“ဘာသာတရားနှစ်ခု ဆုံခြင်း”
by အား မာန် on Wednesday, May 25, 2011 at 8:53pm
စာကိုဖတ်ပြိး စာရေးသူ၏ ပုံပန်းသဏ္ဍာန်ကို မှန်းဆကြည့်ချင်းသည် အခါခပ်သိမ်း မမှန်
တတ်ပေ။
အန္ဒိယစာရေးဆရာကြီး ရာဟုလာသံကိစ္စည်းကို စတင်တွေ့စဉ်က ကျွန်တော်အတော် အံသြသွားခဲ့ဖူး သည်။ ဆရာကြီး၏စာသည် မိုးကြိုးသွားကဲ့သို့ ထက်သည်။ ထို့ကြောင့်ဆရာကြီး၏ ပုံပန်းသဏ္ဍာန်လည်း သူ့စာ ကဲ့သို့ပင် ခက်ထန်လိမ့်မည်။ မာကြောလိမ့်မည်ဟု တွေးထင်မိခဲ့သည်။ သို့သော် တကယ်တွေ့သည့်အခါ၌ကား တက်တက်စင်လွဲနေသည်။ ဆရာကြီးသည် ကိုယ်ခန္ဓာ ထွားကြိုင်းသန်မာသော်လည်း မျက်နှာအမူအယာမှာ အစဉ်ချိုနေသည်။ ကလေးသူငယ်ကအစ လူတကာကို နူးနူးညံ့ညံ့ သိမ်သိမ်မွေ့မွေ့ဆက်ဆံသည်။
မြန်မာစာရေးဆရာလောက၌လည်း ရာဟုလာသံကိစ္စည်းလိုစာနှင့်လူ ဟပ်၍မရသလိုရှိသည့်စာရေးဆရာ တစ်ဦးရှိသည်။ ယင်းစာရေးဆရာကား ဗန်းမော်တင်အောင် ဖြစ်၏။ ဗန်းမော်တင်အောင်ကို တွေ့လျှင်သူ၏အပြုံး နှင့် မျက်ခုံးကို စမြင်ရ၏။ ဗန်းမော်တင်အောင်သည် မည်သူ့ကိုမဆို ပျူပျူငှာငှာ ဆက်ဆံသည်။ သူ၏ စားများမှာ များသောအားဖြင့် “စာမာ”များဖြစ်သော်လည်း သူ့မျက်နှာမှာ ချိုပြုံးနေသည်။
ကျွန်တော်နှင့် ဗန်းမော်တင်အောင် တရင်းတနှီးဖြစ်သည်မှာ နှစ်အပိုင်းအခြားအားဖြင့် ကြည့်လျှင် မကြာလှသေး။ သူ ကမ္ဘာတစ်ခုမှ ပြန်ရောက်လာပြီးသည့် နောက်ပိုင်းကျမှသာ ဖြစ်သည်။ သူ၏ စာပေဘ၀ စောစောပိုင်းက ကျွန်တော်နှင့်သူ အကျွမ်းတ၀င်မဖြစ် ကြသေး။
“ကျွန်တော်မှာ သူရဲကောင်းသုံးယောက်ရှိတယ်။”
ဗန်းမော်တင်အောင် လင်းယုန်ဂျာနယ်ထုတ်စဉ်က လင်းယုန်ဂျာနယ်သည် လက်ဝဲ စာရေးဆရာအချို့၏ စင်မြင့်ဖြစ်ခဲ့သည်။ ယင်း လက်ဝဲစာရေးဆရာများထဲမှ ရဟန်းလူထွက် လက်ဝဲစာရေးဆရာ သုံးဦးကို သူ့ “သူရဲကောင်းသုံးယောက်”ဟု ဗန်းမောင်တင်အောင် ဟာသနှောပြီး ကြေညာထားဖူး၏။ ထိုသုံးယောက်ကား (၁) ဦးဆန်းထွန်း (ဆန်းထွန်း-မန်းတက္ကသိုလ်)၊ (၂) ဦးဘ၀င်း (ဘ၀င်း)၊(၃) ဦးမြင့်ဆွေ (မြင့်ဆွေ)တို့ဖြစ်ကြသည်။ ထို’သူရဲကောင်းသုံးယောက်’ထဲတွင် ကျွန်တော်မပါပေ။ ထိုအချိန်က ကျွန်တော် မြန်မာပြည်၌ မရှိသေး။ အဝေး တွင်ရောက်နေသည်။
