Friday, May 27, 2011

သုံးနားမညီတဲ့ ပညာရေး

Thursday, 26 May 2011 00:07 ချယ်ရီမိုးသဲ
ဇွန် ၁ ရက် နေ့ ဆိုရင် ကျောင်းတွေ ပြန်ဖွင့်တော့မယ်။ စာသင်ခန်းထဲ ၀င်ရမှာကို ကျမ ရင်လေးနေတယ်။ ဆရာမ တစ်ယောက်ဘ၀ကို ခုံခုံမင်မင် လုပ်ခဲ့ပြီးကာမှ ဘာကြောင့် ဒီလို ဖြစ်နေရတာလဲ။ အသက် ၄၀ ကျော် လာလို့လား။ ဆရာ ဆရာမ တစ်ယောက်မှာ ရှိရမယ့် ကျွမ်းကျင်မှုတွေ မရှိလို့ပဲလား။ ပညာသင်ကြားရေး အပေါ်မှာ စိတ်ဓာတ်တွေ ဘာကြောင့် ကျနေမိတာလဲ။ ကျမက ရန်ကုန်မြို့ တစ်ဘက်ကမ်းရှိ မြို့လေးတစ်မြို့မှ အထက်တန်းပြ ဆရာမပါ။
မြန်မာနိုင်ငံ အခြေခံပညာ ဆရာဆရာမ နှစ်သိန်းကျော်ထဲက အစိုးရ၀န်ထမ်း ဆရာမ တစ်ယောက်ပေါ့။ ကျမနဲ့ ဘ၀တူ ဆရာ ဆရာတွေကော လက်ရှိ ပညာသင်ကြားရေးနဲ့ ဘ၀ ရပ်တည်ရေးကို ဘယ်လို ဖြတ်သန်းနေကြရသလဲ။ မကြာခင်က ပုပ်လို့ပေါ်တဲ့ ရန်ကုန်မြို့ပေါ်ကျောင်း ၁၉ ကျောင်းက ကျောင်းအုပ်တွေနဲ့ ဆရာ ဆရာမ အချို့လို လဘ်ယူပြီး ချမ်းချမ်းသာသာ နေနိုင်ကြတာပဲလား။ ကျမ အခု ဖော်ပြမယ့် အခြေအနေတွေကို သိရင် ကျမတို့ ဆရာ ဆရာမ အများစု ကျောင်းစာသင်ခန်းအတွင်း ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို စာနာမိမယ်လို့ထင်ပါတယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့ အခြေခံပညာ ကျောင်းဆရာ ဆရာမတွေရဲ့ ဘ၀နဲ့ ကမောက်ကမ ပညာရေးစနစ်ကို တစ်စုံတရာ နားလည်မယ်လို့ ထင်ပါတယ်။ (၁) အစိုးရက ပညာရေးမှာ အမျိုးသား ပညာရည် မြင့်မားရေး ဆိုတဲ့ ဦးတည်ချက်နဲ့ နှစ်တို နှစ်ရှည် စီမံကိန်းတွေ ချမှတ် ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီအထဲမှာ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းနေနိုင်ရေး၊ ကျောင်းထွက်နှုန်း လျော့နည်းစေရေး တို့လည်း ဆောင်ရွက်လာတာပေါ့ရှင်။ ကလေးတွေ စာမေးပွဲစနစ်ကြီးကို ကြောက်လန့်မနေအောင် စဉ်ဆက်မပြတ် အကဲဖြတ်ပြီး