Thursday, December 4, 2014

အမှတ်တရ ပန်းပွင့်တွေ ဝေစဉ်က...

ကျွန်တော်သူနဲ့ပြန်တွေ့ရင် ဘယ်လိုတွေဖြစ်မလဲဆိုတဲ့ ကိစ္စကို မကြာခဏ စဉ်းစားမိတယ်။ စဉ်းစားတိုင်းတစ်ခါနဲ့ တစ်ခါဘယ်တော့မှ မတူဘူးဗျ။ သေချာတာတစ်ခုကတော့ သူနဲ့တွေ့တဲ့အခါမှာ ကျွန်တော်ဟာ ရင့်ကျက်တည်ငြိမ်တဲ့ အမျိုးသားတစ်ယောက်ဖြစ်နေပြီဆိုတာ သူသိစေချင်တာပါပဲ။


ကျွန်တော်ကအရင်တုန်းကလို သူ့အတွက် ချာတိတ်လေးတစ်ယောက်မဟုတ်တော့ဘူးဆိုတာရယ်၊  သူဟားတိုက်ရယ်မော ပစ်လိုက်တိုင်း မျက်နှာငယ်နဲ့ ချောင်ကုတ်နေတတ်တဲ့ကောင်ငယ်လေးမဟုတ်တော့ ဘူးဆိုတာရယ် ကို သူအံ့သြတကြီးနဲ့ သိသွားစေချင်တယ်ဗျာ။ အဲဒီလိုအချိန်မျိုးကျရင်ကျွန်တော်က ပြုံးရုံလေးပဲ ပြုံးနေလိုက်မယ်။ မမရေ ကျွန်တော် လူကြီးဖြစ်နေပါပြီ ဆိုတဲ့အပြုံးမျိုးနဲ့ဖြစ်မှာပေါ့ဗျာ။

ကျွန်တော်ဒီလမ်းလေးကို လျှောက်လာကတည်းက သူ့အကြောင်းကိုပဲ စဉ်းစားနေမိတယ်။ ခုလောက်ဆို သူ အိမ်ထောင်ရှင်မကြီးဖြစ်နေလောက်ရောပေါ့။သူ့အမျိုးသားက သူ့ထက်ကြီးမလား၊ ငယ်မလား။

“ မမက ကိုယ့်ထက်ငယ်တဲ့လူကိုမခင်တတ်ဘူး” လို့ ကျွန်တော့်ကို ခပ်စွေစွေ လှမ်းကြည့်ပြီး သူပြောခဲ့သေးတယ်။ အဲဒီတုန်းကတော့ဒီကောင်က ရင်တွေကွဲ မျှော်လင့်ချက်တွေ ပြယ်ပေါ့ဗျာ။

နောက် သူကဆက်ပြောသေးတယ်။ “ ဒါပေမဲ့ အောင်အောင့်ကိုတော့ မမခင်ပါတယ်” တဲ့။ ကဲ မခက်ဘူးလား။ သူဆိုတာကလည်းအဲဒီလိုမျိုးပါဗျာ။ ကျွန်တော့်ခံစားချက်တွေ တက်လိုက်၊ ကျလိုက် ဖြစ်အောင် အမျိုးမျိုးတွေလုပ်ခဲ့တာပေါ့။

လမ်းလျှောက်လာရင်းသစ်ပင်ရိပ်တစ်ခုအောက်မှာ ခုံတစ်ခုလွတ်နေတာတွေ့တော့ ကျွန်တော် ထိုင်ချင်သွား တယ်။ နာရီကိုကြည့်ပြီးအတန်းချိန်လိုသေးလားလို့လည်း ကြည့်ရသေးတယ်။ ဆရာတစ်ယောက် ဖြစ်နေ မှတော့ ကျောင်းသားတွေကိုစောင့်မနေစေချင်ဘူး။
ကျွန်တော်ကျောင်းတုန်းကတော့ သူ့နောက်ကိုလိုက်နေရတာနဲ့ ကျောင်းချိန်မှန်တယ်ကို မရှိလှဘူး။ သူကလည်းကျောင်းချိန်တော့ အလွတ်မခံစေချင်ဘူးထင်ပါတယ်။ 

