Monday, May 16, 2011
*လားပေါင်း များစွာနှင့် …*
by Pyae Sone Aung on Friday, April 29, 2011 at 1:12am
ဒီတစ်ပတ် လပတ်စာမေးပွဲမှာ မြန်မာစာ အမှတ်အများဆုံး ရတဲ့သူကို ဆရာမ ဆုချမယ်…
ဆုချမတဲ့လား.. အမှတ်အများဆုံး ရတဲ့သူ.. လွယ်တော့မလွယ်.. ကျောင်းသား ကျောင်းသူပေါင်း လေးဆယ်ကျော် ငါးဆယ်တွင်းမှာ အမှတ်အများဆုံး ရဖို့ဟူသည်.. ကျွန်တော့် ဘယ်ဘက်က ကပ်လျက် ထိုင်သည့် သူငယ်ချင်းကို လှည့်ကြည့်မိသည်.. သူသည် လူတော်.. သူတော်သလို ကျွန်တော်ကလည်း မညံ့.. စာမေးပွဲတိုင်းတွင် သူနှင့် ကျွန်တော်သည် သူမသာ ကိုယ်မသာ.. အနည်းငယ်မျှသော အမှတ် ကွာဟမှုများနဲ့ သူ အဆင့်တစ်ဖြစ်လိုက်.. ကျွန်တော် အဆင့်တစ် ဖြစ်လိုက်.. ဘာပဲပြောပြော ဆုရတာ မရတာ အသာထား.. အောင်ဖို့တော့ လုပ်ရမည်.. အောင်ရန်မှာ ပေးထားသော စာများကို ကျက်ရုံမှတစ်ပါး အခြားမရှိ..
**********************************
ဒီနေ့ မြန်မာစာ အဖြေလွှာ စာရွက်များ ပြန်ပေးသည်.. တစ်ဦးချင်းအလိုက် စာလုံးပေါင်း သတ်ပုံ အမှားများနှင့် ရရှိသည့် အမှတ်စာရင်းကို စာရွက်ပေါ်တွင် ဖော်ပြထား၏.. ဘေးနားက ကျွန်တော့် သူငယ်ချင်းက အဖြေလွှာစာရွက် အရင်ရ၏.. ၉၄-မှတ်.. အားပါး တယ်တော်တာပဲ.. ခဏနေတော့ ကျွန်တော့် အဖြေလွှာ စာရွက်ရ၏.. မ၀ံ့မရဲဖြင့် အမှတ်စာရင်း ကြည့်လိုက်တော့.. ၉၈-မှတ်တဲ့..
**********************************
ထို လပတ် စာမေးပွဲတွင် ကျွန်တော့် သူငယ်ချင်းက တစ်တန်းလုံးတွင် ဒုတိယ ရ၏.. ကျွန်တော်က ပထမ.. မြန်မာစာ အမှတ်စာရင်း မသိခင် အချိန်အထိ ကျန်သည့် ဘာသာများ၏ အမှတ်များ ပေါင်းလဒ်မှာ ကျွန်တော်နှင့် ကျွန်တော့် သူငယ်ချင်းသည် အတူတူ.. ယခု မြန်မာစာ အမှတ်သိရမှ ကျွန်တော်က ၄ မှတ်အသာဖြင့် ပထမ ရရှိသွားခြင်း ဖြစ်၏..
*********************************
မကြာခင် ပထမအစမ်း စာမေးပွဲ ဖြေရတော့မည်.. အချိန်ကား နီးလာ၏.. ကျွန်တော်လည်း ကိုယ့်စာနှင့်ကိုယ် အလုပ်ရှုပ်နေစဉ် ထိုသူငယ်ချင်း ကျွန်တော့် အနားရောက်လာ၍..
“ဒီ ပထမအစမ်း စာမေးပွဲမှာ မင်းနဲ့ငါ ဘယ်သူ ပထမရမလဲ ပြိုင်မလား ဟေ့ကောင်” တဲ့..
