Friday, May 20, 2011

ကျနော်လဲထိုနည်းလည်ကောင်း (သရော်စာ)

(၁)
“ဘဘလား...”
“ဟုတ်တယ်နန်းစိန်ငွေ၊ ပြောစရာရှိပြော...”
“ဘဘနဲ့ကိုဒေါင်းကို သက်ဆိုင်ရာက ခုံအဖွဲ့ဝင်အဖြစ် လူတွေကိုစစ်ဆေးဖို့ ခန့်လိုက်တယ်ဘဘ..”
“ဗျာ-ဗျာ၊ သဲထိပ်ရင်ဖိုစရာတွေကောင်းလိုက်တာ...။ ပြန်ပြီးပြောစမ်းပါဦးနန်းစိန်ငွေ...”
“ဟုတ်တယ်ဘဘ။ ဘဘကခုံဥက္ကဌ၊ ကိုဒေါင်းက အဖွဲ့ဝင်၊ ကျန်အဖွဲ့ဝင်တဦးကိုတော့ ဘဘစိတ်ကြိုက် ရွေးနိုင်တယ်တဲ့..”
“ဒီခုံကိုဘယ်သူဖွဲ့တာလဲ။ ကုလသမဂ္ဂလား...၊ ဒေါ်အောင်ဆန်းစုကြည်လား...၊ ပြည်ပရောက် ဒီမိုကရေစီ အဖွဲ့တွေလား...၊ ပြောစမ်းပါဦး...”
“အစိုးရမဟုတ်တဲ့ NGOတဲ့ ဘဘရေ”
“အဲလေ- ဒီခေတ်က NGOခေတ်မဟုတ်လား၊ မျောက်ပြဆန်တောင်းNGO၊ အကြံအဖန်NGO၊ ပဲကြီးဟင်းသောက်NGOတွေလဲ ရှိလေတော့... ထားပါတော့လေ။ ဒါနဲ့ ဒို့က ဘယ်သူတွေကို စစ်လား ဆေးလား မေးလား မြန်းလား လုပ်ရမှာလဲနန်းစိန်ငွေ”
“ဟုတ်ကဲ့ဘဘရေ၊ ဒီမိုကရေစီရတာနဲ့ မြန်မာနိုင်ငံကို ပြန်မဲ့လူစာရင်းနဲ့ မပြန်မဲ့လူစာရင်းကို ကောက်ယူဖို့ ဘဘကဦးဆောင်ပြီး အင်တာဗျူးလုပ်ရမယ်။ စာရင်းကောက်ရမယ်လို့ ကိုဒေါင်းကပြောတယ်ဘဘရဲ့”
“သြော်-ဒုက္ခ၊ ဒုက္ခ၊ ဆရာအောင်ခင်ပြောသလိုပဲ။ အချိုးအဆစ်တွေမပြေတာ၊ ကမောက်ကမတွေဖြစ်နေတာကိုက ဒုက္ခတွေပါပဲလား...”

(၂)
“ကဲ-ကိုဒေါင်းရေ၊ အလှည့်ကျတော့လဲ မနွဲ့ရဘူးတဲ့ ဟုတ်လား...”
“ဟုတ်တာပေါ့ဆရာ၊ ဆရာတို့ ကျနော်တို့ သြတြေးလျားမှာ ဖရီး(NGO)ဆွဲနေတာ ခြောက်နှစ် တောင်ရှိနေပြီ။ ဒီတခါတော့ ရေမုတ်တဘက်၊ မီးစ တဘက်NGOခိုင်းတာ လုပ်ရတော့မှာပေါ့ဆရာ...”
“ကဲ-ဒါဖြင့် တနေ့ဆယ်ယောက်လောက်ပဲ ဒို့ဗျူးကြမယ်။ ဒီနေ့ဆယ်ယောက်ထဲက မောင်ဒိုးနဲ့မောင်မျိုးညီအကိုကို ငါ့အခန်းထဲအရင်ပို့ချီ...”
“ဟုတ်ကဲ့ဆရာ...”