၅၈ ခုနှစ်လောက်တွင် ဗန်းမောင်တင်အောင် ရွှေဂုံတိုင်လမ်းတွင် လင်းယုန်သတင်းစာ ထုတ်နေ၏။ ထို အချိန်တွင် ကျွန်တော်မြန်မာပြည်ပြန်ရောက်နေပြီ။ စာပေလောကထဲတွင်လည်း မြေစမ်းခရမ်းပျိုးကြည့် နေပြီ။
တစ်နေ့တွင် သူ့သတင်းစာတိုက်ရောက်သွား၏။ သတင်းတစ်ခုထည့်ရန်ကိစ္စနှင့် ရောက်သွားဖြစ်သည်း ထို အချိန်က ရာဟုလာသံကိစ္စည်းသည် တရုတ်ပြည်သို့အသွားရန်ကုန်တွင် ခေတ္တ၀င်သွား၏။ ထိုသတင်းကို သူ့ သတင်းစာတွင် ထည့်ရန်သွားပေးခြင်းဖြစ်သည်။ ထိုအချိန်ကျမှ ကျွန်တော် ဗန်းမောင်တင်အောင်နှင့် အသိမိတ် ဆွေဖြစ်ရခြင်းဖြစ်သည်။ အသိမိတ်ဆွေဆိုသည့်တိုင်း ရင်းရင်းနှီးနှီး မရှိလှသေး။ နောက်ပိုင်းကျမှသာ ရင်းနှီး ခင်မင်မှုစတင်သည်။ ရင်းနှီးခင်မင်မှု စတင်သည်မှာလည်း ထမင်းစားပွဲတစ်ခုတွင်ဖြစ်သည်။
သူကမ္ဘာတစ်ခုမှပြန်လာပြီးစတစ်နေ့တွင်ဖြစ်သည်။ ဒဂုန်တာရာ၏တူမ မမြင့်မြင့်စိန်ကသူနှင့်ဒဂုန်တာရာ ကို ပတ္တမြားစားသောက်ဆိုင်တွင် ထမင်းကျွေးည်။ ထိုထမင်းစားပွဲတွင် ကျွန်တော်လည်းပါသည်။ ကျွန်တော်နှင့် ဒဂုန်တာရာ၊ သူနှင့် ပေါင်းမိသွားကြသည်။ ပေါင်းမိသည်မှာတခြားကိစ္စတွင် မဟုတ်။ အစားကိစ္စတွင်ဖြစ်သည်။ ထိုထမင်းစားပွဲမှ စလိုက်သည့် သုံးဦးသား ထမင်းစားပွဲသည် နောက်တွင်လည်း မကြာခဏ ဆက်နေသည်။ ဗန်းမော်တင်အောင်က သူနှင့်ရင်းနှီးသူ၊ ကျွန်တော်တို့နှင့်လည်းသိသူများကို ထမင်းကျွေးဖို့ပြောသည်။ ကျွန်တော်တို့က လိုက်စားသည်။ ကျွန်တော်တို့၏ သုံးဦးသား ထမင်းစားပွဲသည် တစ်ခါတစ်ရံ ရန်ကုန်နယ်နိမိတ် အပြင်ဘက်ကိုပင် ကျော်ထွက်သွားသည်။ တခါတွင် သိမ်ချောင်းရွာသို့ ထမင်းသွားစားကြသည်။ လွန်ခဲ့သည့် သုံးလေးနှစ်ခန့်ကလည်း ညောင်တုန်းသို့ ရောက်သွားသည်။ ညောင်တုန်းသို့သွားကြခြင်းမှာ တခြား မည်မည် ရရ ဘာကိစ္စမှမရှိ။ အလည်အပတ် ထမင်းမြိန် သါားစားကြချင်းသာဖြစ်၏
