Monday, May 16, 2011

အမျိုးသားခေါင်းဆောင်နဲ့ အမျိုးသားအင်အားစု

by Wai Maw on Monday, May 16, 2011 at 9:00am

          အမျိုးသားပြန်လည်ရင်ကြားစေ့ရေး အမျိုးသားညီညွှတ်ရေး တည်ဆောက်ကြမယ်ဆိုတဲ့ ဒီအဆိုကို ကန့်ကွက်သူရှိမယ် မထင်ပါဘူး။ ဒါပေမယ့် အလုပ်ဖြစ်အောင်လုပ်ဖို့က ခက်ခဲပါလိမ့်မယ်။ ခေါင်းဆောင်နိုင်သူ က လည်းရှာမှရှားပါပဲ။
          အမျိုးသားညီညွှတ်ရေးတည်ဆောက်ရာမှာ အစိုးရခေါင်းဆောင်မှအောင်မြင်မယ်လို့ ဆိုသူတွေလည်းရှိ ပါတယ်။ ပြည်သူလူထုအင်တိုက်အားတိုက် ထောက်ခံမှုရရှိသူခေါင်းဆောင် တည်ဆောက်ရင် မုချအောင်မြင် မယ်လို့ ယုံကြည်ကြတာတွေလည်း ရှိပါတယ်။ ကိုယ်တိုင်ပါဝင် ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံနဲ့ လေ့လာ ရရှိ သမျှ ကို အများထည့်သွင်းစဉ်းစားနိုင်အောင် တင်ပြလိုက်ပါတယ်။


ဗိုလ်ချုပ်တစ်ဦးတည်း
          ကျွန်ဖြစ်ပြီး ဒီမှာဘက် သမိုင်းတွင်ရစ်တဲ့ အမျိုးသားစည်းလုံးညီညွှတ်ရေး တည်ဆောက်နိုင်ခဲ့တာဟာ ဗိုလ်ချုပ်အောင်ဆန်းတစ်ယောက်တည်းပဲ ရှိခဲ့ဖူးပါတယ်။ မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်အောင်ဆန်းမရှိတော့တဲ့ နောက် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အမျိုးသားညီညွှတ်ရေး တည်ဆောက်မှု ဒုတိယအကြိမ် ကြိုးပမ်းသူ ဟာ ၀န်ကြီးချုပ်ဟောင်း ဦးနုဖြစ်ပါတယ်။
ဦးနု လူထုထောက်ခံမှု
          ၁၉၅၈ ခု ဖဆပလ (သန့်ရှင်း၊ တည်မြဲ) ကွဲကြတော့ သန့်ရှင်း ဖဆပလ ဥက္ကဌကြီး ဦးနုနဲ့ ဗိုလ်ချုပ် ကတော် ဒေါ်ခင်ကြည်တို့ နိုင်ငံတွင်း စည်းရုံးရေး ခရီးစဉ် ရောက်လေရာမှာ သိန်းချီတဲ့လူထုကြီး စုရုံးရောက်ရှိ ကြိုဆိုကြပါတယ်။ ဥက္ကဌကြီး ဦးနုကို နိုင်ငံရေးခေါင်းဆောင်မက ဘုရားအလောင်း အဖြစ်နဲ့ပါ ကြည်ညို ထောက်ခံကြတာတွေ့ရပါတယ်။ သက်ကြီးရွယ်အိုတွေကပါ မြေပေါ်ဒူးတုပ်ရှိခိုး ပူဇော်ကြတာကလား။
          ၁၉၆၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ဦးနုရဲ့ သန့်ရှင်း ဖဆပလကို အပြတ်အသတ်မဲပေးပြီး လူထုကြီးက နိုင်ငံတော်အာဏာ အပ်နှင်းလိုက်ကြပါတယ်။ ၀န်ကြီးချုပ်ဟောင်း ဦးနု လူထုထောက်ခံမှု အတိုင်းအတာ ဒီလောက်ဆို ထင်ရှားလောက်ပါပြီ။
