင်”

“ငါ လင်နွန်ကိုပဲ ပစ်လိုက်တာလေ” ချပ်မန်းပြန်ပြေလိုက်တာ တိုတိုပြတ်ပြတ်ပါပဲ။

ဘာကြောင့်ရယ်လို့ အတိအကျညွှန်ပြစရာမရှိတဲ့ ဖြစ်ရပ်ဆိုးကြီးဖြစ်ခဲ့ပါတယ်။ တစ်ခုပဲမြင်သာထင်သာရှိနေတာက ရူးကြောင်ကြောင်တစ်ယောက်ရဲ့ အကြောင်းရင်းမရှိတဲ့ အကြမ်းဖက်မှုပါပဲ။

‘သူ ကျွန်တော့်နားက ဖြတ်သွားတာနဲ့၊ကျွန်တော့်ခေါင်းထဲမှာကြားရတယ်။ “အဲဒါလုပ်တော့၊ အဲဒါလုပ်တော့၊ အဲဒါလုပ်တော့” ထပ်ခါထပ်ခါကြားနေခဲ့ရတာ။ “အဲဒါလုပ်တော့၊ အဲဒါလုပ်တော့၊ အဲဒါလုပ်တော့” အဲဒီလိုကြီးပေါ့” အကျဉ်းထောင်ထဲရောက်သွားပြီး နှစ်တွေအများကြီးကြာမှ ချပ်မန်းက ဘီဘီစီမှတ်တမ်းရုပ်ရှင်ကားတစ်ကားမှာ သူကြားခဲ့တဲ့အသံအတိုင်း ပြန်လည်ပြောပြခဲ့ပါတယ်။ ကျွန်တော့်ရည်ရွယ်ချက်ကို ပြန်ပြီးသတိမရပါဘူး။ “ကျွန်တော် ဒီကိစ္စကို ပြီးစီးအောင်လုပ်ရမယ်ဆိုတာကိုပဲ သိနေခဲ့တယ်။ ပြီးတော့ သေနတ်မောင်းကို မြဲမြဲကိုင်ပြီး ငါးကြိမ်ပစ်ချလိုက်တာပါပဲ”။ ချပ်မန်းက သေနတ်နဲ့ပစ်သတ်လိုက်တဲ့အချိန် သူ့ရဲ့ခံစားချက်ကိုလည်း ပြောပြပါသေးတယ်။ “ဘာစိတ်ခံစားမှုမှ မရှိပါဘူး၊ ဒေါသလည်းမထွက်ဘူး။ ဦးခေါင်းထဲမှာဆို အသက်မရှိသလို တိတ်ဆိတ်ငြိမ်သက်နေခဲ့ပါတယ်” တဲ့။ သူ့ရဲ့ပုံမှန်မဟုတ်တဲ့လေသံကြည့်ရတာ အကြိမ်ကြိမ်လေ့ကျင့်ထားသလိုပါပဲ။ ရှေ့နေ၊ သတင်းစာဆရာ ဖန်တန်ဘရက်စလားက လှို့ဝှက်ချက်တွေပြည့်နေတဲ့ပုံစံလို့ ယူဆပါတယ်။ “ချပ်မန်းက တစ်စုံတစ်ဦးရဲ့ အစီအစဉ်နဲ့ ဦးနှောက်ဗလာကျင်း(brainwash)ခံထားရတဲ့လူတစ်ယောက်လိုပဲ” ဘရက်စလားက ဆိုပါတယ်။ “ဂျွန်လင်နွန်ကို သတ်ချင်တဲ့သူတွေရဲ့ သားကောင်ဖြစ်နိုင်တဲ့အချက်အလက်တွေအများကြီးပဲ” လို့ Mark David Charpman အကြောင်း စာထဲမှာ ဘရက်စလားက ရေးခဲ့ပါတယ်။


အကြောင်းရင်းမှန်ကို ရှာဖွေဖို့ခက်ခဲတိုင်း ချပ်မန်းကို တရားစွဲဆိုသူတွေကတော့ အဖန်တရာတေနေတဲ့အသုံးအနှုန်းကိုပဲ တွင်တွင်သုံးနေကြတယ်။ အာရုံစိုက်ခံရအောင်လုပ်ချင်တဲ့စိတ်ရူးပေါက်မှုလို့ပဲ ပြောနေကြပါတယ်။ ဒါပေမယ့် လုပ်ကြံမှုပြီးတဲ့နောက်ပိုင်း ချပ်မန်းနဲ့ အချိန်အတော်ကြာအနီးကပ်နေခဲ့ဖူးသူ စုံထောက်လည်းဖြစ်တဲ့ စာရေးဆရာ အိုကော်နာကတော့ တခြားတစ်ဘက်က တွေးမြင်ခဲ့ပါတယ်။ “မာ့ခ်ချပ်မန်းက သူ့ကိုသူကျော်ကြားအောင်လုပ်ချင်လို့ လူသတ်သမားဖြစ်စေတဲ့နည်းလမ်းကို ရွေးခဲ့တယ်ဆိုတာ ယုတ္တိမတန်ပါဘူး။ လုပ်ကြံမှုပြီးပြီးချင်း သူ သတင်းဌာနတွေကို ဘာမှမပြောချင်ခဲ့ဘူး။ မာ့ခ်ချပ်မန်းက တစ်ခြားသူတစ်ဦးဦးရဲ့အသုံးချခံနေရတာဖြစ်နိုင်တယ်။ ကျွန်တော်သူ့ကို လူသတ်သမားဖြစ်သွားခဲ့တဲ့ညက တွေ့တယ်။ သေသေချာချာဂရုစိုက်ကြည့်ခဲ့တယ်။ သူ့ကို ကြည့်ရတာ ညွှန်ကြားမှုတစ်ခုခုအတွင်းမှာရှိနေခဲ့သလိုပဲ” လို့ အိုကော်နာက ပြောပါတယ်။  အိုကော်နာ နဲ့ ဘရက်စလား လူအများရှေ့မှာ ပထမဆုံးအကြိမ်တွေ့ဆုံစကားပြောခဲ့ကြတယ်။ “ဂျွန်လင်နွန်ကို ဘယ်သူသတ်ခဲ့သလဲ” ဆိုတဲ့ ဘရက်စလားရဲ့စာအုပ်မှာ လင်နွန်ကိုသတ်ဖြတ်မှုဟာ တစ်ဦးတစ်ယောက်တည်းက စိတ်ရူးပေါက်ပြီးသတ်ဖြတ်တာမဟုတ်ဘူးဆိုတာ အကျိုးသင့်အကြောင်းသင့်ခိုင်လုံစွာရေးထားပါတယ်။