“ အောင်အောင် အတန်းသွားတက်လေ” ဆိုတာမျိုးတော့သူပြောတယ်။

ကျွန်တော်ကလည်းသူ့နားနေရရင် အလိုလိုအူရွှင်နေတတ်တဲ့ကောင်ဆိုတော့ အတန်းချိန်လွတ်မှာထက် သူ့ကို လွတ်သွားမှာသိပ်ကြောက်ခဲ့တယ်။ တကယ်တော့ သူ့ကိုလိုက်တဲ့သူက သိပ်မရှိလှပါဘူး။ ကျွန်တော်ရယ်၊ သူ့အိမ်နားကကောင်တစ်ကောင်ရယ်။ နှစ်ယောက်တည်းပါပဲ။ ဒါကိုပဲ သူပါသွားမှာ ကျွန်တော် စိုးရိမ်နေခဲ့တာ။
ထိုင်ခုံလေးမှာကျွန်တော်ဝင်ထိုင်လိုက်တယ်။ နာရီဝက်လောက်အချိန်ရသေးတယ်လေ။ ခုံက ရေနည်းနည်းစိုနေတယ်။ကျွန်တော့်လုံချည်ရေစိုမှာတွေဘာတွေ စိုးရိမ်မနေတော့ပါဘူး။ ဒါပေမဲ့ တစ်ချိန်တုန်းကတော့ခုံတန်းလျားလေးတစ်ခုမှာ သူနဲ့ကျွန်တော် ထိုင်မယ်လုပ်တော့ ခုလိုပဲ ရေစိုနေတဲ့ ခုံလေးကိုကျွန်တော့်လက်ကိုင်ပ၀ါနဲ့ ထုတ်သုတ်ပေးခဲ့သေးတယ်။ အဲဒီလက်ကိုင်ပ၀ါကလည်း သူနဲ့ တွေ့မှကျွန်တော်ဆောင်ဖြစ်တာပါ။

အေးဗျာ။ တကယ်တော့ကောင်မလေးတစ်ယောက်အတွက် ရူးခဲ့ရတယ်ဆိုတာကလည်း အဓိပ္ပါယ်မရှိဘူး ထင်ရပေမယ့် ခံစားရတုန်းကတော့တကယ်ခံစားခဲ့ရတာပဲ။
သူကကျွန်တော်နဲ့အရပ်ချင်းမတိမ်းမယိမ်းလောက်ပဲရှိတယ်။ ကျွန်တော်နဲ့ မတွေ့ခင်တုန်းကတော့ သူက ခုံမြင့်ဖိနပ်တွေစီးလေ့ရှိတယ်တဲ့။ ကျွန်တော်နဲ့သွားလာနေတဲ့အချိန်မှာတော့ သူဖိနပ်အပါးလေးတွေပဲ စီးတော့တယ်တဲ့။ဒီတော့လည်း ကျွန်တော်ဆိုတဲ့ကောင်က သူငယ်ချင်းတွေကို ပြန်ကြွားရတာပေါ့။

“မမက ငါ့ကြောင့်ဖိနပ်ထူထူတွေမစီးတော့ဘူးတဲ့။ ငါနဲ့အရပ်တန်းတူဖြစ်သွားမှာစိုးလို့ သူဖိနပ် အပါးလေးတွေပဲစီးတော့တယ်တဲ့ကွ”။

ဘာကြောင့်မှန်းမသိဘူးဗျာ။သူငယ်ချင်းတွေကို သူ့အကြောင်းလေး များကြွားလိုက်ရရင်ကျွန်တော် သိပ်ပျော်နေတော့တာ။ ဟိုကောင်တွေကလည်း နှာခေါင်းရှုံ့တဲ့ကောင်က ရှုံ့၊ တော်ပါကွာဆိုပြီးပြောသူတွေက ပြော။ ဘာပြောပြော ကျွန်တော့်ကို သူက စိတ်ဝင်စားနေတယ်ဆိုပြီး ကျွန်တော် ပျော်နေတာ။

