ကျမအတွက် အမှတ်ရစရာ အတွေ့အကြုံများနှင့် ကျောင်း
by Phyu Sin Lay on Thursday, May 12, 2011 at 1:07pm
ဒီမှာက အထက်တန်းကို လေးနှစ်တတ်ရပါတယ်။ ကျမတတ်ခဲ့တဲ့ အထက်တန်းကျောင်း နာမည်က SOUTHRIDGE HIGH SCHOOL (SHS) ဖြစ်ပါတယ်။ ကျောင်းရဲ့ သင်္ကေတကတော့ နေ (SUN) ဖြစ်ပြီး၊ ကျောင်းရဲ့  ကိုယ်ပိုင် အရောင်ကတော့ NAVY (နက်ပြာ) ဖြစ်ပါတယ်။ ဒါလဲ အမှတ်တရတွေထဲက တခုပေါ့။ ကိုယ့်ကျောင်းမို့  ပြောတာ မဟုတ်ပါဘူး ဒီမြို့ မှာရှိတဲ့ အထက်တန်းကျောင်းနှစ်ကျောင်းအနက် ကျမကျောင်းလေးက ပိုပြီး ကြည့်ကောင်းတယ်၊ ခန့် ညားတယ်။ ကျောင်းသူ ကျောင်းသားတွေကလည်း များသောအားဖြင့် လူရည်သန့် တွေပါ။ ကျမ ကျောင်းသုံးနှစ်တတ်ခဲ့တဲ့ သက်တမ်းတလျှောက် ကျောင်းမှာ ပြဿနာတတ်ပြီး အရေးပေါ် 911 ခေါ်ရတယ်ဆိုတာ မရှိခဲ့ဘူး၊ မီးသတ်ကားခေါ်ရတယ်ဆိုတာ မရှိခဲ့ဘူး။ ကျောင်းအတွက် ရွေးထားတဲ့ အရောင်ကလည်း တည်ကြည်လေးနက်သလို၊ ကျောင်းသင်္ကေတ နေ (SUN) ဆိုတာကိုလည်း နှစ်သက်မိတယ်။ ဆရာဆရာမ တချို့ ကလည်း သိပ်ကို ဂရုတစိုက်နဲ့  ကူညီကြတယ်။ ထားပါ... ဒါကတော့ ကျောင်းနဲ့ ပါတ်သတ်တဲ့ အမှတ်တရလေးတွေ။
အမှတ်တရဆိုလို့  .. ကျောင်းမှာ အရမ်းရန်ဖြစ်တာ ၀ါသနာပါတဲ့ နာမည်ကျော် ဇာတ်လိုက်ကြီး KENNETH (ခန်းန်နစ်သ်) ဆိုတဲ့ ကျောင်းသားလေးတစ်ယောက်တော့ ရှိဖူးတယ်။ တနေရာရာမှာ ရုတ်ရုတ် အသံကြားလို့  ဘာဖြစ်တယ် လှမ်းမေးလိုက်ရင် သူပါပဲ.. ရန်ဖြစ်လို့  SECURITY GUARD အဖိုးကြီး ခေါ်သွားပါပြီ။ သူက စိတ်ဆတ်တယ် ထင်ပါတယ် ခဏခဏရုံးခန်းရောက်နေတာ။ ဘယ်သူလွန်တယ် မလွန်ဘူးဆိုတာ မသေချာပေမယ့် ရန်ဖြစ်ဖက်သာ ပြောင်းသွားမယ် ရန်ပွဲတော်တော်များများတော့ သူနဲ့ ဖြစ်တာမှန်း လူသိများကြတယ်။ သူကတော့ KENYA ဆိုတဲ့ နိုင်ငံကလာတဲ့ လူမဲလေးတယောက်ပါ။ အစကတော့ သူနဲ့  မရင်းနီးပေမယ့် နောက်ပိုင်း ၂ နှစ်လောက်ကို တချို့  စာသင်ခန်းတွေ တူကြတော့ သူငယ်ချင်းတွေ ဖြစ်သွားကြတယ်။