လင်နွန်လုပ်ကြံခံရပြီး နောက်ပိုင်းမှာ အငြင်းပွားစရာတွေ များပြားလှတယ်။ လင်နွန်ရဲ့ဇနီးယိုကိုကို လုပ်ကြံမှုမှာကြိုးကိုင်သူအဖြစ်လည်း ရက်စက်စွာလက်ညိုးထိုးစွပ်စွဲကြပါတယ်။ နောက်တစ်ယောက်က ဘီတဲလ်အဖွဲ့ဝင် ပေါလ် ပါ။ ဆေးဝါးပါတဲ့စီးကရက်သယ်ဆောင်မှုနဲ့ ဂျပန်မှာ လင်နွန် ဖမ်းဆီးစစ်ဆေးခံရတုန်းက ယိုကိုစီစဉ်မှုတွေပါဝင်တယ်လို့ ပေါလ်က အပြစ်တင်ခဲ့ဖူးတယ်။ အဲဒါကြောင့် ပေါလ်ကလည်း အာရုံစိုက်စရာဖြစ်ခဲ့တယ်။ ချပ်မန်းဟာ ရွေးကောက်ခံသမ္မတသစ်ရေဂင်ဦးဆောင်တဲ့ လက်ယာနိုင်ငံရေးသမားတွေရဲ့အစီအစဉ်ထဲက “စိတ်ကိုထိန်းချုပ်ကြိုးကိုင်ကာ လုပ်ကြံသတ်ဖြတ်စေသူ”အဖြစ် ဘရက်စလားရဲ့ယူဆချက်ကပဲ တကယ့်လက်တွေကျကျ စုံစမ်းစစ်ဆေးမှုအသွင် နီးစပ်ခဲ့ပါတယ်။ “မာ့ခ်ရဲ့ခေါင်းထဲကထပ်ခါထပ်ခါကြားရတဲ့အသံ အဲဒါလုပ်တော့၊ အဲဒါလုပ်တော့၊ အဲဒါလုပ်တော့၊ ဆိုတာ ဘာလဲ”ဆိုတဲ့  နှုတ်စလျှာစသွက်သွက်မေးခွန်းတွေ စာအုပ်ထဲမှာ မကြာခဏရေးလွန်းတာတော့ရှိပါတယ်။ အဲဒီချို့ယွင်းချက်လေးကတော့ ခွင့်လွတ်နိုင်စရာပါ။ ထုတ်ပြန်ခြင်းမပြုတဲ့ အစိုးရမှတ်တမ်းဖိုင်တွေကိုရရှိဖို့အတွက် ဘရက်စလား ရှစ်နှစ်ကြာခြေရာခံခဲ့တယ်။ အရင်ကမရှိခဲ့ဘူးတဲ့ အင်တာဗျူးမျိုးတွေပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ မတူတာက ဘရက်စလားဟာ တစ်ခြား ကနေဒီတွေနဲ့ မာတင်လူသာကင်းတို့ရဲ့ လုပ်ကြံမှုတွေလို သူမှာ ရုံးစာရွက်စာတမ်းသက်သေအထောက်အထား စုဆောင်းလို့မရခဲ့တာပါပဲ။ နယူးယောက်ရဲတွေက လူသတ်သမားကိုဖမ်းမိခဲ့ပြီး အဲဒီလုပ်ကြံမှုဖြစ်ခဲ့တဲ့ညမှာပဲ အမှုကိုပိတ်လိုက်ကြတယ်။ “I am the Walrus ကိုရေးခဲ့တဲ့ တေးရေးဆရာတစ်ယောက် သေနတ်နဲ့ ပစ်သတ်ခံရတာ ဘယ်လိုနိုင်ငံရေးအကြောင်းပြချက်တွေရှိနိုင်မလဲ” လို့ မေးခွန်းထုတ်ခဲ့ပါတယ်။ ရောခ့်စတားအိုတစ်ယောက်ကို ဘယ်သူကသတ်ချင်ခဲ့တာလဲဆိုတဲ့ အပြောမျိုးတွေနဲ့ မသိကျိုးကျွန်ပြုလိမ်ညာစကားတွေ စတဲ့ အဓိကအချက်တစ်ချို့ကိုလည်း စာအုပ်မှာ ဖော်ပြခဲ့ပါတယ်။ ၃၇ယောက်မြောက်အမေရိကန်သမ္မတ ရစ်ချတ်နစ်ဇန်နဲ့ သူ့ရဲ့ရုံးအဖွဲ့၊ တစ်ခြား လက်ယာနိုင်ငံရေးသမားတွေ (အလွန်အမင်းရှေးရိုးစွဲဝါဒီသမား လွှတ်တော်အမတ် စတော်မ်သာမန်ဒ် အပါအ၀င်) ဟာ ဂျွန်လင်နွန်ကို ပြဿနာတစ်ရပ်လို တသမတ်တည်းမြင်နေခဲ့ကြတယ်။ နိုင်ငံရေးအရဗြောင်ကျကျပြောဆိုတတ်တဲ့ ကျော်ကြားလွန်းတဲ့သူ၊ လူတွေရဲ့အလွန်အမင်းချစ်ခင်ခြင်းခံရသူ အဆိုတော်၊ သီချင်းရေးတဲ့သူတစ်ယောက်ဟာ သူတို့အကျိုးကိုဖျက်ဆီးနိုင်မယ့် အဆိုးဆုံးအမျိုးအစားဖြစ်နေခဲ့ပါတယ်။

အက်ဖ်ဘီအိုင် အဖွဲ့ကြီးရဲ့ပထမဆုံးဒါရိုက်တာ ဂျေအက်ဒ်ဂါဟူးဗား က သူတို့မှာရှိနေတဲ့ လင်နွန်ဖိုင်ထဲက တစ်မျက်နှာစာကို ချပြခဲ့တယ်။ အဲဒီတစ်မျက်နှာမှာ လက်ရေးစာသား၊ စာလုံးမဲကြီးတွေနဲ့ မျဉ်းသားထားတဲ့ “အစွန်းရောက်ဝါဒီအားလုံးကို အန္တရာယ်ရှိတယ်လို့ ဆုံးဖြတ်သင့်တယ်” လို့ ရေးထားပါတယ်။ အစိုးရဟာ လင်နွန်ကို ယူအက်စ်မှာ ကြာရှည်မနေနိုင်အောင် လုပ်နိုင်သမျှအမြင့်ဆုံးအာဏာနဲ့ အမြဲတမ်းနေထိုင်ခွင့် ငြင်းပယ်ဖို့ကြိုးစားခဲ့တယ်။ အဲဒီထက်ဆိုးတာက နိုင်ငံကနေနှင်ထုတ်ဖို့ကိုပါ စီစဉ်ဆောင်ရွက်ခဲ့ကြတာပါ။ လင်နွန်ရဲ့ အက်ဖ်ဘီအိုင် ဖိုင်ဟာ ၀၀ဖိုင့်ဖိုင့်ဟူးဗားကြီးလိုပဲ စာရွာက်၃၀၀နီးပါးထူထူထဲထဲဖိုင်ကြီးပါ။ အဲဒီဖိုင်မှာ လင်နွန်ဟာ အက်ဖ်ဘီအိုင် ရဲ့ အမြဲမပြတ်စောင့်ကြည့်ခြင်းခံရတယ်လို့ ဖော်ပြထားပါတယ်။ အက်ဖ်ဘီအိုင် အေးဂျင့်တွေဟာ လင်နွန်အနီးအနားမှာ အမြဲရှိနေခဲ့ကြပြီး ထပ်တလဲလဲနှောင့်ယှက်တိုက်ခိုက်ဖို့ကြိုးစားနေခဲ့တာက ထင်ရှားလွန်းလှတယ်။ သူတို့က လင်နွန်ကို ရေငုံနှုတ်ပိတ်နေစေလိုတာ၊ ဒါမှမဟုတ် အနည်းဆုံးတော့ ရူးကြောင်ကြောင်ဖြစ်အောင်လုပ်ဆောင်နေကြတာပါ။ အဲဒီနည်းဗျူဟာမျိုးကလည်း မာတင်လူသာကင်း ဂျူနီယာကို အသုံးပြုခဲ့တာနဲ့အတူတူပါပဲ။ ၁၉၇၂ နောက်ပိုင်း “စောင့်ကြည့်မှုတွေ” အကျပ်ဆုံးအချိန်ရောက်လာခဲ့တဲ့အခါ လင်နွန်က ဟာသပညာရှင် ပေါလ်ကရက်စ်နာကို ပြောပါတယ်။ “နားထောင်ပါဦး၊ တကယ်လို့များ ယိုကိုနဲ့ ကိုယ်တို့မှာ တစ်ခုခုဖြစ်လာခဲ့ပြီဆိုရင်၊ အဲဒါမတော်တဆမှု မဟုတ်ဘူးနော်” တဲ့။