ယခုတော့ ကျွန်တော်တို့ သုံးဦးသား၏ ထမင်းစားပွဲသည် ဇာတ်ခေါင်းကွဲသွား လေပြီ.....။
“ဘုရားသိကြားမလို့ ကင်ဆာရောဂါ မဟုတ်ပါစေနှင့်”
ယမန်နှစ်က ဗန်းမော်တင်အောင် ဆေးရုံတက်၏။ ကျွန်တော် ဆေးရုံသို့ သတင်းမေးရောက်သွား၏။ ဗန်းမော်တင်အောင်ကို မြင်လိုက်ရသည်နှင့် ထိတ်ခနဲ ဖြစ်သွားသည်။ ဗန်းမော်တင်အောင်သည် သိသိသာသာ ကျသွား၏။ မျက်တွင်းချိုင့်နေသည်။ ပါးရိုးများ ထွက်နေသည်။ သို့သော် ထိုကြားထဲမှာပင် သူ၏အပြုံးနှင့် မျက်ခုံး မှာ ထင်ထင်ရှားရှားကြီး ပေါ်လွင်နေသည်။ သူက သူ့ရောဂါ အခြေအနေနှင့်ဆရာဝန်များ၏ စမ်းသပ် စစ်ဆေး ချက်များကို ပြောပြသည်။ ထိုအခါ “ကင်ဆာရောဂါများ ဖြစ်နေမလား”ဟု ကျွန်တော် မဦးမချွတ် ဥပါဒ်မိလေ သည်။ စိတ်မကောင်းလည်း ကြီးစွာဖြစ်ခဲ့သည်။ ကင်ဆာမဟုတ်ပါစေနှင့် ဟုလည်း ဆုတောင်းမိသည်။
သို့သော် ကျွန်တော်တို့၏ စိတ်မချမ်းမြေ့မှုသည် တာရှည်မခံပေ။ ဗန်းမော်တင်အောင် ဆေးရုံမှပြန်ဆင်း လာ၏။ ဆေးလည်း တွေ့သွားဟန်တူ၏။ ကျန်းမာဝဖြိုးလာသည်။ နဂို အတိုင်းနီးနီးပြန်ဖြစ်လာသည်။ ကင်ဆာ ရောဂါ ဟုတ်မှမဟုတ်ဘူးဟု ကိုယ့်အတွေ့အကြုံနှင့် ကိုယ်ဆုံးဖြတ်ပြီး ကျွန်တော်တို့ ၀မ်းသာအားရဖြစ်ခဲ့သည်။ ကင်ဆာရောဂါဖြစ်လျှင် ပြန်ပြီးနာလန်ထူလာနိုင်ဖို့ မလွယ်။ ကင်ဆာမဟုတ်၍သာ ယခုလိုပြန်နာလန်ထူလာခြင်း ဖြစ်သည်။ ယင်းသို့ သိမှတ်ထားဖူးသည် မဟုတ်လား။
သူပြန်ပြီး ကျန်းမာလာသောအခါ ဗန်းမော်တင်အောင်သည် ကျွန်တော်တို့၏ သုံးဦးသား ထမင်းစားပွဲကို ပြန်စဖို့ ကြိုးစားပြန်သည်။ ဟိုလူ သည်လူကို သူ ထမင်းကျွေးဖို့ စပ်၏။ ကျွန်တော်နှင့် တွေ့သောအခါ ဘယ်သူ့ ကို ထမင်းကျွေးဖို့ စပ်ထားသည်။ ဘယ်သူ့ကို ထမင်းကျွေးဖို့ ပြောထားသည် စသည်ဖြင့် အားရပါးရ ပြောနေ၏။
