Sunday, May 1, 2011

ထမင်းစားသူ အလိုရှိသည်

by Han Thit Nyeim on Sunday, May 1, 2011 at 10:25am

၁။ ။ လူကြီးလူကောင်းနှင့် ဆိုင်ကြီး ဆိုင်ကောင်း

က။ ။

ဖုန်း...

“အင့်”

“ဟာ၊ ဆောရီးဗျာ တောင်းပန်ပါတယ်”

“ရပါတယ်” ပြောပြီးမှ သူသတိထားမိတယ်။ သူ့ကို ဝင်တိုက်သွားသူမှာ သားသားနားနား ဝတ်စားထားသော လူကြီးလူကောင်းတစ်ယောက်ဖြစ်သည်ကို။


ခ။ ။

သူလိုလူအဖို့တော့ နံနက်စာကို နံနက်စာနှင့်တူအောင်သာ စားနိုင်သည်။ မဆီမဆိုင် စာထဲမှာ ဖတ်ဖူးတဲ့ ဒိုင်အောဂျီးနိစ်ရဲ့ စကားလေးကို တွေးမိတယ်... “သင်ဟာ လူချမ်းသာဆိုရင် စားချင်တဲ့အချိန်စား၊ လူဆင်းရဲဆိုရင်တော့ စားနိုင်တဲ့အခါစား” တဲ့။

“အလုပ်လုပ်ဖို့ ထမင်းစားနေရတာလား၊ ထမင်းစားဖို့ အလုပ်လုပ်နေရတာလား” ဘာအတွက်ကြောင့်ဖြစ်မလဲ။ သူ့လို တစ်နေ့လုပ်မှ တစ်နေ့စားရသူအဖို့ကတော့ နှစ်ချက်စလုံးမှန်သည်ဟုပဲ ဆိုရမှာလား။

အတွေးစတွေပိုက်ပြီး သူလျှောက်လာရင်း ထမင်းဆိုင်ကြီးတစ်ဆိုင်နားကို ရောက်လာသည်။ မနက်အလုပ်သွားတိုင်း ဒီဆိုင်ရှေ့က သူဖြတ်လျှောက်နေကျ။ တကယ်တမ်းလည်း ဒီလို ဆိုင်ကြီးဆိုင်ကောင်းတွေဟာ လူကြီးလူကောင်းတွေပဲ ဝင်ရောက်စားသောက်နိုင်တဲ့ နေရာပါပဲ။ စားနိုင်တဲ့ အနေအထားမရှိတဲ့ သူ့အဖို့တော့ ဒီလိုဆိုင်မျိုးမှာ စားချင်တဲ့ အနေအထားမျိုးကို မတောင့်တတာက အကောင်းဆုံး မဟုတ်လား။

အတွေးတွေနဲ့ ဖြတ်သွားရင်း ဆိုင်ထဲကို လှမ်းကြည့်မိတယ်။ ခါတိုင်းတော့ ဆိုင်ထဲကို သိပ်သတိမထားမိ။ ဒီနေ့မှ သတိပြုမိတာက ဆိုင်ထဲမှာ စိမ်ပြေနပြေနဲ့ စားသောက်နေတဲ့ လူတစ်ယောက်ရှိတာကို။ ပြီးတော့ အဲလူက မနက်က သူ့ကို ဝင်တိုက်သွားတဲ့ လူ။ ဟုတ်တယ် ဒီလို ဆိုင်ကြီးဆိုင်ကောင်းမှာ အေးအေးသက်သာ လာစားသောက်ဖို့ သူ့ကို အလောတကြီးနဲ့ ဝင်တိုက်သွားတဲ့ သားသားနားနား ဝတ်စားထားတဲ့ လူ။

ဘာရယ်မဟုတ်၊ သူ့အတွေးထဲသို့ မေးခွန်းတစ်ခုရောက်လာတယ်။

လူကြီးလူကောင်းတွေမှပဲ ဒီလို ဆိုင်ကြီးဆိုင်ကောင်းတွေမှာ စားနိုင်တာလား။
 .......................................................................

၂။ ။ အလုပ် = ထမင်းစားခြင်း

က။ ။

“ကျွန်တော့် တစ်ယောက်စာအတွက် တခြား နေရာမှာကော မရှိတော့ဘူးလား”

“ဆောရီးပဲကွာ၊ တခြားနေရာမှာက တခြားလူတွေ လုပ်နေတာရှိပြီးသားလေကွာ၊ မင်းလို တစ်ယောက်စီက တောင်းဆိုတာနဲ့ပဲ ငါက ဟိုရွှေ့ပေးလို့ ဘယ်ဖြစ်မလဲကွ”

“အင်း...”