အက်ဖ်ဘီအိုင် နဲ့ စီအိုင်အေ နောက်ကလိုက်နေမှုတွေဟာ Free John Sinclair ဖျော်ဖြေပွဲမှာ ပါဝင်ခဲ့တဲ့ေ၉၆၉ခုနှစ်ကနေ ၁၉၇၆ခုနှစ်အထိပါ။ နောက်ပိုင်း လင်နွန်ပြည်ဝင်ခွင့် ကျလာခဲ့ပြီး နိုင်ငံရေးလှုပ်ရှားမှု နဲ့ ပြည်သူတွေကြားထဲဖျော်ဖြေခွင့်တွေပါ ၅နှစ်တာ ရပ်ဆိုင်းခဲ့ရတယ်။ လင်နွန်ရဲ့တိုက်ခန်းဟာ စောင့်ကြည့်ခံရတယ်။ သူတို့ လင်နွန့်နောက်မှာ အမြဲလိုက်နေခဲ့ကြတယ်။ လင်နွန့်ရဲ့ ဖုန်းဟာလည်းကြားဖြတ်နားထောင်နေခဲ့ကြတာပါပဲ။ (ဂျွန်စင်ကလဲဟာ အမေရိကန်ကဗျာဆရာဖြစ်ပြီး ပြည်သူ့အခွင့်အရေးလှုပ်ရှားမှုတွေကို အားပေးထောက်ခဲ့သူပါ။ ဆေးရွက်ကြီးပါစီးကရက်ပိုင်ဆိုင်မှုနဲ့ ၁၀နှစ်အကျဉ်းကျခံခဲ့ရပါတယ်။ Free John Sinclair ဖျော်ဖြေပွဲဟာဂျွန်စင်ကလဲပြန်လွတ်ဖို့ပြုလုပ်တဲ့ ဆန္ဒပြပွဲဖြစ်ပါတယ်။ အဲဒီဖျော်ဖြေပွဲပြီး မကြာခင်မှာပဲ စင်ကလဲ အကျဉ်းသားဘ၀က လွတ်မြောက်ခဲ့တယ်။) လူတစ်ဦးတစ်ယောက်ကို အမြဲမပြတ်စောင့်ကြည့်ခြင်းနဲ့ လူတစ်ဦးကို အဆုံးစီရင်တာတွေဟာ မတူညီတဲ့အရာနှစ်ခုဆိုတာ မငြင်းလိုပါဘူး။ ဒါပေမဲ့ ဘရက်စလားညွှန်ပြခဲ့တဲ့အချက်တွေမှာ အစိုးရက လင်နွန်ကို အန္တရာယ်ကင်းတဲ့ ရောခ့်အင်ရိုးဂီတသမားလို့ မမြင်ဘူးလို့ ပါရှိတယ်။ အစိုးရက လင်နွန်ဟာ နိုင်ငံရေးလှုပ်ရှားပြောင်းလဲမှုကမ္ဘာထဲ လူတွေအများကြီးဝင်လာနိုင်စေတဲ့ ၀င်ပေါက်တစ်ခုအဖြစ် ယူဆထားပါတယ်။ ဗီယက်နမ်စစ်ပွဲအတွင်း ကနေဒါ၊ မွန်ထရီးလ်မြို့မှာပြုလုပ်ခဲ့ကြတဲ့ လင်နွန်နဲ့ အိုနိုတို့ရဲ့ နှစ်ပတ်ကြာ Bed-in for peace လို အကြမ်းမဖက်တဲ့ဆန္ဒပြမှုကြောင့် အစိုးရရဲ့အကြောက်တရားက ပိုလာခဲ့တယ်။ လင်နွန်ဟာ အန္တရာယ်ရှိတဲ့ အပြောင်းအလဲလိုလားသူအဖြစ်မြင်လာကြပြီး လင်နွန်ရဲ့လုပ်ရပ်တွေဟာရပ်တန့်ဖို့လိုအပ်တယ်လို့ ယူဆခံရတော့တယ်။ ရုံးအဖွဲ့တွေရဲ့ ကြောက်ရွံ့စိုးထိတ်မှုတွေကလည်း မှန်သင့်သလောက်မှန်နေခဲ့ပါတယ်။ ဘာကြောင့်လည်းဆိုတော့ လင်နွန်နဲ့ အိုနိုတို့ရဲ့ နိုင်ငံရေးကျော်ကြားမှုဟာ တစ်ခါတစ်ရံ အံ့သြစရာကောင်းလောက်ကိုပဲ လူငယ်သန်းပေါင်းများစွာရဲ့စိတ်နှလုံးကို သိမ်းယူဆွဲဆောင်နိုင်ခဲ့လေတယ်။ လူငယ်တွေသန်းပေါင်းများစွာကို တိုက်ရိုက်ထိတွေ့နိုင်ခဲ့တာကြောင့်ပါ။ မီဒီယာတွေနဲ့ ထိတွေ့ခွင့်ရလာခဲ့တာနဲ့အတူပဲ လင်နွန်ရဲ့ အစွမ်းဟာ ကြီးမားလာတယ်။ ပြုပြင်ပြောင်းလဲရေး အမေရိကန်တော်လှန်ရေးသမားတွေဖြစ်တဲ့ ဂျဲရီရူဘင်နဲ့ အက်ဘီဟော့ဖ်မန်း တို့လို နိုင်ငံရေးလောက က လူတွေ လင်နွန့်ကို တောက်တဲ့ကပ် ကပ်တွယ်လာကြတာတွေကလည်း လင်နွန့်အတွက် ကသိကအောက်ဖြစ်စရာတွေပါပဲ။ အက်ဖီအိုင် နဲ့ စီအိုင်အေ တို့ရဲ့ ပြင်းပြင်းထန်ထန်စောင့်ကြည့်နေမှုကာလ ၄နှစ်ခန့်ကြာလာတဲ့အချိန်မှာ လင်နွန်အသတ်ခံခဲ့ရပါပြီ။ အဲဒီကာလတွေမှာ သမ္မတက ဂက်စတာပိုအဖွဲ့တွေနဲ့ အဆက်အသွယ်ရှိနေတဲ့ ဒီမိုကရက်တစ်သမ္မတ ဂျင်မီကာတာ ပါ။