“ကိုတင်အောင် သည့်ထက်သည် ကျန်းမာလာအောင် လုပ်ပါ။ ကျန်းမာလာတဲ့အခါကျတော့
ဖိတ်ထားတဲ့အိမ်တွေကို ကျွန်တော်တို့ ထမင်းလျှောက်စား ကြတာပေါ့”
ကျွန်တော်က သူ့ကိုပြန်ပြောရသည်။ ထိုအတွင်း ကျွန်တော်တို့ သုံးဦးလည်း သိပ်မဆုံးဖြစ်ကြ။ ဘယ် အိမ်ကိုမှလည်း ထမင်းစားမသွားဖြစ်ကြ။
သည်နှစ်ထဲရောက်လာသောအခါ စိတ်မကောင်းစရာ တဖန်ဖြစ် ပြန်လာရပြန်သည်။ ဗန်းမော်အောင်၏ ကျန်းမာ ရေးအခြေအနေ ကျဆင်းလာပြန်လေပြီ။ နောက်ဆုံး မဟန်တော့သည့် အဆုံး၌ ဒုတိယအကြိမ် ဆေးရုံ တက်ရပြန်သည်။ ထိုအကြိမ်တွင်ကား ပထမအကြိမ်ထက် ပိုဆိုးလာသည်။ ဆရာဝန်များက ကင်ဆာရောဂါဟူ၍ လည်း သတ်မှတ်လိုက်လေပြီ။ အကြိမ်နှစ်ဆယ် ဓာတ်ကင်ရသဖြင့် ခေါင်းမွှေးများ ကျိုးတိုးကျဲတဲလောက်သာ ကျန်တော့သည်။ ယခင်က အင်မတန်ဖြောင့်သည့် ရုပ်ရည်သည် တစိုးတစိလောက်မျှပင် မကျန်တော့ပေ။ အစာ ကလည်း မ၀င်။ ကိုယ်ခန္ဓာမှာ ယူပစ်လိုက်သလို ကျဆင်းသွားသည်။ သို့သော် သူ၏ အပြုံးနှင့် မျက်ခုံးသည် တောက်ပမြဲ တောက်ပနေတုန်းပင်။
ဗန်းမော်တင်အောင်သည် တခြားသူများကို အလွန်စိတ်ဝင်စား၏။ သူ့ကို သတင်းမေးသွားသူများအား သူ့ရောဂါအကြောင်း၊ သူ့အကြောင်းကို ၀တ်ကျေတန်းကျေလောက်သာ ပြောပြီး သတင်းလာမေး သူများ အကြောင်းကို ပြန်မေးနေတတ်သည်။ သတင်းလာ မေးသူများကတဆင့် တခြားပုဂ္ဂိုလ်များ၏ အကြောင်းကို စုံစမ်းနေတတ်သည်။ ကျွန်တော် ဆေးရုံသွားသတင်းမေးသည့်အခါလည်း ကျွန်တော်နှင့် ဆက်သွယ်သူများ၏ အကြောင်းကို မေးမြန်းနေတတ်သည်။
“ဒဂုန်တာရာ ဆေးရုံကို မလာပါစေနဲ့။ ညမှောင်တဲ့အခါ အပြန်ရ ခက်နေလိမ့်မယ်။”
“ကိုတင်စိုးတစ်ယောက် တွေ့သေးသလား”
“နှလုံးလှ ကိုချစ်အောင်တို့ကော အလုပ်အကိုင်ကောင်းရဲ့လား”