ကောင်းလိုက်တဲ့လမ်းစဉ်
          လူထုကြီးရဲ့ထောက်ခံမှုနဲ့ အနိင်ရသန့်ရှင်း ဖဆပလ အစိုးရခေါင်းဆောင်ပြီး အမျိုးသားရင်ကြားစေ့ရေး၊ အမျိုးသားညီညွှတ်ရေး တည်ဆောက်ဖို့ကြိုးပမ်းကြပါတယ်။  အာဃာတမထားရေး၊ သင်ပုန်းချေရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေး၊ ညီညွှတ်ရေး လမ်းစဉ်ဖြစ်တယ်။

နေရာ-အာဏာခွဲပေး
          လက်တွေ့ ၀န်ကြီးချုပ် ဦးနု သန့်ရှင်းအစိုးရက ပါလီမန်တွင်းမှာ အတိုက်အခံကို ထိုက်ထိုက်တန်တန် နေရာပေးပါတယ်။ အတိုက်အခံတည်မြဲ ဖဆပလ နဲ့ ပမညတ ကို အစိုးရအာဏာပါ ခွဲဝေပေးတာပါ။ စတိသဘော ၀ါဒဖြန့်ရုံ မဟုတ်ပါဘူး။
သုံးပါတီအုပ်ချုပ်ရေး
          အုပ်ချုပ်ရေးလုပ်ငန်းဗဟိုက မြို့နယ်အထိ အကြံပေးကော်မတီဖွဲ့တယ်။ မြို့နယ်မှာမြို့ပိုင်ဥက္ကဌက သန့်ရှင်း၊ တည်မြဲ ဖဆပလများနဲ့ ပမညတ ကိုယ်စားလှယ်တို့က မြို့နယ်အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ သူကြီးခန့်တာ၊ ငွေချေးတာ၊ အမတော်ကြေးပေးတာကအစ ကော်မတီ ဆုံးဖြတ်ချက်ကို မြို့ပိုင်ဥက္ကဌက အကောင်အထည်ဖော်ရတာပါ။ မြို့နယ်၊ ခရိုင်၊ တိုင်း၊ ဗဟိုအားလုံး ဒီအတိုင်းဖြစ်တယ်။ မြေယာကော်မတီလည်း ဒီအတိုင်းဖြစ်တယ်။
သဘောထားကြီး
          ဖဆပလ နာမည်ကိုသဘောထားကြီးကြီးထားပြီး ၀န်ကြီးချုပ်ဦးနုက စွန့်လွှတ်လိုက်တယ်။ သန့်ရှင်း ဖဆပလ အဖွဲ့ကို ပြည်ထောင်စုပါတီ(ပထစ) လို့ပြောင်းလဲဖွဲ့စည်းတယ်။ သန့်ရှင်း၊ တည်မြဲ၊ ပမညတ နိုင်ငံရေး အင်အားစုကြီး ၃ ရပ် ပါလီမန်ဒီမိုကရေစီကို ခုခံကာကွယ်စောင့်ရှောက်ပါ့မယ်လို့ သဘောတူစာချုပ် လက်မှတ် ထိုးကြတယ်။
တိုင်းရင်းသားစည်းလုံးရေး
          တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးအတွက် ပြည်နယ်တောင်းနေတဲ့ မွန်နဲ့ ရခိုင်ကို ရခိုင်နဲ့ မွန်ပြည်နယ် ရေးရာ ၀န်ကြီးတွေခန့်ပြီး ပြင်ဆင်တယ်။ လူမျိုးပေါင်းစုံတောင်ကြီးညီလာခံက ရေးဆွဲတင်ပြတဲ့ ပြည်ထောင်စု စစ်စစ်မူ(ဖက်ဒရယ်မူ) ကို ဆွေးနွေးဖို့ သဘောတူထားပြီး ဖြစ်တယ်။
ဘာသာစုံကျေနပ်မှု