၁၉၈၀ ဒီဇင်ဘာမှာ ဆယ်စုနှစ်တစ်ဝက်အတွင်း ဂျွန်လင်နွန်ရဲ့ ပထမအယ်လ်ဘမ်ထွက်လာတော့ top chart စာရင်းမှာ အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။ အဲဒီအချိန် သမ္မတကာတာဟာ မလှုပ်မရှားနိုင်တဲ့ဘဲတစ်ကောင်ပါပဲ။ သူ့ရဲ့ နောက်တစ်ကျော့ရွေးကောက်ပွဲမှာ သမ္မတရေဂင်ကို ရှုံးနိမ့်ခဲ့တယ်။ စီအိုင်အေဒါရိုက်တာ အဲလန်ဒူးလက်စ်လက်ထက်ကထက် သမ္မတရေဂင်ရဲ့လက်အောက်က လှို့ဝှက်အေးဂျင့် ၀ီလျမ်ကေစီတာဝန်ယူထားတဲ့ စီအိုင်အေဟာ စည်းကမ်းချက်တွေကနေ အလွတ်လပ်ဆုံးဖြစ်လာခဲ့ပါတယ်။ လက်ယာအုပ်ချုပ်ရေးအဖွဲ့အစည်းသစ်ဟာ ထောက်လှမ်းရေးအဖွဲ့ကို အသစ်ပြန်လည်စုရုံးခဲ့တယ်။ ၁၉၇၆မှာ လင်နွန်ရဲ့ ကျော်ကြားမှုကို လျော့ပါးအောင် အနည်းဆုံး ၇ နှစ်ခန့် ပြင်းပြင်းထန်ထန်ကြိုးစားကြတော့တယ်။ လင်နွန်ရဲ့ အစိုးရအမှုတွဲဟာ အဲဒီနှစ်မှာပဲ အဆုံးသတ်လိုက်ပါတယ်။ ၁၉၈၀ မှာ ဂျွန်လင်နွန်ရဲ့  “အန္တရာယ်ရှိတဲ့အစွန်းရောက်ဝါဒီ” လို့ မှတ်ချက်ရေးသားထားတဲ့ဖိုင်ဟာ ပျောက်ကွယ်နေရာနေ ပေါ်ထွက်လာခဲ့ပြီး လအနည်းငယ်အတွင်းမှာပဲ လင်နွန် အသတ်ခံရပါတော့တယ်။ စာရွက်စာတမ်းတွေက လျှို့ဝှက်ပူးပေါင်းကြည်စည်မှုကို ဖော်ထုတ်ဖို့အတွက်တော့ အချက်အလက်တွေ နည်းပါးပါတယ်။ ချပ်မန်းတည်းခိုခဲ့တဲ့ ဟိုတယ်အခန်းထဲမှာ ဒီဇင်ဘာ ၅ရက်နေ့စွဲနဲ့ ဟာဝိုင်ရီ-နယူးယောက် ခရီးစဉ်လေယာဉ်လက်မှတ်တွေ့ခဲ့တာကိုလည်း အဲဒီဖိုင်မှာရေးမှတ်ထားတာမရှိပါဘူး။ ချပ်မန်းတကယ်ဝယ်ခဲ့တာက ဟာဝိုင်ရီ-ချီကာဂို ခရီးစဉ်ဖြစ်ပြီး ရက်စွဲက ဒီဇင်ဘာ ၂ ရက်နေ့ ပါ။ ဒီခရီးစဉ် ၂ ခုဟာ အဆက်အစပ်မရှိခဲ့ပါဘူး။ ချပ်မန်းကိုဖမ်းဆီးခဲ့ပြီးနောက် ဟိုတယ်ခန်းထဲက တွေ့ခဲ့ရတဲ့ လက်မှတ်ဟာ ပြင်ထားခဲ့တယ်လို့ ယူဆစရာပါပဲ။ ချပ်မန်း ရဲ့ သူငယ်ချင်းတွေ တစ်ဦးတစ်ယောက်ကမှ သူ နယူးယောက်ကို ခရီးသွားခဲ့တာကို မသိခဲ့ကြဘူး။ သူတို့ သိခဲ့တာက ချီကာဂိုကို ၃ ရက်ခရီး သွားခဲ့တယ်လို့ပဲ သိထားခဲ့ကြပါတယ်။

ချပ်မန်းရဲ့ ရှားရှားပါးပါးအင်တာဗျူးတစ်ခုမှာ  ချပ်မန်းဟာ “ခေတ်တစ်ခေတ် အဆုံးသတ်တာပဲ” လို့ သူ့ကိုယ်သူမှတ်ချက်ပေးခဲ့တယ်။ အဲဒီမှတ်ချက်ဟာ အစောပိုင်း ၁၂ နှစ်အကြာက ရောဘတ် အက်ဖ် ကနေဒီ(RFK)လုပ်ကြံမှုနဲ့ ဆင်တူနေခဲ့ပါတယ်။ RFK လုပ်ကြံမှု တစ်ကိုယ်တော်လူသတ်သမား ဆာဟန်ဆာဟန်ရဲ့ စိတ်ရောဂါကုဆရာဝန်က မိမိကိုယ်တိုင်စိတ်ညှို့ခံရမှုလို့ ကာကွယ်ထွက်ဆိုခဲ့တယ်။ ဒါပေမဲ့ ဆာဟန်ဟာ ဒေါက်တာဘားနပ်ဒိုင်းမွန်း ပြောသလို ကိုယ်တိုင်စိတ်ညှို့ခံရတဲ့ စိတ်ရောဂါနဲ့ဆိုင်တဲ့အချက်အလက် ဘာမှမရှိပါဘူး။ ဒေါက်တာဒိုင်းမွန်းကပဲ ချပ်မန်းဟာလည်း “သူတပါးကိုသံသယများလွန်းတဲ့စိတ်ကစဥ့်ကလျားရောဂါ” ရှိသူလို့ အမည်တပ်ပြန်ပါတယ်။ တရားရုံးက သဘောမတူခဲ့ပါဘူး။ ချပ်မန်းဟာ စိတ်ရောဂါကုသမှုအစီအစဉ်မှာ ပုံမှန်စစ်ဆေးကြည့်ရုံထက် ပိုတဲ့ အခြေအနေမျိုးမသွားခဲ့ရဘူး။ စိတ်ရောဂါစိတ်ရုံကို ပို့ဆောင်ရခြင်းမရှိခဲ့ပါဘူး။ အက်တီကာပြည်နယ်အကျဉ်းထောင်ကိုပဲ ပို့လိုက်ကြပါတယ်။ စိတ်ပုံမှန်အခြေအနေရှိတယ်လို့ပဲ ဆုံးဖြတ်ခဲ့ကြတယ်။ ဘရက်စလားက  မာ့ခ်ဒေးဗစ်ချပ်မန်းအကြောင်း အထင်အမြင်လွဲမှားမှုတွေအနည်းငယ်ပျံ့နှံ့နေတာကို ရှင်းလင်းစေခဲ့ပါတယ်။ ရူးသွပ်တဲ့ပရိတ်သတ်တစ်ဦးလို ပြောဆိုကြတယ်။ တကယ်တော့ ချပ်မန်းဟာ ဘီတဲလ်စ်၊ လင်နွန်ပရိတ်သတ် မဟုတ်ခဲ့ပါဘူး။ သူ့ရဲ့တကယ့် ရောခ့်သူရဲကောင်းက တော့ဒ်ရန်ဒ်ဂရန် ပါ။ လင်နွန်ရဲ့ ဂီတအမျိုးအစားနဲ့ တော်တော်လေးကွာဟပါတယ်။ လင်နွန်ကို သတ်ခဲ့ပြီး လတွေတော်တော်ကြာတဲ့အခါ ချပ်မန်းက ကြေညာလိုက်တယ်။ လင်နွန်ကိုသတ်လိုက်တာ ဟာ The Catcher in the Rye စာအုပ်ကို ထင်ရှားအောင် ကြော်ငြာချင်လို့ပါလို့ဆိုတယ်။ ချပ်မန်း လုပ်ကြံသတ်ဖြတ်မှုမပြုလုပ်ခင်တုန်းကတော့ အဲဒီစာအုပ်ကို စွဲစွဲလမ်းလမ်းနှစ်သက်ကြောင်း တစ်ခါမှ ထုတ်ဖော်ပြောပြခဲ့ခြင်းမရှိပါဘူး။ Chatcher စာအုပ်ကို ချပ်မန်းက သူ့အစီအစဉ်ရဲ့ သေနတ်မောင်းသဖွယ်စီစဉ်အသုံးချခဲ့တာကို ဘရက်စလားက သုံးသပ်ပြခဲ့တယ်။

