Thursday, May 26, 2011

ကမ္ဘာ့နိုင်ငံများရဲ့ အနာဂတ် ပညာရေး ပြဿနာများ

Wednesday, 25 May 2011 09:24 ၀င့်ထန်း

ဂလိုဘယ်လိုက်ဇေးရှင်းစနစ်က ပညာရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုတွေ အပြိုင် ပုံအော လုပ်ဆောင်ဖို့ အခွင့်အလမ်းတွေ ဖန်တီးပေးသည်။  အထူးသဖြင့် ဈေးကွက် ထွန်းသစ်စ တိုင်းပြည်များတွင်  မျိုးဆက်သစ်  ကျာင်းသားများအတွက် အင်ဖော်မေးရှင်းနှင့် ပညာရပ်ဆိုင်ရာ ရင်းမြစ်တွေ အများအပြား ရရှိအောင် လုပ်ဆောင်လာကြသည်။
သို့နှင့်တိုင် ဂလိုဘယ်လိုက်ဇေးရှင်းနှင့် ဆက်စပ်နေသော အရာရာတိုင်းတွင် အဆိုးဘက်ခြမ်းလည်း ရှိနေသည်။ မတည်ငြိမ်သော ဖွံ့ဖြိုးဆဲနိုင်ငံများမှ ပညာတတ်လူငယ်များက အနောက်ဈေးကွက်များရှိ မျိုးမျိုးမြတ်မြတ်ရတဲ့ အလုပ်များဆီ ပြောင်းရွှေ့ဖို့ ကြိုးစားလာကြသည်။ ထိုဖွံဖြိုးဆဲနိုင်ငံများမှ ဦးနှောက်ယိုစီးမှု နာတာရှည်ပြဿနာက သက်ဆိုင်ရာ အစိုးများရဲ့ ပညာရေးရင်းနှီးမြှုပ်နှံမှုကို စိတ်ပျက် အားလျော့စေသည်။ သမင်မွေးရင်း ကျားစားရင်းဆိုသလို အနောက် ကုမ္ပဏီကြီးများမှ ဦးနှောက်ကောင်းတွေကို လွယ်လွယ်ကူကူ သိမ်းယူသွားတတ်ကြသည်။



တစ်ဘက်တွင်လည်း ဖွံ့ဖြိုးဆဲတိုင်းပြည် အချို့ရဲ့ အစိုးရတွေက ရေရှည် လူထုအကျိုးအတွက်  ဆုပ်ဆုပ်ကိုင်ကိုင် ရင်းနှီးမြှုပ်နှံမှု မရှိ။ ပညာရေးလုပ်ငန်း တခွင်တပြင်လုံးအတွက် ရင်းနှီးမြှုပ်နှံဖို့ ပျက်ကွက်ခြင်းမှာ တိုင်းပြည်ဖွံ့ဖြိုးမှုကို ဆွဲချထားခြင်း၊ အမျိုးသား အကျိုးစီးပွားနှင့် လုံခြုံရေးကို လျစ်လျူရှုခြင်း ဖြစ်သည်။ ပညာရေးသည် တိုင်းပြည်စီးပွားရေး ပုံမှန်တိုးတက်ဖို့နှင့် ရေရှည်နိုင်ငံရေး တည်ငြိမ်ဖို့အတွက် အဓိက အသက် ဖြစ်သည်။

ယခု ကမ္ဘာ့ နိုင်ငံအချို့ရဲ့ အနာဂတ် ပညာရေး ပြဿနာအချို့ကို ဖိုးကပ်စ် လုပ်ကြည့်ပါမည်။


ပါရှန်ပင်လယ်ကွေ့နိုင်ငံများ

မကြာမီနှစ်များအတွင်း ထိုဒေသရှိ အစိုးရများသည် ငွေကြေး၊ အချိန်၊ ရင်းမြစ်တို့ကို ပညာရေးအတွက် ပုံအော သုံးစွဲလာကြသည်။ အထူးသဖြင့် ဆော်ဒီအာရေဗီယ၊ ဒူဘိုင်း၊ အဘူဒါဘီ တို့တွင် အခြေခံအဆောက်အုံများ (infrastructure) တည်ဆောက်ခြင်း၊ ပင်ကိုယ်ဇ ရှိသူများကို မက်လောက်အောင်ပေးပြီး ခေါ်ယူခြင်း၊ နိုင်ငံတကာ အကယ်ဒမစ် အင်စတီကျူးရှင်းများနှင့် ပါတနာဖွဲ့ခြင်းများ လုပ်ဆောင်လာကြသည်။