          ဗုဒ္ဓဘာသာအဓိကနေထိုင်တဲ့ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင်ထုကြီး ကျေနပ်မှုရရေး၊ ညီညွှတ်ရေးနဲ့ တခြားအနည်းစု ဘာသာဝင်များအား မထိခိုက်စေရန် ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ ပြဌာန်းရေးအတွက် စုံစမ်းရေးကော်မတီ ဖွဲ့စည်းစုံစမ်းစေပါတယ်။ အမျိုးသားညီလာခံခေါ်ဖို့လည်း ပြင်ဆင်နေတာပါ။
မလွယ်ဘူး
ဝန်ကြီးချုပ်ဦးနုဟာ အမျိုးသားရင်ကြားစေ့ရေး အမျိုးသားညီညွှတ်မှုတည်ဆောက်ရေး ဘက်ပေါင်းစုံ ပြင်ဆင်ပြီး နိုင်ငံတော်အစိုးရက ခေါင်းဆောင်ရုံမက အာဏာပါ ခွဲဝေပေးတဲ့အထိ ကြိုးပမ်းခဲ့တာပါ။ ဒါပေမယ့် မအောင်မြင်ခဲ့ပါဘူး။
          အမျိုးသားညီညွှတ်ရေးတည်ဆောက်မှု တာဝန်ဟာ အစိုးရအာဏာနဲ့မှ တည်ဆောက်လို့ရမယ်၊ လူထုအင်တိုက်အားတိုက် ထောက်ခံမှုရရှိသူ ခေါင်းဆောင်ရင် မုချအောင်မြင်မယ်။ ဒီအထင်ဟာ ထင်သာထင် အဆင့်မှာပါပဲ တွေ့ခဲ့ရပါတယ်။
ဦးနု နိုင်ငံရေးသမားမဟုတ်
          ဦးနုမအောင်မြင်တာ အာဏာသိမ်းခံရလို့ အငြင်းထွက်နိင်ပါတယ်။ ဒါအမြင်သဘော အပြောအဆိုပါ။ အောင်မြင်ခြင်း မအောင်မြင်ခြင်း ၊ ဦးနုနဲ့ ဗိုလ်ချုပ် အနှိုင်းအယှဉ်ပြုရပါမယ်။ ဦးနုမှာ စည်းရုံးရေး ဖွဲ့စည်းရေး အတွေ့အကြုံအားနည်းချက် တွေ့ရပါတယ်။ ဦးနုကနိုင်ငံရေးသမားလုပ်ဖို့ ရည်ရွယ်ချက်မရှိသူပါ။ စာရေးဆရာလုပ်ရန်အားသန်သူပါ။ ဗိုလ်ချုပ်ကျဆုံးသွားလို့ မမျှော်လင့်ပဲ အရေးပေါ်နိုင်ငံရေးခေါင်းဆောင် ဖြစ်လာရသူပါ။ ဦးနုမှာ စည်းရုံးရေး ဖွဲ့စည်းရေး အတွေ့အကြုံမရှိပါဘူး။ နိုင်ငံရေးပါတီတစ်ရပ်ဖြစ်အောင် ဖွဲ့စည်းထူထောင်နိုင်သူမဟုတ်ပါဘူး။ သူ(ဦးနု)ဦးစီးထူထောင်တဲ့ ပြည်ထောင်စုပါတီ(ပထစ) ဟာ ဦး၊ဗိုလ်၊သခင် အုပ်စုကွဲတိုက်ပွဲ ထိန်းမနိုင်သိန်းမရ အစိပ်စိပ်အမြွှာမြွှာ ကွဲကုန်တာ တွေ့နိုင်ပါတယ်။ ဒီတော့ တစ်မျိုးသားလုံးနဲ့ ဆိုင်တဲ့ အမျိုးသားညီညွှတ်ရေးတည်ဆောက်မှု တာဝန်ကြီးကို ဦးနု ဘယ်လိုထမ်းဆောင်နိုင်ပါ့မလဲ။ ဒါ ရိုးရိုးစင်းစင်းမြင်နိုင်တာပါ။
ဦးနုနဲ့လူထုကြီး
          နောက်တစ်ချက်က ဦးနုကို လူထုကြီးဝိုင်းရံထောက်ခံမှု အင်အားရှိတဲ့ခေါင်းဆောင်လို့ မြင်နိုင်ပါတယ်။ အမျိုးသားညီညွှတ်ရေးခေါင်းဆောင်၊ တည်ထောင်မှုတာဝန်ကို အောင်မြင်အောင် ထမ်းဆောင်မယ်လို့ ယုံကြည် နိုင်ပါတယ်။ မှန်ပါတယ် ဦးနုက တရားဟောကောင်းသူဖြစ်ပါတယ်။ လူစုလူဝေးကြီးဖြစ်လာအောင် ဆွဲဆောင်နိုင်သူ ဖြစ်ပါတယ်။ ဒါပေမယ့်ဦးနုရှိရာ စုဝေးရောက်ရှိလာတဲ့ လူထုကြီးက တစ်ဦးနဲ့တစ်ဦး လက်တို့ ခေါ်လကြတဲ့လူအုပ်ကြီး၊ ဦးနုကို အားကိုးကြည်ညိုလို့ စုရုံးရောက်ရှိလာတဲ့ လူအုပ်ကြီးမျိုး ဖြစ်နေတာပါ။