သတင်းဌာနကြီးတွေကလည်း ကို့ရိုးကားယားနိုင်လှတဲ့ ဇာတ်လမ်းမျိုးတွေနဲ့ ချပ်မန်းအကြောင်းထင်ကြေးပေးခဲ့ကြတယ်။ ချပ်မန်းဟာ လင်နွန် ကိုယ်ပွားအဖြစ် သူ့ကိုယ်သူ ထင်နေခဲ့တယ်လို့ နယူးစ်ဝိခ်သတင်းစားကြီးကလည်း ရေးသားခဲ့ပါတယ်။ အဲဒီဇာတ်လမ်းတွေအားလုံးဟာ စိတ်ဝင်စားဖွယ်ကောင်းအောင်ဖန်တီးနေကြတာပါပဲ။ တကယ်တမ်းမှာ သက်သေအထောက်အထားတစ်ခုမှ မရှိခဲ့ပါဘူး။ ချပ်မန်း အလုပ်ကနေ ထွက်တော့ လက်မှတ်ထိုးတဲ့အခါ ဂျွန်လင်နွန် လို့ ရေးထိုးခဲ့တာ မှန်ပါတယ်။ ပြီးတော့ အဲဒီလက်မှတ်ကို ကန့်လန့်မျဉ်းသားလိုက်တယ်။ ဘရက်စလားက အဲဒါကို ရှင်းပြခဲ့တယ်။ ချပ်မန်းပြောချင်တာက “ဂျွန်လင်နွန်၊ ငါမင်းကို သတ်တော့မယ်” လို့ ဆိုချင်တာပါ။ “ဂျွန်လင်နွန်၊ ငါဟာ မင်းပဲ” လို့ ပြောချင်တာမဟုတ်ဘူး တဲ့။ ချပ်မန်းဟာ သူ့ရဲ့ ဘ၀မှာ ပုံမှန်လူတစ်ယောက်လိုပဲ နေထိုင်ခဲ့ပါတယ်။ ကလေးတွေကို နည်းပြဆရာအဖြစ်လည်းအလုပ်လုပ်ခဲ့ပါသေးတယ်။ စိတ်ရောဂါရှိတဲ့အနေအထား ဘယ်တုန်းကမှ မတွေ့ခဲ့ရပါဘူး။ YMCA ရဲ့ ပြည်ပအစီအစဉ်တစ်ခုမှာ သူ့ရဲ့ ခရီးစဉ်ကို ထူးဆန်းတဲ့နေရာကို ရွေးချယ်ခဲ့ပါတယ်။ ဘေရွတ်ကို သူရွေးချယ်ခဲ့တယ်။ သူ့ရဲ့ ပွဲဦးထွက်အတွေ့အကြုံအတွက် ပြင်ဆင်ဖို့ အကြမ်းဖက်မှုတွေနဲ့ မျက်မြင်ကြုံတွေ့ခြင်းအားဖြင့် သူ့ရဲ့ စိတ်ပူပန်မှုကို လျှော့ချစေဖို့ ဖြစ်နိုင်ပါတယ် လို့ ဘရက်စလားက မှတ်ချက်ချပါတယ်။

ဘရက်စလားရဲ့ နောက်ဆုံးမှတ်ချက်ကတော့ မာ့ခ်ချပ်မန်းရဲ့ ပဟေဠိဆန်တဲ့ဇာတ်လမ်းဖန်တီးပုံကိုပါ။ ချပ်မန်းက တရားရုံးအတွက် ခုခံလျှောက်လဲချက်ပေးဖို့ သူ့ရဲ့ အကျိုးဆောင်ရှေ့နေနဲ့ ၆လလောက်အကြိတ်အနယ်ပြင်ဆင်ထားခဲ့ပြီးမှ တရားစွဲခံထားတဲ့ လူသတ်သမားဟာ ရုတ်တရက်ပဲ ဆုံးဖြတ်ချက်ပြောင်းလိုက်ပါတယ်။ သူ အသနားခံစာမတင်တော့ပဲ အပြစ်ရှိကြောင်းထွက်ဆိုမယ်လို့ ဆိုလိုက်တယ်။ ချပ်မန်းရဲ့ ရှေ့နေက စိတ်ရှုပ်ထွေးသွားခဲ့ပါတယ်။ စိတ်အနှောင့်အယှက်ဖြစ်တာထက်ကို ပိုပြီး နားလည်ရခက်ခက်ဖြစ်ခဲ့ရတယ်။ ဒါပေမယ့် ချပ်မန်းကတော့ ဆုံးဖြတ်ချက်ချလိုက်ပါပြီ။ သူက ပြောတယ်။ သူ့ရဲ့ ကလပ်စည်းတွေထဲက တိုးထွက်လာတဲ့ သေးငယ်တဲ့ယောက်ျားသံ တစ်သံ ရဲ့ ညွှန်ကြားခိုင်းစေမှုအတိုင်း သူက လုပ်ဆောင်ခဲ့ရတာပါ။

ချပ်မန်းက အဲဒီအသံဟာ …. “ဘုရားသခင် ရဲ့ အသံ” လို့ ပြောခဲ့ပါတယ်။

လင်နွန်လုပ်ကြံခံရမယ့် ညနေဘက် ၅ နာရီ ၁၅လောက်မှာ အသံသွင်းဖို့ရှိတာကြောင့် ဒါကိုတာတိုက်ခန်းကနေ လင်နွန် နဲ့ ယိုကို တို့ သူတို့ရဲ့ ဇိမ်ခံကားကြီးရှိရာထွက်ခဲ့ကြပါတယ်။ လျှောက်လမ်းအတိုင်းလျှောက်လာခဲ့ပြီး ချပ်မန်းကိုတွေ့တော့ ရပ်လိုက်တယ်။ သူ့ရဲ့ Double Fantasy ခွေမှာ လက်မှတ်ထိုးပေးလိုက်တယ်။ ပြီးတော့ တခြားဘာများအလိုရှိသေးလဲလို့တောင် ချပ်မန်းကို မေးလိုက်ပါသေးတယ်။ ဓာတ်ပုံမှာတွေ့ရတဲ့ ချပ်မန်းရဲ့ မျက်နှာဟာ ကောင်းကင်ဘုံဆီသို့သွားနိုင်မယ့် သော့တွေရလိုက်တဲ့အတိုင်းပါပဲ။ ကြည်ကြည်လင်လင်ပြုံးလို့ နေခဲ့ပါတယ်။ အဲဒီည ၁၀ နာရီ ၅၀မှာ တော့ .. ဒဏ်ရာရနေတဲ့ လင်နွန်ဟာ ချပ်မန်းဆီကနေ ပေ ၂၀ခန့်အကွာ ဧည့်ခန်းမလှေကားထစ်တွေဆီကို ပြေးလာခဲ့ပါတယ်။ ဧည်ခန်းမဆောင်ရဲ့ ဧည်ကြိုကောင်တာရှေ့မှာ ကြောက်လန့်စရာကောင်းခဲ့အဖြစ်အပျက်ဖြစ်ခဲ့ပါပြီ။ လင်နွန် ဂိတ်စောင့်နေရာနားမှာ မျက်နှာအပ်ကာ ပြိုလဲကျပါတော့တယ်။ ယိုကိုက အရှေ့ဘက်မှာ။ ပေ ၄၀ အကွာလောက်မှာ၊ စူးစူးဝါးဝါးဟစ်အော်ပြီး အစောင့်ဝန်ထမ်းကို ရဲ ခေါ်ဖို့အော်ပြောခဲ့ပါတယ်။