သို့သော် ထိုဒေသအတွက် တကယ့်အရေးပါသော အပြောင်းအလဲက ငယ်ရွယ်တဲ့ အမျိုးသမီးထုထံမှ လာမည် ဖြစ်သည်။ အမျိုးသမီးငယ်များမှာ မတူးမဖော်ရသေးသော ရင်းမြစ်ကြီး ဖြစ်သည်။ အမျိုးသမီးများအတွက် ရင်းနှီးမြှုပ်ခြင်းက တိုင်းပြည်အတွက် အခွင့်အလမ်း ဖြစ်လာမည်။

တစ်ချိန်ထဲတွင် ချမ်းသာသော အာရပ်စော်ဘွားများနိုင်ငံ UAE နှင့် ဖွံ့ဖြိုးမှုနိမ့် အဂျမန်၊ ရှာဂျာ၊ ရက်စ်အယ်လ်ခိုင်မာ စော်ဘွားနိုင်ငံများအကြား ကွာဟချက်မှာ ကြီးမားလွန်းနေသည်။ လူ့မလိုင် စော်ဘွားများက လူမှု့လစ်ဘရယ်လိုက်ဇေးရှင်း ပေါ်ထွန်းဖို့နှင့် ပညာရေးအဆင့်အတန်းတိုးတက်ဖို့ကို အကြောက်အကန် ငြင်းဆန် ထားတုန်းပင် ဖြစ်သည်။


မြောက်အာဖရိက

မြောက်အာဖရိက အစိုးရမူဝါဒတွေကို ကြည့်ရင် မျိုးဆက်ဟောင်းကြီးတွေရဲ့ အစွဲအလမ်းများနှင့် အယူဝါဒများကို ရောင်ပြန်ဟပ်ထားတာ တွေ့ရမည်။  မျိုးဆက်ဟောင်းကြီးများက သင်ရိုးညွှန်းတမ်းကို အမြဲပုံသွင်း ချုပ်ကိုင်ထားချင်သည်။ အမျိုးသားရေး ဇာတိမာန်နှင့် ဆိုရှယ်လစ်မူများကို အကြောင်းပြပြီး အနောက်စတိုင် သင်ကြားမှုမှန်သမျှ ငြင်းပယ်ကြသည်။ ပညာရေးအတွက် ဘတ်ဂျက်ချပေးဖို့မှာ ဆွေးနွေးရ အခက်ဆုံးပြဿနာ ဖြစ်နေတတ်သည်။

ဥပမာ အီဂျစ်ကို ကြည့်နိုင်သည်။ အီဂျစ်တွင် မြို့ပြနေ ဆင်းရဲသားလူငယ်များနှင့် လူလတ်တန်စားများမှာ အစိုးရကျောင်းများရဲ့ အရည်အသွေး ညံ့ဖျင်းမှုအပေါ် တစ်နေ့တခြား စိတ်ပျက်လာကြသည်။ ပင်ကိုယ် ဇရှိသူ လူငယ်များ နိုင်ငံခြား ထွက်ခွာမှု များပြားလာခြင်းက မခိုင်မာသော တိုင်းပြည်စီးပွားရေး၊ နိုင်ငံရေးအတွက် ရင်လေးစရာဖြစ်သည်။


ဆဘ်ဆာဟာရ အာဖရိက

ဆဘ်ဆာဟာရ အာဖရိကဒေသတွင် အစဉ်လာအားဖြင့် တော်သောကျောင်းသားများမှာ အစိုးရဘော်ဒါများတွင် တက်ရောက်သူများ ဖြစ်သည်။ နောက်ပိုင်း အာဖရိက စီးပွားရေး တိုးတက်လာမှုနဲ့အတူ ပညာရေးအဆင့်အတန်း ကောင်းမွန်ဖို့ တောင်းဆိုလာကြသည်။ သို့သော် အစိုးရတွေဘက်က ဖြည့်ဆည်းပေးနိုင်စွမ်း မရှိသေး။
ထိုကွက်လပ်ကို ဖြည့်ဖို့အတွက် အခွင့်ရေးချောင်းနေတဲ့ ပုဂ္ဂလိက ကျောင်းများက နေရာ ၀င်ယူလာကြသည်။