ဆေးရုံတက်နေသူက အပြင်မှလူများကို လှမ်းပြီး ကြောင့်ကြနေရှာသည်။ မိတ်ဆွေ သင်္ဂဟများ၊ ကြည်ညို ခင်မင်သူများကလည်းပေါသည်။ သူ့အခန်းထဲတွင် နေ့စဉ်သတင်းမေးသူများ မပြတ်။ သူကလည်း စိတ်ရှည် လက်ရှည် ဧည့်ခံပြီး စကားပြောသည်။ ပြောရင်း ပြောရင်း ချောင်းဆိုးလာသည်။ ကျွန်တော် သူ့အတွက် အားမရ တော့။ အနှေးနှင့်အမြန် စိတ်မကောင်းစရာများ ဖြစ်လာတော့မည်ဟု ကျိန်းသေ တွက်ထားလိုက်လေသည်။ သို့ သော် သူက သူမကြာမီ ဆေးရုံက ဆင်းရလိမ့်မည် ထင်ကြောင်း။ အိမ်မှာဘဲ နားနေမည် ဖြစ်ကြောင်း ပြောပြရှာ သည်။ သို့သော် သူထင်သလို မဟုတ်။ ယင်းသို့ပြောပြီးနောက် ရက်သိပ်မကြာလိုက်ပေ။ သူ့အတွက်နေ့ဆိုးရက် ဆိုး ရောက်လာသည်။ ထိုနေ့က သတင်းလာမေးသူများလည်း အတော်များသည်။
“ဒီကနေ့ ဧည့်သည်တွေ အတော်လာကြတယ်။ စကားပြောလိုက်ရတာ အတော်ကလေး
မောသွားတယ်။”
ဧည့်သည်တွေ ပြန်သွားသည့်အခါ သူက သူ့အနီးရှိ လူတစ်ယောက်အားပြောပြသည်။ ထိုနေ့က ဆေးရုံ အောက်ထပ်ရှိ ဆရာမများအခန်းသို့ပင် သူသွားသေးသည်ဆို၏။ဆရာမများအား သွားနှုတ်ဆက်သလို ဖြစ်သွား သည်။ ထိုနေ့က ‘မောင်ညိုပြာ’နှင့် အဖေါ်တစု သူ့ဆီရောက်သွားသည်။ ‘မောင်ညိုပြာ’နှင့် အဖော်တစုသည် စာအုပ်တစ်အုပ် ထုတ်ရန် အစီအစဉ်ရှိသဖြင့် သူ့ကို အမှာစာရေးခိုင်းထားသည်။ ထိုအမှာစာအတွက် သတိပေး ရန် သူ့ဆီသွားကြခြင်းဖြစ်သည်။ မောင်ညိုပြာမှာ အခြေအနေ ရိပ်မိတန်သလောက် ရိပ်မိနေပြီဖြစ်၍ သူ့ကိုနားပူ နားဆာ မလုပ်လိုတော့။ သို့သော် အဖေါ်များက ရိပ်မိဟန် မတူ။ သူ၏ အမှာစာကို လိုလားနေကြသည်။
“ကျွန်တော်ရေးပေးပါ့မယ်။ သုံးရက်အတွင်း ရစေမယ်”
ဗန်းမောင်တင်အောင်သည် တစ်ဖက်သားကို ဤမျှပင် လေးစားသည်။ ထိုနေ့ည၌ပင် သွေးနှစ်ခါအန်ပြီး ဒုတိယအကြိမ် သွေးအအန်တွင် အသက်ပါ, ပါသွားရှာသည်။
ဗန်းမော်တင်အောင်သည် ပြည်သူကို ချစ်သည်။ လူကိုလေးစားသည်။ မိမိကို ချစ်သူအား ပြည်သူက ပြန်ချစ်သည်မှာ ဓမ္မတာ။ မိမိကို လေးစားသူအား အလေးစားခံရသူက ပြန်လေးစားသည်မှာ ဓမ္မတာ။ လူတွေ့ လျှင် ပြုံးပြသည့် သူ့အပြုံးသည် အပေါ်ယံအပြုံးမဟုတ်။ နှလုံးသားက ထွက်လာသည့် အပြုံး။ ထိုကြောင့် သူ့ အပြုံးကို ပြန်တုံ့ပြန်သည့် ပြည်သူ၏ တုံ့ပြန်မူမှာ သူ့ဈာပနနေ့က မကြုံဘူးလောက်အောင်ပင် ဖြစ်ခဲ့သည်။