အတန်းတင်ပေးတဲ့ စနစ်ကို လုပ်ပါတယ်။ လစဉ် သင်ခန်းစာအဆုံး စစ်ဆေးမှု၊ အောက်တိုဘာ ပထမနှစ်ဝက် စစ်ဆေးမှု၊ ဖေဖော်ဝါရီ ဒုတိယနှစ်ဝက်ဆုံး စစ်ဆေးမှု ပြုလုပ်ကြရပါတယ်။ အဲဒီမှာ ပြဿနာ စပါတယ်။ “တတ်အောင်သင် အောင်အောင်လုပ်” ဆိုတဲ့ စကားကို ညွှန်ကြားထားပေမယ့် အရှုံးမရှိတဲ့ စနစ်မှာ မတတ်ပေမဲ့ အအောင်ပေးလိုက်ရတယ်။ 
အခြေခံမကောင်းတဲ့ ကလေးကို ၁၀ တန်း ရောက်မှ အောင်ချက်ကောင်းအောင် လုပ်ဖို့ မလွယ်ကူဘူး။ မူလတန်း- အထူးသဖြင့် သူငယ်တန်း၊ တစ်တန်းကစပြီး  စာမကျေခဲ့တဲ့ ကလေးဟာ ပညာရေးစနစ်အရ အကျမရှိ အဆင့်ဆင့် အတန်း တက်လာတယ်။ ဒီတော့ ဆယ်တန်းသာ ရောက်လာတယ် ဗမာစာလည်း မတတ်၊ b နဲ့ d လည်း ဟိုဘက် ဒီဘက် ဘယ်လို လှည့်ခွဲခြားလဲ မသိ။ အဲဒီလို ကျောင်းသားတွေကို ဆယ်တန်းအောင်အောင် ဘယ်လို ကျမ သင်ပေးရမလဲ။ (၂) ကလေးဗဟိုပြု သင်ကြားရေးစနစ် (CCA) ကို သုံးခိုင်းပါတယ်။ ဆရာကချည်း ဦးဆောင် မသင်ရဘူး။ ကလေးရဲ့ တွေးခေါ်နိုင်စွမ်းကို ဦးစားပေးရမယ်ပေါ့။ ဒါပေမဲ့ စာသင်ချိန် ၄၅ မိနစ် ကန့်သတ်ချက်အတွင်း ကျောင်းသား ၇၀၊ ၈၀၊ ၉၀ လောက်ရှိတဲ့ စာသင်ခန်းမှာ CCA ဘယ်လို သင်မလဲ။ ကျမတို့လည်း သိပ်သင်ချင်တာပေါ့။ (၃) လပိုင်း သင်ရိုးကိုက်အောင် သင်ဖို့ လိုပြန်တယ်။ သင်ရိုးမာတိကာကို လအလိုက် ပိုင်းခြားထားတယ်။ စာသင်ချိန်နဲ့ သင်ရိုးက မမျှဘူး။ သင်ရိုးက များနေတယ်။ တကယ်တတ်အောင် သေသေချာချာ သင်မယ်ဆိုရင် သင်ရိုး မပြီးဘူး။ သင်ရိုးမကုန်ရင် ဆရာ ဆရာမမှာ ပြဿနာ ရှိတယ်။ ဒီတော့ သင်ရိုးကိုက်အောင် အမြန်ဆုံး နည်းနဲ့ သင်ရတယ်။ ဒီတော့ ကလေးက စာမတတ်ပြန်ဘူး။ စစ်ဆေးရေး ညွှန်ကြားချက်အတိုင်း သင်ရိုးကိုက်အောင် သင်ရတဲ့အတွက် ကလေးဘက်ကကျတော့ ဆရာတွေက ပြီးစလွယ် တက်သုတ်ရိုက် သင်နေတယ် ဆိုတာမျိုး ဖြစ်လာပြန်တယ်။ (၄) အခန်းဆုံး (လစဉ်) စစ်ရာမှာ ကိုယ့်အခန်း၊ ကိုယ့်နေရာမှာပဲ  ထိုင်ပြီး ဖြေကြရတယ်။ အချိန်တန်ရင် အောင်မယ်ဆိုတာ ကျောင်းသားက သိနေတယ်။ 