သူ ကျွန်တော့်ကို စိန်ခေါ်စကား စလေပြီ.. လပတ် စာမေးပွဲတုန်းက ကျွန်တော် ပထမရသည်ကို မကျေနပ်၍ ဖြစ်မည်.. ဖြစ်လည်း ဖြစ်ထိုက်ပါသည်.. ဒီကျောင်းတွင် သူ့အဖေက ကျောင်းအုပ်ကြီး.. သူ့အမေက ၇-တန်း အတန်းပိုင် ဆရာမ.. အဖေကော အမေကော ကျောင်းဆရာ ဆရာမများ ဖြစ်ပါလျက် ပထမ မရတော့ ကျွန်တော့် သူငယ်ချင်းဖြစ်သူ ပေါက်ကွဲပေမပေါ့..
ကျွန်တော် ဘာမှ ပြန်မပြောမိ.. အသာ ငြိမ်နေမိသည်.. ထိုစဉ်က ကျွန်တော့်စိတ်ထဲတွင် ပြိုင်ချင်စိတ်လည်း မရှိ၊ နိုင်ချင်စိတ်လည်း မရှိ.. စာမေးပွဲတွင် မေးလာသော မေးခွန်းများအား အကုန် ဖြေနိုင်လိုစိတ်သာ ရှိသည်.. နောက်ပြီး ထိုအချိန်က ကျွန်တော် လက်ခံ ကျင့်သုံးမိနေသည့် စကားပုံတစ်ခု ရှိနေသည်.. ဘယ်အကြောင်း အရာတွင် ပါရှိသည်ကို တပ်အပ် မမှတ်မိတော့သော်လည်း ထို စကားပုံကိုတော့ ယနေ့အချိန်ထိ မှတ်မိနေ၏.. *အချင်းချင်း ရန်ငြှိုးမထားရ*
ကံအရှိန်နှင့် ကျွန်တော့် ကြိုးစားမှု သဟဇာတ ဖြစ်သွား၍လား မသိ.. ထို ပထမအစမ်း စာမေးပွဲတွင်လည်း ကျွန်တော် ပထမ ရရှိခဲ့သည်..
ဤကား ကျွန်တော် လေးတန်းတုန်းက အဖြစ်အပျက်.. 1994 ခုနှစ်၏ နှောင်းပိုင်းကာလများ.. အသက်အရွယ် အားဖြင့် ၉-နှစ်သာသာ..
+++++++++++++++++++++++++++++++++++++
ယနေ့ ဒီအချိန် ကျွန်တော် အသက်နည်းနည်း ရလာတော့ ပထမအကြောင်း စဉ်းစားမိသည်.. ပထမ..တဲ့.. ငယ်ငယ်က ဆရာတွေကတော့ ဥပမာ ပေးဖူးသည်.. တြိဂံ နှင့်ခိုင်းနှိုင်း၍.. တြိဂံသည် အခြေတွင် အတိုင်းအတာ အားဖြင့် ပမာဏ များများ ရှိသော်လည်း တဖြည်းဖြည်း အထက်ပိုင်း ရောက်သည်နှင့် အတိုင်းအတာ ပမာဏ နည်းနည်းလာကာ နောက်ဆုံး အပေါ်ဆုံးတွင်တော့ ပွိုင့်တစ်ပွိုင့်သာ ရှိတော့သည်.. ယနေ့ခေတ်တွင် ပိရမစ်နှင့် နှိုင်းယှဉ်လျှင်လည်း ဒီ ဥပမာ ပို၍ ပေါ်လွင်ပါသည်.. မည်သို့ပင် ဆိုစေ ပထမဟူသည် အများထဲမှာမှ တစ်ယောက်.. အရေအတွက် များစွာထဲကမှ တစ်ဦး.. နယ်ပယ်တစ်ခု၏ level တူသည့် အရာများထဲတွင် ထိပ်ဆုံး level.. ဤသို့အားဖြင့် ကျွန်တော် နားလည်ထားသည်.. (ဤနေရာတွင် နယ်ပယ်ဟူသည် စီးပွားရေး ဆိုလျှင်လည်း စီးပွားရေး နယ်ပယ်၊ လူမှုရေးဆိုလျှင်လည်း လူမှုရေး နယ်ပယ်၊ ပညာရေး ဆိုလျှင်လည်း ပညာရေး..)