တိမ်တိုက်ကြီးလို
          လူအရေအတွက် အလွန့်အလွန်များတဲ့ လူအုပ်ကြီးပါ။ အဲဒီလူအုပ်ကြီးကို အစိုင်အခဲဖြစ်အောင် ဦးနု မထူထောင်နိုင်ခဲ့ပါဘူး။ ဦးနုကို ထိန်းသိမ်းလိုက်တာနဲ့ အဲဒီလူအုပ်ကြီးလည်း တိမ်တိုက်ကြီးလို ပျောက်ကွယ် သွားတာပါပဲ။ အဲဒီလိုလူထုအင်အားထောက်ခံမှုမျိုးနဲ့ အမျိုးသားညီညွှတ်ရေး တည်ဆောက်မှုတာဝန်ကို ဘယ်လို ထမ်းဆောင်နိုင်မှာလဲ ဒါလည်း ရိုးရိုးရှင်းရှင်းပါပဲ။
နိုင်ငံရေးသမားဖြစ်ဖို့
          ဗိုလ်ချုပ်က နိုင်ငံရေးသမားလုပ်ဖို့ မိမိကိုယ်မိမိ ပျိုးထောင်ခဲ့သူပါ။ ဘ၀တစ်လျှောက်လုံး နိုင်ငံရေးတိုက်ပွဲဝင်မှု စည်းရုံးဖွဲ့စည်းမှုကိုလည်း ကျောင်းသားသမဂ္ဂ၊ တို့ဗမာအစည်းအရုံး၊ ဗမာ့ထွက်ရပ်ဂိုဏ်း၊ ကွန်မြူနစ်ပါတီနဲ့ ပြည်သူ့အရေးတော်ပုံပါတီတို့မှာ ကိုယ်တိုင်ဖိဖိစီးစီး ထူထောင်လုပ်ကိုင်ခဲ့တဲ့ အတွေ့အကြုံတွေ နဲ့ ရင့်မာခဲ့ရသူပါ။ ရဲဘော်သုံးကျိပ်မှာ ဆန့်ကျင်ဘက်ဂိုဏ်း၊ ဖက်ဆစ်ဝါဒလက်ခံသူ မြန်မာပြည်ကို ဖက်ဆစ်ဂျပန် နဲ့ပေါင်းထူထောင်လိုသူ သခင်ဘစိန် လက်ယာဂိုဏ်းသားတွေနဲ့ ညီညွှတ်ရေးတည်ဆောက်ပြီး တပ်မတော် ထူထောင် ဖက်ဆစ်တော်လှန်ရေး ဆင်နွှဲရတာ လွယ်ကူတာမဟုတ်ပါဘူး။
          ဗိုလ်ချုပ်က ဂျပန်ဖက်ဆစ်တော်လှန်ဖို့ ယိုးဒယားမှာကတည်းက ဆုံးဖြတ်ပြီး ရန်ကုန်သိမ်းတာနဲ့ စခဲ့တာ ဆိုပါတယ်။ သခင်သိန်းဖေကို မဟာမိတ်နဲ့ဆက်သွယ်ဖို့ အိန္ဒိယကိုစေလွှတ်ခဲ့ပါတယ်။ ဖက်ဆစ်တော်လှန်ရေး လုပ်ဖို့ အဓိကအင်အားဖြစ်တဲ့ တပ်မတော်ကို ဘာသဘောတရားမှ ရွတ်ဆိုမနေပဲ ဖိဖိစီးစီး ထူထောင်ခဲ့တာပါ။ ( ထန်းတစ်ပင်အရေးအခင်း ဘုရင်ခံ ဆာဒေါ်မန်စမစ် ဗိုလ်ချုပ်တွေ့စဉ် ဗိုလ်ချုပ်ပြောတဲ့ စကားကို ဘုရင်ခံ လန်ဒန်ကို အစီရင်ခံတဲ့ ကြေးနန်းမှာ တွေ့ရပါတယ်) အဲဒီလို ဗိုလ်ချုပ်က မိမိရဲ့ အဓိက အင်အားကို ရွေးချယ် ပြင်ဆင်ခဲ့ပါတယ်။
အင်အားရှိလို့