ကျွန်တော့်မျက်စိတွေထဲမှာတော့သူက သိပ်လှတယ်ဗျာ။ နှုတ်ခမ်းနီကို ပန်းရောင်လေးတွေ အမြဲဆိုးတယ်။ သူ့နှုတ်ခမ်းလေးက ပါးပါးလေးရယ်။ကျွန်တော့်ကို စိတ်ကောက်ပြီး နှုတ်ခမ်းကို ကိုက်လိုက်ရင် သူ့အောက် နှုတ်ခမ်းလေးဟာ လုံးဝကိုမမြင်ရတော့ဘူး။ ပြီးတော့  သူ့မျက်လုံး။ မျက်လုံးက၀ိုင်းစက်နေတာမျိုးလည်းမဟုတ်၊ ကျဉ်းနေတာမျိုးလည်းမဟုတ်ဘူး။ ဒါပေမဲ့ သူတစ်ချက် တစ်ချက်များလှမ်းကြည့်လိုက်ရင် ကျွန်တော် အဲဒီအကြည့်တွေကို သိမ်းထားချင်လောက်အောင်ကို ဖြစ်ဖူးတယ်ခင်ဗျ။
သူ့ပါးပေါ်မှာဝက်ခြံဖုလေးတွေ တစ်ဖု၊ နှစ်ဖုလောက်တော့ အမြဲရှိတတ်တယ်။ တခြားကောင်မလေးတွေလို သူက သနပ်ခါးစက်တင်တာမျိုးမလုပ်ဘူးဗျ။တစ်ခါတစ်ခါ စကားပြောနေရင် အဲဒီဖုတွေကို လက်သည်းနဲ့ ကုတ်နေတတ်သေးတယ်။ ကျွန်တော်က ကြည့်ရင်း“မမ မနားဘူးလား။ ဘာလို့ ဖဲ့တာနေတာလဲ” လို့ မေးတော့ သူက ကျွန်တော့်ကို ကြည့်ပြီး “ ဟင်..သတိတောင်မထားမိပါဘူးကွာ” ဆိုပြီး ရယ်နေတယ်လေ။

ကဲ.. ကျွန်တော်မပြောဘူးလား။သူဆိုတာမျိုးက ဘယ်လိုပဲနေနေ ကျွန်တော်စိတ်ဝင်စားအောင်ကို ဖြစ်နေတတ်တာ။

သူနဲ့နေ့လယ်စာစားကြတိုင်း သူက သူ့ထမင်းဘူးထဲက ဟင်းတွေကို ဦးဦးဖျားဖျား ထည့်ပေးတတ်တယ်။တစ်ရက်တော့ “မမ အရင်ထည့်ပါ။ ကျွန်တော်က အငယ်ပဲ” လို့ ပြောပြီးသူ့ပန်းကန်ထဲ ပြန်ထည့်ပေးလိုက်မိတယ်။  “ ဒီကစေတနာနဲ့ ထည့်ပေးတာ မစားချင်လည်း သွန်ပစ်လိုက်” တဲ့။ ကဲဗျာ.. ကျွန်တော်ပြောတာ စိတ်ဆိုးစရာမဟုတ်ပေမယ့်သူစိတ်ဆိုးသွားတယ်ဆို တော့ ကျွန်တော်နည်းနည်းအံ့သြသွားတယ်။ နောက်တော့ သူ ကျွန်တော့်ကိုစကားမပြောတော့ဘူး။ တစ်နေကုန်ဗျာ။ ကျွန်တော်ဖြင့် ဘယ်လို နေရမှန်းကို မသိတာ။