သို့သော် ကျွန်တော် နားခပ်ရှုပ်ရှုပ် ဖြစ်နေသည်မှာ ထို ပထမ၊ ဒုတိယ.. အစရှိသော အဆင့် သတ်မှတ်ချက်များကို မည်သူက သတ်မှတ်ပါသနည်း.. မိမိကိုယ်ကို မိမိကိုယ်တိုင် သတ်မှတ်သည်လား.. တစ်ခြားသူက သတ်မှတ် ပေးသွားတာလား..
နောက် တစ်ဆင့် ထို အဆင့်တို့ကို မည်သူကပဲ သတ်မှတ်သည် ဖြစ်စေ ကျွန်ုပ်တို့သည် သတ်မှတ်ချက် တွေကြားမှာ ပျော်ဝင်နေသူ တွေလား.. သတ်မှတ်ချက် ရေစီးကြောင်းမှာ မျောပါ စီးဝင်နေသူတွေလား..
မနေ့က မေးလ်ကလာသည့် ၀တ္ထုတို တစ်ပုဒ် ဖတ်မိသည်.. ဆရာမက အမှတ်ပေါင်းမှား၍ အဆင့် ၄- ရရှိသွားသည့် ကျောင်းသား တစ်ယောက် အကြောင်း.. အမှန်မှာ ဆရာမသာ အမှတ်ပေါင်း မမှားလျှင် ထိုကျောင်းသားသည် အဆင့်တစ် ရရှိမည့် ကျောင်းသား..
ထိုသို့ ဆရာမ အမှတ်ပေါင်းမှား၍ အဆင့် ၄-သာ ရရှိသည့် အကြောင်းကို ထိုကျောင်းသားက သူ့အမေအား ပြောပြတော့ ကျောင်းသား၏ အမေပြောသည့် စကားက အတွေးပွားစရာ.. “သားရယ် အဆင့်လိုချင်လို့ ကျောင်းတက် တာလား.. စာတတ်ဖို့ ကျောင်းတက် တာလား” တဲ့..
****************************
ကျွန်ုပ်တို့ ဖြတ်သန်းခဲ့ရာ ဘ၀တစ်လျှောက်တွင်လည်း ထိုကျောင်းသားကဲ့သို့ ဆရာမ အမှတ်ပေါင်းမှား၍ အဆင့်တစ်နှင့် လွဲခဲ့သော အခြေအနေများ မရှိခဲ့လေဘူးလား.. တစ်နည်း စဉ်းစားလျှင် အဆင့်သတ်မှတ်သူ ဆရာသမား၏ အမှတ်ပေါင်း မှားမှုကြောင့် အဆင့်တစ်နှင့် မတန်ဘဲ အဆင့်တစ်,နေရာ ရောက်ခဲ့သည် များလည်း မရှိနိုင်ဘူးလား.. ရှိခဲ့ပါသော် အရေအတွက် ဘယ်လောက် များခဲ့ပြီနည်း..
“သားရယ် အဆင့်လိုချင်လို့ ကျောင်းတက်တာလား.. စာတတ်ဖို့ ကျောင်းတက်တာလား” တဲ့.. ဤစာကြောင်းပါ *စာတတ်ဖို့* ဆိုသည့် အကြောင်းအရာ ကိုကော ကျွန်ုပ်တို့ သက်တမ်း တစ်လျှောက်တွင် ဘယ်အဆင့်အတန်းမှာ ထားခဲ့ကြပါသနည်း.. စာတတ်ဖို့သည် ပထမ နေရာတွင်လား.. သို့တည်းမဟုတ် ဘယ် အဆင့်အတန်းမှာလဲ..