          ဖက်ဆစ်တော်လှန်ရေးလုပ်ဖို့ ဖဆပလ အဖွဲ့ချုပ် အမျိုးသားညီညွှတ်ရေးတပ်ပေါင်းစုကြီး တည်ဆောက် ရတဲ့အခါ ဗိုလ်ချုပ်မှာ အဓိကအင်အား တပ်မတော်ကြီးထူထောင်ထားတာရှိလို့ အလွယ်တကူအောင်မြင်စွာ တည်ဆောက်နိုင်ကြောင်း တွေ့နိုင်ပါတယ်။
အဓိကအင်အားပထမ
          ဖက်ဆစ်တော်လှန်ရေးအပြီး လွတ်လပ်ရေးတိုက်ပွဲမှာ တစ်မျိုးသားလုံးစည်းလုံးညီညွှတ်ရေး တည်ဆောက်နိုင်မည့် အဓိကအင်အားဖြစ်တဲ့ ဖဆပလ အဖွဲ့ချုပ်ကြီးကို ပထမဦးစွာခိုင်ခံ့အောင် တည်ဆောက် တာာတွေ့နိုင်ပါတယ်။ ဖဆပလ အဖွဲ့ချုပ် အလုပ်အမှုဆောင် CEC  အဖွဲ့ကိုကြည့်ပါအုံး။ ထမ်းပဲ့ ထမ်းညီတဲ့ ကျရာ တာဝန်ထမ်းဆောင်နိုင်တဲ့ စီအီးစီအဖွဲ့ဝင်တွေပါ။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ စီအီးစီ က ဗိုလ်ချုပ်ကို နာခံရတာ မဟုတ်ပါဘူး။ စီအီးစီ ဆုံးဖြတ်ချက်ကို ဗိုလ်ချုပ်က အကောင်အထည်ဖော်ရတာပါ။
တိုက်ခိုက်ရေးတပ်
          ပြည်သူ့ရဲဘော်အဖွဲ့ချုပ်ဟာ ဖဆပလ ထဲက အဓိကအင်အားကြီး တစ်ရပ်ပါ။ ပြည်သူ့ရဲဘော်အဖွဲ့ချုပ် ဟာ ဖဆပလ အဖွဲ့ချုပ်ရဲ့ လူငယ်အင်အားပါ။ ပြည်သူ့ရဲဘော်အဖွဲ့ချုပ်ကို လွတ်လပ်ရေးတိုက်ပွဲမှာ ထိရောက်တဲ့ အင်အားဖြစ်အောင် ဗိုလ်ချုပ်က ဥက္ကဌ သေနာပတိအဖြစ်နဲ့ ကျကျနနလေ့ကျင့်သင်ကြားထားပါတယ်။ စည်းကမ်းတကျ ဖွဲ့စည်းထားတာပါ။ အမျိုးသားညီညွှတ်ရေးတည်ဆောက်နိုင်ရန် အဲဒီလိုအခြေခံကျတဲ့ အဓိက အင်အားကို ပထမဦးဆုံး အခိုင်အမာ ထူထောင်ထားခဲ့တာ တွေ့နိုင်ပါတယ်။

တကယ့်လူထု
အဲဒီလို ထူထောင်ထားတဲ့အတွက် ဗိုလ်ချုပ်ကျင်းပတဲ့ ညီလာခံ အစည်းအဝေး၊ ဗိုလ်ချုပ်စည်းရုံးရေး ခရီးစဉ်တွေမှာ သိန်းသန်းချီတဲ့ လူထုကြီး စုဝေးရောက်ရှိ ကြိုဆိုထောက်ခံပါတယ်။ အဲဒီလူထုကြီးဟာ ဇာတ်ဆရာ ဦးဖိုးစိန်ရဲ့ ရွှေပွဲလာ ပရိတ်သတ်မျိုး မဟုတ်ပါဘူး။ ရပ်ကွက် ကျေးရွာမြို့နယ် အလိုက် ဖဆပလ၊ ပြည်သူရဲ့ဘော်၊ အဖွဲ့ချုပ် အဖွဲ့ခွဲတွေရဲ့ ကြပ်မတ်စည်းရုံး စနစ်တကျ ဖွဲ့စည်းမှုနဲ့ သူ့ခေါင်းဆောင်နဲ့သူ ရောက်ရှိလာတဲ့ လူထုကြီးပါ။ ဒီလူထုကြီးက ဗိုလ်ချုပ်ကို တွေ့ဖို့ ဗိုလ်ချုပ်ဟောကြားတဲ့ တရားကို နာယူဖို့ ဗိုလ်ချုပ်ညွှန်ကြားချက် နာခံပြီး လိုရာပန်းတိုင် အရောက်ချီတက်ဖို့ စုဝေးရောက်ရှိလာတာပါ။ ဒါကြောင့် ဒီလူထုကြီးက တိမ်တိုက်လို ပျောက်ကွယ် သွားမယ့် အင်အားလည်း မဟုတ်ဘူး။ အလွယ်တကူ ချေမှုန်းလို့ ရနိုင်တဲ့ လူစုလူဝေးကြီးမျိုးလည်း မဟုတ်ဘူး။ အဲဒီလို လူထုအင်အားမျိုးနဲ့ အမျိုးသား ညီညွှတ်ရေး အောင်မြင်အောင် တည်ဆောက်နိုင်ခဲ့တာပါ။