ထိုနေ့က ဆေးရုံ ရေခဲတိုက်တစ်ဝိုက်၌ ဗန်းမော်တင်အောင်၏ နောက်ဆုံး ဘ၀ခရီးကို လိုက်ပို့သူများ ပြည့်ကျပ်နေသည်။ တခြား ဈာပနများတွင်လည်း ယခုလို လူများပြားသည်ကို တွေ့ဖူးသည်။ သို့သော် ယခု လာသူများမှာ တာဝန်အရ လာသူများလည်း မဟုတ်ကြ။ မကင်းရာ မကင်းကြောင်းဖြစ်၍ လာကြ သူများလည်း မဟုတ်ကြ။တကယ့်စေတနာနှင့် လာကြသူများဖြစ်သည်။ လာကြသူတွေထဲကလူများစုမှာ ဗန်းမော်တင်အောင် ကိုယ်တိုင်က သိသည့်လူများ ဟုတ်ကြဟန်မတူ။ မမြင်ဖူး၊ မသိဖူးသည့် လူဦးရေက ပိုများသည်။
ရုပ်ကလာပ်ကို သုဿန်သို့ ပို့ဆောင်တော့မည့် အချိန် နီးကပ်လာပြီ။ အမျိုးသမီး တစ်ယောက်သည် သုတ် သီးသုတ်ပြာနှင့် ဆေးရုံးဝင်းထဲ ၀င်လာ၏။ သူ့ကို သိသူ အမျိုးသားတစ်ဦးက လှမ်းမေးလိုက်သည်။
“ညီမ ဘယ်သွားမလို့လဲ”
“ကျွန်မ ဆရာဗန်းမော်တင်အောင် အသုဘ လိုက်ပို့မလို”
“ညီမ ဆရာဗန်မော်တင်အောင်ကို သိသလား”
“ကျွန်မ လူကိုမသိပါဘူး။ သူ့စာတွေကို ဖတ်ပြီး ကြည်ညိုလို့ လိုက်ပို့တာပါ။ ကျွန်မတို့က ရခိုင်ကပါ။
ကျွန်မအဖေက ဂျပန်တော်လှန်ရေးတုန်းက ရှေ့တန်းက ပါခဲ့တဲ့ ခေါင်းဆောင်တစ်ယောက်ပါ။ ကျွန်မ
ဆရာဗန်းမော်တင်အောင် ဈာပနအတွက် အလှူငွေထည့်ချင်တယ်။ ဘယ်မှာ ပေးရမလဲ။ ရှင့်ကို ပေးလို့
ရပါမလား။”
“ရပါတယ်”
အမျိုးသမီးသည် အမျိုးသားလက်ထဲ ငွေ ဆယ့်ငါးကျပ်ထည့်လိုက်လေသည်။ ထို အမျိုးသားနှင့် အမျိုးသမီး မှာ ဆေးရုံအမှုထမ်းများ ဖြစ်ကြသည်။
ဆက်လက်တင်ဆက်ပါမည်....
ပါရဂူ
(မိုးဝေ မဂ္ဂဇင်း)
ဗန်းမော်တင်အောင်
တိုင်းပြုပြည်ပြု စာရေးဆရာ သတင်းစာဆရာ
ဗန်းမော်တင်အောင် ကွယ်လွန်တဲ့အနှစ် (၂၀)ပြည့် အလေးအမြတ်ပြု ထုတ်ဝေလိုက်သော စာအုပ်တွင်းမှ ရိုက်နှိပ်ထားပါသည်။

0 comments:
Post a Comment