(၃)
“ဆရာ။ မောင်ဒိုးနဲ့မောင်မျိုးတို့ညီအကိုပါဆရာ...”
“မင်းတို့ညီအကိုက ရုပ်ချင်းကလဲဆင်၊ လုံးတူ ဒေါက်တူလဲဆိုတော့ ဘယ်သူကမောင်ဒိုး၊ ဘယ်သူ ကမောင်မျိုးဆိုတာ ခွဲလို့ကိုမရဘူး...”
“ကျနော်ကမောင်ဒိုးပါဆရာကြီး။ ကျနော်ညီ သူက မောင်မျိုးပါ”
“သြစတြေးလျားကိုရောက်တာ ဘယ်လောက် ကြာကြပြီလဲ...”
“ဟုတ်ကဲ့ပါဆရာကြီး။ ဆယ်နှစ်စီရှိပါပြီ”
“ဒါဖြင့် အလုပ်အကိုင်ကရော”
“ကျနော်က အလုပ်လက်မဲ့ဖြစ် Dole(ထောက်ပံ့ကြေး)လဲစား တယ်။ အစိုးရမသိအောင် ခိုးလဲစားတယ်။ အဲ အဲ ခိုးပြီးလဲ အလုပ်လုပ်တယ်ဆရာကြီး”
“ကောင်းပါ့ကွယ် ကောင်းပါ့။ ဒါနဲ့ မောင်မျိုးကရော ဘာလုပ်သလဲ...?”
“ကျနော်ကတော့ ကျနော့်ဒိုးစားရင်း ကလေးငါးယောက်ရနေလို့ အလုပ်လုပ်ဖို့မလိုတော့ဘူး ဆရာကြီး...”
“ဘာ ဘာ.. မင်းတို့ညီအကိုက ဒိုးလဲစားတယ်။ ခိုးလဲစားတယ်။ မျိုးလည်းပွားတယ်ပေါ့ဟုတ်လား...”
“ဟုတ်ပါတယ်ဆရာကြီး...”
“ကဲ-ဒါဖြင့် မြန်မာပြည်ဒီမိုကရေစီရရင် အမိနိုင်ငံကို ပြန်ကြမယ်မှုတ်လား...”
“ရှစ်ကြီးခိုးပါတယ်ဆရာကြီး၊ ကျနော်တို့ ပြန်လို့မဖြစ်ပါဘူး...”
“ကိုယ့်နိုင်ငံကိုယ်ပြန်တဲ့ကိစ္စ၊ ဘာဖြစ်လို့ မဖြစ်ရမှာလဲ...။ ကဲ- ပြောပါဦး....”
“မြန်မာပြည်မှာ ဒီမိုကရေစီရလည်း ဒိုးကမရှိဘူး ဆရာကြီး။ ခိုးစားရင်လဲ ထောင်ကကျဦးမယ်။ မောင်မျိုးလိုလဲ ကလေးတယောက်ရတိုင်း ဒေါ်လာ တထောင်လဲမရနိုင်ဘူး။ ဒါကြောင့် မပြန်ပါရစေနဲ့ ဆရာကြီး...”
“ဟုတ်ပါတယ် ဆရာကြီး။ မောင်ဒိုးပြောသလိုပဲ ကျနော်တို့ကို အတင်းပြန်မပို့ပါနဲ့၊ တောင်းပန်ပါ တယ်ဆရာကြီး...”
“တယ်လဲ ငါ့ကိုအထင်ကြီးကြသကိုး။ မင်းတို့ကို အဓမ္မပြန်ပို့ဖို့ ငါ့မှာ ဘာအာဏာမှမရှိဘူး။ ရေမှုတ်တဘက်၊ မီးစတဘက်NGOကြောင့်သာ မင်းတို့ရဲ့ဆန္ဒကို ငါမေးနေရတာ။ သွားကြ သွားကြ ကိုယ့်နိုင်ငံဒီမိုကရေစီရတာတောင် မပြန်ချင်တဲ့ကောင်တွေ။ သွားကြ”