ခ။ ။

ဘယ်အရာမှ မမြဲသော လောကကြီးမှာ လုပ်နေတဲ့ အလုပ်တွေကရော မြဲမှာတဲ့လား။ သူ့အတွေးနဲ့သူ ဖြေသိမ့်လိုက်ရသော်လည်း စိတ်ဓာတ်က ကျမြဲပင်။ အလုပ်သာ မမြဲသာ လူဆိုတာ ဖြစ်လာတာနဲ့ ဆာလောင်ခြင်း ဆိုသည်က အမြဲတွဲပါလာခဲ့သည် မဟုတ်ပါလား။ ထိုသို့သော ဆာလောင်ခြင်းအမှုကို ဖြေသိမ့်ဖို့ စားသောက်ခြင်းအမှုကို လူသားတို့ နေ့စဉ်စဉ် ဝတ္တရားမပျက် ပြုနေရသည် မဟုတ်ပါလော။ ထို့ကြောင့် “အလုပ် = စားသောက်ခြင်း” ဟု သူက တင်စားချင်သည်။

အခု သူအလုပ်မရှိတော့။ သူတို့လုပ်နေသော အလုပ်ကန်ထရိုက်က အရှုံးပေါ်သည်ဆို၍ ရပ်လိုက်ပြီ။ ထိုသို့ဖြစ်ခြင်းသည် သူ့အတွက် ထမင်းအိုးကွဲသွားခြင်းဟုပင် ဆိုရမည်။

“တစ်အိုးကွဲတော့ နောက်တစ်အိုးနဲ့ ချက်မှာပေါ့” သူ့ဘာသာ ပြောပြီး ဖြေသိမ့်လိုက်ရသော်လည်း စိတ်ကျေနပ်မှုကိုကား မရ။ ခုမှ ရင်ထဲက ပိုဆာလာပြီး ပိုအောင့်လာသည်ဟု ခံစားရမိသည်။ မမြဲခြင်းတရားအရ ဒီခန္ဓာကိုယ် ပူလောင်မှု၊ ဆာလောင်မှု တို့သည်လည်း အချိန်တန်သူ့ဘာသာ ပျောက်ကွယ်သွားမည်ဟု သူတွေးမိပြန်သည်။
 .......................................................................

၃။ ။ ထမင်းစားသူ အလိုရှိသည်

ဖုန်း...

“အင့်”

“ဟာ၊ ဆောရီးဗျာ တောင်းပန်ပါတယ်”

“ရပါတယ်… ဟမ်” ပြောပြီးမှ သူသတိထားမိတယ်။ သူ့ကို ဝင်တိုက်သွားသူမှာ မနက်က လူကြီးလူကောင်း။ ဒါပေမယ့် ဝတ်ကောင်းစားလှနဲ့ မဟုတ်တော့...။

ဒီတော့မှ မနက်က ထမင်းဆိုင်ရှိရာ လမ်းချိုးလေးသို့ သူရောက်လာမှန်း သတိထားမိသည်။ “အင်း... ဆိုင်အကောင်းစားမှာ စားနိုင်တဲ့ ဝတ်ကောင်းစားလှနဲ့ လူကြီးလူကောင်းတောင် နေ့မကူးခင်ဘဲ ပြောင်းလဲသွားနိုင်တာပါလား”

ပြုတ်ကျသွားသော သူ့ပစ္စည်းတွေကို ကောက်ယူနေရင်း မျက်စိရှေ့တည့်တည့်မှ စာတန်းကို သူ သတိထားမိသွားသည်။

ထမင်းစားသူ အလိုရှိသည်။
ဤနေရာတွင် စုံစမ်းပါ။

မနက်က လူကြီးလူကောင်း ထိုင်နေသော ထမင်းဆိုင်၏ နောက်ဖေးဘက် တံခါးတွင် ချိတ်ဆွဲထားခြင်းဖြစ်သည်။ ဒီတော့မှ သူ့ကို ဝင်တိုက်သွားသူ လူကြီးလူကောင်း၏ မမြဲခြင်းကို သူ သဘောပေါက်သွားတော့သည်။

“အင်း... စားဖို့မရှိတာထက် စားနေရတဲ့ အလုပ်က ပိုကောင်းမှာပါလေ” တစ်ကိုယ်တည်းပြောပြီး ထိုဆိုင်းဘုတ်ရှိရာ တံခါးကို ခေါက်လိုက်တော့သည်။

ဒေါက်... ဒေါက်...

မေတ္တာဖြင့်
ဟန်သစ်ငြိမ်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...