အစိုးရဘော်ဒါများတွင် ငွေကြေး၊ လူမျိုးစု ခွဲခြားဆက်ဆံမှုများမရှိ အားလုံးကို ရောနှောထားသော်လည်း၊ ပုဂ္ဂလိကကျောင်းတွေက လူ့မလိုင်ဘ၀င်စိတ်နှင့် မျိုးနွယ်စုစိတ်ဓာတ် ပြင်းထန်လွန်းတဲ့ အာဖရိကမျိုးဆက်သစ်များ မွေးထုတ်ပေးနေသည်။ ထိုအခြေအနေများက တိုင်းရင်းသားပြဿနာနှင့် မျိုးနွယ်စု ပဋိပက္ခများ မြင့်မားလာဖို့ လက်ယက်ခေါ်နေသလို ဖြစ်သည်။


အိန္ဒိယနှင့် ဘရာဇီး

ထိုနိုင်ငံကြီး နှစ်နိုင်ငံတွင် တူညီသော စိန်ခေါ်ချက်များရှိနေသည်။ ပြည်နယ်ဒေသများတွင် ပညာရေး အသုံးစရိတ် ညံ့ဖျင်အားနည်းမှုကို ကျော်လွှားဖို့အတွက် ပုဂ္ဂလိက ပညာရေးကဏ္ဍတွင် နိုင်ငံခြားမှ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများကို လုပ်ဆောင်ခွင့် ပေးလာကြသည်။

ထိုမဟာဗျူဟာတွင် ဘရာဇီးက ပိုအောင်မြင်ဖို့ ရှိနေသည်။ အကြောင်းမှာ ဘရာဇီးက အန္ဒိယလို ယဉ်ကျေးမှုထွေပြားမှု မရှိ။ နိုင်ငံရေးစနစ်က ပြည်နယ်များအကြား တစ်ကျောင်းတစ်ဂါထာ မဟုတ်ဘဲ ဗဟိုမှ ဩဇာသက်ရောက်သည်။
အိန္ဒိယမှာက ဘာသာစကား နှစ်ဒါဇင်ကျော် ပြောသူကပင် တစ်သန်းခန့် ရှိသည်။ ဘရာဇီးတွင် လေယဉ်တည်ဆောက်သူ Embraer ကိုယ်တိုင် တည်ထောင်ထားတဲ့ အဆင့်မြင့် သိပ္ပံနှင့် နည်းပညာ ကျောင်းများလို နောက်ထပ်ကျောင်းများ ဒေသတစ်ခုလုံးမှာ မှိုလိုပေါက်လာဖို့ ရှိနေသည်။

အိန္ဒိယတွင် ချာတာကျောင်းများက အထူးစီးပွားရေးဇုံကြီးသဖွယ် ဖြစ်လာနေသည်။ တစ်စုံတရာ ထိရောက်မှု ရှိပေမဲ့၊ ဘာသာစကားအမျိုးမျိုး ယဉ်ကျေုးမှုအဖုံဖုံရှိနေတဲ့ ပြည်နယ်တွေအထိ အောင်မြင် ပြန့်နှံသွားဖို့က မလွယ်လှသေးပါ။


ရုရှား

ရုရှားအစိုးရက ကျောင်းပညာရေးစနစ်ကို အကြီးအကျယ် ၀င်ရောက်ဆောင်ရွက်နေသည်။ သမိုင်းနှင့် လူမှုသိပ္ပံ ဘာသာရပ် ပြဌာန်းစာအုပ်များထဲ ၀င်ရောက်စွက်ဖက်လာသည်။

ကျောင်းသားတွေကို အဆင့်မြင့် စစ်ရေး ထရိန်နင်များ ပေးဖို့ ကြိုးစားသည်။ ယဉ်ကျေးမှုနှင့် အခြေခံ သိပ္ပံကဏ္ဍအတွက် သုံးစွဲမှုက ယခင်အတိုင်း ညံ့ဖျင်း နေတုန်းပင်။ လူဦးရေနှင့် မွေးဖွားနှုန်းမှာ ပြဿနာတွေ အများကြီး ရှိနေသည်။ နှစ်စဉ် လူဦးရေ တိုးတက်မှုနှုန်းမှာ ၀.၅ ရာခိုင်နှုန်းသာရှိပြီး၊ စစ်ပွဲနှင့် ငတ်မွတ်ခေါင်းပါးမှုလည်း မရှိသောကြောင့် သက်ကြီးပြဿနာက ရေရှည်အတွက် စိုးရိမ်စရာ ဖြစ်နေသည်။