(၄)
“ဆရာ။ ဒီနေ့ဗျူးဖို့စောင့်နေတဲ့အထဲမှာ ဆတ်စလူးစိန်တို့သားအမိနဲ့ အိုင်းသား(Either)နဲ့ နိုင်းသား (Neither)တို့ညီအမလဲ ပါလာကြတယ်ဆရာ”
“ဟဲ့ ကိုဒေါင်း၊ အဲဒီ အိုင်းသားနဲ့ နိုင်းသားညီအမဆိုတာ ဘယ်သူတွေလဲ...”
“ဆရာကလဲဗျာ၊ အိုင်းသားအော်(Either or) နိုင်းသားနော်(Neither nor)ဆိုတာ ဟို- ဗိုက်သားတွေဖော်ထားတဲ့ ညီအမပေါ့ဆရာရယ်...”
“သြော်-ဆရာအောင်ခင်ပြောတဲ့ ကမောက်ကမဆိုတဲ့ ဒုက္ခတွေရောက်လာပြန်ပြီကိုး။ အေးလေ ကိုဒေါင်းသင့်မယ့်သူတွေသာ အခန်းထဲပို့လိုက်ပါ”
“ဟုတ်ကဲ့ဆရာ၊ သူလေးက အိုင်းသားပါဆရာ။ ဒါလေးကတော့ နိုင်းသားပါဆရာ...”
“ဘာတွေလျှောက်ပြောနေတာလဲ လို့။ သမီးက သူဇာ၊ ညီမလေးက မူယာပါဆရာကြီး”
“အေး-အေး၊ ကိုဒေါင်းနားကြားမှားတဲ့အတွက် ဆရာတောင်းပန်းပါတယ်ကွယ်။ ဒါနဲ့ မြန်မာ ပည်ဒီမိုကရေစီရရင် ပြန်ကြမယ်မှုတ်လား...”
“သမီးတို့မပြန်တော့ဘူးဆရာကြီး...”
“ဘာဖြစ်လို့လဲ။ ကိုယ့်နိုင်ငံကိုယ်ပြန်တာပဲကွယ်...”
“ပထမတော့ သမီးတို့က ယဉ်ကျေးမှုဓါတ်လိုက်ခံရတယ်။ ခုတော့ ယဉ်ကျေးမှုပေါင်းစုံအိုးကြီးထဲ စိမ့်ဝင်သွားပြီဆရာကြီး...”
“သမီးတို့ ဘာကိုပြောချင်ကြတာလဲ...”
“ဒီလိုပါဆရာကြီး...၊ သမီးတို့ ဂျင်းပင်နဲ့ စကတ်ပဲ ဝတ်တက်ပါတော့တယ်။ လုံချည်ထမီတွေ လုံးဝမ ဝတ်တတ်တော့လို့ပါဆရာကြီး။ ခွင့်လွှတ်ပါ ဟီး ဟီး”
“ကိုဒေါင်းရေ၊ မောင်ဒိုးနဲ့မောင်မျိုးညီအကိုက ဘဝဓါတ်လိုက်ခံကြရတယ်ကိုဒေါင်းရဲ့။ အိုင်းသားနဲ့ နိုင်းသားကတော့ ယဉ်ကျေးမှုဓါတ်လိုက်ခံရတယ်။ ဆရာအောင်ခင်ပြောတဲ့ အမြီးအမောက်မတည့်မှုတွေဟာ အားလုံးဒုက္ခတွေပါပဲလား...”
“ဟုတ်ကဲ့ပါဆရာ...”

(၅)
“ကဲ ကိုဒေါင်း၊ ဒီမိုကရေစီရရင် မြန်မာပြည်ပြန်မဲ့ လူစာရင်းနဲ့ မပြန်မဲ့လူစာရင်းတွေ ပေါင်းကြည့်ပါဦး”
“ဟုတ်ကဲ့ဆရာ၊ ပေါင်းထားပြီးပါပြီ။ ဒီမှာပါဆရာ”
“ဟယ်-ဒီမိုကရေစီရရင် ပြန်မဲ့လူတယောက်မှမရှိပါလား...။ ဒါဆိုရင် ကိုယ်တို့နှစ်ယောက်ပဲ ဆန္ဒခံယူဖို့ရှိတော့တာပေါ့...”
“ဟုတ်ကဲ့ဆရာ- ကျနော်တို့နှစ်ယောက်ဆန္ဒကိုမယူခင် ရွှေမန်းဦးတင်မောင်ရဲ့သီချင်းကို နားထောင်ကြည့်ပါဦးဆရာ...”
“ဒါဆိုလဲ ကိုဒေါင်း ဖွင့်လိုက်လေ”
“ကျနော်လဲထိုနည်းလည်းကောင်း၊ ထိုနည်းလည်းကောင်း၊ စီးပွားရေးအခြေအနေကောင်းဖို့ ဆုတောင်း ပါမယ်...”

မောင်ပုည(သြစတြေးလျ)
၂ဝဝ၃၊ ဧပြီလထုတ်
မြန်မာဂျာနယ် အတွဲ ၂၊ အမှတ် ၄ မှ



မှတ်ချက်။ 
သရော်စာဖြစ်ပါသည်။ မည်သူတစ်ဦးတစ်ယောက်ကိုမှ မရည်ရွယ်ပါ။ တိုက်ဆိုင်မှုရှိပါက တိုက်ဆိုင်သွားသူများကိုသာ တိုက်ရိုက်ရည်ညွန်းပါသည်။
မောင်ပုည(သြစတြေးလျ)ရေးသားခဲ့သော သြစတြေးလျနိုင်ငံထုတ် ဒဿနပန်းခင်းစာစောင်၊ ဂျပန်နိုင်ငံထုတ် အာဟာရစာစောင်၊ မြန်မာဂျာနယ်၊ Voice of Burma၊ မိုးသောက်ကြယ်ဂျာနယ်နှင့် တောင်ကိုရီးယားနိုင်ငံထုတ် ထောင်စုပြတင်းသတင်းဂျာနယ်များထဲမှ သရော်စာများကိုစုစည်း၍ “ချက်ကြီးလိုလူစား ဘယ်လောက်များပြီလဲနှင့် အခြားဝတ္ထုတိုများ”ခေါင်းစည်းဖြင့် မကြာမှီကာလအတွင်း မိုးသောက်ကြယ်စာကြည့်တိုက်မှ ဖြန့်ချိပါမည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...