ဘာသာစကားအားနည်းတာရယ် အင်္ဂလိပ်စာက ကိုယ့်အတွက်တော့ SECOND LANGUAGE ဖြစ်တာရယ်ကြောင့် ဒီနိုင်ငံမှာမွေးပြီး ကြီးတဲ့သူတွေမဟုတ်တဲ့သူတိုင်းက အင်္ဂလိပ်စာ အရေးအဖတ် တိုးတတ်ဖို့ အတွက် ESL (English as a Second Language) ကို စာသင်ချိန် တချိန်အနေနဲ့  တတ်ရပါတယ်။ မက်က်စီကန်န် (MEXICAN) တွေက အများစုပေါ့။ အဲ့တုန်းကတော့ ရုရှားကပြောင်းလာတဲ့ ကျောင်းသားတစ်ယောက်ရယ်၊ မြန်မာမလေး ကျမရယ်၊ မက်က်စီကန် ကျောင်းသား/သူ တချို့ ရယ်ပဲ ရှိကြတယ်။ အတန်းတတ်နေကြတဲ့ စာသင်သား/သူ ချင်းအတူတူ သူတို့ တွေက ကိုယ့်ထက် စကားပိုပြောတတ်ကြတယ်။ ကိုယ့်နိုင်ငံအကြောင်းကို Project လုပ်ပြီး PRESENTATION လုပ်တဲ့အခါမှာ စကားလည်းသိပ်မတတ် အတန်းထဲက သူငယ်ချင်းတွေနဲ့  ဆရာမအပြင် တခြား ဧည့်သည်တော်တွေရှေ့  ထွက်ပြီး ကြိုးစားပြောရတဲ့ အဖြစ်က စဉ်းစားထားတာတွေလည်း ပျောက်ပြီး မှန်းထားသလောက် မပြောဖြစ်ခဲ့ဘူး။ PRESENTATION လည်းပြီးရော စာသင်ခန်းထောင့်မှာ ရှက်ရှက်နဲ့ တစ်ယောက်တည်း ထိုင်ပြီး ငိုဖူးတယ်။ အဲ့လိုလဲ တကိုယ်တော် မင်းသမီး ဖြစ်ရသေးတယ်။ (ဆရာမက သနားလို့ ပေးတာမို့ လား မသိပါဘူး အဲ့တုန်းက A ရတယ် :P)
ဘာရယ်မှန်းမသိဘူး အထက်တန်းပထမနှစ် Algebra 1 ယူရတော့ ပုစ္ဆာတွေတွက်ရတာ ပျော်တာရယ် ဆရာမရှင်းပြတာရယ်ကို နားလည်တာရယ်ကြောင့် သင်္ချာအတန်းမှာ အမြဲတမ်း A (သို့ မဟုတ်) A+ ရပြီး အမှတ်ကောင်းတာပါပဲ။ အတန်းထဲ သင်္ချာအိမ်စာတွေ လုပ်ခွင့်ပေးချိန်မှာ ဆရာမက သူငယ်ချင်းတွေကို နားမလည်တာရှိရင် မေးလာတဲ့အခါ ကူညီပေးနိုင်ကြောင်း အပြောခံရဖူးတယ် (တကယ်တော့ ကိုယ်အဲ့လောက်လဲမဟုတ်ပါဘူး သဘောတရားကို နားလည်ယုံလောက်ပါပဲ တခုခု နားမလည်ဘူးဆိုရင်လည်း ကောက်ခါငင်ကာ မေးဖို့ ဝန်မလေးဘူး လိုအပ်ရင် ဆရာမအိမ်အထိ ကျောင်းပိတ်ရက်တွေမှာ လိုက်မေးတာ .. ဟီး ဘာမဆို စိတ်ဝင်စားရင်အဲ့လိုပဲ) စာသင်ခန်းထဲ ကျောင်းသား/သူတွေ နှစ်ဖွဲ့ ခွဲပြီး Participation Point ရဖို့  