“ဂျွန်၊ အပစ်ခံရပြီ”

ပြီးတော့ လင်နွန်ရှိရာအပြေးသွားပြီး ဦးခေါင်းကို ထွေးပွေ့ထားလိုက်တယ်။ ချပ်မန်းက မပစ်ခင်မှာ “မစ္စတာလင်နွန်ခင်ဗျား” လို့ ခေါ်ခဲ့ပါတယ်။ လင်နွန် လှည့်ကြည့်တဲ့အခါမှာမှ တည့်တည့်မတ်မတ်ချိန်ပြီး သေနတ်နဲ့ ငါးချက်ပစ်ခတ်လိုက်တယ်။ နောက်တော့ ချပ်မန်းက တရားသူကြီးကို ဖြေခဲ့ပြန်တယ်။ သူ မပစ်ခင်မှာ လင်နွန့်ကို ဘာမှမပြောခဲ့ဘူး။ ပြေးလည်း ထွက်မပြေးခဲ့ပါဘူး တဲ့။ အဲဒီနေရာကနေ မြေအောက်ရထားဘူတာရုံကိုရောက်ဖို့ ပေ ၆၀ လောက်ကွာဝေးတယ်။ အပြစ်မရှိတဲ့သူတွေဟာ(သူတို့ အစီအစဉ်အတိုင်းလုပ်ခဲ့ရဦးတော့) မပြေးတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

အဲဒီညက တာဝန်ကျတဲ့ တံခါးစောင့်လို့ ယူဆရတဲ့ ဂျိုစ့်ပါဒိုမို က “ထွက်သွား၊ ဒီနေရာက ထွက်သွားစမ်းပါ” လို့ ဟစ်အော်ခဲ့တယ်။ ပြီးတော့ ချပ်မန်းကို မေးခဲ့တာပါပဲ။ “မင်းဘာလုပ်ခဲ့သလဲ ဆိုတာ သိရဲ့လား”၊

“ငါ လင်နွန်ကိုပဲ ပစ်လိုက်တာလေ” ချပ်မန်းက ဖြေလိုက်တယ်။ ပြီးတော့ သေနတ်ကို လွှင့်ပစ်လိုက်ပြီး သူ့ရဲ့ ကုတ်အကျီကိုဆွဲယူတယ်။ ဘောင်းဘီကို ခေါက်လိုက်ပြီး အင်မတန် သွေးအေးစွာနဲ့ပဲ စာအုပ်တစ်အုပ်ကိုထုတ်ပြီးဖတ်တော့တယ်။ “Catcher in the Rye” စာအုပ်ပေါ့။ ပါဒိုမိုက သေနတ်ကို အဝေးသို့ ကန်ထုတ်လိုက်ရတယ်တဲ့။ တစ်ခုအံ့သြဖို့ကောင်းတာက အဲဒီနေရာက ထွက်သွားဖို့ ဘာကြောင့် ပါဒိုမိုက ပြောခဲ့တာလဲတဲ့။ ပါဒိုမိုက သေနတ်သမား ဖြစ်နေနိုင်တာပဲ။ သေနတ်ကို အကွက်ဆင်လိုက်မျိုးရော။


မိနစ်အနည်းငယ်ကြာပြီးနောက် ရဲတွေရောက်လာတဲ့အခါ ချပ်မန်းက လူသတ်သမားပါဆိုတာ ပါဒိုမိုက ထုတ်ဖော်ပြောတော့တယ်။ ကင်းလှည့်ရဲ ပီတာကူးလန်း က မယုံကြည်ခဲ့ပါဘူး။ ကူးလန်းထင်တာက ချပ်မန်းက သိပ်ပြီး အိနြေ္ဒရနေသလိုပဲတဲ့။ ဒါပေမဲ့လည်း ပါဒိုမိုကတော့ အထပ်ထပ်တိုက်တွန်းတယ်။ ချပ်မန်းက လူသတ်သမားဆိုတာပဲ တွင်တွင်ပြောနေခဲ့ပါတယ်။ နောက်တော့ ရဲအရာရှိ စတီဗင်စပီရို က မာ့ခ်ချပ်မန်းကို ဖမ်းဆီးလိုက်ပါတယ်။ လင်နွန်က သေလုနီးပါးဖြစ်နေပြီဆိုတာ ရဲတွေ တွေ့နေရပြီ။ လူနာတင်ကားကို စောင့်စားနေမယ့်အစား ရဲကားဆီပဲ လင်နွန်ကိုမတင်ပြီး အနီးဆုံး ရူးစီးဗဲ့ထ်ဆေးရုံကို အပြေးအလွှားသွားကြရတော့တယ်။ ဒါပေမဲ့ အရေးပေါ်အခန်းထဲကိုရောက်တော့ လင်နွန်သေဆုံးခဲ့ပါပြီ။ ဂျွန်လင်နွန်လုပ်ကြံခံရမှုမှာ သဲလွန်စတွေ အစဆွဲထုတ်ကြည့်ရအောင်ပါ။