ကိုယ့်ကိုယ်ကိုယ်လည်းအပြစ်တင်မဆုံးဘူးပေါ့။ ကျွန်တော်ဘာလုပ်ရမှန်းကို မသိခဲ့ဘူး။ သူ့အတန်းထဲလည်း အရင်လိုဝင်မထိုင်ရဲဘူး။ ဒီတော့ ကျွန်တော် သူ့အတန်းရှေ့နားက ကော်ရစ်ဒါထောင့်မှာပဲ ထိုင်နေရတယ်။အတန်းတက်ဖို့လည်း ဘယ်စိတ်ပါတော့မလဲဗျာ။
သူ့ကိုစောင့်ရင်းကျွန်တော် လက်တွေတဖျောက်ဖျောက်ချိုးနေခဲ့တာကို မှတ်မိနေတယ်။ ခေါင်းငိုက်စိုက် ထိုင်နေရင်းကျွန်တော့်ရှေ့မှာလာရပ်တဲ့ ရုပ်ရှင်ဆန်ဆန်ခြေဖမိုးလေးကိုလည်း မှတ်မိနေတယ်။ မော့်ကြည့်လိုက်တော့ သူက ကျွန်တော့်ကို မျက်စောင်းထိုးတယ်။ ပြီးတော့ ထလေ ဘာလုပ်နေတာလဲတဲ့။
သူစိတ်ကောက်ပြေသွားပြီလား၊မပြေသေးဘူးလားဆိုတာ ကျွန်တော်သေချာမသိပေမယ့် ရင်ထဲတော့ ပျော်သွားတယ်။ သူကျွန်တော့်ကိုလာခေါ်တယ်လေ။ သူသာ အဲ့နေ့က တစ်နေ့လုံး စိတ်ကောက်နေခဲ့ ရင် ကျွန်တော် ညတောင်သူ့အိမ်ရှေ့မှာမိုးလင်းထိ ထိုင်နေမိမယ်ထင်တယ်။ ကျွန်တော်ဆိုတဲ့ကောင်ကလည်း ရူးမိရင် အဆုံးစွန်ထိကိုရူးချင်တာကိုး။

နောက်ပိုင်းရက်တွေလည်းသူ ကျွန်တော့်ကို ခဏခဏ စိတ်ကောက်တယ်။ သူစိတ်ကောက်တိုင်း အကြောင်းရင်း တွေက သိပ်အရေးမကြီးတာတွေချည်းပါပဲ။ဒါပေမဲ့လည်း အဲဒီအရေးမကြီးတာတွေကို ကျွန်တော် အရေးတကြီးဖြေရှင်းနေခဲ့ရတာကတော့ သေချာတယ်။

ကျွန်တော့်သူငယ်ချင်းတွေနဲ့အရက်တွေမူးနေခဲ့တာကိုလည်း သူစိတ်ကောက်သေးတယ်။ တကယ်ဆို သူနဲ့ ကျွန်တော်က ဘာမှမဖြစ်ကြသေးဘဲသူခုလို တရားဝင်စိတ်ကောက်တာ တစ်မျိုးတော့ တစ်မျိုးပေါ့။ ဒါပေမဲ့လည်း ကျွန်တော်တို့လိုကောင်တွေက ကိုယ်အရက်သောက်တာကို စိတ်ကောက်မယ့် ကောင်မလေး တစ်ယောက်ရှိနေတာ အပေါင်းအသင်းတွေထဲဘယ်လောက်ဂုဏ်ယူစရာကောင်းခဲ့သလဲ။

သူစိတ်ကောက်ပြီးနောက်ရက်တွေ ကျွန်တော့်သူငယ်ချင်းတွေက အရက်သောက်ဖို့ ခေါ်ရင် ကျွန်တော် ငြင်းမိတယ်။“မမက မကြိုက်ဘူးကွ။ ဟိုနေ့ကဆို ငါ့ကို စကားတောင်မပြောလို့ တော်တော် ချော့လိုက်ရတယ်ကွာ”။အဟား။ အဲဒီတုန်းကတော့ တကယ်ကို ဂုဏ်ယူဝံ့ကြွားစွာနဲ့ ပြောခဲ့တာ။