သင်္ချာအတွက် ပြိုင်ကြတော့ ကိုယ်နဲ့  ရင်းနီးတဲ့ သူငယ်ချင်းတွေက ကိုယ်ပါတဲ့ အဖွဲ့ မှာပါရတာ သိပ်ဝမ်းသာကြတယ် ဒါကို အပြိုင်အဆိုင်လုပ်တာ KENNETH ပေါ့။ (ဘယ်လိုဖြစ်ဖြစ်ပေါ့.. အဲ့တုန်းက ကျမတို့ အဖွဲ့ နိုင်ခဲ့ပါတယ်) ဆက်ပြောနေရင် တစ်ထောင့်တညထက် ရှည်တော့မယ် ထင်ပါတယ် ရေးရင်းရေးရင်းနဲ့  .. တရေးရေးပေါ်လာတာတွေ ချချရေးမိတော့ ထင်ထားတာထက် ပိုရှည်ရှည်လာတယ် တခြား ဘာသာရပ်တွေနဲ့ ပါတ်သက်တဲ့ အမှတ်တရတွေတော့ နောက်ကြုံကြိုက်တဲ့အခါတွေမှ ရေးပါတော့မယ်။ ဒါကတော့ ပထမနှစ် (FRESHMAN) အထက်တန်းကျောင်းတတ်တုန်းက အမှတ်တရတချို့ ပါ။
ကျမ (SOPHOMORE) အထက်တန်း ဒုတိယနှစ်မှာ မောင်လေးက အထက်တန်း ပထမနှစ်တတ်ပြီ။ အခြေခံမပိုင်နိုင်သေးတဲ့ ကျမနဲ့  ကျောင်းသား/သူ တချို့ က ESL အတန်းကို ဆက်တတ်ရပါတယ်။ မောင်လေးအပါအ၀င် မနှစ်က ကျောင်းသား/သူ ဟောင်းတွေချဉ်းပါပဲ။ တကျောင်းလုံးမှာ မြန်မာဆိုလို့  မောင်လေးနဲ့  ကျမနှစ်ယောက်တည်းရယ်။ မောင်နှမနှစ်ယောက် အတန်းဆုံချိန်တွေက ESL နဲ့  HOMEWORK LAB အချိန်တွေ။ ဘာသာခြားတွေကြား အင်္ဂလိပ်လိုပြောလိုက် မြန်မာလို ပြောလိုက်နဲ့  တခါတခါလည်း သူတို့ ကို မြန်မာလို ပြောမိတဲ့အခါလဲ ပြောမိတာနဲ့  သိပ်ရယ်ရတယ်။ ဆရာမ အဲ့ဒါဘာလဲဆိုပြီး မြန်မာလို သွားမေးတာ ဆရာမက WHAT? လို့ မေးမှ အော် မြန်မာလို မေးလိုက်မိတာကိုးလို့  သတိထားမိတော့တယ်။ အဲ့ဒါကတော့ မောင်လေးအတွေ့ အကြုံတခုပါ။ ကျောင်းမှာ များသောအားဖြင့် မောင်လေးကို နာမည်နဲ့ ခေါ်ကြပေမယ့် ကျမက အကျင့်ဖြစ်နေပြီမို့  မောင်လေးလို့ ပဲ ခေါ်ဖြစ်ပါတယ်။ ဒါကို အတန်းက သူငယ်ချင်းတစ်ယောက်က အဲ့ဒါ ဘာလဲမေးတော့ ဘာဆိုလိုမှန်းသေချာရှင်းပြတာပေါ့။ ဒါကိုသူက မှတ်ထားပြီး မောင်လေးကို ခပ်လှမ်းလှမ်းမှာတွေ့ တိုင်း သူ့ ရဲ့  အသံထွက်အတိုင်း မြန်မာလို လိုက်ခေါ်တာ ကြားရတဲ့ ကျမနဲ့ မောင်လေး အတော်ရယ်လိုက်ရတယ်။ ပြင်ပေးလည်း မရဘူး သူ့ အသံကိုက အဲ့အတိုင်းထွက်နေတာ (သိချင် တိတ်တိတ်လေး လာမေးနော် :P)