ကျေးဇူးတော်အရှင် မဟာဂန္ဓာရုံ ဆရာတော် ဘုရားကြီးကတော့ စာတတ်ဖို့သည် ဒဿမတဲ့.. ပထမနေရာတွင် ရှိနေသည်ကား *စိတ်ကောင်းရှိဖို့*…
ဆရာတော် ဘုရားကြီး၏ *စိတ်ကောင်းရှိဖို့ ပထမ* ဆိုသည်အား စာရှုသူသည် လက်ခံချင်လည်း လက်ခံမည်၊ လက်ခံချင်မှလည်း လက်ခံမည်.. သို့သော် လက်ခံပါက ဘာကြောင့် လက်ခံသည်၊ လက်မခံပါက ဘာကြောင့် လက်မခံပါ.. စသဖြင့် *ဘာကြောင့်* ဟူသည့် အမေးအား ဖြေဆိုနိုင် အောင်တော့ ကိုယ်တိုင် အမေးလုပ်၍ အဖြေထုတ်ထား သင့်သည်.. ထို့ပြင် ထိုအဖြေများသည် သတ်မှတ်ချက်တွေ ကြားမှာ မျောပါ စီးဝင်နေသော အဖြေ ဟုတ်မဟုတ်တော့ နောက်တစ်ဆင့် ဆန်းစစ်ထားဖို့ လိုဦးမည် ထင်သည်.. သို့ဆိုလျှင် စာရေးသူ အကျွန်ုပ် ကိုယ်တိုင်ကော...
  • လက်ခံသည်လား၊ လက်မခံဘူးလား..
  • ဘာကြောင့် လက်ခံသည် လက်မခံသည် ဆိုသည့် အဖြေကိုကော ဆန်းစစ်ပြီးပြီလား..
ပထမနှင့် ပတ်သတ်၍ နောက်တစ်နည်း စဉ်းစားကြည့်လျှင်.. လောကတွင် မိမိ လုပ်သော အလုပ်များ၌ ဦးစားပေး လုပ်သည့် အလုပ်များ ကိုယ်စီကိုယ်စီ ရှိကြပေမည်.. မိမိ ရောက်ရှိလိုသည့် ရည်ရွယ်ချက်ပေါ် မူတည်၍၊ မိမိဘ၀တွင် စံထား သတ်မှတ်သည်ပေါ် မူတည်၍ ပထမ ဦးစားပေးအလုပ်၊ ဒုတိယ ဦးစားပေးအလုပ် စသည်ဖြင့်လည်း ကွဲသွားကြပေမည်.. ထိုသို့ စံထား သတ်မှတ်မှုသည် လောကီပိုင်း တွင်လည်း ရှိမည်၊ လောကုတ္တရာ ပိုင်းတွင်လည်း ရှိမည်.. လောကီပိုင်းပဲ ဖြစ်ဖြစ်၊ လောကုတ္တရာ ပိုင်းပဲ ဖြစ်ဖြစ် အရေးကြီး သည်ကား စံထား သတ်မှတ်မှု မလွဲဖို့ ဖြစ်သည်.. စံထား သတ်မှတ်မှု လွဲလျှင် ဦးစားပေး အလုပ် လွဲမည်.. ဦးစားပေး အလုပ်လွဲပါက နောက်ဆုံးရလဒ်ပါ လွဲပေတော့မည်.. လက်ရှိဘ၀တွင် ခွေးလို နွားလို ကျင့်၍ သေလွန်သော အခါ ခွေးဘ၀၊ နွားဘ၀ ရောက်သွားကြသည့် အဖြစ်အပျက်များ.. ကာမဂုဏ် အာရုံထဲမှာမှ ရသအာရုံကို စံထား.. သမင်တွေကို သတ် (ဦးစားပေး အလုပ်လွဲ) ၍ သမင်သား အစားကြူးသဖြင့် အရှင်လတ်လတ် အသားပြိတ္တာ ဖြစ်ရသော သာဓကများကိုလည်း တော်တော်များများ ကြားဖူးကြပေမည်..။