သူက စာတော့အတော်လေးကျက်တယ်။ သူစာကျက်ပြီး နောက်ရက်ဆိုရင် သူ့မျက်လုံးတစ်ဝိုက်က ညိုနေရော။ ကျွန်တော်ဖြင့်အဲဒီလို သူ့မျက်လုံးနားညိုနေတာမြင်ရင် စိတ်မကောင်းဘူး။ သူမူးလဲ သွားတော့မှာလားဆိုပြီးတစ်နေကုန် သူ့ကို လိုက်ကြည့်နေခဲ့တာ။

ကျွန်တော်တို့ကျောင်းက နေသိပ်ပူတာ။ ဒါပေမဲ့ သူက ဘယ်တော့မှ ထီးမဆောင်းဘူး။ နေပူထဲလည်း ကျောင်းထဲ လျှောက်သွားနေတာပဲ။ဒီတော့လည်း ကျွန်တော့် တာဝန်က သူ့ကို ထီးလိုက်ဆောင်းပေးရတာပေါ့။ လမ်းမှာ တွေ့တဲ့မုန့်တိုင်းလည်းသူက ၀ယ်စားသေးတာ။ နေပူထဲလမ်းလျှောက်နေပြီဆိုရင် သူ့နှုတ်ခမ်းပေါ်လေးမှာ ချွေးစက်လေးတွေသီးနေတတ်တယ်။ သူက အဲဒီချွေးစက်တွေကို ဘယ်တော့မှ မသုတ်ဘူးဗျာ။ ကျွန်တော် အဲဒီအခါမျိုးကျရင်သူ့ချွေးစက်လေးတွေကို သိပ်သုတ်ပေးချင်တာပဲ။ ကျွန်တော့်မှာ သုတ်ပေးခွင့်မရှိလို့ သူ့ကိုတစ်ရှူးထုတ်ပေးလိုက်ရင် သူက အဲဒီချွေးတွေကို သုတ်ပစ်လိုက်တယ်။ အဲဒီအခါကျ တော့လည်းအဲဒီချွေးစက်လေးတွေကိုကျွန်တော်နှမြောသွားပြန်ရော။

ကျွန်တော်ကလည်းခက်တယ်ဗျာ။ သူ့ကို ဘယ်လိုခံစားနေရမှန်းကို မသိတာ။ ကျောင်းပိတ်ရက်တွေဆိုလည်း ကျွန်တော်အိမ်မှာ မနေချင်ဘူး။ သူဘယ်တွေသွားစရာရှိနေလဲ ကျွန်တော်လိုက်တာပဲ။ သူကလည်း ကျွန်တော်နဲ့နေရတာ ပျော်တယ်ထင်ပါတယ်။ အနည်းဆုံးတော့ သူအဖော်အလှော် ရတာပေါ့။

ကျွန်တော်လက်ထဲကဆေးလိပ်ကို တောက်ထုတ်ပစ်လိုက်တယ်။ စာသွားသင်တော့မယ်ဗျာ။ သူ့အကြောင်းက တွေးရင် ဆုံးမှာမှမဟုတ်တာ။ သူ့အကြောင်းတွေးပြီးတိုင်းလည်း သက်ပြင်းချရတာ အမြဲပဲ။ ပြီးရင်လည်း တွေ့သမျှအမျိုးသမီးတိုင်းကို သူနဲ့ နှိုင်းယှဉ်နေမိတာ။

ကျွန်တော်စာသင်ရမယ့် ဥပဒေဆောင်နားရောက်တော့ ကျွန်တော့်ဘက်ကို လျှောက်လာတဲ့အမျိုးသမီးတစ် ယောက်နဲ့အမျိုးသားတစ်ယောက်ကို တွေ့တယ်။ အဲဒီအမျိုးသမီးကိုလည်း ကျွန်တော်က သူနဲ့ တူတယ် ထင်နေပြန်သေးတယ်ဗျာ။လမ်းလျှောက်လာပုံ၊ ဘေးက လူကို လှမ်းကြည့်ပြီး စကားပြောနေပုံတွေက သူနဲ့ တူသလိုလိုရှိနေတာကိုး။

ရုတ်တရက်အဲဒီအမျိုးသမီးခြေလှမ်းတွေရပ်သွားတယ်။ ဒီလိုပဲ ကျွန်တော့်ခြေလှမ်းတွေလည်း နှေးသွားတယ်ဆိုရင် သူဘယ်သူလဲ သိလောက်ရောပေါ့။ တကယ်ကို အံ့သြစရာကောင်းနေတယ်မဟုတ်လား။ ကျွန်တော်သူနဲ့တွေ့မယ်လို့ နေ့တိုင်းမျှော်လင့်ခဲ့တာ ငါးနှစ်ရှိနေခဲ့ပြီ။ သူနဲ့တွေ့မယ်လို့ မျှော်လင့်တိုင်းလည်းဘယ်တော့မှမတွေ့ခဲ့ဘူးလေ။ ဒါပေမဲ့ ခုတော့ သူကျွန်တော့်ရှေ့ကို ရောက်နေခဲ့ပြီ။ သူ့နှုတ်ခမ်းပါးပါးလေးတွေက သူ့ရဲ့အံ့သြမှုတွေကြောင့် ၀ိုင်းစက်စက်လေး ဖြစ်နေတယ်။ အဲဒါ ကျွန်တော်သိပ်လွမ်းနေရတဲ့သူ့နှုတ်ခမ်းလေးတွေ။

သူ့ဆီတည့်တည့်လျှောက်နေရင်းကျွန်တော် ဘာလုပ်ရမယ်ဆိုတာတွေကို မေ့နေခဲ့တယ်။ “အောင်အောင် ကျောင်းထဲကို ဘာလာလုပ်တာလဲ”တဲ့။ကျွန်တော့်လက်မောင်းကို လှမ်းကိုင်ပြီး သူ့ဆီက စကားသံအရင်ထွက် လာတယ်။ “ကျွန်တော် ကျောင်းထဲမှာစာသင်နေတယ်မမ။ ကျွန်တော် ကျူတာ စာမေးပွဲ အောင်တယ်လေ” ကျွန်တော် သူ့မျက်လုံးတွေကို တည့်တည့်ပဲကြည့်ပြီးပြောလိုက်တယ်။ သူ့မျက်လုံးမှာ မျက်ရည်ကြည်လေးတွေများ စို့နေသလားမသေချာပါဘူးဗျာ။ ကျွန်တော်မြင်ချင်ရာ မြင်နေတာလည်း ဖြစ်နိုင်ပါတယ်။

“အိုး.. အောင်အောင်မင်း ဆရာဖြစ်နေပြီလား။ မမ ထင်တောင် ထင်မထားဘူး။ ဒါမမ အမျိုးသားလေ။ ကျောင်းနားကို ရောက်တုန်းတက္ကသိုလ်ကျောင်းသူဘ၀ကိုလွမ်းလို့ ကျောင်းထဲ ၀င်လာတာ။ သူက နေပူလို့တဲ့  မမကို ပွစိပွစိလုပ်နေတယ်” တဲ့။

တကယ်ပါဗျာ။သူက အရင်အတိုင်းပဲ။ ဆံပင်ရှည်ရှည်တွေကလည်း အရင်အတိုင်းပဲ။ စကားပြောပုံကလည်း အရင်အတိုင်းပဲပေါ့ဗျာ။သူ့ဘေးက သူ့အမျိုးသား ဆိုတာကို ကြည့်လိုက်တော့ လူချောပါပဲ။ ကျွန်တော့်ကို နှုတ်ခမ်းတစ်ဖက်တွန့်ပြီးပြုံးပြတယ်။