(JUNIOR) အထက်တန်း တတိရနှစ်မှာ အမေ့ဆီက မနည်းပူဆာပြီး ရထားတဲ့ I-pod အဖြူလေး ပျောက်သွားတယ်။ စည်းကမ်းမရှိတာမဟုတ်ပါဘူး School Cafeteria မှာ အလုပ်လုပ်တာမို့  နေ့ လည် ထမင်းစား ကျောင်းမဆင်းခင် ၁၅ မိနစ် အလိုမှာ သူများထက်စောပြီး CAFETERIA ကိုသွားရတယ်။ နောက်ဆုံးစာသင်ခန်းက နေ့ လည်ကျောင်းတတ်တဲ့အခါလည်း ပြန်တတ်ရတာရယ်၊ ကျောင်းစာသင်ခန်းကို နေ့ လည် ကျောင်းဆင်းချိန်မှာ ဆရာမက Locked ချထားတတ်တာမို့  ကျောင်းလွယ်အိတ်လေးထဲမှာပဲ ZIPPED ပိတ်ပြီးထားခဲ့တာ။ ကျောင်းပြန်တတ်ပြီး နောက်တချိန်ပြောင်းခါနီးလောက်မှာမှ သတိထားမိတာ ဘယ်သူယူလို့ ယူသွားမှန်းလဲမသိဘူး စိတ်မကောင်းဖြစ်လိုက်တာ အရမ်းပါပဲ။ အတန်းထဲမှာလည်း ဗွီဒီယို ကင်မရာ တပ်မထားတာကြောင့် ဘယ်သူယူသွားလဲဆိုတာ လူကြီးတွေလည်း အဖြေရှာမရခဲ့ဘူး။ အမေ၀ယ်ပေးထားတဲ့ I-pod လေးမို့  ပိုနှမျောမိတယ်။ (ခုထိလည်း ဘယ်သူယူမှန်းကို မသိတာ)
အထက်တန်းကျောင်း နောက်ဆုံးနှစ်ဖြစ်တဲ့ (SENIOR) စတ္ထုထနှစ်မှာ PHOENIX HIGH SCHOOL ဆိုတဲ့ ကျောင်းသစ်တစ်ခုကိုပြောင်း တတ်ခဲ့တယ်။ PROJECT BASED HIGH SCHOOL လို့ လည်း ခေါ်နိုင်ပါတယ်။ အများနည်းတူ အစိုးရကျောင်းလည်း ဖြစ်သလို CREDIT လည်းရတာမှန်ပေမယ့် ကိုယ်လုပ်တဲ့ PROJECT တွေအပေါ်မှာ ကြည့်ပြီး အမှတ်ပေးတဲ့စနစ်နဲ့  တတ်ရတာမျိုးပါ။ လုပ်ချင်တဲ့ ပရောဂျက် လုပ်နိုင်တယ် အဓိက ကိုယ့်အတွက်လိုအပ်တဲ့ CREDIT အပေါ်မူတည်ပြီး လုပ်တာပေါ့။ COMMUNICATION မှာ အမှတ်နည်းနေရင် COMMUNICATION နဲ့ ပတ်သက်တဲ့ ပရော့ဂျက်လုပ်သလို GOVERNMENT နဲ့  ပါတ်သက်တဲ့ Credit လိုရင် GOVERNMENT နဲ့  ပါတ်သက်တဲ့ ပရော့ဂျက်လုပ်တာမျိုးပေါ့။ ပရော့ဂျက်လုပ်ပြီးတဲ့အခါ တကျောင်းလုံးကိုဖြစ်စေ ADVISORY ဆရာမတွေကိုဖြစ်စေ PRESENTATION လုပ်ကြရတယ်။ ကျမနေတဲ့ ပြည်နယ်မှာ ကျောင်းသား/သူ တစ်ယောက် HIGH SCHOOL