လောကုတ္တရာ ပိုင်းတွင် အကောင်းဆုံးထဲ မှာမှ အကောင်းဆုံး အလုပ်ကို စံထား လုပ်ဆောင်ရမည် ဟုလည်း မြစိမ်းတောင် ဆရာတော် ဘုရားက မိန့်သည်.. အားလုံး သိပြီးသားကိုပဲ ကျွန်တော် ထပ်ပြောပါမည်.. ဒါန၊ သီလ၊ ဘာဝနာတွင် အဘယ်အရာကို ပြုမူ ဆောင်ရွက်ခြင်းသည် အမြတ်ဆုံးလဲဟု မေးလျှင် ဘာဝနာ အလုပ်ဆိုတာ အားလုံး သိပြီးသား.. ထို ဘာဝနာထဲ တွင်ကော.. သမထ ဘာဝနာထက် ၀ိပဿနာ ဘာဝနာက သာ၍ မြတ်ပေသေးသည်.. ဆရာတော် ဘုရားများ၏ အလိုအရတော့ အကောင်းဆုံးကို ရွေးလုပ်မည် ဆိုလျှင် ၀ိပဿနာ ဘာဝနာ အလုပ်ကိုသာ အချိန်အားတိုင်း လုပ်ဖို့ တိုက်တွန်း ကြသည်သာ.. ဤတွင် သိထား သင့်သည်ကား ဆရာတော် ဘုရားများသည် ဒါန၊ သီလကို ပယ်ခြင်းမဟုတ်.. တာဝတိံသာ သက်တမ်းနှင့် တွက်လျှင် တစ်ရက်ပင် မပြည့်သည့် ယနေ့ခေတ် လူ့ဘ၀ သက်တမ်း တိုတိုတွင် အကောင်းဆုံး အလုပ်ကို ရွေးလုပ် စေချင်ကြခြင်းသာ.. ဆရာတော် ဘုရားများ၏ မေတ္တာ၊ ကရုဏာကား ကြီးမားပေစွ..
သို့သော် ကျွန်ုပ်တို့သည် အဘယ် အရာတွေကို ဦးစားပေး၍ စံထား သတ်မှတ်၍ လုပ်နေကြပါ သနည်း..
  • စီးပွားရေးလား၊ ကြီးပွားရေးလား၊ သားရေး သမီးရေးလား..
  • ဒါနလား.. သီလလား.. ဘာဝနာလား..
  • ဦးစားပေး သတ်မှတ်ချက်ကော ထားကြပါရဲ့လား..
  • ကိုယ် သတ်မှတ်သည့် နေရာကို ကိုယ်ကိုယ်တိုင်ကော ရောက်နေပြီလား..
  • ရောက်လျှင် ထိုရောက်ရှိသည့် နေရာသည် တကယ်ကော မှန်ကန်ရဲ့လား..
  • မှန် မမှန်ကော ကိုယ်တိုင် ဆုံးဖြတ်နိုင်ပြီလား..
  • ကိုယ့်အတ္တနှင့် ကိုယ် လုံးလည် ချာလည်လိုက်ရင်း သတ်မှတ်ချက်တွေ ကြားမှာ အမြင်မတူ အငြင်းပွားနေ ကြသလား..
  • အငြင်းပွားဖို့ ကြိုးစားနေ သလား..
  • မငြင်းနိုင်လို့ ငြိမ်နေသလား..
  • မငြင်းချင်လို့ ငြိမ်နေ သလား..
ဆရာတော် ဦးဇောတိက ကတော့ “အငြင်းအခုံ လုပ်နေရတာဟာ ထင်မြင်ချက်တွေပဲ၊ အမှန်တရားဟာ ငြင်းနေစရာ မလိုတဲ့ အရာဖြစ်တယ်” လို့ မိန့်ပြန်တယ်.. ဒါကိုလည်း စာရှုသူက သတ်မှတ်ချက် တစ်ခုပေပဲလို့ ဆိုဦးမလား..