ဒီတော့ ကျောင်းသားအများစုက ရေသာခိုတယ်။ စာဖတ်တာ ကျက်မှတ်တာ မရှိဘူး။ ခိုးချပြီး ဖြေသူက ဖြေကြတယ်။ ရသလောက်သာဖြေပြီး ဒီအတိုင်း ရေးချင်သလို ရေးသူက ရေးတယ်။ ဘယ်လောက်ပဲ မဖြေနိုင်ပါစေ၊ အချိန်တန်ရင် အောင်ပြီး အတန်းတက်ရမယ်။ ဒီတော့ စာမတတ်သူ များလာတယ်။ (၅) ဘာပဲပြောပြော ကျမတို့ ငယ်ငယ်က စာသင်သမျှ အကုန်ကျက်၊ အောင်ရင် အတန်းတက်စနစ်ကြောင့် စာတတ်သူတွေ ရှိပါတယ်။ အခုတော့ ဆရာတွေက သင်ရိုးကိုက်အောင် အမြန်သင်ပြီးရင် မေးခွန်း ၂စုံ ၃ စုံ ပေးပြီး ကျက်ခိုင်းတယ်။ အဲဒီ ၂ စုံထဲက ၁ စုံကို စာမေးပွဲမှာ မေးတယ်။ 
ဒီတော့ တတ်အောင် သင်တာ မဟုတ်တော့ဘဲ မေးခွန်းသင်ပြီး အတန်းတင်ပေးလိုက်ကြတာ ဖြစ်တယ်။ ဒီလိုနဲ့ စာမတတ်သူ ဦးရေ များလာတယ်။ အချိန်တန်ရင် မေးခွန်းကျက်ပြီး အောင်မှာ သိနေတဲ့အတွက် စာသင်ချိန်ကို အလေးအနက် မထားဘူး။ ဆရာကိုလည်း ဂရုမစိုက်တော့ဘူး။ ဒီတော့ သင်သူဘက်က အပေးသာ ရှိတယ်၊ ကျောင်းသားက မယူတဲ့အတွက် သင်ကြားရေးက မအောင်မြင်ပါဘူး။ (၆) ဆရာ ဆရာမတွေက ကျူရှင်ကြောင့် ကျောင်းမှာ ကောင်းကောင်း မသင်ဘူးလို့ စွပ်စွဲတာကို ခံရပြန်တယ်။ တကယ်တော့ ဆရာတိုင်း ကျူရှင် ရကြတာလည်း မဟုတ်ပါဘူး။  ကျူရှင်ရပြီး တိုက်ဆောက် ကားစီးနိုင်တဲ့သူ ရှိသလို၊ ကျူရှင်မရတဲ့အတွက် ဈေးရောင်းရင်း ကျောင်းတက်ရတဲ့လူတွေကလည်း ရှိကြတာပါပဲ။ ကျောင်းသားတွေကလည်း စေတနာ အပြည့်နဲ့ သင်ပေးတာကို တန်ဘိုး မထားပါဘူး။ ကျောင်းကို မလေးစားတော့တဲ့ အတွက် ငွေကုန်ခံ ကျူရှင်ယူပြီး သင်ရမှ တန်ဘိုး ရှိတယ်လို့ ထင်ကြတယ်လေ။ (၇) ကျမတို့ ပညာရေးဝန်ကြီးတွေက ကျောင်းသားတွေ စိတ်ဒဏ်ရာ မရအောင် ဆိုပြီး ကြိမ်လုံးကိုင်တာ၊ ရိုက်တာကို ခွင့်မပြုဘူး။ စာသင်ခန်းထဲကို ရောက်လာတဲ့ ကျောင်းသားတွေက အလွှာမျိုးစုံ စရိုက်မျိုးစုံ ရှိကြတယ်။ အထက်တန်းဆင့် Bio အတွဲ ယူတဲ့ ကျောင်းသားတွေမှာ ပညာလိုချင်သူ များတယ်။ Eco ကျောင်းသား တွေကတော့ ပေါ့ပေါ့နေ ပေါ့ပေါ့စားပဲ။ ဒါက ကျမတို့ ခေတ်ကတည်းက သိပ္ပံနဲ့ ဝိဇ္ဇာ ခွဲခြားမှုရဲ့ မပြီးစီးသေးတဲ့ ဆိုးရွားတဲ့ အကျိုးရလဒ်ပါ။ သိပ္ပံကျောင်းသားက စာတော်သူ၊ ဝိဇ္ဇာတွဲယူသူက အဖျင်းအညံတွေ ဆိုတဲ့ အားလုံးရဲ့ အစွဲကနေ ကျောင်းသားတွေ ခံရတာ။ ဆရာ ဆရာမက လေချိုလေးနဲ့ ဆက်ဆံရင် အဲဒီ ခပ်ဆိုးဆိုး ကျောင်းသားတွေက ခေါင်းပေါ် တက်မယ့် သူတွေ။ အဲဒီတော့ ဆရာက ကျောင်းသားထက် မိုက်ပြ ကြမ်းပြရတာလည်း ရှိတယ်။ ပါးစပ်နဲ့ မရရင် တုတ်နဲ့ဖြစ်ဖြစ်၊ ထိုင်ထ အပြစ်ပေးတာမျိုးဖြစ်ဖြစ် လုပ်ရတာမျိုးလည်း ရှိတယ်။ ဘယ်လိုမှ လုပ်မရလို့ လျစ်လျူရှု ထားရတာမျိုးလည်း ရှိတယ်။ အဲဒီလို မရိုက်ဘဲနေတဲ့သူ၊ အပြစ်ဒဏ် မပေးဘဲနေတဲ့ ဆရာ အချိန်ဆိုရင် ဆရာက ရှေ့ကသင်၊ စကားများတဲ့ ကျောင်းသားက များနေတယ်။ နောက်ပြောင် ဆော့ကစားတဲ့ ကျောင်းသားက ဆော့ကစားနဲ့။ ဆရာလည်း ကျောင်းသားကို မထိန်းနိုင်တဲ့ ကျောင်းသား ဖြစ်သွားပြီ။ ရိုက်တဲ့ ဆုံးမတဲ့ ဆရာတွေကလည်း တကယ်တော့ အားအားယားယား မရိုက်ချင်ကြပါဘူး။ ကောင်းစေချင်တဲ့ စေတနာ၊ စည်းကမ်း ရှိစေချင်တဲ့ စေတနာနဲ့ လုပ်ဆောင်ပြတာပါ။ 
တချို့ ဆရာတွေလည်း ဂရုဏာ ဒေါသောနဲ့ ပြောရင်းဆိုရင်း ပြောမှားဆိုမှားလည်း ရှိကြတာပေါ့။ အဲဒီလိုဆိုရင် ပြဿနာက လာပြန်တယ်။ မရိုက်ရတဲ့ ကိစ္စပေါ့ရှင်။   တချို့ မိဘတွေက သူတို့သားသမီးကို ရိုက်လို့ဆိုပြီး ပြဿနာ လုပ်တယ်။ ကျောင်းအုပ်ကို တိုင်တာရှိတယ်။ အချို့လည်း မြို့နယ်ပညာရေးမှုး၊ အခြေခံပညာရေးဌာနနဲ့ နေပြည်တော်အထိ တိုင်တာရှိတယ်။ အချို့မိဘတွေကတော့ မိုက်ရိုင်းလွန်းပါတယ်။ ကိုယ့်သားသမီး မှန် မမှန် မစဉ်းစားဘူး။ သူတို့ ပေါက်ရောက်တာကို ပြချင်တာလည်းပါတယ်။ တိုင်လို့ရတယ် တိုင်မယ် ဆိုတာချည်းပဲ။ တိုင်စာက နေပြည်တော် (သို့မဟုတ်) အခြေခံပညာဌာန ရောက်သွားရင် အဲဒီ ဆရာမက အစစ်ခံရတယ်။ အပြစ်ရှိရင် အရေးယူ ခံရတယ်။ အပြစ်မရှိရင် တိုင်သူတော့ အရေးယူ မခံရဘူး။ ဘာပဲဖြစ်ဖြစ် အတိုင်ခံရတယ်၊ အစစ်ခံရတယ် ဆိုကတည်းက လုပ်ငန်းခွင်မှာ သိက္ခာကျသွားပြီ။ ရှေ့ဆက် စာသင်ဖို့အတွက် စိတ်ဓာတ်အင်အားတွေ မရှိတော့ဘူး။  ပညာရေးဟာ မိဘ၊ ဆရာ၊ တပည့် သုံးနားညီ တြိဂံလို ဆိုကြပေမယ့်၊ အခုတော့ မိဘနဲ့ တပည့်ကို အပေါ်မှာထားပြီး ဆရာတွေကို လှုပ်မရအောင် လုပ်ထားတယ်။ မိဘတွေကလည်း တိုင်မယ်ဆိုတာချည်းပဲ။ စာသင်ခန်းထဲက ဆရာ ဆရာမတွေရဲ့ အခြေအနေကို နားမလည်နိုင်ကြဘူး။ ဆရာ ဆရာမခန်းထဲမှတော့ အချင်းချင်း အားပေးကြရတယ်။ မတတ်နိုင်ဘူး နောက်ပြဿနာ နောက်ရှင်း။ ပြောမရရင် တုတ်နဲ့ ခြောက်ရမှာပဲ။
တကယ်တော့ ဆရာ ဆရာမအားလုံး မရိုက်ပါဘူးဆိုတာ လက်မှတ် ထိုးထားရတာပါ။  အတန်းထဲမှာ စာသင်ချိန် သံသေးသံကြောင်အော်၊ ဆရာ ကန်တော့ပွဲမှာတောင် မူးယစ် သောက်စား၊ အိမ်သာသွားပြီး ဆေးလိပ်သောက် အရက်သောက် ဆေးချနေတဲ့ ကျောင်းသားကို ကျမတို့ ဆရာ ဆရာမတွေ ဘယ်လို ထိန်းမလဲ။ ကျောင်းအုပ်ကတောင် ကျောင်းမထုတ်ရဲဘူးလေ။ ဘယ်လိုလုပ် ကျောင်းကောင်း  ဆရာကောင်း ကျောင်းသားကောင်းတွေ ဒီပတ်ဝန်းကျင်ထဲ ဖြစ်လာပါ့မလဲ။   (၈) ကျမတို့ ကျောင်းတွေကို ရုံးချုပ် စစ်ဆေးရေးအဖွဲ့က သုံးလ တစ်ကြိမ် ၀င်စစ်ပါတယ်။ သင်ရိုးကိုက်မကိုက်၊ သင်ထောက်ကူ သုံးမသုံး၊ လေ့ကျင့်ခန်း စစ်မစစ် စသဖြင့် စစ်ဆေးတယ်။ ဆရာမတွေက သင်ကြားရေးအပြင် ဒိုင်ယာရီရေးတာ၊ သင်နည်းမှတ်စုရေးတာ၊ လေ့ကျင့်ခန်းစစ်တာ အဲဒီအလုပ်တွေနဲ့ ခေါင်းမဖော်နိုင်ဘူး။   မသင်ခင် ကြိုတင်ပြင်ဆင်မှုကြောင့် သင်ကြားရေးမှာ ထိရောက်စေတယ်လို့ ဆိုတယ်။ လက်တွေ့မှာတော့ သင်ခန်းစာ ကြိုတင်ပြင်ဆင်ခြင်း နည်းနဲ့ မှတ်စုရေးတာဟာ သတ်မှတ်ပုံစံ အချက် ၇ ချက်အတိုင်း