တရုတ်

တရုတ်တွင် လူမှုဖွံ့ဖြိုးရေးပြဿနာ အများကြီးရှိသည်။ တရုတ် ပညာရေးစနစ်က ပြည်တွင်းတွင် ပြိုင်ဆိုင်မှု လူမှုဖိအားတွေ ပိုဖြစ်လာနေသည်။ အစိုးရက စာမတတ်တဲ့ ကျေးလက် လူဦးရေများစွာ အတွက် ရင်းနှီးမြှုပ်နှံမှု ကျယ်ကျယ်ပြန့်ပြန့် လုပ်လာပြီး အောင်မြင်မှုများ ရှိလာသည်။ ဘွဲ့ရလူငယ်အရေအတွက် များပြားလာသည်။

ပြဿနာက လူမှုတည်ငြိမ်မှုကို ဆက်ထိန်းထားဖို့အတွက် ၄င်းဘွဲ့ရများကို အလုပ်အကိုင်သစ် ရှာဖွေပေးဖို့ လိုအပ်နေသည်။ စက်မှု လုပ်ငန်းတွေကလည်း လုပ်အားကိုသာ အဓိက အားပြုထားသောကြောင့်၊ ဘွဲ့ရ ၂၀ ရာခိုင်နှုန်းကျော်မှာ အလုပ်လက်မဲ့များ ဖြစ်နေသည်။
တရုတ်ပညာရေးစနစ်တွင် အလွတ်ကျက်နှင့် အထက်အောက်ပုံစံ သင်ကြားမှုကို မစွန့်ရက်နိုင် ဖြစ်နေကြသည်။ တရုတ် တက္ကသိုလ်များတွင် အမျိုးသားရေးဝါဒ ရိုက်သွင်းဖို့ ကွန်မြူနစ် ခေါင်းဆောင်များက မဟာဗျူဟာကျကျ ဆောင်ရွက်နေသည်။ ရှိရှိသမျှ အင်စတီကျူးရှင်းများကိုလည်း ပါတီအပေါ် သစ္စာခံဖို့ အတင်းလုပ်နေသည်။

သို့သော် ဟောင်ကောင် ရှန်ဟိုင်း စတဲ့ မြို့ကြီးတို့မှ   ကျောင်းသားများနှင့်   ပြည်တော်ပြန်   ကျောင်းသားများက   ရှေ့လာမယ့်နှစ်များတွင်   ပြည်မအစိုးရကို စိန်ခေါ်မည့် ပဋိပက္ခမီးစများ ဖြစ်မည်။



အနောက်ဥရောပ


ပြီးခဲ့တဲ့ နှစ်များအတွင်း အနောက်ဥရောပ နိုင်ငံများမှ ကျောင်းများတွင် အမျိုးသားရေးဝါဒနှင့် အမျိုးသား တန်ဖိုးများ အလေးပေးသင်ကြားမှုကို သိသိသာသာ လျော့ချလာကြသည်။ သို့သော် အရှေ့ဥရောပနှင့် မူဆလင်ကမ္ဘာမှ လူအများရွှေ့ပြောင်းစီးဝင်လာမှု၊ စီးပွားရေးထိုးကျမှုတို့ကြောင့်၊ လူမျိုးရေး ဘာသာရေး ပြဿနာပေါင်းစုံနှင့် လုံးခြာလိုက်လာသည်။



အကျိုးဆက်အဖြစ် အချို့သော ကွန်ဆာဗေးတစ် ဆန် သည့် အစိုးရများက အမျိုးသားရေးဝိသသများ   ရှေ့တန်းပြန်တင် လာမှုကြောင့် ပြည်တွင်း   လူမှုရေးတင်းမာမှုများ ရှိလာနိုင်သည်။ အစိုးရများရဲ့ ပညာရေး အသုံးစရိတ် လျော့ချမှုများကြောင့် သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်ကျသွားမှာ စိုးရမ်ရသည်။

ရည်ညွှန်း။ Education and forecasting the future by Ian Bremmer
ဝင့်ထန်း

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...