စာရေးနေရင်းမှ ကျွန်တော် ကိုယ့်ကိုယ်ကို ပြန်စဉ်းစားမိသည်.. ကျွန်တော် အခု ရေးနေတဲ့ စာကကော ကျွန်တော်ဘာသာ ကျွန်တော် စံထား သတ်မှတ်သည့် အကြောင်း အရာတွေ၊ ပထမ ဦးစားပေးသည့် အတွေးစဉ်တွေနှင့် ရေးသား ဖွဲ့သီသည့် စာတစ်ပုဒ် မဖြစ်နိုင်ဘူးလား…
****************************************************************************************
လေးစားစွာဖြင့်
ဖိုးသား
1/11/2010, MON:, 1:58:04 PM
Share
  • Rozoner King and 32 others like this.
    • Ko Ye
      မိုက်တရ် အကို ...ကျွန်ုပ်တို့သည် အဘယ် အရာတွေကို ဦးစားပေး၍ စံထား သတ်မှတ်၍ လုပ်နေကြပါ သနည်း..
      ...See More
      April 29 at 1:15am · 3 people
    • Kaung Myat
      ညီလေး ကိုပြည့်စုံ၊ ကျွန်တော်ထက် ငယ်ပေမယ့် လေးစားစရာ အတွေးအခေါ်များစွာနဲ့။ ကျွန်တော့်အတွက် အဖိုးမဖြတ်နိုင်တဲ့ ဓမ္မမိတ်ဆွေ တစ်ဦးပါ။ ငယ်ငယ်ကတော့ အတန်းထဲမှာ ပထမရဖို့ စာကြိုးစားခဲ့တာအမှန်ပါ။ တက္ကသိုလ် ရောက်တော့ သိလာတယ်။ စာတတ်တိုင်းလည်း သူတပါးအတွက်...See More
      April 29 at 2:16am · 6 people
    • Thant Zin ကိုဖိုးသား. အစ်ကို့စာလေးဖတ်ပြီးတော့ ပိုင်းလော့ဆရာတော်ဘုရားကြီးရဲ့ သြဝါဒ လေးကိုသွားသတိရမိတယ်. “ဘွဲ့တံဆိပ်တွေ ဘယ်သူတွေပေးပေး ကိုယ်ဟုတ်မှ ဟုတ်တာပါ” တဲ့ _/\_။ မှန်ပါတယ်အစ်ကို. ပညာရှိတွေရဲ့ စကားတွေကတိုလျှပေ မဲ့ တန်ဖိုးထားတတ်သူတွေ အဖို့တော့ အရမ်းကို လေးနက်တန်ဖိုးရှိပါတယ်။ ကျေးဇူးတင်ပါတယ်အစ်ကို. ကျန်းမာအောင်မြင်ပါစေ.
      April 29 at 2:44am · 3 people
    • M Ko Ko share လိုက်တယ် သူငယ်ချင်းရေ ... လေးစားတယ်ကွာ ....
      April 29 at 5:08am
    • Buchay Khin Moh for me.. ပထမနေရာတွင် ရှိနေသည်က *စိတ်ကောင်းရှိဖို့*… :) ကျေးဇူးတင်ပါတယ် လေးစားပါတယ်။
      April 29 at 7:49am · 1 person
    • Reiko Crystal စိတ်ကောင်းရှိဖို့ ပထမ စာတတ်ဖို့ ဒဿမဆိုတာ စိတ်ဝင်စားတယ် မောင်လေးရေ။ ကြားထဲ က အစဉ်လိုက်တွေရော ဘယ်မှာ ရှာဖတ်ရမလည်း။ ကျေးဇူးတင်ပါတယ်။
      April 29 at 9:10am
    • Dhamma Ganga သာဓု သာဓု သာဓု စိတ်ကောင်းရှိပြီးရင် စာတတ်စေချင်တယ်ကွယ်...ခံရလွန်းလို့...။ စိတ်ကောင်းမရှိဘဲ စာတတ်နေတဲ့ လူတွေနဲ့ တွေ့မှာ စိုးလို့...။ မခက်ပေဘူးလား...