GRADUATE ဖြစ်ဖို့  အတွက် 21 CREDIT ရှိရပြီး၊ WASHINGTON ASSESSMENT of STUDENT LEARNING (WASL) အရေး၊ အဖတ်နဲ့ သချာင်္ဖြေဆိုပြီး သုံးခုလုံးကို အောင်ရပါတယ်။ ဒီကျောင်းကို မနှစ်ကမှ စဖွင့်ထားတာမို့  ကျောင်းသား/သူ အရေအတွက်က အားလုံးပေါင်း ၇၀ လောက်ပဲ ရှိကြတယ်။ ဒါကို ADVISORY သုံးခုခွဲထားပြီး ဆရာမသုံးယောက်နဲ့  တခြား အကူ ဆရာမနှစ်ယောက်ရှိတယ်။ ကျောင်းအုပ် ဆရာမက ဂစ်တာတီးပြီး သီချင်းဆိုတတ်တယ်။ ကျောင်းသား/သူ တစ်ယောက်စီကို ကိုယ့် WORKSTATION နဲ့ ကိုယ် ကွန်ပြူတာတလုံးစီ၊ စားပွဲတလုံးစီနဲ့  ဟန်ကျနေတာပဲ :P ကျောင်းသင်ရိုးညွှန်းတမ်းတွေဖြစ်တဲ့ ဘာဖတ်စာအုပ်မှ ကိုင်စရာမလိုတာကတော့ စောစောက အရာတွေထက် ပိုပြီး ဟန်ကျတာတာပေါ့။ အစဖွင့်တဲ့ ကျောင်းလေးမို့  ကျောင်းသား/ကျောင်းသူတွေကလည်း နည်းတာကြောင့် ဆရာမတွေက တစ်ဦးချင်းစီကို ဖိဖိစီးစီး ဂရုစိုက်ကူညီနိုင်ကြတယ်။ ဒီလိုနဲ့ ပဲ အထက်တန်းကို အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင် ခဲ့တယ် ဆိုပါတော့။
လောကကြီးမှာ အပြိုင်အဆိုင်၊ အခက်အခဲ၊ ရှုံးနိမ့်မှုတွေ မရှိတဲ့ ကျောင်းရယ်လို့ မှ မရှိတာပဲ။ ကြုံလာတာ ရင်ဆိုင်ပစ်လိုက် စိတ်ပင်ပန်းတဲ့အခါ ခဏဖြစ်ဖြစ် နားလိုက် ပြီးရင် စိတ်ဓာတ်ခွန်အားတွေနဲ့  ရှေ့ ဆက်ကြရမှာပဲမဟုတ်လား။ ဘ၀ရဲ့  ပန်းတိုင် ဆိုတာကလည်း တခါတလေ ရေးရေးလေးမြင်ရလိုက် တခါတလေ ပျောက်သွားလိုက်နဲ့  .. ဒါပေမယ့် တိကျခိုင်မာတဲ့ ရည်ရွယ်ချက်တွေက ကိုယ့်အတွက် လမ်းပြလရောင်လေးသဖွယ် အသုံးဝင်နေမှာပါ။
မှတ်ချက်။ ။ ကျမ စာတွေ သိပ်မရေးသလို အလေ့အကျင့်မရှိတဲ့ အရေးအသားတွေက ဆိုးရွားနေရင်လည်း ခွင့်လွှတ် နားလည်ပေးဖို့  မေတ္တာရပ်ခံချင်ပါတယ်။ လိုအပ်တာရှိရင် ဒီပို့ စ်လေးအောက်မှာ စိတ်ကြိုက်ဝေဖန် အကြံပြုနိုင်ကြပါတယ်။ ဘ၀အမောတွေ ပြေပျောက်နိုင်ကြပါစေရှင် စာဖတ်သူအားလုံးကို လေးစားခင်မင်လျှက်..^^
ဖြူစင်လေး
0 comments:
Post a Comment