ပါဒိုမို ဘယ်သူလဲ။
ဂျိုစ် ဂျိုကွင်းန်စန်ရဲနစ် ပါဒိုမို တဲ့။ ကျူးဘားသတင်းဖိုင်ဟောင်းတွေနဲ့ စာရေးဆရာ စာလ်ဗဲဒေါအောစတာရှား ရေးတဲ့ “Rethinking John Lennon’s Assassination” စာအုပ်အရ ပါဒိုမို ကို “ဂျိုကွင်းန်စန်ရဲနစ်” နဲ့ “စမ်ရဲနစ်” လို့လည်း ခေါ်ကြတယ်။ သူ့ကို သိကြတာတော့ ကက်စထရိုဆန့်ကျင်သူ-ကျူးဘားပြည်ပြေးအဖြစ်ပါ။ ၁၉၆၁ခုနှစ်က ဖြစ်ပွားခဲ့တဲ့ Bay of Pigs ကျူးကျော်မှုအတွင်း Brigade 2506 အဖွဲဝင်တစ်ဦးဖြစ်ခဲ့ပါတယ်။ Bay of Pigs ကျူးကျော်မှုဟာ စီအိုင်အေလေ့ကျင့်ပေးထားတဲ့ ကျူးဘားပြည်ပြေးတွေရဲ့ ကျူးဘားတောင်ဘက်ပိုင်းမှာစတင်ခဲ့တဲ့လှုပ်ရှားမှုပါ။ ကက်စထရိုအစိုးရကို ဖြုတ်ချဖို့အတွက် ယူအက်စ်က အထောက်အပံ့ပေးခဲ့တဲ့လှုပ်ရှားမှုဖြစ်ပြီး မအောင်မြင်ခဲ့ပါဘူး။ Beigade 2506 ရှုံးနိမ့်မှုနဲ့အတူ စီအိုင်အေ အကြီးအကဲ အလန်ဒျူးလက်စ်နဲ့ အဖွဲ့သားတွေအားလုံးအလုပ်က နှုတ်ထွက်ဖို့ ဖိအားပေးခံရသလို၊ ဂျွန်အက်ဖ်ကနေဒီကလည်း တစ်ကိုယ်တော်လူသတ်သမားတစ်ဦးရဲ့ လက်ချက်နဲ့ သူ့ရဲ့ အသက်ကနေနှုတ်ထွက်ခဲ့ရတာ ဖြစ်နိုင်ပါတယ်။ လင်နွန်အသတ်ခံရမယ့်ညနေမှာတော့ ချပ်မန်းဟာ လင်နွန်ပြန်အလာကို စောင့်နေခဲ့တယ်။ ပါဒိုမိုက တော့ ချပ်မန်းကို ကျူးဘားတော်လှန်ရေးအကြောင်းတွေ နဲ့ ကျူးဘား - အမေရိကန် နိုင်ငံရေးအကြောင်းတွေ တဆန့်တလျားးပြောနေခဲ့ပါတယ်။ တစိမ်းပြင်ပြင်လူတွေအတွက် ထူးဆန်းတဲ့အကြောင်းအရာပါပဲ။ တစ်ဦးက ရောခ့်စတားကို စောင့်နေခဲ့တာလေ။

ချပ်မန်းက လူသတ်သမားပါလို့ ပါဒိုမို အခိုင်အမာပြောခဲ့တာကို ရဲအရာရှိကူးလန်းက ယုံကြည်ဖို့ အခက်တွေ့နေခဲ့ပါတယ်။ နောက်ပိုင်းမှာ People မဂ္ဂဇင်း သတင်းထောက် ဂျိမ်းအာရ်ဂိန်းစ် ကို ကူးလင်း ပြောပြခဲ့တာတွေကို ၁၉၈၇ ဖေဖေါ်ဝါရီလထုတ် “The Man Who Shot Lennon” ဆောင်းပါးမှာ ဖော်ပြခဲ့တယ်။ ကူးလင်းကပဲ ချပ်မန်းကို ကြည့်ရတာ ရုံးတစ်ရုံး၊ ဘဏ်တစ်ခုမှာအလုပ်လုပ်နေခဲ့တဲ့သူ လို ပဲ။ အလန့်တကြားတုန်လှုပ်နေတဲ့သဏ္ဍာန်လည်းမတွေ့ရပါဘူး။ အဲဒီနေရာမှာ အလုပ်လုပ်နေတဲ့ ပုံမှန်လူတစ်ယောက်လိုပဲ။ သူ့ကို သေချာကြည့်ပြီး မေးဖို့သတိရတာနဲ့ “ဘာကြောင့်လဲ။ ခင်ဗျား ဒီမှာ ဘာလုပ်ခဲ့သလဲ” လို့မေးလိုက်တယ်။ သူ့မှာ ဖြေစရာအဖြေ ရှိမနေခဲ့ပါဘူး။ “ကျွန်တော် ၀မ်းနည်းပါတယ်ခင်ဗျာ၊ ကျွန်တော် ခင်ဗျားတို့ကို အများကြီးအလုပ်ပိုစေခဲ့ပြီ” လို့ပဲ သူ အကြိမ်များစွာပြောနေခဲ့တယ် တဲ့။

ပါဒိုမို မာခ့်ကို လူသတ်သမားလို့ တိုက်တွန်းခဲ့တာကလည်း ပါဒိုမိုအကြောင်းကို ပြန်ဆင်ခြင်မိစရာပါပဲ။ ပြစ်ဒဏ်ခံရပြီး အခုတော့ သေဆုံးသွားခဲ့ပြီဖြစ်တဲ့ ၀ါးတားဂိတ်ဖောက်ထွင်းရေးသမား ဖရန်ခ့်စတားဂျစ် နဲ့လည်း ရာစုနှစ်တစ်စုစာ ပါဒိုမို အလုပ်အတူတူလုပ်ခဲ့ဖူးပါတယ်။ စတားဂျစ်က ဂျိုကွင်းန်စန်ရဲနစ်ဟာ ၁၉၇၄ မှာ အဖျားအနာနဲ့ပဲ သေဆုံးခဲ့ပါပြီလို့ လှည့်စားပြောဆိုခဲ့တယ်။ သူပြောတာက ကုမ္ပဏီရဲ့ သဘောအတိုင်းမို့ စန်ရဲနစ်ရဲ့ နာမည်ဝှက်ကို သုံးရတာပါလို့ ဆိုတယ်။ သူ့ရဲ့မိသားစုကလည်း ဈာပနအခမ်းအနားပြီးတဲ့သည့်တိုင် သေဆုံးတာကို ထုတ်ပြန်ကြေညာခြင်းမရှိပါဘူး။ ဘာကြောင့်လည်းဆိုတော့ စန်ရဲနစ် ဒါမှမဟုတ် ပါဒိုမို က အသက်ရှင်လျှက်ရှိနေတာကြောင့်ပါ။ အနီးအနားက ပိုက်ပြင်တဲ့လုပ်ငန်း၊ ကင်းစောင့်ဌာနလို နေရာမျိုးမှာ တိတ်တဆိတ်အလုပ်လုပ်နေနိုင်တာပါပဲ။ အဲဒီလိုနေရာတွေဟာ အလုပ်ဘယ်လိုလုပ်ရမယ်၊ ဘယ်လိုပြီးစီးအောင်လုပ်ရမယ် ဆိုတာ သိရင် နာမည်မပြောဘဲ အလုပ်လုပ်နိုင်တဲ့နေရာတွေပါ။ အလုပ်ပြီးရင်တော့ သူတို့ ပျောက်ကွယ် သွားလို့ရပါတယ်။