နောက် သူဘာတွေပြောသွားသေးလဲကျွန်တော်မမှတ်မိတော့ဘူး။ ကျွန်တော်အိမ်ထောင်ကျသွားပြီလားလို့ လည်းမေးတယ်ထင်ပါရဲ့။သုံးယောက်ရပ်နေတဲ့ နေရာမှာ သူတစ်ယောက်တည်း စကားတွေလှိုင်လှိုင်ပြောလို့ အရင်လိုပဲ ကျွန်တော်ကသူ့ကိုငေးလို့ပေါ့ဗျာ။ အချိန်ကတော့ ၁၀ မိနစ်လောက်ပါပဲ။ ၁၀ မိနစ်လောက် စကားရပ်ပြောရဖို့ကျွန်တော်ဟာ ငါးနှစ်လုံးလုံး စောင့်နေခဲ့သလိုဖြစ် သွားတယ်။

နောက်တော့သူတို့ ကျွန်တော့်ကို နှုတ်ဆက်ပြီး လမ်း ဆက်လျှောက်သွားကြတယ်။ သူက သူ့တက္ကသိုလ်ကျောင်းသူဘ၀ကို သတိရလို့တဲ့။ အဲဒီ တက္ကသိုလ်ကျောင်းသူဘ၀ထဲမှာ ကျွန်တော် ပါနေခဲ့ သေးသလား။ သူ့နောက်တကောက်ကောက်လိုက်ခဲ့တဲ့ကောင်လေးပေါ့ဆိုပြီး သူ့အမျိုးသားကို ပြောလိုက်မလား။
ကျွန်တော်ကတော့မျှော်လင့်ထားသလို သူ့ရှေ့မှာ ရင့်ကျက်တဲ့သူတစ်ယောက်ဖြစ်ခဲ့သလား၊ မဖြစ်ခဲ့ဘူးလားဆိုတာကိုသေချာစဉ်းစားနေရတယ်။ ဒါပေမဲ့ဗျာ သူ့ရှေ့ရောက်တိုင်း ကျွန်တော်ဟာ အမြဲလိုလို ချာတိတ်တစ်ယောက်ဖြစ်သွားသလိုပဲဆိုတာ ငြင်းမရပါဘူး။ ကျွန်တော် ချာတိတ်ဘ၀ဆိုတာကို ထားခဲ့တော့မယ်။ ကျွန်တော်ဆရာတစ်ယောက်အဖြစ် ကျွန်တော့် ကျောင်းသားတွေရဲ့ရှေ့မှာ ပညာတွေ သင်ကြား ပေးရဦးမယ်။

ငယ်ကာလဆိုတာနည်းနည်းတော့ အူကြောင်ကြောင်နိုင်တယ်ဗျ။ ကျွန်တော်က သူ့ကို ချစ်တယ်လို့ မပြောခဲ့ဖူးဘူး။။သူကလည်း ကျွန်တော့်ကို ချစ်တယ်ဆိုတဲ့ အဓိပ္ပါယ်မသက်ရောက်အောင် နေခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်သူ့ကို စွဲလန်းခဲ့တာတော့တကယ်ပါဗျာ။ တစ်ယောက်နဲ့တစ်ယောက် တွယ်တာနေဖို့ဆိုတာ စကားလုံးတွေနဲ့ ချည်နှောင်စရာမလိုဘူးလို့ကျွန်တော်ထင်တယ်လေ။

သူ့အတွက်အမှတ်တရ၊ ကျွန်တော့်အတွက်လည်း အင်း… အမှတ်တရပဲ ထားပါတော့ဗျာ။ ကျွန်တော် ဟာ သူ့ တက္ကသိုလ်ကျောင်းသူဘ၀ကအမှတ်တရ
တစ်ခုလောက်ဖြစ်တယ်ဆိုရင်ကိုပဲ ကျေနပ်ပါပြီဗျာ။ ကျွန်တော် ကျောင်းဆောင်ထဲ မ၀င်ခင်တစ်ချက်လှည့်ကြည့်လိုက်မိသေးတယ်။ သူ့လမ်းလျှောက်ပုံခပ်နွဲ့နွဲ့ဟာ တဖြည်းဖြည်း ဝေးသွားတယ်။

 ဒီနေ့ကိုလည်း နောက်ဘယ်နှနှစ်လောက်များ ကျွန်တော်သတိရမိမလဲ မပြောတတ်တော့ပါဘူးဗျာ…..။

Jip Too

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...