      April 29 at 9:10am · 5 people
    • Reiko Crystal ခက်တယ်ဘုရား... ။ စိတ်ကောင်းကလည်းမရှိ၊ ပညာကလည်းမတတ် အဏာရတော့ပိုခက်တယ်ဘုရား။
      April 29 at 9:13am
    • Kaung Myat စာသင်ထားပြီး အသုံးမချရင် စာတတ်တယ်လို့ပဲ ထင်ပါတယ် ဘုရား။ စိတ်ထားကောင်း စာတတ်ပြီး အများအတွက် အသုံးချမှ ပညာတတ် စိတ်ကောင်းသူ ဖြစ်မှာလို့ ယူဆပါတယ် ဘုရား။ စာလည်းမတတ်.... စိတ်ကောင်းလည်း မရှိတော့ ပတ်ဝန်းကျင် အတွက် မကောင်းတော့ဘူးပေါ့ ဘုရား။
      April 29 at 9:16am · 2 people
    • Pyae Sone Aung
      စိတ်ကောင်းရှိဖို့ ပထမ
      ကျန်းမာမှုက တတိယ
      အ၀တ်အစားဝတ်တတ်ဖို့ ပဉ္စမ
      အနေအထိုင်တတ်ဖို့က ဆဋ္ဌမ
      ...See More
      April 29 at 10:19am · 4 people
    • Reiko Crystal စတုတ္ထလေးရော....
      April 29 at 10:32am
    • Reiko Crystal ကျေးဇူးအထူးတင်ပါတယ်။ ရေးလည်းမှတ်တယ် ။ ဖတ်လည်း မှတ်တယ်။ ဉာဏ်မကောင်းလို့ ပါ။
      April 29 at 10:33am · 1 person
    • Pyae Sone Aung အော် ကျန်သွားတယ်.. sorry.. သန့်ရှင်းမှုသည် စတုတ္ထတဲ့..
      April 29 at 10:42am · 1 person
    • May Thu Khine မြန်မာစာကိုတောင် ကောင်းကောင်းမရေး မဖတ်တတ်သေးတဲ့ မူကြိုအရွယ်ကလေးကို ဘာသာစကားမျိုးစုံ သင်ပေးပြီး စာတတ်ဖို့ဦးစားပေးနေတဲ့ခေတ်မှာ စိတ်ထားကောင်းလေး ထားတတ်အောင်ပါ သင်ပေးရင်၊ ကြိုးစရဲ့ထိပ်နှစ်ဖက်ကို ဆက်သလိုမျိုး နံပါတ် ၁ နဲ့ နံပါတ်၁၀ကို ဆက်ပေးလိုက်ရင် ကျန်တာတွေပါ ဘောင်ခတ်ပြီးသားဖြစ်ပြီပေါ့နော်.
      April 29 at 4:45pm · 3 people
    • Ashin Manijota လွတ်မြောက်မှုနဲ့ သင်ရှာဖွေနေတဲ့အစစ်အမှန်ဆိုတာတွေဟာ စကားလုံးတွေရဲ့ အပြင်ဘက်မှာသာ ရှိတာပါ
      April 30 at 12:40am · 1 person
    • DreamLover Dreamlover လူတွေအားက သတ်မှတ်ချက်တွေနဲ့ အမျိုးမျိုးနဲ့ ရှင်သန်နေကြတယ်....
      (ဒါမလို့လည်း သံသရာပေရှည်တာ။ ဟိဟိ
      (((???????)))))
      အတွေးပွားသွားသည်။
      April 30 at 3:33am
0 comments:
Post a Comment
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ
Followers
Total Pageviews
အမှာပါးစရာများရှိနေရင်
Pop up my Cbox
Blog Archive
အက်ဒမင်
အခြားကဏ္ဍများကို လေ့လာရန်
ရှာဖွေလေ တွေ့ရှိလေ
စာပေမြတ်နိုးသူများ
free counters
Related Posts Plugin for WordPress, Blogger...