ပင်မ အင်အားအရင်းပြု
ဗိုလ်ချုပ်အဲဒီလို အဓိက အင်အားစုကြီး တည်ထောင်ပြီး ပြိုကွဲ ပျံ့လွှင့်နေတဲ့  တစ်မျိုးသားလုံးကို  စုစည်းပြီး ညီညွှတ်ရေး တည်ဆောက်တာပါ။ ဒါကြောင့်လည်း အမျိုးသား ညီညွှတ်ရေး အောင်မြင်အောင် တည်ထောင်နိုင်တာကို တွေ့နိုင်ပါတယ်။ အဲဒီလို ခိုင်မာတဲ့ အင်အား ထူထောင်ထား နိုင်လို့ ရန်ဘက်အဖြစ် တိုက်ခိုက်နေရတဲ့ ကိုလိုနီနယ်ချဲ့ အစိုးရက ဗိုလ်ချုပ်ကို လွတ်လပ်ရေးပေးဖို့ အာဏာလွှဲပြောင်းပေးဖို့ အင်္ဂလန် ဖိတ်ခေါ် စေ့စပ် ဆွေးနွေးရတဲ့ အထိအောင်မြင်ခဲ့တာ တွေ့နိုင်ပါတယ်။
ဒါတောင် နယ်ချဲ့သမားက မြန်မာပြည် အစိတ်အပိုင်း တချို့ကို သူတို့ ထာဝရ သြဇာလွှမ်းမိုးထား နိုင်ဖို့ စော်ဘွား၊ ဒူးဝါးများနဲ့ မြေရှင်ကြီးတို့ကို လွှတ်လပ်ရေးကို ဗမာနဲ့ခွဲယူဖို့ သွေးထိုးစီမံပါသေးတယ်။ စော်ဘွား၊ ဒူးဝါးများနဲ့ မြေရှင်တွေကလည်း ရိုးသားတဲ့ လူမျိုးစုတွေကို သူတို့ ယခင်အတိုင်း ဗိုလ်ကျစိုးမိုးဖို့ နယ်ချဲ့သမား နောက်ခံနဲ့ မြန်မာနိုင်ငံက ခွဲထွက်ကြဖို့ ပင်လုံမှာ တင်းခံပါသေးတယ်။
ရဲရင့်ပြတ်သားမှု
          လူမျိုးစု ပြည်သူတွေဟာ ဗိုလ်ချုပ်ခေါင်းဆောင်းတဲ့ “အမျိုးသား ညီညွှတ်ရေး အင်အားစုကြီး” အတွင်း အတူရှိနေတာရယ် ဗိုလ်ချုပ်ရဲ့ “၁၀ နှစ်အတူနေကြည့်၊မနေနိုင်ရင် ခွဲထွက်” ဆိုတဲ့ ရဲရင့်ပြတ်သားတဲ့ အဆုံးအဖြတ်ပေါ်မှာ နယ်ချဲ့သမားနဲ့ စော်ဘွား၊ ဒူးဝါး မြေရှင်ကြီးများ သူတို့ရဲ့ အကြံအစည်ကို စွန့်လွှတ် လိုက်ရတာ တွေ့နိုင်ပါတယ်။
သုံးလိုက သုံးနိုင်ရန်
          ဒီတင်ပြချက်အား ဗိုလ်ချုပ်နဲ့ ၀န်ကြီးချုပ်ဟောင်း ဦးနုတို့ရဲ့ အမျိုးသားညီညွှတ်မှုတည်ဆောက်ရေး ကြိုးပမ်းခဲ့တာတွေကို ကိုယ်တိုင် ပါဝင်ခဲ့ဖူးသမျှနဲ့ လက်လှမ်းမီသမျှ လေ့လာ တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။

သက်ပြင်း(ရမည်းသင်း)
ပြည်သူ့ခေတ်ဂျာနယ် အတွဲ ၁ ၊အမှတ် ၄၁
၅ မေ ၂၀၁၁

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...