လင်နွန် လုပ်ကြံခံရပြီး နောက် ၆ နှစ်ကျော်ကြာတဲ့အထိ ပါဒိုမိုနာမည်က မမြင်မကြားခဲ့ရပါဘူး။ ပထမတော့ လော်ဘီခန်းမမှာအလုပ်လုပ်တဲ့ မုတ်ဆိတ်မွှေးထူထူ၊ လူထွားကြီး ဂျေးဟတ်စ်တင်းစ်နဲ့ ပါဒိုမို ကို လွဲမှားခဲ့ကြပါတယ်။ ဟတ်စ်တင်းစ် က အဲဒီညမှာ တာဝန်ကျတယ်။ လင်နွန် သေနတ်သမားဆီက ထွက်ပြေးခဲ့ပြီး ဟတ်စ်တင်းစ် နဲ့ ယိုကိုတို့ဆီမရောက်ခင်မှာ ပြိုလဲကျခဲ့ပါတယ်။ အဲဒီအချက်အလက်တွေကတော့ ဘီတဲလ်စ် မန်နေဂျာအဖွဲ့ထဲက ပီတာဘရောင်းရေးခဲ့တဲ့ The Love You Make: An Insider’s Story of the Beatles စာအုပ်ပါမှတ်တမ်းတွေပါ။ ၀ါရန်ဟင့်ကဲလ် နဲ့ ၀ီလျမ်တားနား ရေးသားခဲ့တဲ့ ကက်စရိုကိုဆန့်ကျင်တဲ့ လျှို့ဝှက်စစ်ပွဲအကြောင်း စာအုပ် The Fish is Red မှာတော့ စန်ရဲနစ်(ပါဒိုမို) အကြောင်းတွေပါဝင်တယ်။ စန်ရဲနစ်ဟာ ဓါးစာခံလေးတစ်ဦးပါ။ သူ့ရဲ့နောက်ပိုင်းဘ၀တလျှောက်လုံးမှာ စီအိုင်အေအဖွဲ့ကြီးရဲ့ ဟင်းအမယ်စုံအတွက်အလုပ်လုပ်နေခဲ့ပါတယ်။ စတားဂျစ် နဲ့ တွေ့ခဲ့တဲ့အချိန်က ကျူးဘားကျုးကျော်တိုက်ခိုက်မှု ရဲ့  လျှို့ဝှက်ရဲအဖွဲ့ Operation 40 အတွက်  ပါဒိုမို အလုပ်လုပ်နေတဲ့အချိန်ပါ။ ထိပ်တန်းလျှို့ဝှက် Operation 40 မှာ နိုင်ငံရေးသမားမဟုတ်သူတွေ၊ ရှေးရိုးစွဲပြည်ပြေး စီးပွားရေးသမားတွေ ပါဝင်ကြတယ်။ အဲဒီအဖွဲ့ထဲက သတင်းပေးသူတွေ၊ ကြေးစားလုပ်ကြံရေးသမားတွေ၊ နောက်လိုက်တွေဟာ ကျူးဘားနိုင်ငံဟောင်းအတွက် တန်ပြန်တော်လှန်ရေးတွေပြုလုပ်ကြဖို့ လက်မရွံ့သစ္စာခံထားကြသူတွေပါ။ သူတို့ဟာ စီအိုင်အေလစ်ဘရယ်သမားတွေကို ဆန့်ကျင်သူ စီအိုင်အေလက်ယာသမားတွေက လက်သပ်မွေး မဟာမိတ်ပြုထားတဲ့ လက်ရွေးစင်တပ်သားတွေဖြစ်ကြတယ်။ စန်ရဲနစ်က စတားဂျစ်ကို စီအိုင်အေတံဆိပ်ပါစာနဲ့ပဲဆက်သွယ် ဆွဲဆောင်ခဲ့တယ်။ အထူးအေဂျင်စီတာဝန်ပေးအပ်တဲ့ စာချုပ်နဲ့ အလုပ်လုပ်ခဲ့ကြပါတယ်။ စန်ရဲနစ်ဟာ ကျူးဘားတော်လှန်ရေးအတွက် သင်္ဘောတွေ၊ လေယာဉ်တွေစီစဉ်ပေးရပြီး ပြန်လမ်းမရှိတဲ့ မစ်ရှင်အဖွဲ့သား ရာပေါင်းများစွာကိုလည်း စေလွှတ်ပေးခဲ့တယ်။ အဲဒီကျူးဘား ဆန့်ကျင်တဲ့လျှို့ဝှက်စစ်ပွဲမှာ ပျောက်ဆုံ၊စာရင်းလည်း ထုတ်ပြန်တာမရှိခဲ့ပါဘူး။ ဂျိုကွင်းန်စန်ရဲနစ်ဟာ တပ်သားထိမ်းသိမ်းရေးတာဝန်ယူထားခဲ့ပေမယ့် သူကိုယ်တိုင်ကတော့ နောက်ကွယ်ကနေခဲ့တယ်။ သူ့ရဲ့ နာမည်အတိအကျကိုတောင် မသိခဲ့ကြပါဘူး။ အဲဒါက သူ့ရဲ့ဘ၀ရှင်သန်မှု အချက်အလက်တွေပါ။

လင်နွန် ကိုယ်ခန္ဓာ ညာဘက်ပိုင်းက ကျည်ဒဏ်ရာတွေ
ယူဆချက်တွေအရ လင်နွန်က ချပ်မန်းရဲ့ ညာဘက်ကနေဖြတ်လျှောက်ခဲ့ပါတယ်။ မှောင်မိုက်နေတဲ့ အဲဒီအ၀င်စင်္ကြလမ်းလေးအနီး ညာဘက်မှာ ချပ်မန်း ရပ်နေခဲ့တာပေါ့။ ချပ်မန်းက ခေါ်လိုက်တယ်။။

“မစ္စတာ လင်နွန်”

လင်နွန်က ရပ်ပြီး လှည့်ကြည့်ပါတယ်။ တကယ်ဆို လင်နွန်ရဲ့ ဘယ်ဘက်ပုခုံးကို ပစ်ဖို့ ဆိုတာ သူ့အတွက်ခက်ခဲနိုင်ပါတယ်။ နောက်တော့ လင်နွန် ရဲ့ ထွက်ပြေးတဲ့အခါ နောက်ကျောဘယ်ဘက် အပေါ်ပိုင်းကို ထိခဲ့တယ်လို့ဆိုတယ်။ ချပ်မန်းက တရားသူကြီး ဒဲနစ်အက်ဒ၀ပ် ကို ချပ်မန်းနောက်ပိုင်းပြောတာကို မစ္စတာလင်နွန်လို့ လှမ်းမခေါ်ခဲ့ပဲ သေနတ်နဲ့ ပစ်ရုံပစ်ခဲ့ပါတယ် တဲ့။ နောက်မှန်းခြေတစ်ခုက ပါဒိုမို ဒါမှမဟုတ် တခြား တစ်ယောက်ယောက်က ဓါတ်လှေကားဆီသွားတဲ့ တံခါးပေါက်ကနေ လှမ်းပစ်ခဲ့တယ်။ ဓါတ်လှေကားက လူသွားစင်္ကြရဲ့ ညဘက် လင်နွန်ရဲ့ အရှေ့ဘက်မှာ ရှိပါတယ်။ ပစ်ချက်တွေက နှစ်မျိုးဖြစ်နေပါလိမ့်မယ်။ ပတမ နှစ်ချက်က ဘယ်ဘက်ပုခုံးအပေါ်ဘက်ကိုထိတယ်။ အဲဒီအချိန် လင်နွန် လော်ဘီဧည့်ခန်းမလှေကားတွေဆီ ပြေးပါတယ်။ နောက် ကျည်ဆံနှစ်ချက်ကတော့ နောက်ကျောဘက် အပေါ်ပိုင်းကို ထိခဲ့တယ်။ တံခါးပေါက် ကနေ ပစ်ဖို့ အပေါ်ယံအားဖြင့်တော့ဟုတ်သလိုလိုရှိပါလိမ့်မယ်။ အလောင်းခွဲစိတ်စစ်ဆေးမှုကိုလည်း ဖွင့်ချမပြပါဘူး။ ကျည်ငါးတောင့်ထဲက သုံးတောင့်ဟာ အနောက်နေဖောက်ဝင်သွားသလား၊ ရှပ်ပြီးထိသလား။ လင်နွန်ကို လွဲချော်ပြီး လော်ဘီတံခါးမှန်ကို မှန်ခဲ့သလား ဘာမှ အသေအချာမသိနိုင်ခဲ့ကြဘူး။

ဖြိုးဖြိုး
(နွယ်နီမဂ္ဂဇင်း၊ သြဂုတ်လ၊ ၂၀၁၂)

အပိုင်း (၂) သို့



0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...