မရေးမဖြစ် ရေးရတဲ့ (စစ်ဆေးရေး ကြည့်ဖို့ရေးပြရတဲ့) စာအုပ်ပါပဲ။ တကယ့် စာသင်ခန်းအတွက် မဟုတ်ဘူး။ အလုပ်ပို တစ်ခုလို ဖြစ်နေတယ်။ လက်တွေ့ စာသင်ဖို့ လေ့လာမှတ်သားရတာက သီးခြားလုပ်နေရတယ်။ (၉) တက္ကသိုလ်ဝင်တန်း အောင်ချက်မြင်မားရေး အဖွဲ့က လာတဲ့အခါ ကျနိုင်တဲ့ ကလေးတွေ အောင်မှတ် ရအောင် ခရိုင်အလိုက် ပြုစုထားတဲ့ လေ့ကျင့်ရန် စံပြမေးခွန်းပုံစံ သုံးစုံစီကို ထပ်တလဲလဲ လေ့ကျင့်စေပြန်တယ်။ ဒါဟာ ဆယ်တန်းကိုလည်း မေးခွန်းသင်ပြီး အောင်အောင် လုပ်ခိုင်းတဲ့ သဘောပါပဲ။
(၁၀) မင်္ဂလာဒုံ(၂) ဗိုလ်လှသောင်း ကျောင်းကတော့ စစ်တပ်ကျောင်း ဖြစ်တဲ့အတွက် ကျမတို့ ကျောင်းတွေနဲ့ မတူပါဘူး။ အခြေခံပညာဌာနရဲ့ ညွှန်ကြားချက်ကို နာခံစရာမလိုတာ အဲဒီကျောင်းပဲ ရှိတယ်။ သူငယ်တန်းက စပြီး မေးခွန်းကို ကျောင်းအုပ်က ထိန်းထားတယ်။ ကျရင် အတန်း မတက်ရဘူး။ ကိုးတန်း အောင်ဖို့ အမှတ် မပြည့်မှီရင် မိဘကို ခေါ်တွေ့တယ်။ ကျောင်းဆက်ထားရင် ၉ တန်းကျမယ်။ တခြားကျောင်းပြောင်းမယ်ဆိုရင် အအောင်ပေးလိုက်မယ်တဲ့။ ဒီနည်းနဲ့ ၁၀ အောင်ချက်ကို ထိန်းထားတယ်။ အဲဒီလိုမျိုး တခြားကျောင်းတွေ လုပ်ပိုင်ခွင့် မရှိဘူး။ လုပ်ရင် အားလုံးပြုတ်မှာ သေချာတယ်။ ဒါတွေက ကျမတို့ ကျောင်းတွင်းမှာ စာသင်နှစ်ကို ဖြတ်သန်းနေရတဲ့ ပုံစံတွေပါ။ ဆရာ ဆရာမ ဘ၀ဟာ မလွယ်ပါဘူး။ လုပ်ငန်းခွင်ရောက်ရင် ဌာနရဲ့ ဖိအားတွေ၊ မလိုအပ်ဘဲ လုပ်ပြရတဲ့ စာရင်းဇယားတွေ၊ မိဘတွေရဲ့ ဖိအားတွေ၊ ကျောင်းသား တစ်ဝက်လောက်ရဲ့ ရိုင်းပြမှု မထေမဲ့မြင်ပြုမှု အားလုံးကို ရင်ဆိုင် ဒုက္ခခံပြီး အနစ်နာ စေတနာ ၀ါသနာနဲ့ ရှင်သန်နေကြရတာပါရှင်။ ပြောမယ်ဆိုရင်တော့ ပြောစရာတွေချည်းပါပဲ။ ကလေးတွေရဲ့ အနာဂတ်၊ ကျမတို့ရဲ့ အနာဂတ်…။ အင်း တော်ပါပြီ ဒီလောက်ပါပဲ…..။
ချယ်ရီမိုးသဲ
By: Wai Maw

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...